တော်ဝင်နက္ခတ်ဆရာကြီး
Vol. 37 Ch. 550
သူ့တစ်ကိုယ်လုံးတွင် အမုန်းတရားများ ပြည့်နှက်နေသည့်တိုင် ဝမ်ယွိလင်က အေးဆေးတည်ငြိမ်နေနိုင်ဆဲ ဖြစ်သည်။ သူက ရှောင်းကျဲယွိကို အချိန်မဆိုင်းဘဲ ဖယ်ရှားနိုင်မည်ဟု ယုံကြည်နေခဲ့သည်။
သို့သော်လည်း ဝမ်ယွိလင်က ရှောင်းကျဲယွိ၏ခွန်အားကိုတော့ အသိအမှတ်ပြုလိုက်ပြီ ဖြစ်သည်။ ထို့ကြောင့် သူက သူကိုယ်တိုင် စစ်မထွက်ခင် အားလုံးဟန်ချက်ညီအောင် အရင်ပြင်ဆင်ရန် ဆုံးဖြတ်လိုက်သည်။ ထိုသို့မဟုတ်လျှင် သူ့ကိုယ်သူ သေတွင်းထဲသို့ ပို့လိုက်သလိုသာ ဖြစ်သွားပေလိမ့်မည်။
ရှောင်းကျဲယွိက အလွန်အစွမ်းထက်နေသောကြောင့် ဝမ်ယွိလင်လည်း အလွန်စိတ်မသက်မသာ ဖြစ်နေရသည်။ သူ့ကိုယ်သူ အမြဲဂုဏ်ယူနေခဲ့တဲ့သူက ယခုတကြိမ်တွင် ယုံကြည်မှုကင်းမဲ့နေပြီ ဖြစ်သည်။
ထို့ကြောင့် သူက သူ့အသက်ကို စွန့်ပစ်ရန် ချက်ချင်းပြေးမသွားရဲတော့ပေ။ ပထမဦးစွာ သူက ရှောင်းကျဲယွိအား တိုက်ခိုက်ရန် စွမ်းအားမြင့်လက်နက်တစ်ခု ယူဆောင်သွားရန် ဆုံးဖြတ်ခဲ့ပြီး ထိုလက်နက်ကို ပံ့ပိုးပေးနိုင်သူက ချန်ကျင်းဟိုင်ဖြစ်သည်။
ဝမ်ယွိလင်က ချန်ကျင်းဟိုင်ကို ဆင့်ခေါ်ခဲ့သည့်အပြင် တော်ဝင်နတ္ခတ်ဆရာကြီးအား ပင့်ဆောင်လာရန်လည်း အမိန့်ပေးလိုက်သည်။
ဝမ်မိသားစုက ရှောင်းဟမ်ကို သတ်ပြီးနောက်တွင် သူ့၏သားမြေးများ ကလဲ့စားချေလာမည်ကို စိုးရိမ်သည့်အတွက် ရှောင်းဟမ်နှင့် သူ့ဇနီးအား ပျက်သုဉ်းမြေတွင် မြှုပ်နှံထားခဲ့ကြသည်။ ထို့အတွက်ကြောင့် ရှောင်းမျိုးဆက်တစ်ခုလုံး ပျက်သုဉ်းသွားမည် ဖြစ်သည်။ အမွေဆက်ခံသူ မရှိတော့လျှင် သူတို့အား လက်စားချေနိုင်မည့်သူလည်း ရှိတော့မည် မဟုတ်ပေ။
ထိုကိစ္စကို တာဝန်ယူဆောင်ရွက်ခဲ့သူက လက်ရှိ တော်ဝင်နက္ခတ်ဆရာကြီး စွန်းကျိ ဖြစ်သည်။ သူက ကောင်းကင်ဘုံနှင့် မြေအောက်နန်းတော်ကိုပင် ကြည့်ရှုနိုင်ပြီး ရှောင်းဟမ်နှင့် သူ၏ဇနီးအား သင်္ဂြိုဟ်ရန် မြုံနေသည့် ပျက်သုန်းမြေကို ကိုယ်တိုင်ရွေးချယ်ရှာဖွေပေးခဲ့သည်။
ထိုညက ကောင်းကင်လက္ခဏာများ ပြောင်းလဲသွားခဲ့ပြီး စွန်းကျိက ရှောင်းမိသားစုတွင် သားစဥ်မြေးဆက် ကျန်တော့မည်မဟုတ်ကြောင်း လေးလေးနက်နက် အာမခံခဲ့သည်။ ချန်ကျင့်ရှန်းက မောင်နှမနှစ်ဦးနှင့်အတူ ချောက်ကမ်းပါးမှ ပြုတ်ကျပြီးနောက် သူတို့ ရှာဖွေမှုရပ်တန့်လိုက်ခြင်းမှာ စွန်းကျိ၏စကားများကို ယုံကြည်သောကြောင့် ဖြစ်သည်။
ယခုအချိန်တွင်တော့ ဝမ်ယွိလင်က စွန်းကျိကိုပင် မုန်းတီးနေပြီ ဖြစ်သည်။
သူ့ကြောင့်သာ မဟုတ်ရင် သူတို့က ဘာလို့ လိုက်ဖမ်းတာကို ရပ်တန့်လိုက်မှာတုန်း? တကယ်လို့ သူသာ အဲ့တုန်းက ရှောင်းကျဲယွိကို သတ်ခဲ့မယ်ဆိုရင် အခုဖြစ်နေတာတွေ တစ်ခုမှ ဖြစ်လာတော့မှာ မဟုတ်ဘူး။
သူ့သား၏သေဆုံးမှုက ဝမ်ယွိလင်အတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။ အထူးသဖြင့် လူ့အရေပြားဖြင့် လုပ်ထားသော မီးပုံးကို မြင်လိုက်ရချိန်တွင် သားဖြစ်သူ မသေဆုံးမီက ခံစားခဲ့ရမည့် ဝေဒနာများကို တွေးတောရင်း သူ့နှလုံးသားလည်း နာကျင်လာရသည်။
နောက်ပိုင်းတွင် သူ့သားကြီး၏ ဦးခေါင်းကို မစင်နှင့် ဆီးများထဲ၌ စိမ်ထားသည်ဟု မြေးဖြစ်သူ ပြောနေသည့်အသံကို ဝမ်ယွိလင် ကြားခဲ့ရသည်။ သူက ရှောင်းကျဲယွိအား အလွန်မုန်းတီးသောကြောင့် သားဖြစ်သူအတွက် လက်စားချေရန် ရှောင်းမျိုးရိုးရှိသည့် လူတိုင်းကိုပင် သတ်ပစ်ချင်နေတော့သည်။
တော်ဝင်သက်တော်စောင့်များက စွန်းကျိကို စောင့်ကြပ်ခေါ်ဆောင်လာကြသည်။ စွန်းကျိကလည်း မနေ့ညက ကောင်းကင်ကို စောင့်ကြည့်ခဲ့ပြီး ပုလဲအတွက် တိုက်ပွဲဝင်နေသည့် နဂါးနှစ်ကောင်ကို သူ တွေ့ခဲ့သည်။ လက်ရှိဧကရာဇ်ကြယ်က မှိန်ဖျော့နေပြီး နောက်မှတက်လာသော နဂါးထံမှ ကိုက်စားခံရတော့မယောင် ဖြစ်နေခဲ့သည်။ အစပိုင်းတွင် သူက နံနက်စောစော၌ ဧကရာဇ်မင်းအား အကြောင်းကြားရန် ရည်ရွယ်ထားခဲ့သည်။ သို့သော်လည်း သူက သူ ဘာကြောင့်မှန်းမသိ ထိတ်လန့်တုန်လှုပ်နေသောကြောင့် သူ့ကိုယ်သူ ဟောဟိန်းထုတ်ကြည့်လိုက်သည်။
၎င်းက သေစေလောက်မည့်နိမိတ် ဖြစ်နေသည်ကို မြင်ပြီးနောက် သူ ဧကရာဇ်ထံသို့ မလာရဲပေ။ သူက ပစ္စည်းများကို ထုပ်ပိုးသိမ်းဆည်းပြီး ထွက်ပြေးရန် ချက်ချင်း ပြင်ဆင်လိုက်သည်။ သို့တိုင်အောင် သူ နန်းတော်တံခါးမှ မထွက်ရသေးမီ မိန်းမစိုးနှင့် သက်တော်စောင့်များက သူ့ကို ဖမ်းဆီးလိုက်ကြသည်။ သူ သူ့ကံကြမ္မာကို မရှောင်လွှဲနိုင်တော့မှန်း နားလည်လိုက်ပြီး လမ်းတလျှောက်လုံး မျက်နှာသေဖြင့် လိုက်ပါလာခဲ့သည်။
ဧကရာဇ်မင်းက ဤနှစ်များအတွင်း မကောင်းမှုများစွာ ကျူးလွန်ခဲ့ပြီး သူက အားပေးကူညီသူ ဖြစ်ခဲ့သည်။ ယခုအချိန်တွင် သူ ကောင်းကင်၏အပြစ်ပေးမှုကို ရှောင်လွှဲ၍မရနိုင်တော့ကြောင်း သူ နားလည်နေပြီ ဖြစ်သည်။
စွန်းကျိအား နန်းတော်ထဲသို့ အတင်းအကျပ် ခေါ်ဆောင်လာသည်ကို မြင်လိုက်ရချိန်တွင် ဝမ်ယွိလင်က မှုန်ကုပ်ကုပ်အမူအရာဖြင့် သူ့ကို လှမ်းကြည့်နေသည်။
ထိုအကြည့်များက စွန်းကျိကို ပိုပြီး စိတ်မသက်မသာဖြစ်စောကာ သူ့ကိုယ်သူ ကယ်တင်နိုင်ရန် တစ်ခုခု ပြောချင်နေခဲ့သည်။ သို့သော်လည်း သူက ဝမ်ယွိလင်၏ ဒေါသကိုလည်း ကောင်းကောင်းသိထားသေးသည်။ ဝမ်ယွိလင်၏ မျက်လုံးများထဲမှ လူသတ်ချင်စိတ်ကို မြင်လိုက်သည်နှင့် သူ အသက်မရှင်နိုင်တော့ကြောင်း သူ သဘောပေါက်သွားခဲ့သည်။ စွန်းကျိ ထိတ်လန့်နေစဥ်မှာပင် ဝမ်ယွိလင်က စကားစပြောလာပြီး သူ့အသံက ကြိတ်ဆုံကျောက်ကဲ့သို့ လေးလံနေကာ စွန်းကျိ၏တစ်ကိုယ်လုံးအား ဖိထားသလို ဖြစ်နေလေသည်။
“ရှောင်းဟမ်ကို ပျက်သုန်းမြေမှာ မြှုပ်နှံလိုက်တာနဲ့ သူရဲ့သားစဉ်မြေးဆက်တွေ ရှင်သန်နိုင်တော့မှာ မဟုတ်ဘူးလို့ မင်းပြောခဲ့တာ မဟုတ်ဘူးလား?”
ဧကရာဇ်က ပျက်သုဉ်းမြေအကြောင်း မေးလိုက်သည်နှင့် စွန်းကျိက မနေ့ညက သူ မြင်ခဲ့သော ကောင်းကင်နမိတ်ကို ပြန်သတိရသွားခဲ့သည်။ သူ မျှော်လင့်ထားသလို ဖြစ်လာပြီး ကောင်းကင်ဘုံ၏အလိုတော်ကို ပြင်ရမရနိုင်ကြောင်းလည်း သူ နားလည်သွားခဲ့သည်။
ရှောင်းဟမ်ရဲ့သားက ဧကရာဇ်ဖြစ်ဖို့ ဧကရာဇ်ကံကြမ္မာနဲ့အတူ ကောင်းကင်က စေလွှတ်လိုက်သူလေ။ သေမျိုးတွေက အဲ့ကံကြမ္မာကို ဘယ်လိုပြောင်းလဲပြီး သူ့ကို ဘယ်လို သတ်နိုင်မှာလဲ?
သူ အခုထိ အသက်ရှင်နေတယ်ဆိုမှတော့ အဲ့မြေကွက်က သူ့အလိုလို နဂါးသွေးကြောဖြစ်သွားတာတောင် ဖြစ်နိုင်သေးတယ်။
ထိုအကြောင်းကို တွေးလိုက်မိချိန်တွင် စွန်းကျိ၏မျက်နှာက ပြာနှမ်းလာပြီး မနေ့ညက သူ တွေ့ခဲ့ရသည့် ကောင်းကင်နက္ခတ်ဖြစ်စဉ်များအကြောင်း မပြောရဲတော့ပေ။ သူက ပြန်မလျောက်တင်ခင် ခဏလောက် စေ့စေ့စပ်စပ် စဥ်းစားပြီးမှ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် လျှောက်တင်လိုက်သည်။
“ဧကရာဇ်ကို လျောက်တင်ပါတယ်၊ ဒီလက်အောက်ငယ်သားက ရှောင်းဟမ်ကို ပျက်သုန်းမြေမှာ သင်္ဂြိုဟ်ခဲ့တာပါ။ သူ့ဝိဉာဉ်က ဒုက္ခပေးမှာကို ကြောက်လို့တောင် ခေါင်းတလားကို ဖိနှိပ်ဖို့ ကမ္ပည်းပြားအဆောင်တွေ အသုံးပြုခဲ့ပါသေးတယ်”
“ရဲမက်တို့... လာစမ်း၊ ဒီလူလိမ်ကို ဆွဲထုတ်သွားပြီး အပိုင်းပိုင်း ဖြတ်လိုက်”
ဝမ်ယွိလင်က အမုန်းတရားအပြည့်ဖြင့် အမိန့်ပေးနေပြီး သူ့ဒေါသများအားလုံးကို စွန်းကျိ အပေါ်ပုံချကာ သူ့ကို အပိုင်းပိုင်း ခုတ်ဖြတ်ရန် အမိန့်ပေးလိုက်သည်။
ဝမ်ယွိလင်က သူ့ကို အပိုင်းပိုင်း ဖြတ်ခိုင်းသည်ကို ကြားလိုက်ရချိန်တွင် စွန်းကျိက ဝမ်းနည်းဒေါသဖြင့် ရယ်မောလိုက်သည်။
သူက လောဘကြောင့် မျက်စိကွယ်ခဲ့ပြီး ကိုယ့်ဘာသာ ကောင်းကောင်းမွန်မွန် မကျင့်ကြံဘဲ ထီးနန်းနဲ့ အာဏာလုပွဲတွေမှာ ပါဝင်ခဲ့တယ်၊ အဲ့အတွက် သူ သူ့ကိုယ်သူပဲ အပြစ်တင်ရတော့မှာပေါ့လေ။ အခုတော့ အလောင်းတောင် မပြည့်စုံဘဲ သေဆုံးသွားရတော့မယ်။
အဆုံးစွန်းကို တွန်းပို့ခံလိုက်ရသည့် သေခါနီးလူများက ဘာကိုမှ မကြောက်ကြတော့ပေ။ စွန်းကျိက ဝမ်ယွိလင်ကို ကြည့်ရင်း စိတ်မကောင်းဖြစ်နေဟန်ဖြင့် ရေရွတ်လိုက်သည်။
“ကောင်းကင်ရဲ့အလိုကို ဘယ်သူမှ ဖီဆန်လို့ မရဘူး။ ငါ အခု လက်စားချေခံနေရပြီ။ မင်းလည်း အတူတူပဲ၊ မင်းအတွက် တူညီတဲ့အကျိုးရလဒ်တွေ မကြာခင် ရောက်လာတော့မယ်”
စွန်းကျိ၏စကားကို ကြားလိုက်ရချိန်တွင် ဝမ်ယွ်လင်က ပို၍ ပို၍ ဒေါသထွက်လာခဲ့သည်။
ကံကြမ္မာကို အံတုလို့ မရဘူးဆိုတာ ဘာစကားလဲ? သူက ကောင်းကင်ဘုံရဲ့သားတော် ဖြစ်ပြီး ဧကရာဇ်ဖြစ်ဖို့ မွေးဖွားလာတာ။ သူက ကောင်းကင်ဘုံရဲ့အလိုတော် အပါအဝင် အရာအားလုံးကို ထိန်းချုပ်နိုင်တယ်။
နောက်ဆုံးတွင် ဝမ်ယွိလင်က စွန်းကျိကို ဆွဲထုတ်သွားပြီး သူ့ကို မသတ်ခင် ညှဉ်းပန်းနှိပ်စက်ရန် မိန်းမစိုးများအား အမိန့်ပေးလိုက်သည်။
“သူ့မှာ အမြင်မရှိမှတော့ ဒီမျက်လုံးတစ်စုံကို ထိန်းသိမ်းထားလည်း အပိုပဲ။ သူရဲ့လျှာကလည်း ချန်ထားဖို့ သင့်တော်တဲ့အရာ မဟုတ်ဘူး"
ဆွဲထုတ်ခံသွားရသည့် စွန်းကျိကတော့ စကားတစ်ခွန်းမှ မပြောတော့ဘဲ သူ ရင်ဆိုင်ရမည့် ညှဉ်းပန်းမှုကို စောင့်မျှော်ရင်း မျက်လုံးများကို မှိတ်ချထားလိုက်သည်။
ဒါက သူရင်ဆိုင်ရမယ့် ပြစ်ဒဏ်... ကောင်းကင်တာအိုရဲ့ပြစ်ဒဏ်ပါပဲလေ။
ရန်ရှင်းနန်းတော်ခန်းမ၏အပြင်ဘက်မှ ထွက်ပေါ်နေသည့် အော်သံများကို ကြားနေရခြင်းက ဝမ်ယွိလင် စိတ်ပျက်ပြီးရင်း ပိုစိတ်ပျက်စေသည်။ စွန်းကျိ၏ စကားများက သူ့နားထဲတွင် ရစ်ဝဲနေပြီး သူ့ကို ခြောက်လန့်နေပြီ ဖြစ်သည်။
အတိတ်တုန်းက စွန်းကျိရဲ့ဟောကိန်းတွေက ဘာမှ မလွဲခဲ့ဘူး။ သူ့ခမည်းတော် ထီးနန်းတက်တာနဲ့ သူ ထီးနန်းတက်တာတွေ အားလုံးလည်း အတိအကျ မှန်ကန်ခဲ့တယ်။ အချိန်တောင်မှ အတိအကျ ဖြစ်ခဲ့သေးတယ်။
"ရဲမက်တို့... စွန်းကျိ ပြန်ခေါ်လာခဲ့"
ဝမ်ယွိလင်က ရုတ်တရက် ထရပ်လိုက်ပြီး စွန်းကျိ ပြန်ခေါ်လာရန် ရဲမက်များအား အော်ဟစ်အမိန့်ပေးလိုက်သည်။ သူက ရှောင်းကျဲယွိအား ဖယ်ရှားနိုင်မည့် နည်းလမ်းအတွက် စွန်းကျိကို ထပ်မေးရန် တွေးနေခဲ့သည်။
စွန်းကျိကို ပြန်ခေါ်လာကြသော်လည်း သူ့မျက်လုံးများ အဖောက်ခံရပြီးဖြစ်ကာ သူ့လျှာကလည်း အဖြတ်ခံလိုက်ရသည်။ သူ ဒုက္ခိတ ဖြစ်သွားပြီ ဝမ်ယွိလင်ကို မည်သည့်အကြံမှ မပေးနိုင်တော့ပေ။
"မင်း... စာရေးနိုင်သေးလား?"
ဝမ်ယွိလင်က သူ့လုပ်ရပ်အတွက် အလွန်နောင်တရနေပြီး စွန်းကျိ စာရေးနိုင်ရန်သာ မျှော်လင့်နိုင်တော့သည်။
စွန်းကျိက နာကျင်မှုကို အပြင်းအထန် ခံစားနေရပြီး သူ့တစ်ကိုယ်လုံး တုန်ယင်နေသည်။ သူ့မျက်လုံးများမှ သွေးများ စီးကျနေပြီး သူ့ပါးစပ်ထောင့်မှလည်း သွေးများ လျှံကျနေသည်။ သူက သူ့ကို ထိုသို့ဖြစ်စေသည့် ဝမ်ယူလင်အတွက် နောက်ထပ် အကြံဥာဏ်မပေးချင်တော့ပေ။
စွန်းကျိက သူ့အတွက် အကြံဉာဏ် မရေးပေးချင်တော့သည်ကို နားလည်လိုက်သောကြောင့် ဝမ်ယွိလင်က သူ့လက်ကို ထပ်ဝှေ့ယမ်းလိုက်ပြီး စွန်းကျိကို ပြန်ဆွဲခေါ်သွားခိုင်းလိုက်သည်။
သူ့အတွက် အသုံးမဝင်တော့တဲ့လူတွေကို သတ်ပစ်လိုက်တာ အကောင်းဆုံးပဲ။
ချန်ကျင်းဟိုင်အား နန်းတော်ခန်းမသို့ ခေါ်ဆောင်လာချိန်တွင် သက်တော်စောင့်များက စွန်းကျိအား ရန်ရှင်းနန်းတော်ခန်းမထဲမှ ဆွဲထုတ်နေခဲ့သည်။ ဖောက်ထုတ်ခံထားရပြီး ဗလာကျင်းနေသော မျက်လုံးအိမ်များက ချန်ကျင်းဟိုင်အား အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။ သူက ကြမ်းခင်းကျောက်ပြားများကို ငုံကြည့်လိုက်ပြီး လျှာနှင့် မျက်လုံးတစ်စုံကို မြင်လိုက်ရချိန်တွင်တော့ ချန်ကျင်းဟိုင်တစ်ယောက် အလွန်ကြောက်လန့်ကာ သူ့နှလုံးက အပြင်သို့ ခုန်ထွက်သွားပြီး သူ့ဘေးသို့ ရောက်သွားမည်ကိုပင် ကြောက်လန့်နေတော့သည်။
"ချန်လူကြီးမင်း၊ ကျေးဇူးပြုပြီး အထဲကို ဝင်ခဲ့ပါ"
ကံကောင်းထောက်မစွာဖြင့် သက်တော်စောင့်များက သူ့အပေါ် ယဉ်ကျေးနေဆဲ ဖြစ်သောကြောင့် ချန်ကျင်းဟိုင်လည်း ပိုသက်တောင့်သက်သာ ဖြစ်လာခဲ့သည်။ သူက ရန်ရှင်းနန်းတော်ခန်းမထဲသို့ ဝင်သွားပြီး ကမန်းကတန်း ဒူးထောက်ကာ ဝမ်ယွိလင်ကို အရိုအသေ ပေးလိုက်သည်။ ထို့နောက် လုံးဝ မလှုပ်ရဲတော့ဘဲ ဝမ်ယွိလင် ပြောလာမည့်စကားကိုသာ စောင့်ဆိုင်းနေခဲ့သည်။
"မော်တာဆယ်လုံး လုပ်ဖို့အတွက် မင်းကို အချိန်ဆယ်ရက်ပေးမယ်"
ချန်ကျင်းဟိုင်က ဝမ်ယွိလင်က သူ့ကို မည့်သည့်အတွက် ဆင့်ခေါ်နေကြောင်း တွေးနေချိန်မှာပင် ဝမ်ယွိလင်က ခက်ခဲသည့် အလုပ်တစ်ခု လုပ်ရန် ရုတ်တရက် အမိန့်ပေးလိုက်သည်။
"တစ်ဆယ်?"
အရေအတွက်ကို ကြားသည်နှင့်တပြိုင်နက် ချန်ကျင်းဟိုင်လည်း အလွန်အမင်း အံ့အားသင့်သွားရသည်။
တစ်ခု လုပ်ဖို့တောင် ဒီလောက်ခက်ခဲနေတာ၊ ဆယ်ခုတဲ့လား?
"ခက်လို့လား?"
ဝမ်ယွိလင်က ချန်ကျင်းဟိုင်အား ရက်စက်ကြမ်းကြုတ်မှုအပြည့်ဖြင့် စူးစူးရဲရဲ စိုက်ကြည့်နေသည်။ သူ့အသံက အေးစက်လွန်းသောကြောင့် ချန်ကျင်းဟိုင်အတွက် သူ့ကျောရိုးများ အေးစိမ်လာကာ ချမ်းတုန်နေသလို ခံစားနေရသည်။
“အရှင်မင်းမြတ်ကို လျောက်တင်ပါတယ်၊ မော်တာပြုလုပ်ဖို့ အသေးစိတ်လုပ်ငန်းစဥ်နဲ့ သန့်စင်တဲ့ သံရိုင်းတွေ အများကြီး လိုအပ်ပါတယ်။ လောလောဆယ် မြို့တော်မှာ ဒီလောက်ကောင်းတဲ့ သံကို မရှာနိုင်သေးပါဘူး”
ချန်ကျင်းဟိုင်က သူ့နဖူးပေါ်မှ ချွေးအေးများကို သုတ်လိုက်ပြီး သတိကြီးကြီးဖြင့် ပြန်ဖြေလိုက်သည်။ သူက သံကိုသာ အပစ်ပုံချလိုက်ပြီး သံမရှိသောကြောင့် မလုပ်နိုင်ကြောင်း လျောက်တင်လိုက်သည်။
ဟုတ်တယ်လေ၊ ကုန်ကြမ်း ပစ္စည်းမရှိရင် ဘယ်သူက ဘာလုပ်နိုင်မှာလဲ?
“မြို့တော်တစ်ခုလုံး အမိန့်ဖြန့်လိုက်၊ သံထည်တွေရှိတဲ့ အိမ်တိုင်း သံထည်တွေ အားလုံးကို လွှဲပြောင်းပေးရမယ်၊ မြို့တော်က ပြည်သူတွေလည်း သံသန့်စင်ဖို့ သံထည်တွေ ထုတ်ပေးရမယ်လို့ အမိန့်ထုတ်လိုက်”
ဝမ်ယွိလင်က အကြာကြီး မစောင့်နိုင်တော့ပေ။ သူ အချိန်ဆက်ဆွဲနေလျှင် ရှောင်းကျဲယွိအား ဖယ်ရှားရန် ပိုခက်သွားနိုင်ကြောင်း သူ သိထားပြီး ဖြစ်သည်။
သံရိုင်းတွင်းက ရှောင်းကျဲယွိ၏လက်ထဲတွင် ရှိနေသော်လည်း ထိုကိစ္စက ဝမ်ယွိလင်အတွက် ပြဿနာကြီး မဟုတ်ပေ။ သူက ပြည်သူများ၏ အိမ်များမှ သံထည်ပစ္စည်းများကို လုယက်ရန်ပြင် တွေးတောနေခဲ့သည်။
ဧကရာဇ်၏ စကားကို ကြားလိုက်ရချိန်တွင် ချင်ကျင်းဟိုင်း၏ နှုတ်ခမ်းများ လှုပ်ယမ်းသွားပြီး သူ့မျက်နှာပေါ်၌ တွန့်ဆုတ်သည့်အမူအရာများ ရှိနေသေးသည်။ သူကြ ချက်ချင်း သဘောမတူရဲသေးဘဲ သူ့အတွက် အချိန်ပိုတောင်းရန် ကြိုးစားလိုက်သည်။
"လူသတ်လက်နက်ကြီးတွေ ဖန်တီးဖို့ ကျွန်တော်မျိုး အစွမ်းကုန် ကြိုးစားပါ့မယ်၊ ဒါပေမယ့်... အနည်းဆုံး တစ်လလောက်တော့ ကြာနိုင်ပါတယ်"
တစ်လကြာအောင် စောင့်ရမည်ဟု ကြားလိုက်ရချိန်တွင် ဝမ်ယွိလင်က ချန်ကျင်းဟိုင်ကို စိုက်ကြည့်နေပြန်သည်။ ကံကောင်းထောက်မစွာဖြင့် သူက ယခုန အဖြစ်အပျက်မှ သင်ယူခဲ့ပြီး ချန်ကျင်းဟိုင်အား သတ်ပစ်ရန် စိတ်မြန်လက်မြန် အမိန့်မပေးတော့ပေ။
“ကောင်းပြီလေ”
ဘာပဲဖြစ်ဖြစ် တစ်လပဲ စောင့်ရမှာပါလေ!
ချန်ကျင်းဟိုင်က လေးလံသောနှလုံးသားဖြင့် နန်းတော်ထဲမှ ပြန်ထွက်သွားခဲ့သည်။ သူပြန်သွားသည့်အိမ်က လူသတ်လက်နက်ကြီး ပေးခဲ့သည့်အတွက် ဧကရာဇ်က သူ့ကို ဆုချထားပြီး သူ ဝမ်းမြောက်ဝမ်းသာ လက်ခံထားသည့်အိမ်ဖြစ်သည်။ အိမ်သို့ ပြန်ရောက်ပြီးနောက်တွင် သူက လူအားလုံးကို မောင်းထုတ်လိုက်ပြီး အိမ်နောက်ဖေးသို့ ဝင်သွားခဲ့သည်။ ထိုနေရာတွင် သူမှတပါး မည်သူမှ ဝင်ခွင့်မရှိသည့် အခန်းတစ်ခန်း ရှိနေသည်။