စာချုပ်ဖျက်သိမ်းခြင်း
Vol. 3 Ch. 33
"အဖေ"
ချင်းမင်သည် ချင်းမိသားစုအိမ်တော်ထဲသို့ လျှောက်လှမ်းဝင်လာချိန်တွင် ရုတ်တရက် သူ၏ဖခင်ကို တွေ့လိုက်ရသောကြောင့် အံ့အားသင့်သွားသည်။
ရုတ်ချည်းဆိုသလိုပင် နွေးထွေးမှုတစ်ရပ်သည် ချင်းမင်၏စိတ်နှလုံးသားထဲသို့ စီးဝင်လာပေ၏။ သူ၏ဖခင် ဤနေရာတွင် ထွက်ပေါ်လာသည်မှာ သူ ချန်မိသားစုနှင့် ပဋိပက္ခဖြစ်ခဲ့သည်ကို သိသောကြောင့် ဖြစ်ပေမည်။
သူ ဒုက္ခရောက်မည်ကို စိုးရိမ်သောကြောင့် သူ၏ဖခင်သည် အလျင်အမြန်ပြေးလာခဲ့ခြင်း ဖြစ်ပေမည်။
ချင်းယွမ်သည်လည်း ချင်းမင်ကို မြင်ချိန်၌ အနည်းငယ် အံ့အားသင့်သွားသည်။ သူသည် ချင်းမင်နှင့် ချန်မိသားစုမှသခင်လေးတို့ ရန်ဖြစ်နေကြောင်း မိသားစုဝင်တစ်ဦးထံမှ သတင်းကြားခဲ့ရသည်။
သူသည် ချင်းမင် ဒုက္ခရောက်မည်ကို စိုးရိမ်သောကြောင့် အလျင်အမြန်ပြေးလာခဲ့ခြင်းဖြစ်သော်လည်း တိုက်ပွဲပြီးဆုံးသွားလိမ့်မည်ဟု သူ မျှော်လင့်မထားမိချေ။
"မင်း ဘာမှမဖြစ်ဘူး မဟုတ်လား"
ချင်းယွမ်က ချင်းမင်ကို ကြည့်ပြီး မေးမြန်းလိုက်သည်။
ချင်းမင်သည် သူ၏ဖခင်ကို ဦးညွှတ်ပြီး ရိုသေလေးစားစွာ ပြောဆိုလိုက်၏။
"အဖေ့ရဲ့ စိုးရိမ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်...ဒီလိုအမှိုက်ကောင်တွေက ကျွန်တော့်ကို မထိခိုက်နိုင်ပါဘူး"
"မင်း သိုင်းစစ်သည်တော်နယ်ပယ် ပဉ္စမအဆင့်ကို ရောက်သွားပြီလား"
ချင်းယွမ်သည် ချင်းမင်၏ကိုယ်ပေါ်မှ မသဲမကွဲသော စိတ်ဝိညာဉ်စွမ်းအားကို ခံစားမိသဖြင့် အံ့အားတသင့် မေးမြန်းလိုက်သည်။
ချင်းမင်က ခေါင်းညိတ်ပြပြီး ပြောဆိုသည်။
"ဟုတ်ကဲ့ အဖေ...အဖေ့ရဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို ကျေးဇူးတင်ရမှာပါ...အဖေ့ရဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေသာ မရှိရင် ကျွန်တော်က ဒီလောက်ထိမြန်မြန် အဆင့်တက်နိုင်မှာ မဟုတ်ဘူး"
"ကောင်းတယ်...ကောင်းတယ်...အရမ်းကောင်းတယ်"
ချင်းယွမ်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
သူ၏သား အောင်မြင်နေသည်ကို မြင်ရခြင်းထက် သူ့ကို ပို၍ ပျော်ရွှင်စေသောအရာ မရှိတော့ချေ။
ထိုအဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်ရာသည် ချင်းမင်ကို အမှန်တကယ် မကူညီနိုင်ကြောင်း သူ သိသည်။ ချင်းမင် ဤမျှထိလျင်မြန်စွာ တိုးတက်နိုင်ခြင်းမှာ သူ၏ကိုယ်ပိုင်အရည်အချင်းနှင့် ကြိုးစားအားထုတ်မှုတို့ကြောင့် ဖြစ်ပေမည်။
"လာ..ငါ့ရဲ့စာကြည့်ခန်းကို လိုက်ခဲ့အုံး.... ငါတို့ စကားပြောကြရအောင်"
ချင်းယွမ်က ရယ်မောရင်း စာကြည့်ခန်းထံသို့ လျှောက်လှမ်းသွားသည်။
ဤသားသည် သူ့ကို ပို၍ပို၍စိတ်ကျေနပ်စေသည်။ သူသည် ချင်းမင် လုံးလုံးလျားလျား ပြောင်းလဲသွားသည်ကို ခံစားမိလေ၏။
သူ၏သားသည် သူ့ကိုယ်ကို ယုံကြည်မှုရှိလာပြီး တာဝန်ယူတတ်လာသည်။ သူ၏သားသည် မည်သည့်အခက်အခဲနှင့် ရင်ဆိုင်ရသည်ဖြစ်စေ မျက်နှာအမူအယာ မပြောင်းလဲတော့ဘဲ သူ့ထက်ပင် တာဝန်ယူတတ်လာပုံရသည်။
ချင်းယွမ်၏စာကြည့်ခန်း၌...
"ချင်းမင်...မင်းမှာ စိတ်ဝိညာဉ်ကျောက်တုံးတွေ မရှိလောက်တော့ဘူးမလား... ဒါဆိုရင် ဒီစိတ်ဝိညာဉ်ကျောက်တုံးတွေကိုယူပြီး ကျင့်ကြံလိုက်..."
ထိုစကားဆုံးသည်နှင့် ချင်းယွမ်က အနက်ရောင်အိတ်တစ်လုံးကို လှမ်းပေးလိုက်ရာ ထိုအိတ်ထဲတွင် စိတ်ဝိညာဉ်ကျောက်တုံး နှစ်ရာခန့် ရှိပုံရသည်။
"အဖေ...အခု ကျွန်တော်အတွက် စိတ်ဝိညာဉ်ကျောက်တုံးတွေ မလိုတော့ပါဘူး"
ချင်းမင်က ပြောဆိုသည်။
ယခုအချိန်၌ ချင်းမိသားစုသည် ရှင်သန်ရပ်တည်ရန် ရုန်းကန်နေရပြီး မိသားစု၏စီးပွားရေးလုပ်ငန်းများ အရှုံးပေါ်နေသည်ကို သူ သိရှိထားသည်။ သူ၏ဖခင်အတွက် ဤဝိညာဉ်ကျောက်တုံးများကို ထုတ်ပေးရန် အလွန်ခက်ခဲမည်မှာ သေချာပေါက်ပင်။
ထို့ပြင် သူသည် ဤစိတ်ဝိညာဉ်ကျောက်တုံးများကို မလိုအပ်ချေ။ သူသည် ကျောက်မိသားစုတစ်စုလုံးကို ဖျက်ဆီးခဲ့ပြီး သူတို့၏စိတ်ဝိညာဉ်ကျောက်တုံးများနှင့် အရင်းအမြစ်အားလုံးကို သိမ်းယူခဲ့သည်။ ထို့ကြောင့် စိတ်ဝိညာဉ်ကျောက်တုံးအနည်းငယ်သည် သူ့အတွက် အရေးမပါတော့ချေ။
အကယ်၍ သူသည် စိတ်ဝိညာဉ်ကျောက်တုံးများ မည်သည့်နေရာမှ ရလာသည်ကို ရှင်းပြရန် မလိုအပ်ပါက သူသည် ထိုအရာများကို မိသားစုအတွက် ထောက်ပံ့ပေးလိုသည်။
ချင်းယွမ်က မျက်မှောင်ကြုတ်ပြီး ပြောဆိုသည်။
"ဘာဖြစ်လို့လဲ မင်အာ... မင်းအတွက် စိတ်ဝိညာဉ်ကျောက်တုံးတွေ လိုအပ်တယ်လေ... ဒီစိတ်ဝိညာဉ်ကျောက်တုံးတွေကိုသုံးပြီး ဆေးလုံးတချို့ဝယ်လိုက်...ဒါမှ မင်း ကျင့်ကြံတာ ပိုမြန်လာလိမ့်မယ်...."
ချင်းမင်က ခေါင်းခါပြပြီး ပြောဆိုလိုက်၏။
"အဖေ...ကျွန်တော်က ဆေးလုံးတွေကို စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ ဝယ်ဖို့မလိုပါဘူး... ကျွန်တော့်ရဲ့ဆရာက ဆေးပညာရှင်တစ်ယောက်ပါ...ကျွန်တော် ကျင့်ကြံဖို့ လိုအပ်တဲ့ ဆေးလုံးတွေအားလုံး သူ့ဆီမှာ ရှိတယ်"
ချင်းယွမ်သည် ချင်းမင်၏စကားကို ကြားချိန်၌ အလွန်ပျော်ရွှင်သွားသည်။ သူ တစ်စုံတစ်ခုကို ပြောရန် ဟန်ပြင်နေစဉ်မှာပင် တံခါးအပြင်ဘက်မှ ဆူညံသောအသံတစ်သံ ထွက်ပေါ်လာသည်။
"မိသားစုခေါင်းဆောင်...အရေးကြီးကိစ္စ ပေါ်လာပါပြီ....ချန်မိသားစုက ကျွန်တော်တို့နဲ့ စာချုပ်ဖျက်သိမ်းလိုက်တယ်..."
ဆံဖြူအဘိုးအိုတစ်ဦးသည် အပြင်မှ ထိတ်လန့်တကြား ပြေးဝင်လာပြီး ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
ချင်းမင်သည် ဤအဘိုးအိုကို သိရှိပေ၏။ သူသည် ချင်းမိသားစု၏အကြီးအကဲတစ်ဦးဖြစ်ပြီး သူ၏စွမ်းအားသည် သိုင်းဆရာကြီးနယ်ပယ် အဋ္ဌမအဆင့်တွင် ရှိသည်။
သူသည် မိသားစု၏ထောက်တိုင်တစ်ခုဖြစ်ပြီး အမြဲတစေ အလုပ်ကြိုးစားလုပ်ဆောင်သူပင်။
"ဘာဖြစ်တာလဲ"
ချင်းယွမ်က မေးမြန်းလိုက်သည်။
အဘိုးအိုသည် ချင်းမင်ကို တစ်ချက်ကြည့်ပြီးနောက် ချင်းယွမ်ကို ပြန်ကြည့်ကာ စကားဆက်မပြောဘဲ ရပ်တန့်သွားသည်။
"ပြောစရာရှိတာသာ မြန်မြန်ပြောပါ"
ချင်းမင်က ပြောဆိုလိုက်သည်။ ချန်မိသားစုနှင့် ချင်းမိသားစုတို့ စာချုပ်ဖျက်သိမ်းရခြင်းမှာ သူနှင့်သက်ဆိုင်ကြောင်း သူ သိရှိထားသည်။
သူ ဂရုမစိုက်ချေ။ ဤကိစ္စများကို လုပ်ဆောင်ရာတွင် သူ့ထံ၌ ရှင်းလင်းသော အသိစိတ်ရှိသည်။ သူ့ထံတွင် ရှင်းလင်းသော အသိစိတ်ရှိနေသဖြင့် သူ မည်သည့်အရာကို ကြောက်ရွံရမည်နည်း။