သေဆုံးချိန်ရောက်နေပြီ
Vol. 37 Ch. 552
မြို့တော်၌...
ချန်ကျင်းဟိုင်က သူ့သေဆုံးချိန်ရောက်နေပြီကို မသိသေးပေ။ သူက ဧကရာဇ်မင်းမြတ် ပေးအပ်သော အလုပ်အား အိမ်နောက်ဖေးရှိ လူထံသို့ လွှဲပြောင်းပေးလိုက်ပြီး ညအချိန်တွင် မြို့တော်ရှိ အကျော်ကြားဆုံး ပန်းတစ်ရာအိမ်တော်သို့ ထွက်ခွာလာခဲ့သည်။
ပန်းတစ်ရာအိမ်တော်မှ မိန်းကလေးများက နတ်သမီးများကဲ့သို့ လှပကြပြီး သူမတို့က ဗျက်စောင်း၊ စစ်တုရင်၊ လက်ရေးလှနှင့် ပန်းချီများကိုပင် ကောင်းကောင်း ကျွမ်းကျင်ကြသည်။ အရေးအကြီးဆုံးကတော့ သူမတို့က ကြောင်လေးများကဲ့သို့ နာခံပြီး နူးညံ့သိမ်မွေ့ကြခြင်းပင်။
သူ ထိုနေရာသို့ တစ်ကြိမ်သွားပြီးနောက် သူမတို့ကို စွဲလမ်းမိသွားပြီး နောက်ပိုင်းတွင် ညတိုင်းလိုလို သူမတို့ဆီသို့ သွားလည်လေ့ရှိသည်။ သူ့ထံတွင် ဧကရာဇ်မင်း၏ အမိန့်တော်ကြောင့် ဖိအားများ ရှိနေခဲ့သော်လည်း ပန်းတရာအိမ်တော်သို့ သွားချင်နေသည့် သူ့အတွေးများကိုတော့ မဖိနှိပ်နိုင်ခဲ့ပေ။
မည်သို့ပင်ဖြစ်စေ သူ တောင်းဆိုထားသည့် သန့်စင်သောသံများ မရသေးသရွေ့ သူ တစ်နေ့ပြီး တစ်နေ့ ပျော်ပျော်ရွှင်ရွှင် နေနိုင်ဦးမည် ဖြစ်သည်။
ချန်ကျင်းဟိုင်က ပန်းတရာအိမ်တော်သို့ ရောက်လာပြီး မိန်းကလေးများ၏ နူးညံ့မှုကို အပြည့်အဝ ခံစားခဲ့ရသည်။ ထို့ကြောင့် သူက ပန်းရနံ့ဖြင့် ရေချိုးကာ အိမ်ပြန်လာခဲ့သည်။ ယနေ့ညတွင် မိန်းမပျိုစွေ့ဟုန်က သူ့ကို အရက်သောက်ရန် ဖိတ်ခေါ်ခဲ့ပြီး သူကလည်း ထိုမူယာရှင်လေးကို အလွန်သဘောကျနေခဲ့သည်။ ထို့ကြောင့် သူ အရက်အလွန်အကျွံ သောက်ခဲ့မိပြီး ယခု ရထားလုံးပေါ်တွင် အိပ်ပျော်သွားပြီ ဖြစ်သည်။
သူတို့ ပန်းတရာအိမ်တော်မှ ထွက်လာပြီးနောက် လမ်းချိုးတစ်ခုသို့ အကွေ့တွင် ရထားထိန်းနှင့် သက်တော်စောင့်နှစ်ဦးလုံး အဆိပ်လူးမြှားများဖြင့် ပစ်သတ်ခံလိုက်ရသည်။ သူတို့ ဘာမှ မတုံ့ပြန်နိုင်မှာပင် အဆိပ်သင့်ကာ သေဆုံးသွားကြပြီး ရထားလုံးပေါ်ရှိ ချန်ကျင်းဟိုင်က လေးလံသော လဲပြိုသံများကြောင့် ပြန်နိုးလာသည်။ သူက ကန့်လန့်ကာကို မတင်လိုက်ပြီး အပြင်သို့ ကြည့်ကာ လှမ်းမေးလိုက်သည်။
"ဘာဖြစ်တာလဲ?"
သူစကားသံ မဆုံးခင်မှာပင် သူ့လည်ပင်းသို့ မြှားတစ်စင်း စိုက်ဝင်လာပြီး သူ့ရှေ့တွင် အနက်ရောင်ဝတ်ထားသော အမျိုးသားတစ်ဦး ထွက်ပေါ်လာသည်။ ချန်ကျင်းဟိုင်ကတော့ ရထားလုံးပေါ်မှ ပြုတ်ကျသွားပြီဖြစ်ကာ သူ့မျက်လုံးများက ပြူးကျယ်နေပြီး သူ့ခန္ဓာကိုယ်က အကြိမ်အနည်းငယ် လှုပ်ယမ်းနေသေးသည်။ ထို့နောက် တစ်စုံတစ်ရာကို ထိတ်လန့်နေဟန် မျက်လုံးပြူးကြီးဖြင့် သေဆုံးသွားတော့သည်။
အနက်ရောင်ဝတ်လူက လူသတ်ပြီး ချက်ချင်း ပြန်ထွက်သွားသည်။ ထို့ကြောင့် တိတ်ဆိတ်နေသည့် လမ်းကြားအတွင်း၌ ရထားလုံးတစ်စီးနှင့် အလောင်းလေးလောင်းသာ ကျန်ရစ်နေခဲ့သည်။
ညသန်းခေါင်တွင် ကင်းလှည့်သည့် ညစောင့်တစ်ဦးက ထိုအလောင်းများကို တွေ့သွားခဲ့ပြီး သူ့လက်ထဲမှ မောင်းကို အလောတကြီး တီးလိုက်ရာ ကင်းလှည့်တပ်သားများ ရောက်ရှိလာပြီး ထိုအလောင်းလေးလောင်းကို ရုံးတော်သို့ ပို့လိုက်ကြသည်။
မိုးသောက်ပြီးနောက်မှ ချန်ကျင်းဟိုင် အသတ်ခံလိုက်ရကြောင်း ဝမ်ယွိလင် သိခဲ့ရသည်။ ချန်ကျင်းဟိုင် သေဆုံးသွားသည်ကို ကြားလိုက်ရချိန်တွင် ဝမ်ယွိလင်တစ်ယောက် အကြီးအကျယ်ဒေါသထွက်နေပြန်သွားသည်။
သူ့ကို လူသတ်လက်နက်ကြီး လုပ်ဖို့ ဘယ်သူက ကူညီပေးတော့မှာလဲ?
ဝမ်ယွိလင်က စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးရန် အမိန့်ပေးလိုက်သောကြောင့် မြို့တော်ရှိ စစ်ဆေးရေးမှူးနှင့် တရားသူကြီးများအားလုံး အလုပ်များသွားရပြန်သည်။ သူတို့က ချန်ကျင်းဟိုင် သွားလေ့ရှိသည့် နေရာအားလုံးကို စုံစမ်းခဲ့သည်။ ထို့ကြောင့် မနေ့ညက ချန်ကျင်းဟိုင် ပန်းတစ်ရာအိမ်တော်သို့ သွားကာ ညသန်းခေါင်အထိ နေခဲ့ကြောင်း သူတို့ စုံစမ်းတွေံရှိခဲ့သည်။ ထိုအတောအတွင်း ချန်ကျင်းဟိုင်က အမတ်လု၏သားနှင့် ပဋိပက္ခဖြစ်ခဲ့ကြောင်းလည်း သူတို့ သိသွားခဲ့သည်။ ထိုညတွင် အမတ်လု၏သားက ချန်ကျင်းဟိုင်အား သင်ခန်းစာတစ်ခု သင်ပေးမည်ဟု ကြိမ်းမောင်းခဲ့သည်။
တိုက်ဆိုင်စွာပင် ထိုအမတ်လုက ယခင်မင်းဆက်မှ အရာရှိဟောင်း တစ်ဦးဖြစ်သည်။ သူက လိမ္မာပါးနပ်ပြီး ကြားနေဖြစ်ခဲ့သောကြောင့် တိုင်းရေးပြည်ရေးအပြောင်းအလဲမှ လွတ်မြောက်လာခဲ့သူ ဖြစ်သည်။
ယခုတစ်ကြိမ်တွင်တော့ သူ့သားက သူ့အဖေကို ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။ ဝမ်ယွိလင်၏ သံသယကြီးသည့် စရိုက်ကြောင့် သူက အမတ်လု ဟန်ဆောင်အညံ့ခံပြီး ယခင်ဧကရာဇ်အတွက် လက်စားချေရန် အခွင့်အရေးကို စောင့်မျှော်နေသည်ဟု ချက်ခြင်း တွေးလိုက်တော့သည်။
အမတ်လုကတော့ အိမ်တွင် နေရင်းထိုင်ရင်း ဒုက္ခရောက်နေပြီ ဖြစ်သည်။ မင်းဆက်အပြောင်းအလဲကို ရှောင်ရှားနိုင်ခဲ့သည့် သူ့၏ဝီရိယစိုက်ထုတ်မှုများက နောက်ဆုံးတွင် သူ့သားကြောင့် ပျက်စီးသွားလိမ့်မည်ဟု အမတ်လု တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။ သို့သော်လည်း ယခုအချိန်တွင် သူတို့ ကံဆိုးမိုးမှောင်ကြနေပြီဖြစ်ကာ အမတ်လု၏ အိမ်တော်တစ်ခုလုံး ဝင်ရောက်စီးနင်းခံခဲ့ရပြီး အမျိုးသမီးငယ်များကို တရားဝင် ပြည့်တန်ဆာများအဖြစ် အတင်းအကြပ် ခိုင်းစေခဲ့သည်။ ယခင်က သူတို့ တခြားသူများ၏ သမီးများနှင့် ကစားဖူးကြပြီး ယခု တခြားသူများက သူတို့၏သမီးပျိုများအား ပြန်ကစားမည့်အလှည့် ဖြစ်လာပြန်သည်။ ဤသည်ကို အတုံ့အလှည့်ဟု ယူဆနိုင်သည်။
လုမိသားစုမှ ယောကျာ်းများအားလုံးကို လမ်းဆုံလမ်းခွသို့ ဆွဲခေါ်သွားပြီး ခေါင်းဖြတ်ကွက်မျက်ကာ တဦးတယောက်ကိုမျှ ချန်ထားပေးခဲ့ခြင်း မရှိပေ။ ဧကရာဇ်မင်းမြတ်၏ဓားက မည်သည့်အချိန်တွင် သူတို့၏လည်ပင်းပေါ်သို့ ကျရောက်လာမည်ကို မသေချာတော့သောကြောင့် နန်းတွင်းမှ အရာရှိများအားလုံး အချိန်ပြည့် ကြောက်ရွံ့တုန်လှုပ်နေခဲ့ကြသည်။
မြို့တော်ကို တာဝန်ယူထားသည့် တရားသူကြီးက နောက်ထပ် အရေးကြီးသည့် အချက်အလက်တစ်ခုကို ထပ်မံရှာဖွေနိုင်သည်။ ချန်ကျင်းဟိုင်၏အိမ်နောက်ဖေး၌ လူတစ်ယောက် ပုန်းခိုနေထိုင်ပြီး ထိုလူက အိမ်ထဲတွင် ပိတ်လှောင်ခံထားရခြင်းဖြစ်ကာ အလွန်လျှို့ဝှက်ဆန်းကြယ်သည်ဟု ယူဆနိုင်သည်။
ထိုအကြောင်းကို သိပြီးနောက် ဝမ်ယွိလင်တစ်ယောက် ချက်ချင်း ပြန်တက်ကြွလာပြန်သည်။ သူက ရှေ့တစ်ယောက်ကို သင်ခန်းစာယူကာ ဤလျှို့ဝှက်ဆန်းကြယ်သူ၏တည်ရှိမှုကို မည်သူမှမသိစေဘဲ လျှို့ဝှက်အမိန့်တစ်ခု ချက်ချင်း ထုတ်ပြန်လိုက်သည်။
တစ်ဖက်မှ ရှောင်းကျဲယွိကလည်း ပစ်မှတ်သေဆုံးသွားကြောင်း အတည်ပြုပေးလိုက်သည့် မြို့တော်မှ သတင်းတစ်ခု လက်ခံရရှိခဲ့သည်။ လျှို့ဝှက်အစီရင်ခံစာကို ဖတ်ပြီးနောက် နောက်ဆုံး သူ သက်ပြင်းချနိုင်ခဲ့သည်။
ချင်ထျဲ သေသွားလျှင် ဝမ်ယွိလင်လည်း မော်တာများ လုပ်နိုင်တော့မည်မဟုတ်ပေ။ ထိုအရာက သူ မြို့တော်ကို တိုက်ခိုက်ရာတွင် အောင်မြင်နိုင်ချေတစ်ဝက်ကျော် သေချာစေခဲ့သည်။
ငါးရက်ကြာပြီးနောက်တွင် ကျင့်ရှီလျိုမြောင်နှင့် မော့ချန်မှ စစ်သည်များက လော့ချန်သို့ ရောက်လာကြသည်။ ချန်ယွိနှင့် ရန်ရှစ်ခွမ်းတို့က မြို့ကို ကာကွယ်ရန် သူတို့၏စစ်သည်အနည်းငယ်ဖြင့် နေရစ်ခဲ့ကြပြီး တပ်ဖွဲ့အများစုကို သခင်လေး မြို့တော်ကို တိုက်ခိုက်ရာ၌ ကူညီပေးရန် လော့ချန်သို့ စေလွှတ်လိုက်ကြသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း၌ လော့ချန်တွင် စစ်သည်တစ်ထောင်ကျော် ထပ်မံစုဆောင်းနိုင်ခဲ့ပြီး လက်ရှိ မြို့ထဲမှ စစ်သည်များအားလုံးနှင့် ကျင့်ရှီလျိုမြောင်နှင့် မော့ချန်မှ စစ်သည်များအားလုံး ပေါင်းလိုက်လျှင် ရှောင်းမိသားစုစစ်တပ်၏ စစ်အင်အားက ပထမဆုံးအကြိမ် တစ်သောင်းကျော်သွားတော့သည်။
လေ့ကျင့်ရေးကွင်းထဲမှ အလံများ တဖျပ်ဖျပ် လှုပ်ခတ်နေသည်နှင့်အမျှ စစ်သည်များက တိုက်ခိုက်လိုစိတ်ကလည်း တဖြည်းဖြည်း မြင့်တက်နေပြီ ဖြစ်သည်။ မြို့တော်ကို တိုက်ခိုက်တော့မည်ဟု ကြားလိုက်ရချိန်တွင် သူတို့ အားလုံး စိတ်လှုပ်ရှားနေကြပြီး သူတို့၏မျက်လုံးများ အစွမ်းကုန် တောက်ပလာကြသည်။
နောက်ဆုံးတော့ ဒီနေ့ကို ရောက်လာခဲ့ပြီပေါ့။ သခင်လေးက သူတို့ကို ကမ္ဘာသစ်တစ်ခုဆီ ခေါ်ဆောင်သွားတော့မယ်။
သူတို့ မျှော်လင့်နေသည့်အတိုင်း ရှောင်းကျဲယွိက တပ်ဖွဲ့များကို သူကိုယ်တိုင် ဦးဆောင် အမိန့်ပေးကွပ်ကဲမည် ဖြစ်သည်။ ကျန်းကျင့်လင်းက လက်ဝဲရှေ့ပြေးတပ်မှူး အဖြစ်တာဝန်ယူမည် ဖြစ်ကာ ကျုံးယုံက လက်ယာရှေ့ပြေးတပ်ကို ဦးဆောင်ရမည် ဖြစ်သည်။ အခြားစစ်သူကြီးဆယ်ဦးကိုလည်း ဒုတပ်မှူးများအဖြစ် ရာထူးတိုးမြှင့်ပေးထားခဲ့သည်။ ယန်ကျစ်နှင့် သူ၏သက်တော်စောင့် အဖွဲ့များက ထောက်ပံ့ရေးအရာရှိများအဖြစ် လိုက်ပါပြီး ရိက္ခာများကို စောင့်ရှောက်ပေးမည် ဖြစ်သည်။
ဤသည်မှာ ယန်ကျစ် စစ်တပ်နှင့် လိုက်ပါသည့် ပထမဆုံးအကြိမ် ဖြစ်ပြီး သူလည်း အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ စစ်တပ်ရိက္ခာ သယ်ယူရခြင်းက ယခင် သူတို့ ပို့ဆောင်ခဲ့ဖူးသော တန်ဖိုးကြီးကုန်စည်အားလုံးထက် ပိုအဖိုးတန်ပြီး ယခုကဲ့သို့ သယ်ဆောင်ပေးရခြင်းအတွက် သူတို့အားလုံး ပိုစိတ်လှုပ်ရှားနေသလို ဂုဏ်ယူဝမ်းမြောက်မှုကိုလည်း ခံစားနေကြရသည်။
စူးချင်းကလည်း သူမ၏ သက်တော်စောင့်ဆယ်ယောက်ကို ရာထူးတိုးပေးခဲ့သည်။ သူတို့က ဟင်းသီးဟင်းရွက်စိုက်တောင်သူများအဖြစ်မှ အမြောက်တပ်သားများအဖြစ် ရာထူးတိုးမြှင့်ခံလိုက်ရသည်။ သူတို့တစ်ယောက်ချင်းစီက မော်တာတစ်လက်ချင်းစီကို တာဝန်ယူရမည် ဖြစ်သည်။ ဤအမြောက်တပ်တွင် ပါဝင်ပြီး ယမ်းနှင့် ခဲယင်းမီးကျောက်များ သယ်ဆောင်မည့်သူများကလည်း ရှောင်းမိသားစုစစ်တပ်မှ စစ်သည်ဟောင်းများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့၏သစ္စာစောင့်သိမှုကို မေးခွန်းထုတ်ရန် မလိုပေ။
စူးချင်းက သူတို့အားလုံးအား တိကျစွာ ပစ်ခတ်နိုင်ရန် ငါးရက်ကြာ လေ့ကျင့်ပေးပြီး ဖြစ်သည်။ မော်တာကျည်များက အဖိုးတန်သောကြောင့် အလဟဿဖြုန်းတီးပစ်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ပစ်ချက်တိုင်း ပစ်မှတ်ကို ထိမှန်ရမည် ဖြစ်သည်။
သူမက မြို့တော်ကို တိုက်ခိုက်ရန်အတွက် ရှောင်းကျဲယွိ၏နောက်သို့ လိုက်ချင်နေသော်လည်း ရှောင်းကျဲယွိက ငြင်းဆိုခဲ့သည်။ သို့သော်လည်း လက်တွေ့တွင် သူမက သူ့အတွက် တပ်ဖွဲ့များ စုဆောင်းပေးရန်နှင့် နောက်တန်းကို တည်ငြိမ်အောင် ထိန်းသိမ်းပေးရန် လော့ချန်တွင် မဖြစ်မနေ နေခဲ့သင့်သူ ဖြစ်သည်။
နောက်တန်းကလည်း ရှေ့တန်းကဲ့သို့ အရေးကြီးကြောင်း စူးချင်းလည်း သိနေပြီးသား ဖြစ်သည်။
သူတို့ ရှေ့တန်းမှာ စစ်ထွက်တိုက်နေပြီး သူတို့ရဲ့ အခြေခံစခန်း ဖျက်ဆီးခံလိုက်ရရင် သူတို့ ဘာဆက်လုပ်နိုင်တော့မှာတုန်း?
စစ်ပွဲဖြစ်လာလျှင် ဆေးဝါးကလည်း မရှိမဖြစ်လိုအပ်သောအရာဖြစ်သည်။ စူးချင်းက လှည်းတစ်စီးစာအပြည့် ဆေးများ စုဆောင်းပြင်ဆင်ထားပြီး ဖြစ်သည်။ ထို့အပြင် သူတို့ဘာသာ တက်နိုင်သမျှ မြန်မြန်ဆန်ဆန် အချိန်မီ ကုသနိုင်ရန် စစ်သည်တိုင်းအတွက် အနာကျက်ဆေးနှင့် သွေးတိတ်ဆေးများ ဝေပေးထားပြီး ဖြစ်သည်။
ရှောင်းကျဲယွိနှင့် သူ့၏တပ်ကို လိုက်ပါ ပို့ဆောင်ပြီးနောက် စူးချင်းက လော့ချန်တွင် နေခဲ့ပြီး စစ်သည်များ စတင်စုဆောင်းနေခဲ့သည်။ သူမက စစ်သည်အသစ်များကို လေ့ကျင့်ပေးခြင်း၊ စစ်သူကြီးကောင်းများ ရွေးချယ်ခြင်း၊ ရိက္ခာများ စုဆောင်းခြင်း၊ ဆေးဝါးများ ပြင်ဆင်ခြင်းနှင့် ရှေ့တန်းမှ အစီရင်ခံစာများ လက်ခံကိုယ်တွယ်ခြင်း စသည့်တာဝန်အားလုံးကို စီမံကိုင်တွယ်နေခဲ့သည်။ သူမ မနက်မှ ညအထိ အလုပ်ရှုပ်နေပြီး ညဘက်မှသာ ခြံထဲသို့ သွားနိုင်တော့သည်။
စစ်ပွဲဆိုသည်က ငွေကြေးအမြောက်အမြား လိုအပ်သော နှစ်ရှည်အားထုတ်ရသည့်ကိစ္စ ဖြစ်သည်။ စစ်ပွဲတစ်ပွဲ ဆင်နွှဲရခြင်းက ငွေကို မီးရှို့ခြင်းနှင့်ဘာမှ မကွာခြားပေ။
စူးချင်းနှင့် ရှောင်းကျဲယွိတို့ထံတွင်တော့ တစ်နှစ်ပင် မဆိုထားနှင့် သုံးနှစ်အထိသုံးရန် ငွေအလုံအလောက် ရှိနေသေးသည်။
တစ်ဘက်မှ ရှောင်းကျဲယွိကလည်း ရှောင်းမိသားစုစစ်တပ်ကို ဦးဆောင်ကာ မရပ်မနား အရှိန်အဟုန်ဖြင့် ချီတက်နေခဲ့သည်။ သူတို့က မြို့တော်သို့ သွားရာလမ်းတစ်လျှောက်မှ မြို့သုံးမြို့ကို ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့ပြီး သူတို့ကို စိတ်အလှုပ်ရှားဆုံးဖြစ်စေခဲ့သည့်အရာက ရန်ချန်ကို ဖြုတ်ချနိုင်ခဲ့ခြင်းသာ ဖြစ်သည်။
ဆားမစားရှိလျှင် လူတိုင်း ခွန်အားဆုံးရှုူံးနိုင်သည်။ ရန်ချန်က ၎င်း၏အမည်အတိုင်း ဆားထုတ်လုပ်ရာနေရာ ဖြစ်သည်။ ရှေးမင်းဆက်များကတည်းက ဆားကန်များက နန်းတွင်း၏ပိုင်ဆိုင်မှု ဖြစ်သည်။ ဆားတာဝန်ခံသူဖြစ်ရခြင်းကပင် အကျိုးအမြတ်များသော အလုပ်ဖြစ်သည်။ ဆားမြို့တော်ကို သိမ်းပိုက်နိုင်ခဲ့ခြင်းက မြို့တော်နှင့် နန်းတွင်း၏ ပင်မ စီးပွားရေးအသက်သွေးကြောကို ဖြတ်တောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ရန်ချန်ကို သိမ်းယူနိုင်ခြင်းက ရှောင်းမိသားစုစစ်တပ်အတွက် ဆားအလုံအလောက်ရှိစေရေးကိုလည်း အာမခံပေးနိုင်သည်။ တိုက်ပွဲတွင် စစ်သည်များ အားနည်းပြီး အင်အားမရှိသည့်အတိုင်းအတာအထိ ဖြစ်လာတော့မည်မဟုတ်ပေ။
ရှောင်းကျဲယွိထံမှ စစ်ရေးအစီရင်ခံစာကို ရရှိပြီးနောက် စူးချင်းတစ်ယောက် ကျေကျေနပ်နပ် ပြုံးနေခဲ့သည်။
ဒီနှုန်းနဲ့ဆိုရင် ခြောက်လပိုင်းမတိုင်မီ မြို့တော်ကို ဖြုတ်ချနိုင်မယ် ထင်ပါရဲ့။
အဲ့အချိန်လောက်ဆို သူမရဲ့ကလေးလေးလည်း မွေးလာလိမ့်မယ်။ ကလေးက မြို့တော်ကို သိမ်းပိုက်နိုင်တဲ့ သူ့အဖေရဲ့ အာဏာကို မျက်မြင်တွေ့ခွင့်ရနိုင်လိမ့်မယ်။
ဝမ်ယွိလင်ဘက်တွင်လည်း နေ့တိုင်းနေ့တိုင်း ရှေ့တန်းမှ တိုက်ပွဲသတင်းများနှင့် အစီခံစာများ လက်ခံရရှိပြီး အားလုံးက ရှုံးနိမ့်ပြီးရင်း ရှုံးနိမ့်နေခြင်းသာ ဖြစ်သည်။
တိုင်းပြည်၏ဘဏ္ဍာတိုက်မှလည်း ငွေအမြောက်အမြား ထုတ်ယူသုံးစွဲနေရပြီး ထပ်ထုတ်နိုင်စွမ်း ရှိတော့မည် မဟုတ်ဟုပင် ထင်နေရသည်။ ထို့ကြောင့် နန်းတော်ရှိ မောင်းမမိဿံများနှင့် မင်းသားများအားလုံးအတွက် လစဉ်ငွေ လျော့ပေးရန် အမိန့်ထုတ်လိုက်ပြီး ငွေကို ချွေတာခိုင်းလိုက်ရသည်။ သို့သော်လည်း ထိုမောင်းမမိဿံများအား တစ်ပြားတစ်ချပ်မျှ မပေးလျှင်တောင် သူတို့ထဲမှ ချွေတာနိုင်သည့်ငွေက စစ်တပ်အတွက် တစ်ရက်တာ အသုံးစရိတ်ပင် မရှိသေးပေ။
ဝမ်ယွိလင်က ပို၍ ပို၍ စိတ်တိုပြီးရင်း စိတ်တိုလာတော့သည်။ ထို့ကြောင့် မရေမတွက်နိုင်သော မိန်းမစိုးများနှင့် နန်းတွင်းအစေခံများ နေ့တိုင်း အသတ်ခံနေရပြန်သည်။ ရန်ရှင်းနန်းတော်ခန်းမ၌ ဧကရာဇ်မင်းမြတ်ထံ ခစားရမည့်အကြောင်း ကြားသိသွားသည့် နန်းတွင်းအစေခံအချို့ဆိုလျှင် သူမတို့ဘာသာ ကြိုးဆွဲချ သတ်သေသွားကြသည့် အခြေအနေသို့ပင် ရောက်ရှိနေခဲ့သည်။
ဝမ်ယွိလင်ကလည်း သည်းခံနိုင်စိတ် ကုန်ဆုံးနေပြီ ဖြစ်သည်။
သူကမှ ကောင်းကင်ဘုံက ခန့်အပ်တဲ့ နဂါးသားတော်အစစ်ပဲ။ ရှောင်းမိသားစုက ကလေးက ဘာလို့ သူ့ရဲ့ကောင်းကင်တန်ခိုးအာဏာကို အကြိမ်ကြိမ် အံတုနေရတာလဲ? သူ လုံးဝ ခွင့်မပြုနိုင်ဘူး။
သူက သူကိုယ်တိုင်စစ်တပ်ကို ဦးဆောင်ပြီး ရှောင်းကျဲယွိအား တိုက်ခိုက်ရန်အတွက် ရှန်ဟိုင်းကို ရွေးချယ်ရန် ဆုံးဖြတ်ထားခဲ့ပြီး ဤနေရာ၌ ရှောင်းမိသားစုစစ်တပ်အား အပြီးတိုင် ဖျက်ဆီးရန် ဆုံးဖြတ်ထားခဲ့သည်။
လက်ရှိတွင်လည်း သူက မှိုင်းညို့သောမျက်နှာဖြင့် အိပ်ခန်းထဲတွင် ထိုင်နေကာ မိန်းမစိုးတစ်ယောက်အား သတင်းပို့ရန် အမိန့်ပေးလိုက်သည်။
"အဲဒီလူကို ငါကိုယ်တော်ဆီ ခေါ်လာခဲ့"