ဒီလောကမှာ ငါ့အတွက် မက်မောစရာ ဘာမှ မရှိတော့ဘူး
Vol. 37 Ch. 553
ဝမ်ယွိလင်က သေသေချာချာ စုံစမ်းစစ်ဆေးခဲ့ပြီး ချန်ကျင်းဟိုင်၏အိမ်တွင် ဖမ်းဆီးရမိသူက လုပန်၏ဆက်ခံသူ ချင်ထျဲဖြစ်ကြောင်း သိသွားခဲ့သည်။ ချန်ကျင်းဟိုင်က ချင်ထျဲ၏ဆရာတူညီလေးသာ ဖြစ်ပြီး အရည်အချင်း မပြည့်မီသည့် လူပေါ့လူသွမ်းတစ်ဦး ဖြစ်သည်။ သူက ဟန်ရေးပြရန်သာသိသူ ဖြစ်ပြီး ဤကဲ့သို့သော ဆန်းပြားသည့်လက်နက်မျိုး လုပ်နိုင်စွမ်းမရှိသူ ဖြစ်သည်။
ချင်ကျင်းဟိုင်း နန်းတွင်းသို့ ဆက်သခဲ့သည့် မော်တာကလည်း ချင်တျဲ၏ လက်ရာဖြစ်ကြောင်း သူ ခန့်မှန်းနိုင်သောကြောင့် ဝမ်ယွိလင်က ချင်ထျဲကို ပို၍ စိတ်ရှည်သည်းခံနေပြီး ချင်ထျဲကို အသက်ရှင်ခွင့်ပေးထားခဲ့သည်။
မိန်းမစိုးများက ချင်ထျဲကို နန်းတော်ထဲသို့ ခေါ်ဆောင်လာကြသည်။ ခန်းမဆောင်ထဲသို့ ဝင်လာသွားပြီးနောက်တွင် ချင်ထျဲက ခန်းမဆောင်ကြီးတွင် ရပ်ကာ သူ့ကို ကြည့်နေသော ဧကရာဇ်မင်းမြတ်အား မြင်နေရသည့်တိုင် ဒူးထောက်ရန် ငြင်းဆန်နေသေးသည်။
မိန်းမစိုးတစ်ယောက်က သူ့ခြေထောက်ကို ကန်ကျောက်ပြီး ဧကရာဇ်မင်းမြတ်ကို ဒူးထောက်ခိုင်းရန် သူ့နားသို့ တိုးလာခဲ့သည်။ ဝမ်ယွိလင်က ထိုမိန်းမစိုးကို တားဆီးရန် လက်မြှောက်ပြလိုက်သည်။
"လူကြီးမင်းအပေါ် မကြမ်းတမ်းနဲ့၊ ထိုင်ခုံယူပေးလိုက်"
ဧကရာဇ်က သူ့အတွက် ထိုင်ခုံနေရာပေးသည့်အတွက်လည်း ချင်ထျဲက ကျေးဇူးတင်စကား မပြောခဲ့ပေ။ မိန်းမစိုးက ထိုင်ခုံ ယူလာချိန်တွင်လည်း သူက အရိုအသေမဲ့စွာ ခပ်ပေါ့ပေါ့ ဝင်ထိုင်လိုက်သည်။ ဝမ်ယွိလင်ကတော့ သူ့နှလုံးသားထဲမှ ဒေါသများကို အတင်းဖိနှိပ်နေရပြီး ပျော့ပျောင်းသည့် အမူအရာဖြင့် စကား စပြောလိုက်သည်။
"လူကြီးမင်း စဉ်းစားပြီးပြီလား? ကျန်းကို ကူညီပေးမှာလား?"
"ငါ့သမီးကို အရင် တွေ့ချင်တယ်"
ချင်ထျဲက တောင်းဆိုချက်တစ်ခုကိုသာ ပြုလုပ်ခဲ့သည်။
သူ့သမီးကို တွေ့နိုင်မယ်ဆိုရင် သူ သေရရင်တောင် ဘာမှ စောဒကတက်မှာ မဟုတ်ဘူး။ သူ့သမီးကို မတွေ့ရရင်တော့ သူ့ရှေ့ကလူက ဧကရာဇ်ဖြစ်နေလည်း မော်တာလုပ်ဖို့ ကူညီပေးမှာမဟုတ်ဘူး။
ယခု အချိန်တစ်လကျော်လာပြီ ဖြစ်သောကြောင့် ဝမ်ယွိလင်ကလည်း ထိုစကားကို သည်းခံနိုင်စိတ် မရှိတော့ပေ။ သူ ချန်ထျဲကို ခေါ်တွေ့တိုင်း ချင်ထျဲက တူညီသည့်စကားကိုသာ ပြန်ပြောနေခဲ့သည်။ ပြသနာ၏အဓိက အခက်အခဲက သူ ချင်ထျဲ၏သမီးလေး ဘယ်လိုပုံစံမှန်း မသိခြင်း ဖြစ်သည်။ အကယ်၍ သူ သိခဲ့လျှင် အစားထိုးရန် အတုတစ်ယောက် ရှာဖွေနိုင်မည် ဖြစ်သည်။
“ကျန်းဆီမှာ မင်းရဲ့သမီး မရှိဘူး။ ချန်ကျင်းဟိုင်က မင်းကို လိမ်ခဲ့တာ၊ ဒါပေမယ့် မင်း စည်းစိမ်ချမ်းသာအပြည့်နဲ့ မင်း မိသားစုရဲ့ ဂုဏ်သိက္ခာကို ရနိုင်ဖို့ ကျန်း အာမခံပေးနိုင်တယ်"
"မရှိဘူးလား?"
ချင်ထျဲ၏ မျက်လုံးများထဲတွင် ဝမ်းနည်းမှုနှင့် စိတ်ပျက်မှုများ ပြည့်နှက်လာသည်။
သူက သူ့ရဲ့ဆရာတူညီလေးကို ယုံကြည်ပြီး သခင်လေးနဲ့ သခင်မလေးကို သစ္စာဖောက်ခဲ့တယ်။ သူ အဲ့အတွက် တကယ်ကို နောင်တရနေမိတယ်။ သခင်လေးကို နောက်တစ်ခါ ပြန်တွေ့ဖို့ လုံးဝ သတ္တိမရှိတော့ဘူး။ အမှန်တကယ်တော့ သခင်ကို သစ္စာဖောက်တဲ့သူတွေက အသက်ရှင်ဖို့ မထိုက်တန်တော့ဘူး။
ချင်ထျဲက သူ့ခေါင်းကို မော့လိုက်ပြီး ဝမ်ယွိလင်ကို ခပ်မာမာ ပြန်ပြောလိုက်သည်။
"ငါ့ကို သတ်လိုက်၊ ငါ မင်းကို မကူညီနိုင်ဘူး"
"ကျန်း မင်းကို မသတ်ရဲဘူးလို့ မင်း ထင်နေလား?"
ဝမ်ယွိလင်က ဒေါသထွက်သွားနေပြန်သည်။
သူက ချင်ထျဲကို ဖော်ဖော်ရွေရွေနဲ့ ချော့ပေးနေပေမယ့် ဒီချင်ထျဲက သူ့ရဲ့ကြင်နာမှုကို တန်ဖိုးထားရကောင်းမှန်း မသိဘူး။ အခု သူ သတ်ချင်စိတ်တွေ ပြည့်နှက်လာပြီ။
"ငါ့ကို လာသတ်လိုက်၊ ဒီလောကြီးမှာ ငါ့အတွက် မက်မောစရာ ဘာမှ မရှိဘူး”
ချင်ထျဲက ခေါင်းမော့ကာ ကျယ်ကျယ်လောင်လောင် ရယ်မောနေရင်း သူ့မျက်လုံးများမှ မျက်ရည်များ စီးကျလာပြန်သည်။
“ငါက သခင်လေးကို သစ္စာဖောက်ပြီး လူဆိုးတွေကို ကူညီပေးခဲ့တယ်။ ငါက ဒီလောကကြီးမှာ နေဖို့ မထိုက်တန်တော့တဲ့လူပဲ"
"မင်းက သေချင်နေတာလား? သေဖို့ ဒီလောက်လွယ်မယ်ထင်နေတယ်ပေါ့လေ။ ကောင်းပြီ ကျန်း မင်းကို သေတာထက်ပိုဆိုးအောင် လုပ်ပေးမယ်"
ဝမ်ယွိလင်က နီမြန်းနေသောမျက်နှာဖြင့် မတ်တပ်ထရပ်လိုက်သည်။ ချင်ထျဲက သူ့ကို လုံးဝ ဒေါသထွက်သွားစေပြီ ဖြစ်သည်။
သာမန်လူတစ်ယောက်ကတောင် သူ့ကို မျက်လုံးထဲ မထည့်ဘူး။ ဒီနိမ့်ကျတဲ့ကောင်က သေဖို့ ထိုက်တန်တယ်။ သေဖို့ ထိုက်တန်တယ်။
"မင်းရဲ့နည်းလမ်းတွေ အားလုံးကို ငါ သိတယ်။ မင်းက လူမဆန်အောင် ရက်စက်မှန်းလည်း ငါသိတယ်။ ငါ လုံးဝ ဂရုမစိုက်ဘူး"
ချင်ထျဲက ရယ်မောလိုက်သည်။
သူက ဒါကို ကောင်းကင်က ပေးတဲ့အပြစ်ဒဏ်အဖြစ် သဘောထားပြီး အေးအေးဆေးဆေး လက်ခံနိုင်တယ်။ သူ့အရေပြားကို ခွာထုတ်ပြီး အရွတ်တွေကို ဆွဲထုတ်ရုံပဲ မဟုတ်လား? သူက ဘယ်လိုညှဉ်းပန်းနှိပ်စက်မှုမျိုးကိုမဆို လက်ခံနိုင်တယ်။
"ကျန်း မင်းရဲ့သမီးကို ရှာပေးနိုင်ရင် မင်း ဘယ်လိုလုပ်မှာလဲ?"
ဖိအားပေးခြင်းက အလုပ်မဖြစ်တော့သည်ကို မြင်လိုက်ရချိန်တွင် ဝမ်ယွိလင်က အသက်ကို ပြင်းပြင်းရှူကာ သူ့ဘာသာ စိတ်ပြန်ထိန်းလိုက်သည်။ သူက ချင်ထျဲ သူ့အတွက် မော်တာလုပ်ပေးမည်ကို အရူးအမူး မျှော်လင့်နေသည်။ ထိုသို့မဟုတ်ဘဲ ရှောင်းမိသားစုစစ်တပ်က စတင်တိုက်ခိုက်လာလျှင် အရာအားလုံး နောက်ကျသွားနိုင်ကြောင်း သူ နားလည်နေသည်။
ချင်ထျဲက သူ့သမီးကို ရှာချင်နေသောကြောင့် သူက သူမကို ကူရှာပေးရန် ဆုံးဖြတ်လိုက်သည်။
ယခုလအတွင်းတွင်လည်း ဝမ်ယွိလင်က ချင်ထျဲ၏သမီးကို ရှာရန် သူလျှိုများအားလုံးကို ဖြန့်ကျက်ထားပြီး ချင်ထျဲ သူ့အတွက် အလုပ်လုပ်ပေးရန် အစွမ်းကုန် ကြိုးစားနေခဲ့သည်။
"သူ(မ)က သေသွားပြီ"
ချင်ထျဲက မချိပြုံးဖြင့် ပြန်ဖြေလိုက်သည်။
သူက သူ့သမီး သေသွားပြီဆိုတာ သိပြီးသားပါ။ ဒါပေမယ့် ချန်ကျင်းဟိုင်က သူ့သမီးလေးရဲ့ ကျောက်စိမ်းဆွဲပြားကို ယူလာပြီး ချင်းယွိအာ မသေသေးဘဲ ဧကရာဇ်က သူမကို ကယ်တင်ပေးထားတယ်လို့ သူ့ကို လိမ်ညာခဲ့တယ်။ သူမက အဖေဖြစ်သူကို လွမ်းဆွတ်နေတာကြောင့် သူ့ကို ရှာဖို့ ချန်ကျင်းဟိုင်ကို တောင်းဆိုခဲ့တယ်လို့လည်း ချန်ကျင်းဟိုင်က ပြောခဲ့သေးတယ်။
အစပိုင်းတုန်းကတော့ သူလည်း ဒါကို မယုံခဲ့ဘူး။ ဒါပေမယ့် ချန်ကျင်းဟိုင်က သူ့စကားတွေအပေါ် အလွန်အမင်း အာမခံခဲ့တယ်။ ချန်ကျင်းဟိုင် ပြောခဲ့တဲ့ ဇာတ်လမ်းက အချိန်တွေရော နေရာတွေရော အကုန်မှန်တယ်။ သခင်လေးက သူ့သမီးကို ဖမ်းထားပြီး သူ အလုပ်ပေးဖို့ အကွက်ဆင်ခဲ့တယ်တဲ့။ သရဲငါးကောင်ကတောင် သခင်လေးရှောင်းကျဲယွိအတွက် ကူညီနေပြီး သူ့သမီးကို ကူဖမ်းပေးခဲ့တာလို့ ချန်ကျင်းဟိုင်က ပြောခဲ့တယ်။
ကံကောင်းတာက ဧကရာဇ်က အဲ့အကြောင်းကို ကြိုသိပြီး သူ့သမီးလေးကို ကယ်တင်ပေးခဲ့တယ်။ သူ့ သူ့ရဲ့ရန်သူအတွက် အသက်အန္တရာယ်ကိုတောင် ဂရုမစိုက်ပဲ ရူးရူးသွပ်သွပ် စွန့်စားနေတယ်လို့ ချန်ကျင်းဟိုင်က သူ့ကို စွပ်စွဲခဲ့တယ်။
လူ့သဘာဝကိုက ဒီလိုပဲလေ။ အစပိုင်းမှာ သူ ချန်ကျင်းဟိုင်ကို မယုံခဲ့ပေမယ့် တစ်ဖက်က ပြောလာတဲ့ အကြောင်းအရာတွေက အရမ်းကို ခိုင်မာပြီး ဖြစ်နိုင်ချေတွေ ရှဗိလာတာကြောင့် သူ သံသယဖြစ်လာမိတယ်။
သူ သံသယဝင်လာတာကို မြင်လိုက်တာနဲ့ ချန်ကျင်းဟိုင်က ပိုပြီး အခိုင်အမမာ တိုက်တွန်းခဲ့တယ်။
"မင်းရဲ့သမီး ယွိအာက မင်းကို မြို့တော်မှာ စောင့်မျှော်နေတယ်။ မင်းကတော့ မင်းရဲ့သမီးကို ထိခိုက်စေတဲ့ သူရဲ့ လက်အောက်မှာ နေနိုင်တယ်ပေါ့။ ဧကရာဇ်က ယွိအာအပေါ် ဒေါသတွေ ပုံချမှာကို မင်း မကြောက်ဘူးလား”
အဲ့စကားကြောင့် သူ မော့ချန်ကနေ ထွက်ခွာဖို့ စိတ်ဆုံးဖြတ်လိုက်တယ်။ သခင်လေးရှောင်းကျဲယွိက သူ့သမီးကို ထိခိုက်နစ်နာစေတဲ့လူအဖြစ် နားလည်မှုလွဲခဲ့ပြီး ဧကရာဇ်အတွက် လက်ဆောင်အဖြစ် မော်တာတစ်လက်တောင် ယူဆောင်လာခဲ့သေးတယ်။
မြို့တော်ကို ရောက်လာပြီးမှ သူ လှည့်စားခံရတာကို သူ သိလိုက်ရတယ်။ ချန်ကျင်းဟိုင်က သူ့ကို ဧကရာဇ်နဲတောင် တွေ့ခွင့်မပေးခဲ့ဘူး။ သူ့ကို စောင့်ဖို့ပဲ ပြောခဲ့တယ်။ ဧကရာဇ်နဲ့ တွေ့ဆုံခွင် ရဖို့က မလွယ်ဘူးတဲ့။
ဒီစောင့်ဆိုင်းမှုက လဝက်လောက်ကြာခဲ့တယ်။ ချန်ကျင်းဟိုင် ကွယ်လွန်သွားပြီးမှ စစ်သည်တွေက သူ့ကို ဧကရာဇ်ဆီ ခေါ်ဆောင်လာခဲ့တယ်။ သူ ပထမဆုံး ပြောခဲ့တာက သူ့သမီးနဲ့တွေ့ခွင့်ပေးဖို့ပဲ။
နောက်ဆုံးမှာ သူ သိလိုက်ရတာက ဝမ်ယွိလင်က သူ့သမီးအကြောင်း ဘာမှ မသိခဲ့ဘူး။ သူ့ဆရာတူညီလေးက သူ့ကို လှည့်စားခဲ့တာကို သူ အပြည့်အဝ နားလည်လာရတယ်။ သူက ချန်ကျင်းဟိုင် ရာထူးတိုးဖို့ အသုံးချခံခဲ့ရတဲ့ စစ်တုရင်အပိုင်းအစတစ်ခုပဲ။
"သေသွားပြီလား?"
ဝမ်ယွိလင်၏ အမူအရာက ချက်ချင်းပြောင်းလဲသွားသည်။
သူ ချင်ထျဲရဲ့သမီးကို ရှာဖို့ လူတွေ လွှတ်ထားပြီး အချိန်ဒီလောက်ကြာနေတာတောင် ရှာမတွေ့တာ အံ့သြစရာ မရှိဘူး။ သူမက သေနေပြီလေ။
လူသေကို ဘယ်နားကနေ သွားရှာရမှာလဲ?
"မင်းက ကျန်းကို မကူညီဖို့ စိတ်ပိုင်းဖြတ်ထားတာလား?"
ဝမ်ယွိလင်က ချင်ထျဲကို စိုက်ကြည့်နေပြီး သူ့မျက်လုံးများထဲက လူသတ်ချင်စိတ်ကြောင့် ပြန်တောက်ပလာသည်။
"ဟုတ်တယ် ငါ့ကို သတ်လိုက်တော့!"
ချင်ထျဲက ဝမ်ယွိလင်၏ လူသတ်ချင်စိတ် ပြည့်နေသော မျက်လုံးများကို တည်တည်ငြိမ်ငြိမ် ပြန်ရင်ဆိုင်နေခဲ့သည်။ ယန်ရှင်းနန်းတော်ခန်းမရှိ မိန်းမစိုးများနှင့် နန်းတွင်းအစေခံများက ဝမ်ယွိလင်၏အမူအရာပြောင်းလဲသွားသည်ကို သတိပြုမိလိုက်ပြီး ကြောက်ရွံ့တုန်လှုပ်သွားကြသော်လည်း ချင်ထျဲကတော့ စိတ်သက်သာရာရသွားပုံပေါ်သည်။
သူ့လို သစ္စာဖောက်က ဘာလို့ အသက်ရှင်နေရမှာလဲ?
သူဆိုတဲ့ ချင်ထျဲက သခင်လေးနဲ့ သခင်မလေးရဲ့ယုံကြည်မှုနဲ့ မထိုက်တန်ခဲ့ဘူး။ နောင်ဘဝဆိုတာ ရှိခဲ့ရင် သူ သခင်လေးတို့ကို အကြွေးဆပ်ဖို့ နွားတစ်ကောင်လို မြင်းတစ်ကောင်လို ပြန်အလုပ်လုပ်ပေးမယ်။
“သူ့ကို အကျဥ်းထောင်ဆီ ပြန်ခေါ်သွားလိုက်၊ နောက်တစ်ခေါက် ကျန်းနဲ့ ထပ်မတွေ့ခင် စိတ်အေးလက်အေး နေခွင့်ပေးလိုက်”
ဝမ်ယွိလင်က ချင်ထျဲကို သတ်ရန် အမိန့်မပေးဘဲ သူ့ကို နှိပ်စက်ရန်သာ သွယ်ဝိုက်အမိန့်ပေးလိုက်သည်။ နူးညံ့သိမ်မွေ့စွာ ဖြားယောင်းသွေးဆောင်ခြင်းက အလုပ်မဖြစ်သောကြောင့် ပြစ်ဒဏ်၏အရသာကို ပေးစွမ်းရန် သူ ဆုံးဖြတ်လိုက်သည်။ ထိုနောက်တွင် ချင်ထျဲက သူ့ကို တောင်းပန်ကာ သူအလိုရှိသမျှ လုပ်ဆောင်ပေးမည်ဟု ဝမ်ယွိလင် တွက်ဆနေခဲ့သည်။
ရဲမက်များက ချင်ထျဲကို ခေါ်ဆောင်သွားကြပြီး ချင်ထျဲ၏မျက်လုံးများတွင် ကြောက်ရွံ့ထိတ်လန့်သည့် အမူအရာမျိုး လုံးဝမရှိပေ။ သူက ညှဉ်းပန်းနှိပ်စက်ခြင်းခံရန် သွားနေပုံမရဘဲ ညစာစားပွဲတက်ရန် သွားနေသည့် ခြေလှမ်းမျိုးဖြင့် လိုက်ပါသွားခဲ့သည်။
ဝမ်ယွိလင်က ရန်ရှင်းနန်းတော်ခန်းမထဲတွင် အုံ့မှိုင်းသောမျက်နှာဖြင့် ထိုင်နေပြီး ချင်ထျဲ အညံ့ခံလိုက်ပြီဟု တင်ပြလာမည့် တရားစီရင်ရေးဌာနထံမှ သတင်းကို စောင့်မျှော်နေခဲ့သည်။
ခန်းမကြီးက လုံးဝ တိတ်ဆိတ်နေပြီး မိန်းမစိုးများနှင့် နန်းတွင်းအစေခံများကလည်း ဝမ်ယွင်လင် ဒေါသထွက်လာပါက သူတို့ အသက်ဆုံးရှုံးမည်ကို စိုးရိမ်သဖြင့် ငြိမ်သက်စွာ ရပ်နေကြပြီး အသက်ရှုပင် အောင့်ထားကြသည်။
သူတို့က ဤရက်စက်ကြမ်းကြုတ်သော အာဏာရှင်ဧကရာဇ်ကို လေးစားသည်ထက် ကြောက်ရွံ့ခြင်းက ပိုအလေးသာနေခဲ့သည်။ သူတို့က ရှောင်းကျဲယွိ မြို့တော်သို့ မြန်မြန် လာတိုက်ခိုက်ရန်ပင် မျှော်လင့်နေခဲ့ကြသည်။ ထိုမှသာ သူတို့ လွတ်မြောက်နိုင်ပေလိမ့်မည်။
“အရှင်မင်းမြတ်ကို အစီရင်ခံပါတယ်၊ အရေးပေါ် သတင်းတစ်ခု ရောက်ရှိလာကြောင်းပါ”
တံခါးအပြင်ဘက်မှ သတင်းပို့သံတစ်ခု ထွက်ပေါ်လာပြီး ဝမ်ယွိလင်၏ ညာဘက်မျက်ခွံက အပြင်းအထန် လှုပ်ယမ်းသွားပြန်သည်။
ဤကာလအတွင်း 'အရေးပေါ်သတင်း' ဟူသော စကားလုံးကို ကြားလိုက်ရုံဖြင့် သူ ခေါင်းကိုက်လာတတ်သည်။ အချိန်တိုင်း အချိန်တိုင်း မြို့များ သိမ်းပိုက်ခံနေရသည့်သတင်းနှင့် စစ်ကူတောင်းသည့်သတင်းများသာ ဖြစ်နေတတ်သည်။ အတိုချုပ်ပြောရလျှင် ကောင်းသည့်သတင်းဟူ၍ မရှိတော့ပေ။
ဝမ်ယွိလင်က အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ရင်ဘတ်မှ အနည်းငယ် အောင့်လာသလို ခံစားလိုက်ရသည်။ သူက နာကျင်မှုကို သည်းခံပြီး သတင်းလာပို့သူကို ခန်းမထဲသို့ ခေါ်ဆောင်လာရန် မိန်းမစိုးတစ်ယောက်အား အမိန့်ပေးလိုက်သည်။
"အထဲကို ခေါ်ခဲ့"
အထိန်းတော်ချုပ်ကြီးက ဖုန်လူးနေသည့် သတင်းပို့ဆက်သားကို ရန်ရှင်းနန်းတော်ခန်းမထဲသို့ ခေါ်ဆောင်လာခဲ့သည်။ ထိုလူက ခန်းမဆောင်ထဲသို့ ဝင်လာခဲ့ပြီး ဒူးထောက်ကာ သုံးကြိမ်တိုင်တိုင် အရိုအသေပေးလိုက်သည်။
“ဧကရာဇ်မင်းမြတ် သက်တော်ရာကျော်ရှည်ပါစေ၊ ဧကရာဇ်မင်းမြတ် သက်တော်ရာကျော်ရှည်ပါစေ၊ ဧကရာဇ်မင်းမြတ် သက်တော်ရာကျော်ရှည်ပါစေ”
“မြန်မြန်ပြော”
ဝမ်ယွိလင်က ထိုအသံကို နားထောင်ရန် စိတ်မရှည်ပဲ မြန်မြန်ပြောရန် အမိန့်ပေးလိုက်သည်။
"ရှောင်းမိသားစုစစ်တပ်က ရန်ချန်ကို သိမ်းပိုက်လိုက်ပါပြီ"
သတင်းပို့ဆက်သားက ဧကရာဇ်မင်းထံ ပေးအပ်ရမည့် စစ်ရေးအစီရင်ခံစာကို မိန်းမစိုးကြီးထံ လှမ်းပေးလိုက်သည်။ ထိုစကားကို ကြားလိုက်ချိန်တွင် ဝမ်ယွိလင်က သူ့နှလုံးသားထဲမှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး သူ စကားပြောချင်သော်လည်း မပြောနိုင်တော့ပေ။ သူက သူ့ရင်ဘတ်ကို လက်ဖြင့် ပြန်ဖိလိုက်ရင်း ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။ ထိုအခိုက်အတန့်တွက် ရန်ရှင်းနန်းတော်တစ်ခုလုံး ကမောက်ကမ ဖြစ်သွားရသည်။