← Chapters

နှစ်ဆယ်ရာခိုင်နှုန်း

Vol. 3 Ch. 38

နှစ်ဆယ်ရာခိုင်နှုန်း

Vol. 3 Ch. 38

"ကောင်းပြီလေ... အခု ဆေးဖော်စပ်တာ ပြီးသွားပြီ...ဆေးမီးဖိုကို ဖွင့်လို့ရပြီ..."

ချင်းယန်သည် မတ်တတ်ထရပ်ပြီး သူ၏မုတ်ဆိတ်ကိုသပ်ကာ ပြုံးလိုက်သည်။

သူသည် သူ၏ ဆေးပညာအပေါ် အလွန်ယုံကြည်မှုရှိပြီး အထူးသဖြင့် ဤတစ်ကြိမ် သူ ဖော်စပ်သည်မှာ အဆင့်နိမ့်ဆေးလုံးတစ်လုံးဖြစ်သည်။ ထိုကြောင့် သူ့အတွက် ကျရှုံးနိုင်ခြေ မရှိပေ။

"မီးဖိုကို ဖွင့်လိုက်တော့"

မိသားစုခေါင်းဆောင် ချင်းယွမ်က အော်ဟစ်လိုက်ရာ အကြီးအကဲတစ်ယောက်က ဆေးမီးဖိုကို ဖွင့်လိုက်သည်။

အကွက်များဖြင့် ပြည့်နေသော ဆေးလုံးများသည် ဆေးမီးဖို၏အလယ်တွင် တည်ရှိနေပေ၏။

ချင်းယွမ်သည် ထိုဆေးလုံးများကို တစ်လုံးချင်းစီ ဂရုတစိုက် ထုတ်ယူပြီး သူ၏လက်ဝါးပေါ်သို့တင်ကာ သေချာစွာ ကြည့်ရှုစစ်ဆေးလိုက်သည်။

"ဒါက ချီစုစည်းခြင်းဆေးလုံးပဲ..အဲ့ဒီလို ပြောလို့မရဘူး...ဒါက အဆင့်မြင့် ချီစုစည်းခြင်းဆေးလုံးပဲ"

အကြီးအကဲတစ်ဦးက အံ့အားတသင့် ရေရွတ်လိုက်သည်။

အမှန်တကယ်ကိုပင် ဤဆေးလုံးများအားလုံးတွင် အကွက်ခြောက်ကွက်ပါရှိပြီး အဆင့်မြင့်ဆေးလုံးများ ဖြစ်ပေ၏။

အကြီးအကဲများအားလုံးသည် ချင်းယွမ်၏ နံဘေးပတ်လည်တွင် စုရုံးလာကြပြီး ဆေးလုံးများကို ဂရုတစိုက် ကြည့်ရှုကာ သူတို့၏ပါးစပ်မှလည်း အံ့အားတသင့်ရေရွတ်နေကြသည်။

ချင်းချင်းသည် ထိုဆေးလုံးများကို တစ်ချက် ကြည့်ပြီးနောက် သူမက အကြည့်လွှဲလိုက်သည်။

ဤလူများ မည်သည်ကြောင့် ဤမျှထိ အံ့အားသင့်နေကြသည်ကို သူမ မသိချေ။ သူမ၏ အစ်ကို ဖော်စပ်သော ချီစုစည်းခြင်းဆေးလုံးသည် ဤဆေးလုံးများထက် များစွာပို၍ ကောင်းမွန်ပေ၏။

ထို့ပြင် သူမ၏အစ်ကို ဆေးဖော်စပ်ရန်အတွက် ဤမျှထိ အချိန်ကြာမြင့်စွာ မလိုအပ်ပေ။ ဤအဘိုးအိုသည် ဆေးဖော်စပ်ရန် အချိန်တစ်နာရီခန့် ယူခဲ့သည်။

သူမ၏အစ်ကို ဆေးဖော်ရန်မှာမူ တစ်နာရီ၏ လေးပုံတစ်ပုံသာ လိုအပ်သည်။

ချင်းယွမ်သည် ဆေးမီးဖိုထဲမှ ဆေးလုံးများအားလုံးကို ထုတ်ယူလိုက်ချိန်၌ အကြီးအကဲတချို့သည် နောက်တစ်ကြိမ် အံ့အားတသင့်ရေရွတ်လိုက်ကြ၏

"ဝိုး...ဒါတွေက ချီစုစည်းခြင်းဆေးလုံး ဆယ်လုံးပဲ... ဆေးမီးဖိုတစ်ဖိုစာမှာ ဆေးလုံးဆယ်လုံး... ဆေးဖော်တဲ့ အများဆုံးအရေအတွက်ကို ရောက်နေပြီ... အကြီးအကဲချင်းရဲ့ဆေးပညာက တကယ့်ကို အဆင့်မြင့်ပါပေတယ်"

"ပြီးတော့ အရေးကြီးဆုံးက ဒါတွေအားလုံးက... အဆင့်မြင့်ဆေးလုံးတွေ ဖြစ်နေတာပဲ"

ချင်းယွမ်မိသည် ဆေးလုံးများကို ကျောက်စိမ်းပုလင်းထဲသို့ ဂရုတစိုက် ထည့်လိုက်ပြီး ချင်းယန်ထံသို့ လျှောက်လှမ်းသွားကာ ဦးညွှတ်လိုက်သည်။

"အကြီးအကဲချင်း... ခင်ဗျားရဲ့ ဆေးပညာက တကယ့်ကို မျက်စိပွင့်စေပါတယ်...စောစောက မရိုမသေပြုခဲ့မိတာကို စိတ်ထဲမထားပါနဲ့..."

အကြီးအကဲချင်းကို မေးခွန်းထုတ်ခဲ့သော အကြီးအကဲကလည်း မတ်တတ်ထရပ်ကာ ဦးညွှတ်လိုက်၏။

"အကြီးအကဲချင်း ငါ အမြင်ကျဥ်းသွားခဲ့တယ်...ငါ့ရဲ့အရိုအသေတန်ခဲ့မှုအတွက် ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်"

ချင်းယန်သည် ချင်းယွမ်နှင့်အကြီးအကဲတို့ကို ချက်ချင်း ထူမပေးလိုက်ပြီး အပြုံးနှင့် ပြောဆိုသည်။

"ငါတို့တွေက အခု မိသားစုတစ်စုတည်း ဖြစ်နေပြီ...မိသားစုဆိုတာက ခုလို မလိုအပ်တဲ့ တောင်းပန်စကားတွေ မပြောသင့်ဘူး"

"သေချာတာပေါ့"

ချင်းယွမ်သည် ချင်းယန်၏စကားကို ကြားချိန်၌ ရုတ်တရက် ရယ်မောလိုက်၏။

"ငါတို့က အခု မိသားစုတစ်စုတည်း ဖြစ်သွားပြီ"

"ဟား ဟား ဟား..."

စာကြည့်ခန်းတစ်ခန်းလုံးအတွင်း၌ ရယ်သံများဖြင့် ပြည့်နှက်သွားသည်။

ချင်းမိသားစုသည် အကျပ်အတည်းမှ လွန်မြောက်သွားပြီဟု ခံစားလိုက်ရသည်။

ဤအချိန်ကာလအတွင်း၌ သူတို့အားလုံး အသက်ရှူမဝသကဲ့သို့ ခံစားခဲ့ရသည်။ ယခုချိန်တွင်မူ အရာအားလုံး အဆင်ပြေသွားလေပြီ။ ဆေးဆရာတစ်ဦးကို ခေါ်ယူနိုင်ခဲ့ခြင်းဖြင့် သူတို့၏မိသားစုသည် အကျပ်အတည်းမှ လွတ်မြောက်ရုံသာမက ချင်းမိသားစု၏ အခြေခံအုတ်မြစ်လည်း တောင့်တင်းလာပေမည်။ နောင်တစ်ချိန်၌ ချင်းမိသားစုသည် လျိုမြို့၏ စတုတ္ထမြောက် ထိပ်သီးမိသားစုပင် ဖြစ်လာနိုင်ပေ၏။

သူတို့သည် မည်သည်ကြောင့် မပျော်ရွှင်ဘဲ နေနိုင်တော့မည်နည်း။

"အကြီးအကဲချင်း... ဒီဆေးပုလင်းကို ခင်ဗျား ဖော်စပ်ခဲ့တာ...ခင်ဗျားကို ပြန်ပေးပါ့မယ်.."

ချင်ယွမ်က ချင်းယန်ကို ဆေးပုလင်းအား လက်ကမ်းပေးလိုက်သည်။

ဤဆေးလုံးများကိုဖော်စပ်သည့် စိတ်ဝိညာဉ်ဆေးပင်များအားလုံးသည် ချင်းယန်၏ ကိုယ်ပိုင်ဖြစ်ပြီး ဆေးလုံးကိုလည်း သူကိုယ်တိုင် ဖော်စပ်ခဲ့သည်။ ဤဆေးလုံးသည် ချင်းယန်နှင့်သာ သက်ဆိုင်သည်မှာ သေချာပေ၏။

သို့ရာတွင် ချင်းယန်က သူ၏လက်ကိုကာပြပြီး ပြောဆိုသည်။

"ဒီဆေးလုံးတွေကိုတော့ ငါ ချင်းမိသားစုကို ဝင်ရောက်တဲ့ လက်ဆောင်အဖြစ် မှတ်ယူလိုက်ပါ"

ဤစကားကို ကြားချိန်၌ ချင်းယွမ်သည် ဆက်လက်၍မငြင်းဆန်တော့ဘဲ ဆေးလုံးများကို လက်ခံလိုက်တော့သည်။

အဘိုးအိုသည် ဤသို့ပြောဆိုနေသဖြင့် အကယ်၍ သူသည် လက်မခံဘဲ ငြင်းဆန်နေလျှင် အဘိုးအိုကို မကြိုဆိုရာ ရောက်ပေမည်။

ချင်ယွမ်သည် အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ချင်းယန်ကို ကြည့်ကာ ပြောဆိုလိုက်သည်။

"အကြီးအကဲချင်း.. ဒီလိုဆိုရင် ဘယ်လိုသဘောရလဲ... ခင်ဗျား ဖော်စပ်တဲ့ ဆေးလုံးတွေအားလုံးကို ကျွန်တော်တို့က ရောင်းချပေးဖို့ တာဝန်ယူမယ်....ရောင်းရငွေရဲ့အမြတ်ငွေ ရှစ်ဆယ်ရာခိုင်နှုန်းကို ခင်ဗျား ယူပြီးတော့ ကျွန်တော်တို့က နှစ်ဆယ်ရာခိုင်နှုန်း ယူမယ်"

"အမှန်ပဲ....ဒီလိုပဲ ဖြစ်သင့်တယ်..."

အကြီးအကဲများကလည်း ဤခွဲဝေမှုသည် ကျိုးကြောင်းဆီလျော်သည်ဟု ခံစားမိပေ၏။

ဤအဘိုးအိုသည် သူတို့ ချင်းမိသားစုထံသို့ လာရောက်ခြင်းမှာ ချင်းမိသားစုကြောင့်မဟုတ်ဘဲ ချင်းသခင်လေး၏မျက်နှာကြောင့်ပင်။

ထို့ပြင် ဆေးပညာရှင်များသည် မြင့်မြတ်ပြီး အဆင့်အတန်းမြင့်မားသည်။ သူတို့သည် ရောင်းချရာတွင် ကူညီရုံမျှဖြင့် အမြတ်ငွေ၏နှစ်ဆယ်ရာခိုင်နှုန်း ရရှိနိုင်ရာ သူတို့သည် အလွန် စိတ်ကျေနပ်နေကြလေပြီ။

အကယ်၍ ဤသတင်းကို လျိုမြို့တွင် ထုတ်ပြန်ကြေငြာလိုက်ပါက မိသားစုအမြောက်အများသည် အဘိုးအိုကို လာရောက်ဖိတ်ခေါ်ကြပေလိမ့်မည်။

မြို့တော်ဝန်နှင့် လျိုမြို့၏ထိပ်သီးမိသားစုသုံးစုပင်လျှင် ချင်းယန်ကို သိမ်းသွင်းနိုင်ရန် အလုအယက် ကြိုးပမ်းကြပေလိမ့်မည်။

အမြတ်ငွေ၏နှစ်ဆယ်ရာခိုင်နှုန်းကို မဆိုထားနှင့် ဆယ်ရာခိုင်နှုန်းဆိုလျှင်ပင် သူတို့အားလုံး ပျော်ရွှင်နေကြမည်။

နှစ်ဆယ်ရာခိုင်နှုန်းဟူသည်မှာ သူတို့အတွက် ကြီးမားသော အကျိုးအမြတ်ပင်။

All Chapters