← Chapters

နှစ်တစ်သောင်း

Vol. 3 Ch. 43

နှစ်တစ်သောင်း

Vol. 3 Ch. 43

သူ သတိပြန်မဝင်မီမှာပင် ဆေးမီးဖိုထဲမှ စိတိဝိညာဉ်ဆေးပင်များသည် အရည်အဖြစ် အရည်ပျော်သွားပြီး သူ မျှော်လင့်ထားသကဲ့သို့ မီးလောင်ကျွမ်းသွားခြင်း မရှိခဲ့ချေ။

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ" အကြီးအကဲချင်းသည် ဤတစ်နေ့တာအတွင်း ရရှိခဲ့သော စိတ်လှုပ်ရှားမှုသည် တစ်နှစ်တာထက် ပိုသည်ဟု ခံစားလိုက်ရသည်။

"မဖြစ်နိုင်တာ ဘာမှမရှိဘူး..တကယ်လို့ ခင်ဗျားသာ ဆေးမီးဖိုကို ခင်ဗျားရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုအဖြစ် ပြောင်းလဲနိုင်ရင် ဒီလို လုပ်နိုင်လိမ့်မယ်"

ချင်မင်သည် များများစားစား မပြောသော်လည်း သူ ဤအခြေအနေသို့ ရောက်ရန် သူ၏ယခင်ဘဝတွင် မည်မျှထိ ဒုက္ခဆင်းရဲ ခံစားခဲ့ရသည်ကို မည်သူ သိနိုင်မည်နည်း။

ယခင်ဘဝတွင် သူသည် ဆေးဖော်စပ်ခန်းထဲတွင် စားသောက်ကာ အိပ်စက်ခဲ့ပြီး ဆေးမီးဖိုနှင့်အတူ နေ့ရောညပါ အတူနေထိုင်ခဲ့သည်။

သူသည် ဆေးမီးဖို၏ဖွဲ့စည်းပုံများအားလုံးကို အလွန် ရင်းနှီးကျွမ်းဝင်ပြီး နှစ်ပေါင်းတစ်သောင်းကြာ ဆေးလုံးများ ဖော်စပ်ခဲ့သည်။

နှစ်တစ်သောင်းအတွင်းတွင် ဆေးမီးဖိုသည် သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီး စိတ်ဝိညာဉ်ဆေးပင်များသည် သူ၏ဘဝတွင် တစ်ခုတည်းသော အာရုံစူးစိုက်သည့်အရာ ဖြစ်လာခဲ့သည်။

နောက်ဆုံးတွင် သူသည် အတားအဆီးကို ဖောက်ထွက်နိုင်ခဲ့ပြီး လောကကြီးက အံ့အားသင့်ရသော ဆေးနတ်ဘုရား ဖြစ်လာသည်အထိ တဟုန်ထိုး တိုးတက်ခဲ့သည်။

သူ၏ပါရမီသည် အလွန်မကောင်းလှချေ။ ထိုကြောင့် သူ၏ပင်ကိုယ်ပါရမီကို ဆေးဖော်စပ်ရာ၌ တမင်သက်သက် အသုံးမပြုခဲ့ပေ။ သူနှင့် ဆေးမီးဖို စိတ်ဝိညာဉ်အပင်တို့ တသားတည်း ဖြစ်သွားချိန်၌ ပင်ကိုယ်ပါရမီ၏အခန်းကဏ္ဍသည် အနည်းငယ်မျှ အရေးမပါတော့ချေ။

ပင်ကိုယ်ပါရမီများအားလုံး သူ၏ရှေ့တွင် အမှိုက်သဖွယ် ဖြစ်သွားလေ၏။

သူသည် ဆေးတာအိုဖြစ်ပြီး ဆေးတာအိုသည် သူပင်။

"ပေါင်းစပ်စမ်း"

ဆေးမီးဖို၏မီးတောက် လျင်မြန်စွာ ငြိမ်းသွားပြီး ဆေးလုံးများအဖြစ် ပေါင်းစပ်သွားကာ ပုံသဏ္ဍာန် ထွက်ပေါ်လာသည်။

"ဆေးမီးဖိုကို ဖွင့်လိုက်တော့"

ချင်းမင်က တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

ဤဆေးဖော်စပ်ခြင်းဖြစ်စဥ်ကို သူ နှစ်ပေါင်းတစ်သောင်းအတွင်း၌ ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ပြီး ဖြစ်သောကြောင့် အထူးတလည် အံ့အားသင့်ဖွယ်မရှိချေ။

"ကောင်းပြီ... ကောင်းပြီလေ"

မှင်တက်နေဆဲဖြစ်သော ချင်းယန်သည် ဤစကားများကို ကြားချိန်၌ ချက်ချင်း သတိပြန်ဝင်လာပြီး ထိတ်လန့်တကြားဖြင့် ဆေးမီးဖိုအဖုံးကို ဖွင့်လိုက်၏။

"တစ်...နှစ်...သုံး... ကိုး..

"ဆယ့်တစ်... ဆယ့်ကိုး...နှစ်ဆယ်..."

"အိုး ဘုရားရေ....ဆေးလုံး အလုံးနှစ်ဆယ်.. ဒါတွေအားလုံးက ပြီးပြည့်စုံခြင်း အဆင့်တွေချည်းပဲ"

ချင်းယန်သည် ချင်းမင်ကို ထိတ်လန့်တုန်လှုပ်စွာ ဖြင့် မေးလိုက်သည်။

"ချင်း...သခင်လေးချင်း....မင်း... မင်း ဒါကို ဘယ်လို လုပ်လိုက်တာလဲ...စိတ်ဝိညာဉ်ဆေးပင်တစ်စုံက ဆေးလုံး ဆယ်လုံးပဲ ဖော်စပ်နိုင်တာ မဟုတ်လား...ဒါက လူတွေအားလုံး လက်ခံထားတဲ့ စည်းမျဥ်းပဲ....မင်းက ဒီစည်းမျဥ်းကို ဘယ်လို ချိုးဖျက်လိုက်တာလဲ...."

ကျင့်ကြံဆင့်စွမ်းအားကို မြှင့်တင်ပေးသည့် ဤဆေးလုံးမျိုးကို စိတ်ဝိညာဉ်ဆေးပင်တစ်စုံဖြင့် အများဆုံး ဆေးလုံးဆယ်လုံးသာ ဖော်စပ်နိုင်သည်မှာ လူအများ သိရှိထားသော အရာပင်။

"ဒါက အမြန်နှုန်းကြောင့်ပဲ"

ချင်းမင်က ယုံကြည်ချက်ရှိသောလေသံဖြင့် ပြောဆိုလိုက်သည်။

"အမြန်နှုန်းကြောင့်လား.."

ချင်းယန်က မေးမြန်းသည်။

"ဟုတ်တယ်..ဒါက အမြန်နှုန်းကြောင့်ပဲ"

ချင်မင်က ခေါင်းညိတ်ပြလိုက်သည်။

"ခင်ဗျား သိလား...စိတ်ဝိညာဉ်ဆေးပင်တွေကို အရည်ဖျော်တာပဲဖြစ်ဖြစ် အညစ်အကြေး ဖယ်ရှားတာပဲဖြစ်ဖြစ် ဒီအဆင့်အားလုံးက စိတ်ဝိညာဉ်ဆေးပင်ရဲ့ ဆေးအာနိသင်တွေကို ဖြုန်းတီးနေတာပဲ"

"ဆေးဖော်စပ်တဲ့ အရှိန်နှုန်းက လုံလုံလောက်လောက် မြန်မှသာ စိတ်ဝိညာဉ်အပင်ထဲက ဆေးအာနိသင်တွေကို မဆုံးရှုံးအောင် သေချာစေနိုင်ပြီးတော့ အများဆုံး အရေအတွက်ကို ဖော်စပ်နိုင်လိမ့်မယ်"

"အမြန်နှုန်းလား..."

ချင်းယန်က စဉ်းစားတွေးတောနေဟန်ဖြင့် ပြောဆိုသည်။

"ဒါဆိုရင် မင်းရဲ့အဆင့်ကို ငါ ဘယ်လိုလုပ်ရင် ရောက်နိုင်မှာလဲ"

"ကျွန်တော့်ရဲ့အဆင့်ကို ရောက်ဖို့လား"

ချင်မင်သည် ဤမေးခွန်းကြားချိန်၌ ရယ်မောလိုက်၏။

"ဒါက ခက်ခဲတာတော့ မဟုတ်ပါဘူး...ခင်ဗျားသာ ဒီနည်းလမ်းအတိုင်း နှစ်တစ်သောင်းကြာအောင် ဆေးလုံးတွေဖော်စပ်မယ်ဆိုရင် ကျွန်တော့်ရဲ့အဆင့်ကို ရောက်နိုင်မှာပါ"

"ကံမကောင်းတာက ဆေးတာအိုလမ်းစဉ်မှာ နတ်ဘုရားအဆင့် ပါရမီက လူတစ်ယောက်မှာပဲ ရှိတယ်.... ခင်ဗျားက ဆေးနတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်ခဲ့ရင်တောင် ဆေးနတ်ဘုရားခန္ဓာကိုယ်ကို ရနိုင်မှာ မဟုတ်ဘူး"

"နှစ်တစ်သောင်း...ဆေးနတ်ဘုရားခန္ဓာကိုယ်လား..."

ချင်းယန်သည် ချင်းမင် မည်သည့်အရာအား ပြောနေသည်ကို မသိရှိပေ။

ချင်းမင်သည် ခေါင်းခါလိုက်ပြီး သူ အတွေးလွန်နေရာမှ သတိပြန်ဝင်လာသည်။

"အခု ခင်ဗျား ဆေးဧကရာဇ်အဆင့်ကို ဘယ်လို တက်လှမ်းနိုင်လဲဆိုတာ ပြောကြရအောင်"

ချင်းယန်သည် ဤစကားကို ကြားချိန်၌ ချက်ချင်းဆိုသလိုပင် တည်ငြိမ်စွာ ထိုင်လိုက်သည်။ သူသည် ဤကဲ့သို့သော ဆေးဖော်စပ်ခြင်းစွမ်းရည်ရှိနေသော ချင်းမင်ကို ယခုအချိန်၌ အလွန်ယုံကြည်သွားလေပြီ။ ချင်းမင်သည် ဆေးနတ်ဘုရားအဆင့် မဟုတ်လျှင်ပင် အနည်းဆုံး ဧကရာဇ်အဆင့်တွင် ရှိနေပေလိမ့်မည်။

ဤအဆင့်ရှိသောပုဂ္ဂိုလ်၏ သင်ကြားမှုကို ရရှိနိုင်ခြင်းသည် သူ ယခင်ဘဝက ပြုခဲ့သော ကုသိုလ်ကံကြောင့် ဖြစ်ပေမည်။

"ခင်ဗျား ဆေးဧကရာဇ်အဆင့်ကို မတက်လှမ်းနိုင်ရတဲ့ အဓိကအကြောင်းအရင်းက ခင်ဗျားရဲ့ အခြေခံအုတ်မြစ် မခိုင်မာလို့ပဲ...ဒါကြောင့် ခင်ဗျား အခု အများဆုံး လုပ်သင့်တာက ခင်ဗျားရဲ့အခြေခံအုတ်မြစ်ကို လေ့ကျင့်ဖို့ပဲ”

"ခင်ဗျားက အဆင့်ခြောက်အောက်က ဆေးလုံးတွေအားလုံးကို ပြီးပြည့်စုံခြင်းအဆင့်အထိ ဖော်စပ်နိုင်တဲ့ အချိန်ကျရင် ခင်ဗျားက ဆေးဧကရာဇ်အဆင့်ကို အတားအဆီးမရှိ တက်လှမ်းနိုင်လိမ့်မယ်"

"ဒါ့ပြင် အရမ်းအရေးကြီးတဲ့ အချက်တစ်ခု ရှိသေးတယ်...ခင်ဗျား ပုံမှန်ဆေးဖော်စပ်တဲ့ အချိန်မှာ ခင်ဗျားရဲ့ပင်ကိုယ်ပါရမီစွမ်းအားတွေကို မသုံးပါနဲ့"

ချင်းမင်က ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။

"ဟုတ်ကဲ့"

ချင်းယန်က ခေါင်းညိတ်လိုက်၏။

"မင်းကိုယ်တိုင် ငါ့ကို သင်ပေးတာတောင် ငါက ဆေးဧကရာဇ်အဆင့်ကို မရောက်နိုင်ဘူးဆိုရင် သေတာကမှ ကောင်းအုံးမယ်..."

All Chapters