သိုင်းဆရာကြီးအဆင့်လောက်က ဘာများထူးဆန်းနေလို့လဲ
Vol. 3 Ch. 32
ချင်းမင်သည် အနက်ရောင်ဝတ်စုံဝတ်အမျိုးသားကို ပမာမခန့်ကြည့်လိုက်ပြီး မထီမဲ့မြင်ပြောလိုက်သည်။
"သိုင်းဆရာကြီးအဆင့်လောက်က ဘာများထူးဆန်းနေလို့လဲ"
အချိန်တခဏအတွင်းမှာပင် ချင်းမင်၏စိတ်ဝိညာဉ်စွမ်းအားများသည်လည်း တလိမ့်လိမ့်ထလာပြီး သိုင်းစစ်သည်တော်နယ်ပယ် ပဉ္စမအဆင့်သို့ ရောက်ရှိသွားသည်။
"ဘာလဲ...သခင်လေးက သိုင်းစစ်သည်တော်နယ်ပယ် ပဉ္စမအဆင့်ကို ရောက်သွားပြီလား...ငါ အမြင်မှားနေတာလား"
"အမှန်ပဲ... မင်း အမြင် မမှားဘူး.... သခင်လေးက သိုင်းစစ်သည်တော်နယ်ပယ် ပဉ္စမအဆင့် ကျင့်ကြံသူပဲ...သခင်လေးက တကယ့်ကို ပါရမီရှင်ပဲ"
ချင်းမိသားစုဝင်အားလုံးသည် ချင်းမင်ကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်ပြီး ဝမ်းသာပျော်ရွှင်စွာ ပြောဆိုနေကြသည်။
လွန်ခဲ့သော နှစ်ရက်က ချင်းမင်သည် သိုင်းစစ်သည်တော်နယ်ပယ် ပထမအဆင့်တွင်သာ ရှိခဲ့ပြီး ယခုချိန်တွင်မူ သိုင်းစစ်သည်တော်နယ်ပယ် ပဉ္စမအဆင့်သို့ ရောက်ရှိနေလေပြီ။
သခင်လေးဖြစ်သော ချင်းမင်၏စွမ်းအားများ မြင့်မားလာသည်နှင့်အမျှ မိသားစုတစ်ခုလုံး၏ အနာဂတ်သည်လည်း ပို၍အင်အားကြီးမားလာပေမည်။
"ဟား ဟား ဟား..."
ချန်သခင်မလေးက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
"သိုင်းစစ်သည်တော်နယ်ပယ် ပဉ္စမအဆင့်အဆင့်လောက်နဲ့ ဘာတွေများ ဒီလောက်ထိ ဖြစ်နေကြတာလဲ.. ငါ့ရဲ့အစ်ကိုက သိုင်းစစ်သည်တော်အဆင့် ကျင့်ကြံသူအယောက်တစ်ရာလောက်ကိုတောင် တိုက်ခိုက်နိုင်တယ်...နင်တို့က ဘာလို့ ဒီလောက်ထိ စိတ်လှုပ်ရှားနေတယ်ဆိုတာ ငါ တကယ်ကို မသိတော့ဘူး"
"အဲ့ဒီကိစ္စကို ငါက ဘာလို့ ဂရုစိုက်ရမှာလဲ"
ချင်းမင်သည် သူ၏အိတ်အတွင်းမှ ကျောက်စိမ်းရောင်ဆေးလုံးတစ်လုံးကို ထုတ်ယူကာ သူ၏ပါးစပ်ထဲသို့ ထည့်လိုက်၏။
ဤဆေးလုံးသည် သူ မနေ့က ဖော်စပ်ခဲ့သော မည်သည့်အာနိသင်မျှမရှိသည့် ဆေးလုံးပင်။
ချင်းမင်သည် အကြောဆန့်လိုက်ပြီး ဆေးနတ်ဘုရားခန္ဓာကိုယ်ကို လျှို့ဝှက်စွာ အသုံးပြုလိုက်ရာ သူ၏စိတ်ဝိညာဉ်စွမ်းအားများသည် မြင့်တက်လာပြီး ချက်ချင်းဆိုသလိုပင် သိုင်းဆရာကြီးနယ်ပယ် ဒုတိယအဆင့်သို့ ရောက်ရှိသွားသည်။
"ဘာ ....ဒါက ဘယ်လိုဆေးလုံးမျိုးလဲ"
ချန်သခင်မလေး ကြက်သေသေသွားသည်။
ချင်းမင်ထံတွင် ဤကဲ့သို့ ဆေးလုံးမျိုး ရှိနေမည်ဟု သူမ မျှော်လင့်မထားမိချေ။ ထိုဆေးလုံးသည် သူ၏စွမ်းအားကို သိုင်းဆရာကြီးနယ်ပယ်အထိ မြှင့်တင်ပေးနိုင်ပြီး သူမ၏အစ်ကိုထက် အဆင့်ငယ်တစ်ဆင့် ပိုမြင့်သွားစေသည်။
ချန်သခင်လေးသည် အနည်းငယ် အံ့အားသင့်သွားသော်လည်း သူသည် အတွေ့အကြုံရှိသူဖြစ်သောကြောင့် သူ၏လက်ကိုဝှေ့ယမ်းပြီး ပြောဆိုလိုက်၏။
"ညီမလေး...ဘာမှ စိတ်မပူနဲ့.... ဆေးလုံးအားကိုးနဲ့ တိုးလာတဲ့စွမ်းအားက ကိုယ်ပိုင်အစွမ်းအစ အစစ်အမှန်မဟုတ်တော့ ကောင်းကောင်းအသုံးချနိုင်မှာ မဟုတ်ဘူး...မင်း ဒီနေရာကနေ စောင့်ကြည့်နေလိုက်... ငါက သူရဲ့ခြေထောက်တွေကို ရိုက်ချိုးပြီး မင်းအတွက် လက်စားချေပေးမယ်"
ထိုစကားဆုံးသည်နှင့် ချန်သခင်လေးက ချင်းမင်ထံသို့ ပျံသန်းသွားသည်။
"ဟား ဟား ဟား... ချင်းမင် မင်း ဘယ်လိုဆေးလုံးမျိုး သောက်လိုက်လဲဆိုတာတော့ ငါ မသိဘူး....ဒါပေမဲ့ ဆေးလုံးကြောင့် တိုးလာတဲ့စွမ်းအားက မင်းရဲ့ အစွမ်းအစအစစ်အမှန် မဟုတ်ဘူး...မင်းက ငါ့ရဲ့ပြိုင်ဘက် ဘယ်လိုမှ မဖြစ်နိုင်ဘူး... ငါ မင်းရဲ့ ခြေထောက်တွေကို ရိုက်ချိုးပစ်မယ်..."
"နားညည်းလိုက်တာ...."
ချင်းမင်သည် သူ့ထံ ပြေးဝင်လာသော အနက်ရောင်ဝတ်စုံဝတ်အမျိုးသားကို လှည့်ပင်မကြည့်ဘဲ ပါးဖြတ်ရိုက်လိုက်သည်။
ဖြောင်း...
ကျယ်လောင်သောအသံနှင့်အတူ မူလက မောက်မာနေသော အနက်ရောင်ဝတ်စုံဝတ်အမျိုးသားသည် ချင်းမင်၏ရှေ့တွင် ပုံလျက်သား လဲကျသွားပေ၏။
"ဒါက ဘယ်နေရာလဲ"
"ငါ ဘာလုပ်နေတာလဲ"
"ငါ ဘာလို့ ဒီကိုရောက်နေတာလဲ"
ချန်သခင်လေးသည် အရိုက်ခံလိုက်ရသဖြင့် မူးဝေသွားကာ အရပ်လေးမျက်နှာကိုပင် မခွဲခြားနိုင်တော့ချေ။ သူသည် သူ၏မျက်နှာ နာကျင်နေပြီး သူ၏ခေါင်းအတွင်း၌ တဝီဝီမြည်ဟီးနေသည်ကိုသာ ခံစားမိသည်။
"မင်းကို ပြန်ပို့ပေးလိုက်မယ်..."
ချင်းမင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ချန်သခင်လေး၏ခါးကို ကန်လိုက်သည်။
ချန်သခင်လေးသည် လူသားဘောလုံးတစ်လုံးကဲ့သို့ လွင့်ထွက်သွားပြီး ချန်သခင်မလေးကို ဝင်တိုက်မိလေ၏။
"အား..."
ချန်သခင်မလေးသည် ရှောင်ချိန်မရလိုက်ဘဲ မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူတို့နှစ်ယောက်သည် ချက်ချင်းဆိုသလိုပင် မြေပေါ်တွင် လိမ့်နေသော ဘူးသီးများအလား စုတ်ပြတ်သတ်သွားသည်။
"ဒီလောက်ပဲလား...."
နံဘေးမှ စောင့်ကြည့်နေသော လူအုပ်ကြီးသည် ချန်သခင်လေးကို နားမလည်နိုင်စွာဖြင့် ကြည့်လိုက်ကြ၏။
ဤချန်သခင်လေးသည် အစွမ်းအစ ကြီးမားပုံရသော်လည်း စက္ကူတစ်ရွက်ကဲ့သို့ အားနည်းနေသည်ဟု သူတို့ ခံစားမိသည်။ သူတို့၏သခင်လေးက ချန်သခင်လေးကို လွယ်လင့်တကူ ဖြေရှင်းနိုင်ခဲ့သည်။
"အား....."
ချန်သခင်မလေးက ကျယ်လောင်စွာ အော်ဟစ်ပြီး မတ်တတ်ထရပ်လိုက်သည်။ သူမသည် ဤကဲ့သို့ အရှုံးမျိုးကို တစ်ကြိမ်တစ်ခါမှ မကြုံခဲ့ဖူးချေ။
ယခင်တစ်ကြိမ်က သူမ ပါးဖြတ်ရိုက်ခံခဲ့ရပြီး ယခုတစ်ကြိမ်တွင်မူ အလွန်အရှက်ရဖွယ် ဖြစ်ခဲ့သည်။ သူမ၏မျက်နှာကို အလွန်တန်ဖိုးထားသော သူမအတွက် ဤတစ်ကြိမ်တွင် လုံးလုံးလျားလျား မျက်နှာပျက်ခဲ့ရသည်။
နံဘေးပတ်ဝန်းကျင်မှ လူများအားလုံးသည် သူမကို ပြက်ရယ်ပြုနေသည်ဟု ခံစားရပြီး သူမကိုယ်သူမလည်း ရယ်စရာပြက်လုံးတစ်ခုကဲ့သို့ ဖြစ်နေသည်ဟု ခံစားနေရသည်။ သူမသည် ယခုအချိန်၌ ချင်းမင်ကို အလွန်မုန်းတီးနေပေ၏။
"ချင်းမင်..နင် စောင့်ကြည့်နေစမ်း...နင် တိုက်ခိုက်နိုင်တာနဲ့ အရာအားလုံးပြီးသွားပြီလို့ နင် မထင်နဲ့....နင်က ငါတို့ချန်မိသားစုရဲ့သခင်လေးကို ရိုက်နှက်ခဲ့တယ်... ချင်းမိသားစုဝင်တွေအားလုံးလည်း စောင့်ကြည့်နေစမ်း...နင်တို့က ငါတို့ချန်မိသားစုဆီက ဆေးလုံးတစ်လုံးတောင် ရမယ်မထင်နဲ့"
"ဟမ့်...."
ချင်းမင်သည် အေးစက်စက် နှာမှုတ်လိုက်ပြီး ချင်းမိသားစု၏ထမင်းစားဆောင်သို့ တည်ငြိမ်စွာ လျှောက်လှမ်းသွားသည်။ သူ ဗိုက်ဆာနေပြီဖြစ်သောကြောင့် ဤမိန်းမ၏ စကားများကို နားထောင်ရန် အချိန်မရှိချေ။