← Chapters

လုံးဝ မထင်မှတ်ထားတဲ့အရာ

Vol. 37 Ch. 541

လုံးဝ မထင်မှတ်ထားတဲ့အရာ

Vol. 37 Ch. 541

"ဘာလို့ ဒီလောက် အထိတ်တလန့် ဖြစ်လာရတာလဲ?"

ရှောင်းကျဲယွိ၏မျက်နှာပေါ်မှ အပြုံးက ချက်ချင်း ပျောက်ကွယ်သွားသည်။

သူ ကောင်းကောင်း အနားယူပြီး သူ့ဇနီးနဲ့ ယာစိုက်ဖို့၊ လယ်လုပ်ဖို့ ခြံထဲကို လိုက်လာတာ နေ့တစ်ဝက်ပဲ ရှိသေးတယ်လေ၊ မကောင်းတာ တခုခု ဖြစ်သွားပြန်ပြီလား?

“သခင်လေး၊ နန်းတွင်းကနေ လော့ချန်ကို နောက်တစ်ကြိမ် ထပ်တိုက်ခိုက်ဖို့ စစ်တပ်တွေကို ထပ်စေလွှတ်လိုက်ပါပြီ။ သူတို့မှာ လူသတ်လက်နက်ကြီးတွေ ရှိပါတယ်”

ကင်းသမားက ဒူးထောက်ရင်း ရှောင်းကျဲယွိကို သတင်းပို့နေကာ သူ့လေသံက အလွန်အရေးတကြီးဖြစ်နေမှန်း သိသာနေသည်။

ဒါက အရေးကြီးတဲ့ ကိစ္စဖြစ်နေတော့ သခင်လေးကို နှောင့်ယှက်ရမယ်ဆိုရင်တောင် သူ သတင်းပို့မှ ဖြစ်မယ်။

"လူသတ်လက်နက်ကြီးတွေလား?"

ဤစကားကို ကြားလိုက်ချိန်တွင် ရှောင်းကျဲယွိက ချိုးယုံခန်းကို ချက်ချင်း တွေးမိသွားခဲ့သည်။

ဒီခွေးကောင်က လူဆိုးတွေကို ကူညီဖို့ မြို့တော်ကို ပြန်သွားခဲ့တာလား?

ချင်းအာရဲ့အရင်အစီအစဉ်က အလုပ်မဖြစ်ခဲ့ဘူး ထင်တယ်။

စူးချင်းက သူမ ချိုးယုံခန်းအား သတ်ခဲ့ကြောင်း ရှောင်းကျဲယွိကို တစ်ခါမှ မပြောဖူးခဲ့ပေ။ ဖြစ်နိုင်လျှင် သူမက ရှောင်းကျဲယွိ ထိုအကြောင်းကို ဘယ်တော့မှ မသိနိုင်စေရန် မျှော်လင့်ထားခဲ့မိသည်။

နောက်ဆုံးတော့ ဘာပဲဖြစ်ဖြစ် တစ်ချိန်တုန်းက သူတို့နှစ်ယောက်လုံး ညီအစ်ကိုကောင်းတွေအနေနဲ့ သေခြင်းရှင်ခြင်းကို အတူတကွ ဖြတ်သန်းခဲ့ကြဖူးတယ်လေ။ ‌‌အဲ့လူ‌ သေသွားတာကို သိရင် ရွေ့ရှန့်ဝမ်းနည်းနေမှာ မလွဲမသွေပဲ။ သူမ အဲ့လူယုတ်မာကြောင့် ရွှေ့ရှန့်ကို ဝမ်းမနည်းစေချင်ဘူး။

“သွားကြည့်ရအောင်”

ချိုးယုံခန်း သေဆုံးသွားကြောင်း သိနေသည့် စူးချင်းကလည်း အတွေးများနေပြန်သည်။

နန်းတွင်းမှာ ဘယ်သူက ဒီလက်နက်မျိုး လုပ်နိုင်တာလဲ? ဒါက သာမန် ဖောက်ခွဲရေးကိရိယာလား? ဒါမှမဟုတ် လက်ပစ်ဗုံး ဖြစ်နိုင်လား? ဒီနှစ်ခုလုံးက ခြိမ်းခြောက်မှု ကြီးကြီးမားမားတော့ မဟုတ်သေးဘူး။ မြို့ရိုး‌တွေက အရမ်းထူတယ်။ မြို့တံခါးကို ဖောက်ခွဲဖို့ လက်ပစ်ဗုံး သုံးချင်ရင်လည်း မြို့တံခါးနားအထိ ကပ်လာဖို့ လိုတယ်။ သူတို့ကို မြို့တံခါးနား ချဥ်းကပ်ဖို့ အခွင့်အရေး မပေးသေးသရွေ့တော့ အဆင်ပြေသွားမှာပါလေ။

“မင်း မလိုက်နဲ့တော့။ အိမ်ပြန်ပြီး ကောင်းကောင်းအနားယူလိုက်တော့နော်။ တိုက်ပွဲအတွက် ကိုယ် ဂရုစိုက်လိုက်ပါ့မယ်"

ရှောင်းကျဲယွိက စူးချင်းကို အေးအေးဆေးဆေး အနားယူစေချင်ပြီး တိုက်ပွဲတွင် ပါဝင်ခွင့်မပြုတော့ပေ။

“အင်းပါ”

စူးချင်းက အလွယ်တကူ ခေါင်းညိတ်လိုက်သည်။

ဘာပဲဖြစ်ဖြစ် သူမ ပြန်သွားပြီး မော်တာကျည်တွေထဲကို ယမ်းမှုန့် ထည့်ရဦးမှာပဲ။ အဲ့တာတွေ အခိုးခံရမှာကို စိုးရိမ်လို့ သူမ ရွှေ့ရှန့်လုပ်ထားတဲ့ ကျည်တွေကို အားလုံး အလွတ်ထားတာပါ။ အသုံးပြုချင်ရင် ယမ်းမှုန့် ဖြည့်ရမယ်။

ပြီးရင် ရန်သူတွေ လာမခိုးနိုင်အောင် မော်တာတွေကို စနစ်ထဲမှာ ထည့်ထားရမယ်။ အခု ဝမ်မိသားစုစစ်တပ်မှာလည်း လူသတ်လက်နက်ကြီးတွေ ရှိနေပြီဆိုတော့ သူတို့ ခိုးယူအသုံးပြုသွားတာကို လုံးဝ ခွင့်မပြုနိုင်ဘူး။

စူးချင်းက အလွန်နာခံနေသောကြောင့် ရှောင်းကျဲယွိပင် အံ့သြသွားရသည်။

ဒါက ချင်းအာရဲ့ စရိုက်နဲ့ လုံးဝ မတူဘူး။ သူ သူမကို နားချဖို့ အချိန်တစ်ခုလောက်တော့ သုံးရမယ်လို့ အသေအချာ တွက်ထားပြီးသား။ ဒါပေမယ့် သူမက အခု အိမ်ပြန်ဖို့ အလွယ်တကူ သဘောတူလိုက်တဘ်တဲ့လား? ဘာပဲဖြစ်ဖြစ် ဒါက အကောင်းဆုံးပါပဲလေ။

စူးချင်းက စစ်တန်းလျားဆီသို့မသွားမီ မြို့ကိုကာကွယ်ရန် စစ်သည်များအား ကွပ်ကဲနေသည့် ရှောင်းကျဲယွိကို စောင့်ကြည့်နေသေးသည်။ ထို့နောက် သူ တပ်ဖွဲ့များနှင့်ထွက်သွားချိန်မှ သူမက ကျည်ခွံအလွတ်များ ထားသည့် စစ်တန်းလျားဆီသို့ ထွက်လာခဲ့သည်။ သူမ ရောက်ရှိသွားချိန်တွင် စစ်သည်များက ထိုတဲကို သုံးထပ် သုံးဖွဲ့ ဝိုင်းရံ စောင့်ကြပ်နေပြီး ရှောင်းကျဲယွိက ကျည်ခွံများကိုပင် စောင့်‌ကြပ်ရန် အမိန့်ပေးထားပုံရသည်။

“သခင်မလေး”

စူးချင်းကို မြင်လိုက်သည်နှင့် အစောင့်တပ်ဖွဲ့ခေါင်းဆောင်က ချက်ချင်း ရှေ့တိုးလာတာ သူမကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။

“အင်း”

စူးချင်းက သူ့ကို ခေါင်းပြန်ညိတ်ပြလိုက်ပြီး တဲထဲသို့ လှမ်း၀င်လိုက်သည်။

“သခင်မလေး၊ သခင်လေးက ဒီပင်မတဲထဲကို ဘယ်သူမှ မ၀င်ရဘူးလို့ အမိန့်ပေးထားပါတယ်”

အစောင့်တပ်ဖွဲ့ခေါင်းဆောင်က အမြန်ရှေ့ထပ်တိုးလာပြီး စူးချင်းကို ကြောက်ကြောက်ရွံ့ရွံ့ အမူအရာဖြင့် တားဆီးလိုက်သည်။

"အခုရောက်လာတဲ့ ဝမ်မိသားစုစစ်တပ်ကို မမောင်းထုတ်ချင်ဘူးလား?"

စူးချင်းက သူမ၏ခြေလှမ်းကို ရပ်တန့်လိုက်ပြီး သူ့ကို ပြန်မေးလိုက်သည်။ အစောင့်တပ်ဖွဲ့ခေါင်းဆောင်က မဝံ့မရဲ ပြန်ဖြေလာခဲ့သည်။

“ကျွန်တော်တို့ မောင်းထုတ်ချင်ပါတယ်၊ ဒါပေမယ့် သခင်လေးရဲ့ စကားလုံးတွေက အမိန့်ပါ၊ စစ်တပ်ရဲ့ အမိန့်ကို မနာခံရင် ချိုးဖောက်သူမှန်သမျှ ခေါင်းဖြတ်ခံရလိမ့်မယ်”

"စိတ်မပူပါနဲ့၊ မင်းရဲ့ခေါင်း ပြုတ်မကျသွားစေရဘူး"

စူးချင်းက သူ့ကို တစ်ချက်စိုက်ကြည့်လိုက်သည်။ သို့သော်လည်း သူက တပ်မှူး၏အမိန့်ကို တသွေမသိမ်း လိုက်နာသော စစ်သည်ကောင်းတစ်ဦးဖြစ်ပြီး သူ့ဘက်မှ မှားယွင်းနေခြင်း မရှိပေ။ ထို့ကြောင့် သူမက ထိုစစ်သည်ခေါင်းဆောင် အခက်အခဲ ဖြစ်အောင် ထပ်မလုပ်ချင်တော့ဘဲ သူမ အတွက် ကျည်ခွံအလွတ်များ သွားယူခိုင်းလိုက်သည်။

“ဒါဆို မင်း ဝင်သွားပြီး မော်တာကျည်ငါးလုံး သွားယူလာခဲ့”

"သခင်မလေး၊ ကျွန်တော် မသွားရဲဘူး!"

အစောင့်တပ်ဖွဲ့ခေါင်းဆောင်က ရှုံမဲ့မဲ့ ပြန်ဖြေလိုက်သည်။

သူက ဒီတဲကြီးကို ကာကွယ်ဖို့ပဲ အမိန့်ရထားတာ၊ သူ ဘယ်သူကိုမှ ဝင်ခွင့်မပြုနိုင်သလို သူကိုယ်တိုင်လည်း ဝင်ခွင့်မရှိဘူး။ သူ ဝင်သွားရင် ဒါက ကိုယ့်ကိုယ်ကို သက်သေတာနဲ့တူနေမှာ မဟုတ်ဘူးလား?

"ဒါဆိုရင်တော့ ငါ မင်းတို့အားလုံး ဖယ်ရှားရတော့မှာပဲ"

စူးချင်းက အစောင့်တပ်ဖွဲ့ခေါင်းဆောင်ကို လေးလေးနက်နက် စိုက်ကြည့်နေရင်း စကားပြောနေကာ လက်ကလည်း ဆေးမှုန့်ပုလင်းကို ထုတ်ယူနေခဲ့သည်။

“အဲ့ဒါက အဆင်ပြေနိုင်လောက်တယ်”

အစောင့်တပ်ဖွဲ့ခေါင်းဆောင်က ခဏမျှသာ စဉ်းစားပြီး ချက်ချင်းနီးပါး ပြန်ဖြေလိုက်သည်။

ဒါက အကြံကောင်းပဲ။ သူတို့ ဆေးမိပြီး သတိလွတ်သွားရင် သခင်မလေး လုပ်သမျှက သူတို့နဲ့ ဘာမှမဆိုင်တော့ဘူး။

စူးချင်းက သူတို့ဆီသို့ ဆေးမှုန့်များ လှမ်းဖြူးလိုက်သည်။ သူတို့ကလည်း လုံးဝ မရှောင်ဘဲ စူးချင်း ဆေးဖြူးပြီးသည်နှင့် မြေပြင်ပေါ်သို့ လှဲချကာ မလှုပ်မယှက် အိပ်သွားကြတော့သည်။

သူတို့ အလွန်ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသောကြောင့် စူးချင်းအတွက် အချိန်ကုန် သက်သာသွားခဲ့သည်။ သူမက စုစုပေါင်း မော်တာကျည်ငါးတောင့်နှင့် လက်ပစ်ဗုံး တစ်ဒါဇင်ကျော်ကို ထုတ်ယူလာခဲ့သည်။ ထိုအရာများက ဝမ်မိသားစုစစ်တပ်အား သူတို့၏ ဘိုးဘေးအိမ်သို့ ပြန်ပို့ရန် လုံလောက်နေပြီ ဖြစ်သည်။

ရှောင်းကျဲယွိကတော့ စူးချင်း သူ့နောက်ကွယ်တွင် ဘာတွေလုပ်နေမှန်း မသိသေးပေ။ သူက သူ့တပ်သားများ အားလုံးကို တပ်လှန့်ထားပြီး သစ်သားဒလိမ့်တုံးများနှင့် ကျောက်တုံးများကို မြို့ရိုးထိပ်သို့ ရွှေ့ထားစေသည်။ သူ့လက်ထဲတွင် လက်ပစ်ဗုံးငါးလုံး ရှိနေပြီး ဝမ်မိသားစုစစ်တပ်က မြို့ကို တိုက်ခိုက်လာလျှင် ဗုံးခွဲရန် အဆင်သင့်ပြင်ဆင်ထားခဲ့သည်။

တပ်သားသစ် တစ်ချို့ကတော့ တော်တော်လေး ကြောက်လန့်နေကြသည်။ မည်သို့ပင်ဖြစ်စေ ဝမ်မိသားစုစစ်တပ်က သူတို့၏နှလုံးသားများထဲသို့ မယုံကြည်နိုင်ဖွယ် အကြောက်တရားများ ထည့်သွင်းပေးထားနိုင်ခဲ့သည့် တည်ရှိမှုတစ်ခု ဖြစ်ခဲ့ဖူးသည်။ သူတို့အထဲမှ တချို့က ပုန်ကန်ခဲ့ဖူးကြပြီး ဝမ်မိသားစုစစ်တပ်မှ မြင်းစီးသူရဲကောင်းများကိုပင် ရင်ဆိုင်ခဲ့ဖူးကြသည်။ သူတို့၏ညီကိုများ စစ်မြင်းကြီးများအောက်၌ အသားပြားဖြစ်သွားသည်အထိ အနင်းခံနေရသည့် မြင်ကွင်းက သူတို့၏ စိတ်ထဲ၌ နက်နက်နဲနဲ ရေးထွင်းထားဆဲ ဖြစ်သည်။ ထို့ကြောင့် ဝမ်မိသားစုစစ်တပ်၏ အလံကို မြင်သည်နှင့် သူတို့ တုန်လှုပ်နေကြသည်။

"မင်းတို့တွေ ‌အောက်ကိုဆင်းပြီး သစ်သားဒလိမ့်တုံးတွေ သယ်သွားကြ"

ရှောင်းကျဲယွိက ထိုကြောက်လန့်နေသော စစ်သည်များအားလုံးကို မြို့ရိုးအောက်သို့ စေလွှတ်လိုက်သည်။ ထို့နောက် သူက ကျန်းကျင့်လင်းနှင့် သူ့သက်တော်စောင့်များအား ထိုလူများ၏အမည်ကို မှတ်ထားရန် အမိန့်ပေးလိုက်သည်။

ဒီလိုလူတွေကို အ‌ရေးကြီးတဲ့နေရာမှာ တာဝန်ချပေးဖို့ မဖြစ်နိုင်တော့ဘူး။ သူတို့က တခြားလူကိုပါ ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်ပြီး တပ်ဖွဲ့ရဲ့ တိုက်ခိုက်ရေးစိတ်ဓာတ်ကို ထိခိုက်စေလိမ့်မယ်။

ယခုတစ်ကြိမ်တွင် ဝမ်မိသားစုစစ်တပ်၏ တပ်မှူးမှာ ဝမ်ယွိလင်၏ အကြီးဆုံးသား ဝမ်ချင်းကျစ် ဖြစ်သည်။ ဝမ်ယွိလင်က သူ့သားတော်များမှ လွဲ၍ မည်သူ့ကိုမျှ မယုံကြည့်တော့ပေ။

ဤတစ်ကြိမ်တွင် ဝမ်ချင်းကျစ်က သူနှင့်အတူ ထိပ်တန်းစစ်သည်တစ်သောင်း ခေါ်ဆောင်လာခဲ့သည်။ သူ၏စစ်တပ်တွင် စူးချင်း လုပ်ထားသည့်အတိုင်း အတိအကျ တူညီသည့် မော်တာတစ်လက်လည်း ပါလာသေးသည်။ ထိုမော်တာနှင့်အတူ မော်တာကျည်းငါးလုံး ပါလာပြီး သူက ထိုမော်တာ၏ စွမ်းအားကို ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ပြီးပြီ ဖြစ်သည်။

စူးချင်းသာ ထိုမော်တာကို မြင်လျှင် သူမ လုံးဝ အံ့သြသွားပြီး “ဒါက ဘယ်သူလုပ်ထားတာလဲ? ငါ့လိုမျိုး ထပ်တူလုပ်နိုင်တဲ့သူ ရှိနေတာလား?” ဟု အလောတကြီး တွေးတာပေလိမ့်မည်။

စစ်တပ်က အဝေးမှ လာခဲ့သောကြောင့် သူတို့ ပင်မစခန်းကို အရင်ထူထောင်ရမည် ဖြစ်သည်။ ဝမ်ချင်းကျစ်က လော့ချန်မှ သုံးလီခန့်ကွာဝေးသောလွင်ပြင်တစ်ခုတွင် စခန်းချရန် ဆုံးဖြတ်လိုက်သည်။ သူတို့နောက်တွင် ရေအတွက် မြစ်တစ်စင်း ရှိနေပြီး သစ်တောလည်း ရှိနေသောကြောင့် တိုက်ခိုက်နိုင်ရန် သို့မဟုတ် ဆုတ်သွားရန် နှစ်မျိုးလုံးအဆင်ပြေကာ စခန်းချရန် နေရာကောင်းဖြစ်သည်။ ၎င်းက တိုက်ခိုက်ရေးနှင့် ကာကွယ်ရေးနှစ်မျိုးလုံးအတွက် ပြီးပြည့်စုံသောနေရာတစ်ခုဖြစ်သည်။

ဝမ်ချင်းကျစ်က အသစ်ဆောက်လုပ်ထားသည့် တဲကြီးထဲတွင် ရှိနေပြီး လော့ချန်၏မြေပုံကို ကြည့်နေခဲ့သည်။ သူက ဆယ်နှစ်သားအရွယ်ကတည်းက ဝမ်ယွိလင်၏နောက်သို့ လိုက်ပါခဲ့ရသူ ဖြစ်သည်။ ထို့ကြောင့် ယခု သူ အသက် ၂၆ နှစ်သာ ရှိသေးသော်လည်း တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝပြီး စစ်ပွဲအနုပညာကို ကျွမ်းဝင်နေကာ ဖွဲ့စည်းပုံဗျူဟာတည်ဆောက်ရာတွင် ကျွမ်းကျင်လှသည်။ သူက အေးဆေးတည်ငြိမ်သော်လည်း ထက်မြက်သော ဆုံးဖြတ်နိုင်စွမ်း ရှိသောကြောင့် ဝမ်ယွိလင်၏တန်ဖိုးအထားရဆုံးသား ဖြစ်လာခဲ့သည်။

ဝမ်ယွိလင်၏စကားအရ သူ ဤနေရာသို့ ရောက်ရှိနေရခြင်းက သူတို့ ဝမ်မိသားစုနှင့် ရှောင်းမိသားစုကြားမှ ရန်ပွဲတစ်ခုသာ ဖြစ်သည်။

အဲဒီတုန်းက ရှောင်းဟမ်က သူ့ခမည်းတော်ရဲ့လက်ချက်နဲ့ သေဆုံးသွားခဲ့တယ်။ ဒီနေ့တော့ ရှောင်းမျိုးနွယ်ရဲ့သားက ဝမ်ယွိလင်ရဲ့သားတော် လက်ထဲမှာ သေဆုံးရလိမ့်မယ်။

ဝမ်ချင်းကျစ် မြေပုံထဲ၌ နစ်မြုပ်နေချိန်တွင် စစ်သည်တစ်ယောက်က သတင်းပို့ရန် ရောက်လာခဲ့သည်။

"စစ်သူကြိး၊ လော့ချန်က ကျွန်တော်တို့မျိုးတို့တပ်တွေ ချဉ်းကပ်လာတာကို ကြိုသိနေပြီး ကာကွယ်ဖို့ ပြင်ဆင်နေပါတယ်"

ဝမ်ချင်းကျစ်က ခေါင်းမော့ကာ ထိုစစ်သည်ကို ကြည့်လိုက်ပြီး မျက်နှာအမူအယာ မပြောင်းပဲ အမိန့်ပေးလိုက်သည်။

"ငါ သိပြီ။ ပြန် ထွက်သွားတော့!”

သူသက ရှောင်းကျဲယွိ၏ ကာကွယ်ရေးကို လုံးဝ ဂရုမစိုက်ဘဲ သူ့စိတ်ထဲတွင် အနည်းငယ် အထင်အမြင်သေးသွားသလို ခံစားလိုက်ရသည်။

သူ့တွင် ပြင်းအားကောင်းတဲ့ လူသတ်လက်နက်ကြီးတစ်ခု ရှိနေတာတောင် ခုခံဖို့ပဲ စဥ်းစားနေတာလား? စပြီး မတိုက်ရဲဘူးလား?ရှောင်းမိသားစုက ကလေးက သူတို့ပြောသလို အစွမ်းထက်ပုံလည်း မပေါ်ပါဘူး။

သို့သော် သူ ရန်သူကို လျှော့တွက်လိုက်ခြင်းက တစ်ခဏမျှသာ ဖြစ်ပြီး ဝမ်ချင်းကျစ်က ချက်ချင်း သတိပြန်ကပ်သွားခဲ့သည်။ ရှေ့တွင် ကြီးမားသောတိုက်ပွဲတစ်ခု ရှိနေပြီး ရန်သူကို လျှော့မတွက်ရန်က ကြီးမားသောတားမြစ်ချက်ဖြစ်ကြောင်း သူ နားလည်ထာပြီး ဖြစ်သည်။

ရှောင်းကျဲယွိနှင့် ကျန်းကျင့်လင်းတို့က တပ်စခန်းအလယ်ရှိ ပင်မတဲထဲတွင် ရှိနေပြီး တိုက်ခိုက်ရေးအစီအစဉ်များ ဆွေးနွေးတိုင်ပင်နေကြသည်။ မြို့ကို ခုခံကာကွယ်ရန် မဖြစ်မနေ လုပ်ရမည်ဆိုသော်လည်း တိုက်ခိုက်ခြင်းမရှိဘဲ ရိုးရှင်းစွာ ခုခံကာကွယ်နိုင်ခြင်းဟူ၍ မရှိပေ။ သို့ရာတွင် မချင့်မချိန် ထွက်တိုက်ရန် မဖြစ်နိုင်ဘဲ ဗျူဟာများ ရေးဆွဲအသုံးပြုရပေလိမ့်မည်။

ဘာပဲဖြစ်ဖြစ်ကွာဆိုပြီး မြို့တံခါးကို ဆွဲဖွင့်ပြီး ထွက်တိုက်ခိုက်ဖို့က လုံးဝ မဖြစ်နိုင်ဘူးလေ။

လက်ရှိတွင် ရန်သူများက သူတို့ထက် နှစ်ဆလောက် များနေပြီး ခရီးရှည်ကြီးကြောင့် ပင်ပန်းနေသည့်တိုင် ဝမ်မိသားစုစစ်တပ်၏ တိုက်ခိုက်ရေးစွမ်းအားကို လျှော့မတွက်သင့်ပေ။ သို့သော်လည်း သူတို့ မဖြစ်မနေ စတင်တိုက်ခိုက်ရမည် ဖြစ်ပြီး ယခုအချိန်က သူတို့စစ်တပ်မနှ တပ်သားသစ်များ၏စိတ်ဓာတ်ကို မြှင့်တင်ပေးရန် အခွင့်အရေးတစ်ခုလည်း ဖြစ်သည်။

"သခင်လေး၊ ဝမ်မိသားစုစစ်တပ်က စခန်းချနေတဲ့အချိန်မှာ ကျွန်တော်တို့ အလစ်ဝင်တိုက်ကြမလား?"

ကျန်းကျင့်လင်းက အစီအစဉ်တစ်ခုကို အဆိုပြုလာခဲ့သည်။ ကျုံးယုံက မြောက်ဘက်မှ တိုက်ခိုက်ရန် ထိပ်တန်းစစ်သည်အဖွဲ့ကို ဦးဆောင်ရမည် ဖြစ်ပြီး သူက တောင်ဘက်မှ တိုက်ခိုက်ရန် လက်ရွေးစင်စစ်သည်တစ်စုကို ဦးဆောင်သွားမည် ဖြစ်သည်။ သူတို့အနေဖြင့် ဝမ်မိသားစုစစ်တပ်အား နှစ်ဘက်ကျပ်ကာ အလစ်တိုက်ရန် သူ တွေးနေခြင်း ဖြစ်သည်။

“အင်း၊ ဒါပေမယ့် ငါတို့ မှောင်တဲ့အထိ စောင့်ရလိမ့်မယ်။ ရှေ့ကနေ မတိုက်ခိုက်နဲ့။ မြစ်ကို ဖြတ်သွားဖို့ စဥ်းစား။ မြစ် ရှိနေတော့ အကာအကွယ် ရှိနေတယ်ဆိုပြီး မြစ်ဘက်မှာ အစောင့်အင်အား အတော်လေး နည်းနေလိမ့်မယ်။”

ထိုအချိန်တွင် စူးချင်းက ပင်မတဲထဲသို့ ဝင်လာခဲ့သည်။

"ဒီလောက် ဒုက္ခခံနေစရာ မလိုပါဘူး!"

All Chapters