← Chapters

စူးချင်း၏တီထွင်မှုအသစ် (အပိုင်း၂)

Vol. 37 Ch. 555

စူးချင်း၏တီထွင်မှုအသစ် (အပိုင်း၂)

Vol. 37 Ch. 555

ကျုံးယုံက စားပွဲဆီသို့ ပြေးလာခဲ့ပြီး ခေါက်ဆွဲခြောက်တစ်ပိုင်းကို အလောတကြီး ကောက်ယူလိုက်သည်။ ထို့နောက် သူက ဝမ်းသာအားရဖြင့် ပါးစပ်အကျယ်ကြီးဖွင့်ကာ ချီးကျူးနေသေးသည်။

“ဆရာ မသိတာ ဘာမှ မရှိဘူး”

ကျန်းကျင့်လင်းကတော့ အနည်းငယ် ထိန်းထိန်းသိမ်းသိမ်း ဖြစ်နေသေးသည်။ သူက ပုံမှန်အတိုင်း လျှောက်လာပြီးမှ ခေါက်ဆွဲခြောက်တစ်ပိုင်းကို ကောက်ယူကာ သူ့ပါးစပ်ထဲသို့ ထည့်လိုက်ပြီး ညင်ညင်သာသာ ဝါးစားနေခဲ့သည်။ သို့သော်လည်း သူ့မျက်လုံးများ ချက်ချင်း လင်းလက်လာသည်။

ဒါက အရမ်းအရသာရှိတယ်။ သူ စားဖူးသမျှ မုန့်ခြောက်တွေထက် ကြွပ်ရွပြီး ပိုအရသာရှိတယ်။

“သခင်လေး ဒီခေါက်ဆွဲကို ပြုတ်ပြီးမှ စားလို့လဲ ရတယ်လို့ သခင်မလေးက မှာလိုက်ပါတယ်။ ပြုတ်တဲ့အချိန်မှာ ဒီအခြောက်တွေကို ထည့်ရမှာပါ”

ရိက္ခာပို့ဆောင်‌ရေး တာဝန်ခံစစ်သည်က ဟင်းခတ်ပစ္စည်းများအား အခြောက်လှန်းထားပုံရသည့် အထုတ်တစ်ထုပ်ကို ထုတ်ယူရင်း ထပ်ပြောပြလာခဲ့သည်။ ထိုအထဲတွင် ကြက်သွန်မြိတ်ခြောက်နှင့် မုန်လာဥနီခြောက်သေးသေးလေးများ ပါဝင်ပြီး ဘာမှန်းမသိနိုင်သည့် အမှုန့်အချို့လည်း ပါဝင်သည်။

“အကိုကြီး၊ အခု ပြုတ်ကြည့်ကြရအောင်”

ကျုံးယုံကတော့ ခဏပင်မစောင့်နိုင်ဘဲ ရှောင်းကျဲယွိအား အဖော်ညှိလိုက်သည်။ သူ့ပါးစပ်ထဲတွင် ခေါက်ဆွဲခြောက်များ ပြည့်ကျပ်နေသောကြောင့် သူ စကားပြောနေရင်း သူ့ပါးစပ်ကို လက်ဖြင့် အုပ်ထားရသေးသည်။

ဒီလောက်အရသာရှိတဲ့ အစားအစာတွေကို အလဟဿမဖြစ်မနိုင်ဘူးလေ။

“အေး.... ပြုတ်ကြတာပေါ့၊ အခု စမ်းစားကြည့်ကြမယ်"

ရှောင်းကျဲယွိက အပြုံးဖြင့် သဘောတူလိုက်သည်။ ထိုကဲ့သို့ အရသာရှိသော အစာခြောက်များအား ရေဖြင့် ချက်ပြုတ်လိုက်လျှင် မည်သို့ ဖြစ်လာမည်ကို သူလည်း သိချင်နေမိသည်။ အထူးသဖြင့် စူးချင်း ပြင်ဆင်ထားသော ဟင်းခတ်ပစ္စည်းအခြောက်များကြောင့် ပိုအရသာရှိနိုင်မည်ဟု သူ တွက်ချက်နေခဲ့သည်။

ဘာမှ ဝင်မပြောသည့် ကျန်းကျင့်လင်း၏မျက်လုံးများထဲတွင် မျှော်လင့်ချက်အရိပ်အယောင်များ ပြည့်နှက်နေသည်။

သူ့မရီးက အရမ်း ထူးခြားပြီး ထက်မြက်လွန်းတယ်။ သူမက သူမရဲ့ သိုင်းပညာနဲ့ လောကကြီးအတွက် ငြိမ်းချမ်းမှုတွေ ယူဆောင်ပေးနိုင်သလို ကျွမ်းကျင်စားဖိုမှူးတစ်ဦးလည်း ဖြစ်နေသေးတယ်။ သူမက ရောဂါတွေကို ကုသပေးနိုင်သလို လူလည်း သတ်နိုင်တယ်။ အဲ့ဒါအပြင် လက်နက်ကြီးတွေကိုတောင် ဖန်တီးနိုင်သေးတယ်။ သူမက အရက်ကောင်းကောင်း ချက်နိုင်သလို ရှားပါးပြီး ဝယ်လိုအားများတဲ့ မျက်နှာချေမှုန့်ကိုလည်း ပြုလုပ်နိုင်တယ်။ နှစ်ထပ်ပန်း ထိုးနိုင်ပြီး အရသာရှိတဲ့ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးနိုင်တယ်။ မရီးအကြောင်းပြောတိုင်း လွမ်ဟုန်ရဲ့မျက်လုံးလေးတွေက သဘောကျမှုတွေနဲ့ ပြည့်နှက်နေတတ်တယ်။

တကယ်တော့ လွမ်ဟုန် မပြောဘဲ ရှောင်းမိသားစုစစ်တပ်မှ စစ်သူကြီး၊ စစ်ကဲ‌တွေနဲ့ စစ်သည်တွေအားလုံး မရီးကို ကိုးကွယ်ကြတယ်။ သူတို့အမြင်မှာ နတ်ဘုရားတွေတောင် သူ့မရီးလောက် အစွမ်းအစ မရှိဘူး။

ရှောင်းကျဲယွိက သူ့အတွက် ခေါက်ဆွဲချက်ပြုတ်ပေးရန် အခြားသူကို မခိုင်းတော့ဘဲ သူကိုယ်တိုင် ခေါက်ဆွဲပြုတ်ရန် မီးဖိုချောင်သို့ ဝင်သွားခဲ့သည်။ သို့သော်လည်း ရိက္ခာလာပို့သည့် တာဝန်ခံအရာရှိလေးက ပန်းကန်လုံးကြီးတစ်ခုကို ယူကာ ထိုပန်ကန်လုံးထဲသို့ ဟင်းခတ်ပစ္စည်းအခြောက်များ ထည့်လိုက်ပြီး ရေနွေးပူပူလောင်းထည့်ကာ အဖုံး ပြန်အုပ်လိုက်သည်ကို သူ တွေ့လိုက်ရသည်။

"မင်း ဘာတွေလုပ်နေတာလဲ?"

ရှောင်းကျဲယွိက စူးချင်း သူ့အတွက် ပေးပို့လိုက်သည့် အစားအစာများအား ဤလူ ဖျက်ဆီးနေသည်နှင့် တွေးကာ မကျေမနပ်ဖြင့် လှမ်းမေးလိုက်သည်။

“ဒါက သခင်မလေး သင်ပေးလိုက်တဲ့ နည်းလမ်းပါ။ စစ်ချီနေတဲ့အချိန်မှာ ခေါက်ဆွဲပြုတ်ဖို့ အချိန်မရှိဘူးလေ၊ ဒါက ရေနွေးထဲမှာ ခဏစိမ်ထားရုံနဲ့ စားလို့ရပြီ”

ရိက္ခာလာပို့သည့် တာဝန်ခံအရာရှိလေးက ဂုဏ်ယူဝင့်ကြွားစွာ ရှင်းပြလိုက်သည်။

သူ လမ်းမှာ ဒါကို အကြိမ်ပေါင်းများစွာ စားခဲ့ဖူးပြီးပြီ။ ရေနဲ့စိမ်လိုက်တဲ့ ခေါက်ဆွဲက သူ အိမ်မှာ စားရတဲ့ခေါက်ဆွဲထက်တောင် ပိုအရသာရှိနေသေးတယ်။

"ရေနွေးစိမ်ရုံနဲ့ စားလို့ရလား?"

ရှောင်းကျဲယွိ၏ မျက်လုံးများတွင် မယုံနိုင်ဖြစ်နေသည့်အရိပ်အယောင်များ ပြည့်နှက်လာပြန်သည်။

သူ့ဇနီးက အရမ်းဥာဏ်ကောင်းမှန်း သူ သိပါတယ်၊ ဒါပေမယ့် ဒါက အရမ်းကို များလွန်းသွားပြီမဟုတ်ဘူးလား?

“ဟုတ်ပါတယ်၊ ဒီခေါက်ဆွဲတွေအားလုံးက ချက်ပြီးသားပါ။ ရေနွေးနဲ့ စိမ်ပြီးရင် စားလို့ ရပါပြီ"

ရိက္ခာလာပို့သည့် တာဝန်ခံအရာရှိလေးက ရှောင်းကျဲယွိအား ရှင်းပြနေပြီး သူတို့သခင်လေးကို သူ ပြန်သင်ပေးနိုင်သည့်အတွက် ဂုဏ်ယူနေလေသည်။

"ကောင်းပြီ၊ ငါ အခု စမ်းစားကြည့်မယ်"

ရှောင်းကျဲယွိက အနည်းငယ် စိတ်လောနေသည်။

ဒီရေနွေးစိမ်ထားတဲ့ ခေါက်ဆွဲကို စားနိုင်မလားဆိုတာ သူ သိချင်သိချင်နေမိပြီ။

သူက အဖုံးကို ဖွင့်လိုက်သော်လည်း ရိက္ခာလာပို့သည့် တာဝန်ခံအရာရှိလေးက သူ့ကို တားလိုက်ပြန်သည်။

"ခဏစောင့်ပါဦး၊ မစားခင် ၂၀၀ အထိ အရင် ရေတွက်ရမယ်"

"ရေတွက်ဖို့လိုသေးတာလား?"

ရှောင်းကျဲယွိလည်း အနည်းငယ် အံ့သြသွားရပြန်သည်။

ဒါက ဘယ်လို စားသောက်နည်းမျိုးလဲ? ၂၀၀ အထိ မရေတွက်ရင် မစားရတော့ဘူးလား?

"ဟုတ်ပါတယ်၊ ဒါက သခင်မ​​လေးရဲ့ ညွှန်​ကြားချက်ပါ"

ရိက္ခာလာပို့သည့် တာဝန်ခံအရာရှိလေးက သခင်မလေး၏ အမိန့်ကို လုံးဝ နာခံနေပြီး သခင်လေးကိုပင် ချိုးဖောက်ခွင့် မပေးခဲ့ပေ။

ထို့အတွက် ရှောင်းကျဲယွိလည်း စိတ်ရှည်ရှည် စောင့်ရုံမှတပါး ရွေးချယ်စရာ မရှိတော့ပေ။ သူလည်း သူ့ဘာသာ ရေနွေးကြိုလိုက်ပြီး ရေဆူလာသည်နှင့် ခေါက်ဆွဲခြောက်ကို အိုးထဲသို့ ထည့်လိုက်သည်။ ရေနွေးပူပူထဲမှ ခေါက်ဆွဲများ ကွဲသွားတာကို သူ မြင်လိုက်ရသောကြောင့် အခြောက်လှန်းထားသည့် ဟင်းခတ်ပစ္စည်းလက်တစ်ဆုပ်စာကို ယူကာ အိုးထဲသို့ ထပ်ထည့်လိုက်သည်။ ထိုအချိန်တွင် မှော်ဆန်သည့် မြင်ကွင်းတစ်ခု ဖြစ်လာခဲ့သည်။

အခြောက်လှန်းထားသော ဟင်းခတ်ပစ္စည်းများက သူ ကျိုနေကျ လက်ဖက်ခြောက်ရွက်များကဲ့သို့ ပြန့်ကားလာပြီး ကြက်သွန်မြိတ်နှင့် အနီရောင်မုန်လာဥနီများက ဟင်းရည်ကို ပိုပြီး ဆွဲဆောင်မှုရှိလာစေသည်။

"အသင်လေး၊ အခု စားလို့ ရပြီ"

ရိက္ခာလာပို့သည့် တာဝန်ခံအရာရှိလေးကလည်း နှစ်ရာအထိ ရေတွက်နေပြီး ပန်းကန်လုံးပေါ်မှ အဖုံးကို ဖွင့်လိုက်သည်။ ထို့နောက် သူက ရတနာတစ်ခုကို လက်ဆောင်ပေးနေသလို ရှောင်းကျဲယွိအား လှမ်းပေးလိုက်သည်။ သူ့မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး သခင်လေးက ဤခေါက်ဆွဲအား စားပြီး ကြိုက် မကြိုက်ကို သူ သိချင်နေပုံရသည်။

ထိုအထဲတွင် စိမ်ထားခေါက်ဆွဲကလည်း ပြန့်ကားနေပြီဖြစ်ကြောင်း ရှောင်းကျဲယွိ မြင်လိုက်ရပြီး ဟင်းရည်ပေါ်တွင် ကြက်သွန်နီနှင့် မုန်လာဥနီ အပိုင်းအစလေးများ ပေါလောပေါ်နေကာ သူ့နှာခေါင်းထဲသို့ စွဲမက်ဖွယ်ကောင်းသည့် ရနံ့တစ်ခု တိုးဝင်လာသည်။ ရှောင်းကျဲယွိက တံတွေးတစ်လုပ် မျိုချလိုက်ပြီး ပန်းကန်လုံးကို ယူကာ မတ်တပ်ရပ်ရင်း စစားကြည့်လိုက်သည်။

ကျုံးယုံ၏ ကြီးမားသော ဦးခေါင်းက ရှေ့တိုးလာပြီး ရှောင်းကျဲယွိ မြည်းစမ်းပြီးမည့်အချိန်ကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေလေသည်။

ဒီအနံ့က အရမ်းမွှေးတယ်။ ခုန သူ ဗိုက်ဆာနေတယ်လို့ မခံစားရပေမယ့် အခု အနံ့ရလိုက်တော့ သူ့ဗိုက်တောင်မှ တဆတ်ဆတ်တုန်လာပြီ။

ရှောင်းကျဲယွိက ဟင်းရည်ကို ဂရုတစိုက် မြည်းစမ်းနေခဲ့ပြီး အရသာ စွဲမြဲနေစေရန် နှုတ်ခမ်းကို နှစ်ကြိမ်တိတိ လျှာဖြင့်သပ်လိုက်သေးသည်။ ထို့နောက် သူက မလုံလောက်သေးသလို ခံစားနေရပုံဖြင့် နောက်ထပ် ဟင်းချိုတစ်ငုံ ထပ်သောက်လိုက်သည်။ သူ ထိုကဲ့သို့ ဂရုတစိုက် အရသာခံနေပုံက ကျုံးယုံကို အလွန်အမင်း စိတ်လှုပ်ရှားစေပြန်သည်။

“အစ်ကိုကြီး၊ ငါ မြည်းကြည့်ချင်နေပြီ။ ဟား ဟား၊ ကြည့်ပါဦးကွ၊ ငါ သရည်တွေတောင် ကျနေပြီ"

“အင်း ရပြီ မင်း စားတော့”

ရှောင်းကျဲယွိက ကျုံးယုံကို လှမ်းမပေး​ခင် ​နောက်​တစ်​လုပ် ​ စားလိုက်သေး​သည်​။

ကျုံးယုံက စိတ်မရှည်စွာဖြင့် တူများကို ကိုင်ကာ အလောတကြီး စားနေသောကြောင့် ရှောင်းကျဲယွိတစ်ယောက် မျက်မှောင်ကြုတ်သွားရသည်။

ဘယ်လောက်တောင် အလေအလွင့် များလိုက်သလဲကွာ!

ကျန်းကျင့်လင်း သူ့လက်ကို နှစ်ကြိမ်ခန့် ဆန့်လိုက်သည်။ သို့သော်လည်း အဆုံးတွင် ကျုံးယုံက သူ့အပြုအမှုကို မရိပ်မိသည့်အတွက် သူ ဘာမှ မပြောနိုင်ဘဲ ရှက်ကိုးရှက်ကန်း လက်ပြန်ချလိုက်ရသည်။ ကျုံးယုံက ခေါက်ဆွဲတစ်ပန်းကန်လုံးကို ကုန်အောင် သောက်လိုက်ပြီးမှ ကျေကျေနပ်နက် လေတက်ကာ သူ့ကို လှမ်းကြည့်လိုက်မိသည်။

ကျန်းကျင့်လင်းက တံတွေး မျိုချနေပြီး သူ့မျက်လုံးများထဲတွင် နောင်တတရားများ ပြည့်နှက်နေသည်။ သို့သော်လည်း သူက သူ့မျှော်လင့်ချက်ကို အိုးထဲမှ ခေါက်ဆွဲများအပေါ် ချက်ချင်း ပြောင်းလဲလိုက်သည်။

အဲဒါက ပိုပြီးတော့ အရသာရှိမယ့်ပုံပဲ။

"သခင်လေး၊ ဒီထဲကို ကြက်ဥ ခွဲထည့်လိုက်ရင် ပိုကောင်းလာလိမ့်မယ်"

ရိက္ခာလာပို့သည့် တာဝန်ခံအရာရှိလေးက သူ့၏အရည်အချင်းကို ထပ်ပြသရန် ရှောင်းကျဲယွိ၏ခေါက်ဆွဲထဲသို့ ကြက်ဥတစ်လုံးကို ဖောက်ထည့်ပေးလိုက်သည်။ အဖြူရောင်ကြက်ဥအနှစ်က ရေပူထဲတွင် လှပသော ကြက်ဥအကာအဖြစ်သို့ အလျင်အမြန် ခဲသွားပြီး သူတို့ကို ပို၍ပင် သရည်ယိုလာစေသည်။

"ဒါကိုလည်း ၂၀၀ အထိ ရေတွက်ရမှာလား?"

ရှောင်းကျဲယွိက ရိက္ခာလာပို့သည့် တာဝန်ခံအရာရှိလေးကို ပြန်မေးလိုက်သည်။ ပုံမှန်ခေါက်ဆွဲကို စားရန် ပွက်ပွက်ဆူနေသည့် ရေကိုသာ လိုအပ်သော်လည်း ယခုတွင် သူလည်း မသေချာတော့ပေ။

"ခေါက်ဆွဲ အရောင်ပြောင်းသွားရင် စားလို့ ရပါပြီ"

ရိက္ခာလာပို့သည့် တာဝန်ခံအရာရှိလေးက ခေါက်ဆွဲခြောက်များကို တူဖြင့် မကြည့်လိုက်သည်။ ခေါက်ဆွဲများက အဝါဖျော့ဖျော့အရောင်လေးဖြစ်လာပြီး ပိုတောက်ပြောင် ကြည်လင်သောအရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုအရာက စားရန်အဆင်သင့်ဖြစ်နေကြောင်း ဖော်ပြနေသည်။

"ဒါဆို ငါတို့ ဘာလို့ စောင့်နေမှာလဲ? စားကြရအောင်"

ရှောင်းကျဲယွိက နောက်သို့လှည့်ပြီး ကျန်းကျင့်လင်းနှင့် ကျုံးယုံကို လက်ဝှေ့ယမ်းပြလိုက်သည်။ ယခုတကြိမ်တွင်တော့ သူက သူတစ်ယောက်တည်း မစားတော့ဘဲ လူတိုင်းအား သူ့ချင်းအာ၏ ကောင်းမွန်သော ချက်ပြုတ်စွမ်းရည်ကို ကြားဝါချင်နေခဲ့သည်။

မီးဖိုဖြင့် ပြုတ်ထားသော ခေါက်ဆွဲများက ပိုဝါးရ လွယ်ကူပြီး ဟင်းရည်ကလည်း ကြက်ဥကြောင့် ပိုအရသာရှိလာသည်။

မီးဖိုချောင်တွင် ‘တရွတ်ရွတ်’ အသံများ ပြည့်နေပြီး သုံးယောက်သား ခေါက်ဆွဲတစ်အိုးကို အလျင်အမြန် အပြတ်ဖြတ်လိုက်ကြသည်။

“ဒါက အရမ်းအရသာရှိတာပဲကွာ။ ဆရာက ဘာလို့ ဒီလောက်တောင် ဟင်းချက်ကောင်းနေရတာလဲ?”

ကျုံးယုံက သူ့ပါးစပ်ကို သုတ်နေရင်း ချီးကျူးနေကာ သူ့မျက်လုံးများတွင် လေးစားသဘောကျရိပ်များ ပြည့်လျှံနေသည်။

သူ အိမ်ကနေ ထွက်လာရတဲ့အချိန်မှာ အလွမ်းဆုံးအရာက ဆရာရဲ့ ဟင်းပွဲတွေပဲ။

"မှန်တယ်။ သခင်မလေးရဲ့ ချက်ပြုတ်လက်ရာက အံ့မခန်းပဲ”

ကျန်းကျင့်လင်းက အပြည့်အဝ ချီးမွမ်းခန်းဖွင့်နေခဲ့သည်။

လွမ်ဟုန် သခင်မလေးဆီကနေ ချက်ပြုတ်နည်းတွေ သင်ထားရင်တော့ သူ ပိုကံကောင်းလာလိမ့်မယ်။

"ရှင်မက ဒီခေါက်ဆွဲခြောက်လုပ်နည်း ပေးလိုက်သေးလား?"

ရှောင်းကျဲယွိက စစ်တပ်တစ်ခုလုံးအား အသင့်စားခေါက်ဆွဲများ ဖြန့်ဝေပေးချင်နေသည်။ သို့သော်လည်း စူးချင်းက အိတ်တစ်လုံးစာသာ ပို့ပေးလိုက်သောကြောင့် အားလုံးအတွက် မလုံလောက်ပေ။ သူက ဤတစ်အိပ်စာကို လူတိုင်းနှင့် မျှဝေစားသောက်ရန် ဝန်လေးနေပြီး သူ့ဘာသာ ထပ်လုပ်ရန် တွေးလိုက်သည်။

“သခင်မလေးက မပေးလိုက်ဘူး။ ဒါနဲ့ ပိုက်ဆံရှာဖို့ လိုသေးတယ်တဲ့”

ရိက္ခာလာပို့သည့် တာဝန်ခံအရာရှိလေးက ခေါင်းခါလိုက်သည်။

သခင်မလေး ဘယ်လိုလုပ်ပြီး ဒီအဖိုးတန်တဲ့အရာကို အလကားပေးပါ့မလဲ?

ရှောင်းကျဲယွိက ရယ်မောကာ ခေါင်းယမ်းလိုက်သည်။

ချင်းအာကတော့ သူ့ကိုတောင် လျှို့ဝှက်ထားပြီး စီးပွားရှာချင်နေသေးတယ်။

ဒါပေမယ့် ဒီခေါက်ဆွဲက တကယ်ပဲ ဝင်ငွေ အများကြီး ရနိုင်လိမ့်မယ်။ သယ်ဆောင်ရလွယ်ပြီး ချက်ပြုတ်ဖို့ အရမ်းအဆင်ပြေတဲ့အပြင် အရသာလည်း ရှိတယ်။ ချင်းအာက ဒါကို ခေါက်ဆွဲခြောက်လို့ နာမည်ပေးထားတာ အံ့သြစရာ မဟုတ်ဘူးပဲ။

ခေါက်ဆွဲစားပြီးချိန်တွင် ရှောင်းကျဲယွိက သူ့ဇနီး လုပ်ပေးထားသည့် သခွားသီးချဥ်များ မစားရသေးကြောင်း သတိရသွားပြန်သည်။ ထိုအချိန်တွင် ကျုံးယုံကလည်း ရှောင်းကျဲယွိအား မကျေမနပ် စောဒကတက်လာပြန်သည်။

“အကိုကြီး၊ မင်းက မဟုတ်သေးပါဘူးကွာ။ မင်း ဘာလို့ ဆရာလုပ်ပေးလိုက်တဲ့ သခွားသီးတွေကို သိမ်းထားတာလဲ? အကုန်လုံးကို မင်းအတွက်လို့ သတ်မှတ်လိုက်တာလား?”

နောက်ဆုံးတွင် ရှောင်းကျဲယွိတစ်ယောက် သခွားသီးတစ်ပန်းကန်စာ ထုတ်ပေးရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။ လူတိုင်းက သခွားသီးကို မြည်းစမ်းရန် ဝိုင်းဖွဲ့ကြသည်။ သခွားသီးချဥ်လေးများကလည်း အလွန်အရသာရှိနေပြီး ခေါက်ဆွဲနှင့်တွဲစားရန် လိုက်ဖက်နေပြန်သည်။

Tcef;

All Chapters