ဖခင်၏ ပျော်ရွှင်မှု
Vol. 3 Ch. 45
ထို့နောက် ချင်းမင်သည် ကျင်နှစ်ထောင်ရှိသော ကျောက်ပြားထံသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လှမ်းသွားပြီး ကျောက်ပြားကို အားကုန်မလိုက်သည်။
"အား...."
သူ၏ခွန်အားများအားလုံးကို အသုံးပြုပြီးနောက် ချင်းမင်သည် နောက်ဆုံးတွင် ထိုအရာကို မနိုင်ခဲ့လေ၏။
"ကြည့်ရတာ ငါက စိတ်ဝိညာဉ်စွမ်းအားကို မသုံးရင် အမြင့်ဆုံးခွန်အားက ကျင်နှစ်ထောင်လောက်ပဲ ရှိလောက်တယ်"
"သာမန် နဝမအဆင့် သိုင်းစစ်သည်တော်တစ်ယောက်က ကျင်တစ်ထောင်ပဲ ခွန်အားရှိတယ်... ငါက သူ့ထက် နှစ်ဆ ပိုပြီးသန်မာတယ်...'ဟုန်ယွမ်ကျင့်စဥ်' က တကယ့်ကို ကောင်းတဲ့ ကျင့်စဉ်ပဲ....ငါ ရွေးချယ်ခဲ့တာ မမှားဘူး"
ယခုချိန်တွင် ချင်းမင်သည် ပြန်လည်ကျင့်ကြံခြင်းစက်ဝိုင်းတစ်ပတ်ကိုသာ ကျင့်ကြံရသေးသည်။ အကယ်၍ ဒသမအကြိမ်အထိ ကျင့်ကြံပါက ချင်းမင်၏ခွန်အားသည် တခြားသိုင်းစစ်သည်တော်များထက် များစွာပို၍ ကြီးမားလာမည်မှာ သေချာပေါက်ပင်။
ချင်မင်၏ ကြီးမားသော အင်အားအပြင် သူ၏ ခန္ဓာကိုယ်၏ ခုခံကာကွယ်မှုများလည်း များစွာ တိုးတက်လာသည်။
"ငါသာ ဒသမအကြိမ်အထိ ကျင့်ကြံမယ်ဆိုရင် သာမန် နဝမအဆင့် သိုင်းစစ်သည်တော်တစ်ယောက်က ငါ့ကို ထိုးရင်တောင် ငါ ဘာမှ ခံစားရမှာ မဟုတ်ဘူးလို့ ထင်မိတယ်"
ချင်းမင်က သူ၏အရေပြားကို တို့ထိပြီး တီးတိုးရေရွတ်လိုက်သည်။
"ဟုန်ယွမ်ကျင့်စဥ်" သည် တူညီသော ကျင့်ကြံဆင့်နယ်ပယ်တွင် ရှုံးနိမ့်ခြင်းမရှိပေ။
သူ အဆင့်ကျော်လွန်၍ စိန်ခေါ်နိုင်ခြင်းရှိမရှိ ဆိုသည်ကိုမူ ချင်းမင်သည် ဒသမအကြိမ်တွင် ဖြစ်နိုင်မည်ဟု တွေးထင်မိလေ၏။
သူ၏အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြုပြင်ပြီးနောက် ချင်းမင်က ခြေလှမ်းကျဲကြီးများဖြင့် ထွက်လာသည်။
"သခင်လေး.. သခင်ကြီးက စာကြည့်ခန်းထဲမှာ စောင့်နေပါတယ်"
ချင်းမိသားစု၏အစေခံတစ်ဦးသည် အပြင်ဘက်တွင် စောင့်ဆိုင်းနေပြီး ချင်းမင် ထွက်လာသည်ကို မြင်ချိန်၌ လျင်မြန်စွာ အရိုအသေပြုလိုက်သည်။
"ငါ့ကို ရှာနေတာလား..."
ချင်းမင်က ပြုံးလိုက်သည်။
"ကောင်းပြီလေ.... ငါ အခု သွားလိုက်မယ်"
"အဖေ....ဘာကိစ္စနဲ့ ကျွန်တော်ကို ရှာတာလဲ"
ချင်းမင်သည် စာကြည့်ခန်းတံခါးကို ဖွင့်ကာ ကုလားထိုင်တွင် ထိုင်နေသော ဖခင်ကို ကြည့်ပြီး ပြောဆိုလိုက်၏။
ချင်းယွမ်သည် ထိုအသံကို ကြားချိန်၌ သူ ဖတ်နေသော စာအုပ်ကို ချထားလိုက်ပြီး ပြောဆိုသည်။
"မင်အာ....မင်း ရောက်လာပြီလား... မနေ့က မင်း တစ်ညလုံး မင်းရဲ့ဆရာနဲ့ အတူရှိနေတယ်လို့ ငါ ကြားတယ်...မင်းရဲ့ဆရာဆီကနေ ဆေးပညာကို လေ့လာသင်ယူနေတာလား"
"ဟုတ်ကဲ့"
ချင်မင်က ပြောဆိုလိုက်ကာ ဖျစ်ညှစ်အားယူ၍ ပြုံးလိုက်သည်။
ဖခင်ဖြစ်သူသည် ဤအကြောင်းကို စိတ်ဝင်စားလိမ့်မည်ဟု သူ တွေးထင်မထားခဲ့ချေ။ သူသည် ဆရာနှင့်အတူ ဆေးပညာကို သင်ယူလိုသော်လည်း ချင်းယန်တွင် သူ့အား သင်ကြားပေးနိုင်သည့် အရာဟူ၍ တစ်စုံတစ်ခုမျှ မရှိချေ။
"ကောင်းတယ်...."
ချင်းယွမ်သည် ချင်းမင်၏အတည်ပြုချက်ကို ကြားချိန်၌ အလွန်ဝမ်းမြောက်သွားပြီးနောက် ချင်းမင်ကို စိုးရိမ်တကြီး ကြည့်ကာ မေးလိုက်သည်။
"မင်းရဲ့ ဆေးပညာပါရမီက ဘယ်လိုရှိလဲ”
"ကျွန်တော့်ရဲ့ ဆေးပညာပါရမီလား..."
ချင်းမင်သည် သူ၏ခေါင်းကိုစောင်းကာ အချိန်တခဏခန့်စဉ်းစားပြီးနောက် ပြောဆိုလိုက်၏။
"ကျွန်တော့်ရဲ့ ဆေးပညာပါရမီက မဆိုးပါဘူး... ဆရာက ပြောတယ်...ကျွန်တော့်ရဲ့ စိတ်ဝိညာဉ်အမြစ်က ထိပ်တန်းအဆင့် မီးစွမ်းအား လျှို့ဝှက်စိတ်ဝိညာဉ်အမြစ်ဖြစ်ပြီးတော့ မီးတောက်တွေကို ကောင်းကောင်း ထိန်းချုပ်နိုင်တဲ့အတွက် ဆေးပညာအတွက် အရမ်းသင့်တော်တယ်တဲ့"
"ကျွန်တော် အခု အဆင့်တစ် ချီသန့်စင်ခြင်းဆေးလုံးကို ဖော်စပ်နိုင်ပြီ"
"တကယ်လား..."
ချင်းယွမ်က သူ၏ကုလားထိုင်မှ စိတ်လှုပ်ရှားစွာဖြင့် မတ်တတ်ထရပ်လိုက်သည်။
"သွားစို့...ငါနဲ့အတူ ဘိုးဘေးခန်းမကို သွားကြမယ်"
"ဒီနေ့က အရေးကြီးတဲ့နေ့ မဟုတ်ဘဲနဲ့ ဘိုးဘေးခန်းမကို ဘာသွားလုပ်မှာလဲ"
ချင်းမင်က ဇဝေဇဝါဖြင့် မေးမြန်းသည်။
"ငါ့သားမှာ ဒီလောက် ပါရမီရှိတာ...ငါတို့ရဲ့ဘိုးဘေးတွေကို ပြောပြပြီး သူတို့ကို ပျော်ရွှင်အောင် လုပ်ရမှာပေါ့"
ချင်းယွမ်က အပြုံးနှင့် ပြောဆိုလိုက်သည်။
မကြာမီမှာပင် ချင်းယွမ်နှင့်ချင်းမင်တို့သည် အနက်ရောင်အဝတ်အစားများ လဲလှယ်ဝတ်ဆင်ပြီး ချင်းမိသားစု၏ဘိုးဘေးခန်းမသို့ ရောက်လာကြသည်။
"ချင်းမင်....ဒါတွေက ငါတို့ ချင်းမိသားစုကို တည်ထောင်ခဲ့တဲ့ ဘိုးဘေးတွေပဲ...ငါတို့ နှစ်တိုင်း ပူဇော်တာကြောင့် မင်းနဲ့မစိမ်းဘူးလို့ ငါ ယုံကြည်တယ်..."
မစိမ်းဘူးဟု ဆိုသလော...မည်သို့ ဖြစ်နိုင်မည်နည်း။ မည်သို့ပင်ဆိုစေကာမူ သူ ဤနေရာသို့ မရောက်သည်မှာ နှစ်တစ်သောင်းကျော် ရှိနေလေပြီ။
ယခင်ဘဝတွင် ချင်းမိသားစုသည် ပျက်စီးသွားပြီး ဘိုးဘေးခန်းမလည်း ပျက်စီးသွားခဲ့သည်။ သူ ဘိုးဘေးများကို ပူဇော်လိုလျှင်ပင် နည်းလမ်းမရှိခဲ့ပေ။
"လာ...ငါတို့နဲ့အတူ အရိုအသေပြုကြစို့"
ချင်းယွမ်သည် ဘိုးဘေးခန်းမရှေ့မှ ဖျာတစ်ချပ်ပေါ်တွင် ဒူးထောက်လိုက်သည်။
ချင်းမင်သည်လည်း ထိုနည်းတူ ပြုလုပ်ခဲ့သည်။ သူသည် ဆေးနတ်ဘုရားတစ်ပါး ဖြစ်သော်လည်း သူ၏ဘိုးဘေးများကို ဦးညွှတ်အရိုအသေပြုရန် ဆန္ဒရှိနေဆဲပင်။
မည်သို့ပင်ဆိုစေကာမူ သူသည် ဆေးနတ်ဘုရားအဆင့်သို့ ရောက်ရှိခဲ့လျှင်ပင် သူသည် ချင်မိသားစု၏မျိုးဆက်တစ်ဦးဖြစ်ပြီး သူ၏ခန္ဓာကိုယ်အတွင်းတွင် ဘိုးဘေးများ၏သွေးများ စီးဆင်းနေဆဲပင်။
"ဘိုးဘေးတို့... ဒီနေ့ ကျွန်တော် ချင်းယွမ်မှာ ဘိုးဘေးတို့ကို ပြောပြချင်တဲ့ ပျော်ရွှင်စရာ ကိစ္စတစ်ခု ရှိတယ်"
"နှစ်ပေါင်းများစွာကြာအောင် ဘိုးဘေးတွေရဲ့ ကောင်းချီးပေးမှုကြောင့် ကျွန်တော်တို့ ချင်းမိသားစုမှာ ဆေးပညာရှင်တစ်ယောက် ပေါ်ထွန်းလာခဲ့ပါပြီ"
"အခု ကျွန်တော်က သူ့ကို ခေါ်လာပြီး ခင်ဗျားတို့ကို တွေ့ဆုံစေပါတယ်....ဘိုးဘေးတို့က ကောင်းကင်ဘုံကနေ ကျွန်တော်တို့ကို ကောင်းချီးပေးကြလိမ့်မယ်လို့ မျှော်လင့်မိတယ်"
ချင်းယွမ်သည် စကားပြောပြီးနောက် ဘိုးဘေးများအား ဦးတိုက်အရိုအသေပြုလိုက်သည်။
ဤအချိန်တွင် ချင်းယွမ်ထံ၌ မိသားစုခေါင်းဆောင်တစ်ယောက်၏ခံ့ညားထည်ဝါမှု အနည်းငယ်မျှ မရှိတော့ဘဲ ကလေးတစ်ယောက်နှင့် တူညီနေသည်။