သိုင်းစစ်သည်တော်နယ်ပယ် နဝမအဆင့်သို့ တက်လှမ်းခြင်း
Vol. 3 Ch. 44
ယနေ့တွင် ချင်းမင်သည် ကျင့်ကြံခြင်းမပြုဘဲ အခြေခံအကျဆုံး ဆေးပညာသဘောတရားများမှ ဆေးဧကရာဇ်အဆင့်သို့ မည်သို့ တက်လှမ်းရမည်ကို ချင်းယန်အား သင်ကြားပေးနေခဲ့သည်။
ချင်းမင်နှင့်ချင်းယန်တို့သည် အချိန်အတော်ကြာ စကားပြောဆိုခဲ့ကြ၏။
ချင်းမိသားစု... ဧည့်ခန်း၌...
ချင်းယွမ် ချင်းချင်းနှင့် ချင်းသခင်မကြီးတို့သည် ဧည့်ခန်းတွင် နံနက်စာ စားသုံးနေကြသည်။
ချင်းယွမ်က ချင်းချင်းကို အံ့အားတသင့် ကြည့်လိုက်သည်။
"မင်အာက တကယ်ပဲ အကြီးအကဲချင်းရဲ့ အခန်းထဲကနေ တစ်ညလုံး ထွက်မလာခဲ့ဘူးလား"
"ဟုတ်ကဲ့..."
ချင်းချင်းက ပြတ်ပြတ်သားသား ခေါင်းညိတ်ပြပြီး အတည်ပြုလိုက်သည်။
"သူတို့ ဘာလုပ်နေကြလဲ မသိဘူး.. သမီးက အစ်ကို ခဏပဲ ဝင်သွားမယ် ထင်တာ.... ဒီမနက်အထိ သူ အဲ့ဒီမှာ ရှိနေလိမ့်မယ်လို့ မထင်ခဲ့ဘူး...အခု သမီးနဲ့ ကစားပေးမယ့်သူ ဘယ်သူမှ မရှိတော့ဘူး"
"ကောင်းတယ်....အရမ်းကောင်းတယ်..."
ချင်ယွမ်သည် ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
"ကြည့်ရတာတော့ ချင်းမင်က အကြီးအကဲချင်းနဲ့အတူ ဆေးပညာကို လေ့လာနေပုံပဲ"
"ဒီလိုဆိုရင် ငါတို့ ချင်းမိသားစုမှာ ငါတို့ရဲ့ကိုယ်ပိုင်ဆေးပညာရှင်တစ်ယောက် ရှိလာတော့မယ်လို့ ဆိုလိုတာပဲ....နောင်အနာဂတ်က ငါတို့မိသားစုအတွက် အရမ်းကို အလားအလာ ကောင်းနေပြီ"
"ဒါက ကောင်းတာပေါ့...မင်အာ ဆေးပညာကို သင်ယူနိုင်သရွေ့ ချင်းမိသားစုက အနာဂတ်မှာ ကြီးပွားတိုးတက်လာပြီးတော့ ဘယ်သူ့ကိုမှ အားကိုးဖို့လိုမှာ မဟုတ်တော့ဘူး"
ချင်းသခင်မကြီးသည်လည်း အလွန် ပျော်ရွှင်နေသည်။ မိဘတိုင်းသည် သူတို့၏ သားသမီးများ အောင်မြင်သည်ကို လိုချင်ကြသည် မဟုတ်လော။
"ချင်းချင်း...နောက်ဆိုရင် နင့်ရဲ့အစ်ကိုနဲ့ မကစားနဲ့တော့... နင့်အစ်ကိုက အခု ဆေးပညာ သင်ယူနေတာ...ဒါက အရေးကြီးတဲ့ အချိန်ပဲ....သူ့ကို မနှောင့်ယှက်နဲ့"
ချင်းသခင်မကြီးသည် ချင်ချင်းကို ကြည့်ကာ ဆုံးမလိုက်၏။
"သမီး နားလည်ပါပြီ"
ချင်းချင်းသည် မကျေနပ်သည့်အမူအယာဖြင့် တုံ့ပြန်ကာ ထမင်းနှစ်လုတ်ခန့် စားပြီးနောက် ပြောဆိုလိုက်သည်။
"သမီး စားပြီးပြီ...သွားပြီးကျင့်ကြံတော့မယ်။"
ထိုစကားကိုပြောဆိုပြီးနောက် ချင်းချင်းက ခြေလှမ်းကျဲကျဲဖြင့် ထွက်သွားသည်။
"ဒီကလေးမလေးတော့..."
ချင်းသခင်မကြီးသည် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်၏။
ချင်းမင်၏ကျင့်ကြံခန်းတွင် စိတ်ဝိညာဉ်စွမ်းအားများ ရစ်သိုင်းလွှမ်းခြုံနေပြီး မြူခိုးများ မြင့်တက်နေသည်။
"ဟူး... ငါ ချီသန့်စင်ခြင်းဆေးလုံးကိုသောက်ပြီး ကျင့်ကြံတာက အရမ်းနှေးကွေးလွန်းတယ်... ကြည့်ရတာတော့ ငါက ချီစုစည်းခြင်းဆေးလုံးကို သောက်ပြီး ကျင့်ကြံကြည့်ရမယ့်ပုံပဲ"
ချင်းမင်သည် ခေါင်းခါယမ်းကာ သူ၏လက်ထဲမှ အဆင့်နိမ့် ချီစုစည်းခြင်းဆေးလုံးကို ကြည့်လိုက်သည်။
တခြားသူများက ချင်းမင်၏ အတွေးများကို သိလျှင် သူ့ကို ဒေါသတကြီး ဆူပူကြိမ်းမောင်းကြပေမည်။ သူသည် နှစ်ရက်အတွင်း အဆင့်လေးဆင့် မြင့်တက်သွားသည့်တိုင် မလုံလောက်ဟု ညည်းတွားနေသည်။
ထိုသို့ဖြစ်လေရာ ခြောက်လအတွင်း အဆင့်တစ်ဆင့်သာ တက်လှမ်းနိုင်သော သာမန်ကျင့်ကြံသူများ မည်သို့ အသက်ရှင်နိုင်မည်နည်း။
ချင်းမင်သည် စိတ်ပိုင်းဖြတ်ထားသဖြင့် သူ၏လက်ထဲမှ ဆေးလုံးကို ပါးစပ်ထဲသို့ ထည့်လိုက်ကာ "ဟုန်ယွမ်ကျင့်စဉ်"ကို အသည်းအသန် လှည့်ပတ်လိုက်သည်။
"နာလိုက်တာ..."
ချင်းမင်သည် သူ မျိုချလိုက်သည်မှာ ချီစုစည်းခြင်းဆေးလုံး မဟုတ်ဘဲ အဆိပ်တစ်မျိုးနှင့် တူသည်ဟု ခံစားလိုက်ရသည်။
"မြန်မြန်စုပ်ယူစမ်း..."
ချင်းမင်သည် သူ၏စိတ်ထဲတွင် အသည်းအသန် အော်ဟစ်ကာ ခန္ဓာကိုယ်တစ်ခုလုံး၏ ကြွက်သားနှင့်အရိုးများကို အားစိုက်ထုတ်ပြီး ဆေးလုံးထဲမှ စိတ်ဝိညာဉ်စွမ်းအားကို စုပ်ယူလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် ဤသည်မှာ အဆင့်နိမ့်ဆုံး ချီစုစည်းခြင်းဆေးလုံး ဖြစ်နေသည်။ အကယ်၍ အဆင့်မြင့်ဆေးလုံးဖြစ်နေပါက ချင်းမင်သည် ထိုအရာကို ထွေးထုတ်ရပေလိမ့်မည်။
"ဟူး... နောက်ဆုံးတော့ ဆေးလုံးထဲက စိတ်ဝိညာဉ်စွမ်းအားကို စုပ်ယူနိုင်ခဲ့ပြီ...အခု ငါ့ရဲ့ စွမ်းအားက ပိုအားကောင်းလာပြီးတော့ ငါ့ရဲ့ခန္ဓာကိုယ်ကလည်း ပိုသန်မာလာပြီ"
ချင်းမင်သည် သူ၏လက်သီးကို ဆုပ်ကာ သူ၏ နေ့စဉ်ပြောင်းလဲမှုကို ခံစားရင်း ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
"အခု ငါက သိုင်းစစ်သည်တော် နဝမအဆင့် ကျင့်ကြံသူ ဖြစ်နေပြီ...ကြည့်ရတာတော့ ချီစုစည်းခြင်းဆေးလုံးထဲက စိတ်ဝိညာဉ်စွမ်းအားတွေက ချီသန့်စင်ခြင်းဆေးလုံးထက် အများကြီးသာလွန်တဲ့ပုံပဲ"
"သုံးရက်အတွင်းမှာ ဒီကျင့်ကြံမှုအရှိန်နှုန်းရှိနေရင် ငါက သိုင်းဆရာကြီးနယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ဖို့ တစ်လကျော်လောက်ပဲပဲ လိုလိမ့်မယ်"
"တစ်လကျော်.. အင်း... သိပ်မနှေးပါဘူး"
အကယ်၍ ခိုင်မာတောင့်တင်းသော အခြေခံအုတ်မြစ်ကို ချမထားလိုလျှင် ချင်းမင်သည် အ ယခုချက်ချင်း ကျင့်ကြံဆင့်ချိုးဖျက်နိုင်ပေမည်။
သို့ရာတွင် ချင်းမင်၏ ပန်းတိုင်သည် ယခင်ဘဝမှ သိုင်းပညာကျင့်ကြံဆင့်ကို ပြန်လည်ရရှိရန် မဟုတ်ဘဲ သိုင်းနတ်ဘုရားတစ်ယောက် ဖြစ်လာရန်ပင်။
ခိုင်မာတောင့်တင်းသော အခြေခံအုတ်မြစ်မရှိဘဲ သူသည် သိုင်းနတ်ဘုရားနယ်ပယ်ကို မည်သို့ ချိုးဖျက်ဝင်ရောက်နိုင်မည်နည်း။
"အခုက ငါ ဘယ်လောက် သန်မာနေပြီလဲဆိုတာ စမ်းသပ်ရမယ့် အချိန်ပဲ..."
ဤသို့စဉ်းစားရင်း ချင်းမင်သည် ဘေးဘက်ရှိ အင်အားတိုင်းကျောက်ပြားထံသို့ လျှောက်သွားပြီး ကျောက်ပြားတစ်ခုကို အားကုန်မလိုက်သည်။
ဤကျောက်ပြားသည် ကျင်တစ်ထောင် ရှိပြီး ချင်းမင်က ထိုအရာကို အလွယ်တကူ မလိုက်သည်။
"အရမ်း ပေါ့တယ်"
ချင်းမင်သည် ကျောက်ပြားကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ရာ ဘုန်းခနဲမြည်သံနှင့်အတူ ကျသွားပြီး မြေပြင်တွင် အပေါက်ငယ်တစ်ခု ဖြစ်သွားသည်။