← Chapters

ပျက်သုဉ်းမြေ (ဖုန်းဆိုးမြေ)

Vol. 37 Ch. 549

ပျက်သုဉ်းမြေ (ဖုန်းဆိုးမြေ)

Vol. 37 Ch. 549

ထိုဘရိုကိတ်သေတ္တာထဲမှ လူ့ဦးခေါင်းတစ်လုံး ထွက်ကျလာခြင်း ဖြစ်ပြီး မကျေမနပ် သေဆုံးသွားရပုံရသည့် မျက်လုံးများက ပြူးကျယ်နေကာ ပါးစပ်ကြီးက ဟနေပြီး ဖြူဖွေးသော သွားတန်ကြီး ထွက်ပေါ်နေသည်။ သူ့မျက်လုံးများထဲသို့ ထိုကြောက်မက်ဖွယ်မြင်ကွင်းကြီး ရုတ်တရက် ဝင်ရောက်လာသောကြောင့် အညစ်အကြေးသွန်မည့် အစေခံက အလွန်ကြောက်လန့်သွားကာ မစင်အိုးကို လွတ်ချလိုက်ပြီး မြေကြီးပေါ်သို့ ဖင်ထိုင်ကျသွားခြင်း ဖြစ်သည်။ ထိုနောက်တွင်မူ သူက မစင်များ ပြန့်ကျဲနေသည့် လူဦးခေါင်းကြီးကို ကြောင်တောင်တောင် စိုက်ကြည့်နေတော့သည်။

သွားပြီ။ အားလုံး ပြီးသွားပြီ၊ ငါတော့ အကြီးအကျယ် ဒုက္ခရောက်ပြီ။

ထိုကျေးကျွန်က ဦး​ခေါင်းကြီးကို တစ်ခုခုဖြင့် အလျင်​အမြန် ​ဖုံးရန် ​တွေးလိုက်သော်လည်း​ သူထံတွင် ရှိနေသည့် သူ့သခင်အပေါ် ​ကြောက်​စိတ်​က အလွန်နက်​ရှိုင်းနေပြီး သူ အနီးသို့ချဉ်းကပ်သွားရန် မဝံ့မရဲ ဖြစ်​နေပြန်သည်။ သူက ထိုမစင်များဖုံးလွှမ်းနေသည့် လူဦးခေါင်းကြီးကိုပင် ကြောက်လန့်တကြီး စိုက်ကြည့်နေသည်။

ထိုကျေးကျွန်လေး လူ့ဦးခေါင်းကြီးကို စိုက်ကြည့်နေစဉ်မှာပင် ဟင်းသီးဟင်းရွက်ပို့သည့် လယ်သမားများနှင့် အသားလာပို့သည့် သားသတ်သမားတို့က မင်းသားအိမ်တော်၏ အနောက်ဘက်တံခါးဆီသို့ တယောက်ပြီး တယောက် ရောက်လာကြသည်။ သူတို့က အနံ့အသက်ဆိုးကို အရင် ရှူရှိုက်မိသွားပြီး လှမ်းကြည့်လိုက်ရာ အစေခံလေး၏ ပြာနှမ်းနေသောမျက်နှာနှင့် ကြောက်ရွံ့ထိတ်လန့်နေသည့် မျက်လုံးများကို အရင်မြင်လိုက်ကြရသည်။ ထို့ကြောင့် သူတို့က သူ့၏ရီဝေဝေ အကြည့်များအတိုင်း လိုက်ကြည့်ခဲ့ကြပြီး မစင်များနှင့် ဆီးများ ပေလူးနေသည့် လူခေါင်းကြီးတစ်လုံး မြေကြီးပေါ်တွင် ကျနေသည်ကို တွေ့သွားကြသည်။

"လူ.... သတ်... "

ထိုလူခေါင်းကြီးကို မြင်လိုက်သည်နှင့် ကြောက်တတ်သော ဟင်းရွက်စိုက်တောင်သူများက သူတို့၏ ဝန်ထုပ်ဝန်ပိုးများကို ပစ်ချကာ လမ်းကြားထဲမှ ပြန်ပြေးထွက်သွားကြတော့သည်။ သားသတ်သမားကတော့ ရဲရင့်သူ ဖြစ်ပြီး ထွက်မပြေးသော်လည်း ရှေ့ကိုတော့ လုံးဝတိုးမလာရဲပေ။ သူက ထိုမြင်ကွင်းကို မမြင်ဟန်ဖြင့် မျက်စိကန်းယောင် ဆောင်လိုက်တော့သည်။

ဒီမင်းသားအိမ်တော်က လူသတ်တဲ့နေရာမှာ နာမည်ကြီးတယ်လေ။ သူတို့က လူတွေကို ပုရွက်ဆိတ်တစ်ကောင်လိုပဲ သဘောထားကြတာတဲ့၊ သူတို့ဘာသာ လူသတ်ပြီး ဆားနဲ့ပဲ အသားနပ်နပ် သူတို့ ဘာတွေလုပ်ခဲ့တယ်ဆိုတာကိုတော့ ဘယ်သူကိုမှ မသိစေချင်ပြန်ဘူး။

မင်းသားအိမ်တော်အကြောင်း အတော်အတန် သိနေသည့် သားသတ်သမားက သူ အသတ်ခံရမည်ကို ကြောက်ရွံ့သောကြောင့် သူ့မျက်လုံးများကို မှိတ်ပြီး နောက်ပြန်ဆုတ်သွားတော့သည်။

"ဘာမှ မမြင်ဘူး၊ ငါ ဘာမှ မတွေ့လိုက်ဘူး!"

သူက ထိုစကားကိုသာ ချန်ထားခဲ့ပြီး သူ့အသားများကို သယ်ကာ ထွက်ပြေးသွားတော့သည်။ သူ အဝေးသို့ လုံးဝ ထွက်ပြေးသွားသည်ကို မြင်လိုက်ချိန်တွင် လုံးဝ ထွက်မသွားသေးဘဲ ခပ်လှမ်းလှမ်းမှ ချောင်းကြည့်နေသည့် လယ်သမားများကလည်း သူ့နောက်မှ ပြေးလိုက်သွားကြတော့သည်။ သူတို့ ကံကောင်းစွာဖြင့် အချိန်မီ လွတ်မြောက်သွားကြပြီး သူတို့ ထွက်သွားပြီးသည်နှင့် မီးဖိုချောင်အတွက်တာဝန်ခံ ဘဏ္ဍာစိုးက ခြံဝင်းထဲမှ ထွက်လာခဲ့သည်။ ပုံမှန်အားဖြင့် ယခုအချိန်တွင် နေ့တိုင်းနေ့တိုင်း အသီးအရွက်နှင့် အသားများ ပို့ဆောင်ပေးသည့်လူများ ရောက်လာတတ်သည်။ ထို့အတွက် သူက ကုန်စည်များ စစ်ဆေးရန် ထွက်လာခဲ့ခြင်းဖြစ်ပြီး ဤအချိန်က သူ့အတွက် ငွေရှာရန် အခွင့်အရေးဖြစ်သောကြောင့် သူ အလွန် တက်ကြွနေခဲ့သည်။

သူ ထိုနေရာသို့ ရောက်လာချိန်တွင် အနံ့အသက်ဆိုးများကို အရင် ရှုလိုက်ရပြီး ထိုဘဏ္ဍာစိုးက ရွံရှာဟန်ဖြင့် နှာခေါင်းပိတ်လိုက်သည်။ ထို့နောက် မြေပြင်ပေါ်တွင် အရူးတစ်ယောက်ကဲ့သို့ တုန်တုန်ယင်ယင် ထိုင်နေသည့် အစေခံကို မြင်သွားပြီး ဒေါသထွက်သွားကာ အသံတိုးတိုးဖြင့် ကြိမ်းမောင်းလိုက်သည်။

“ရှောင်ဝူ၊ မင်း ဘာလို့ နံသာအိုးကို ကြမ်းပြင်ပေါ် လွှတ်ချလိုက်ရတာလဲ? ဒီနေရာကို မြန်မြန်သွားရှင်းစမ်း။ အိမ်တော်ထိန်း မြင်ရင် မင်း အရိုက်ခံရလိမ့်မယ်”

ခပ်သာသာ အကန်ခံရပြီးနောက် ကျောက်ဝူက သတိပြန်ဝင်လာသည်။ သူက လူခေါင်းကြီးကို လက်ညှိုးထိုးကာ ဘဏ္ဍာစိုးအား လှမ်းပြောလိုက်သည်။

“ဝမ်.... ဝမ်ရယ်” (t/n; နယ်မြေအပိုင်စားရထားတဲ့ မင်းသားကို ဝမ်ရယ်လို့ ခေါ်ပါတယ်)

"မင်း ဘာတွေ ပေါက်ကရ ပြောနေတာလဲကွ? ဝမ်ရယ်က လော့ချန်မှာ စစ်တိုက်နေတာလေ၊ ဘယ်လို ပြန်လာနိုင်ဦးမှာလဲ?"

ဘဏ္ဍာစိုးက သူ့စကားကို လုံးဝ မယုံသေးပေ။ သို့သော် သူ့နောက်မှ လိုက်လာသည့် နောက်ထပ်ကျေးကျွန်နှစ်ယောက်က မြေပြင်ပေါ်မှ လူခေါင်းကြီးကို မြင်သွားပြီး ကြောက်လန့်တကြား အော်ဟစ်ကာ နောက်ပြန်ဆုတ်သွားကြသည်။ ထိုနောက် သူတို့က ထိုခေါင်းကြီးကို လက်ညှိုးထိုးကာ သံပြိုင်အော်လိုက်ကြပြန်သည်။

“ဘဏ္ဍာစိုးစူး.... ခေါင်း.... ခေါင်းပြတ်ကြီး”

"ဘယ်သူက ဒီလောက် ရဲတင်းရတာတုန်း? မင်းသားအိမ်တော်ရဲ့ နောက်ဖေးတံခါးမှာတောင် ခေါင်းပြတ်ကြီး လာထားဖို့ သတ္တိရှိနေတယ်ပေါ့"

ဘဏ္ဍာစိုးစူးက အော်ဟစ်ကျိန်မောင်းလိုက်ပြီး သူ့နောက်မှ ကျေးကျွန်နှစ်ယောက်ကို လှည့်ကြည့်ကာ အမိန့်ပေးလိုက်သည်။

“သွား မြန်မြန်သွားပြီး ဒီခေါင်းပြတ်ကို ဖယ်ရှားလိုက်၊ အိမ်တော်ထဲက သခင်တွေကို အနှောက်အယှက် မဖြစ်စေနဲ့”

"ဒါက ဝမ်... ဝမ်ရယ်..."

ကျောက်ဝူက မြေပြင်ပေါ်တွင် ဒူးထောက်ကာ ထပ်ပြောလိုက်ပြီး အသည်းအသန် တောင်းပန်နေတော့သည်။

" ဘဏ္ဍာစိုးစူး၊ ကျွန်တော့်ကို ကယ်ပါဦး၊ ကျွန်တော့်အသက်ကို ကယ်တင်ပေးပါဦး"

"ဝမ်ရယ်လား"

ထိုအချိန်မှသာ ဘဏ္ဍာစိုးစူးလည်း ထိတ်လန့်သွားပြီး အနီးကပ်ကြည့်ရန် အသက်ရှုအောင့်ကာ ရှေ့တိုးသွားတော့သည်။ ကြောက်မက်ဖွယ် ဦးခေါင်း၏အသွင်သဏ္ဌာန်ကို မြင်လိုက်သည်နှင့် သူ အလွန်ကြောက်လန့်သွားပြီး နောက်သို့ ခြေသုံးလှမ်း ခုန်ဆုတ်သွားသည်။ သူ့ခြေထောက်များက အလွန်အားနည်းနေပြီး မြဲမြဲမြံမြံ မရပ်နိုင်သောကြောင့် တံခါးဘောင်ကို ကိုင်ထားရသည်။ သို့သော်လည်း သူက သူ့နောက်မှ ကျေးကျွန်များကို အလောတကြီး​ အမိန့်​​ပေးလိုက်သေးသည်။

“ဝမ်ဖေးဆီကို မြန်မြန် သတင်းသွားပို့ကြစမ်း”

........။......။.........

နန်းတော်၌...

ဝမ်ယွိလင်က နံနက်စောစော အိပ်ယာမှ နိုးထလာပြီး မျက်နှာကြီးတစ်ခုလုံး မှုန်မှိုင်းနေလေသည်။ သူက မိန်းမစိုးများကို အဝတ်အစားလဲ ပေးခွင့်မပြုဘဲ အတွင်းဝတ်ဖြင့် နဂါးသလွန်ပေါ်သို့ ဝင်ထိုင်လိုက်သည်။ မနေ့ညက အိပ်မက်ကို ပြန်တွေးရင်း သူ့စိတ်များ မငြိမ်မသက် ဖြစ်နေကာ သူ့၏ညာဘက်မျက်ခွံကလည်း သူ အိပ်ရာမှ နိုးကတည်းက လှုပ်ယမ်းနေခဲ့သည်။ ထို့ကြောင့် ဝမ်ယွိလင်တစ်ယောက် ဒေါသထွက်နေကာ တစ်စုံတစ်ယောက်ကို သတ်ပစ်ရန် ဆန္ဒရှိနေခဲ့သည်။

"အရှင်မင်းမြတ်၊ မနက်စာ သုံးဆောင်ဖို့ အချိန်ရောက်ပါပြီ"

သူ မနက်စာ စားပြီးနောက် ညီလာခံသို့ သွားရမည်ဖြစ်သောကြောင့် အထိန်းတော်ချုပ်ကြီးက တိုးညှင်းသည့်လေသံဖြင့် သတိပေးလိုက်သည်။

တကယ်တော့ သူလည်း ဧကရာဇ်မင်းမြတ်ကို သတိမပေးရဲပါဘူး။ သတိမပေးမိလို့ နံနက်ခင်းညီလာခံ ရွှေ့ဆိုင်းလိုက်ရရင်လည်း ဧကရာဇ်မင်းမြတ်က သူ့ခေါင်းကို ဖြတ်ပစ်မှာ သေချာတယ်။

“မစားတော့ဘူး။ နဂါးဝတ်ရုံ လဲဖို့ ကူညီပေး"

ဝမ်ယွိလင်က မျက်မှောင်ကြုတ်ထားရင်း သူ့လက်ကို မြှောက်ကာ မိန်းမစိုးကြီးကို ဆက်ပြောခွင့် မပေးတော့ပေ။ ထို့နောက် သူက နဂါးသလွန်ပေါ်မှ ထရပ်လိုက်သည်။

သူ ဧကရာဇ်ဖြစ်လာတာ လ အနည်းငယ်ပဲရှိသေးတယ်။ ဒါပေမယ့် သူ ငြီးငွေ့နေပြီ။ အရင်လို စစ်မြေပြင်မှာ တိုက်ခိုက်ရတာက ပိုကောင်းတယ်။ အခုတော့ နေ့ရက်တိုင်းမှာ အတည်ပြုဖို့ အဆုံးမရှိတဲ့ လျှောက်တင်လွှာတွေ ရှိနေတယ်၊ သူ နားထောင်ဖြေရှင်းပေးရမယ့် အဆုံးမရှိတဲ့ အခက်အခဲတွေကလည်း တစ်ပုံတစ်ပင်ပဲ။ ဒီကြားထဲ တစ်ယောက်ယောက်က သူ့ရာဇပလ္လင်ကို လာထိပါးမှာကိုလည်း စိုးရိမ်နေရသေးတယ်။

အထိန်းတော်ချုပ်ကြီးက နန်းတွင်းအစေခံများကို အမြန်ဝင်လာစေပြီး ဝမ်ယွိလင်၏ ဝတ်စုံကို လဲလှယ်ဝတ်ဆင်ပေးရန် ညွှန်ကြားလိုက်သည်။ ထိုအချိန်တွင် နန်းတွင်းအစေခံတစ်ယောက်က ဝမ်ယွိလင်၏ခန္ဓာကိုယ်ကို မတော်တဆ ထိမိ သွားပြီး သူက သူမကို တွန်းထုတ်ကာ အသံနက်ကြီးဖြင့် အမိန့်ပေးလိုက်သည်။

"သူ(မ)ကို ဆွဲထုတ်သွားပြီး ချက်ချင်း သတ်ပစ်လိုက်"

"ကျွန်တော်မျိုးမကို သနားတော်မူပါ၊ အရှင်မင်းမြတ်... ကျွန်တော်မျိုးမရဲ့အသက်ကို ချမ်းသာပေးတော်မူပါ”

နန်းတွင်းအစေခံက အလွန်ထိတ်လန့်သွားပြီး ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ ကရုဏာထားပေးရန် တောင်းဆိုနေခဲ့သည်။ သို့သော် နတ်ဆိုးကို တောင်းဆိုနေခြင်းက လုံးဝ အသုံးမဝင်ဘဲ ဝမ်ယူလင်းက မည်းမှောင်နေသည့် မျက်နှာဖြင့် ပို၍ ရက်စက်ကြမ်းကြုတ်သော အမိန့်ကို ထပ်ထုတ်ပြန်လိုက်သည်။

"သူ(မ)ရဲ့ လျှာကိုပါ ဖြတ်လိုက်"

သနားစရာကောင်းသည့် နန်းတွင်းအစေခံမလေးခမျာ ဆွဲထုတ်ခံလိုက်ရပြီး သေသည်အထိ ရိုက်သတ်ခံလိုက်ရသည်။

အခြားနန်းတွင်းအစေခံများကလည်း ကြောက်ရွံ့တုန်လှုပ်နေကြသည်။

ဧကရာဇ်ကို ခစားရတာက ကျားကို ခစားရတာနဲ့ အတူတူပဲ။ ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ ဧကရာဇ်ကို ပြုစုနေရတဲ့ သူမတို့ဘဝက မနက်ဖြန်ရဲ့နေရောင်ကို မြင်ရဖို့တောင် မသေချာဘူး။

ဝမ်ယွိလင်က ကျန်နေသည့် နန်းတွင်းအစေခံများကို အေးစက်စွာ စိုက်ကြည့်နေပြီး သူမတို့က ပို၍ပင် ကြောက်လန့်လာကြသည်။ သူမတို့က သူမတို့၏လည်ပင်းပေါ်တွင် ဓားတင်ခံထားရသလို ခံစားနေရပြီး သူမတို့အားလုံး ကြမ်ပြင်ပေါ်သို့ တုန်တုန်ယင်ယင် ဒူးထောက်ချလိုက်ကြသည်။

"အရှင်မင်းမြတ်၊ ချင်မင်းသားအိမ်တော်က အရေးတကြီး ကိစ္စအတွက် တွေ့ခွင့်တောင်းပါတယ်"

မိန်းမစိုးတစ်ယောက် ကြောက်ရွံ့နေသည့်အမူအရာဖြင့် အခန်းထဲသို့ ပြေးဝင်လာကာ လျောက်တင်လိုက်သည်။

သူ ဒီနေ့ ဘာလို့ ဒီနေရာမှာ တာဝန်ကျရတာလဲ? ဒီသတင်းကို ကြားပြီးတာနဲ့ ဧကရာဇ်မင်းမြတ် ထပ်သတ်မယ့် အစေခံက သူ ဖြစ်သွားလိမ့်မယ်။

"ဝင်ခွင့်ပေးလိုက်!"

ဝမ်ယွိလင်၏ ညာဘက်မျက်ခုံးက ပြင်းထန်စွာ လှုပ်ယမ်းသွားပြန်သည်။ ချင်မင်းသားအိမ်တော်မှ ရောက်လာသူက မကောင်းသည့်အရာတစ်ခုခု သယ်ဆောင်လာမည်ကို သူ ယောင်ဝါးဝါး ခံစားနေရပြီး ဝမ်ယွိလင် သူ့မျက်ခွံကို လက်ဖြင့် ဖိကာ ဝင်ခွင့်ပေးရန် အမိန့်ပေးလိုက်သည်။

ရောက်လာသူမှာ ဝမ်ချင်းကျစ်၏ အကြီးဆုံးသားဖြစ်သည်။ သူက မျက်ရည်များ ပြည့်နေသည့် မျက်နှာဖြင့် ရန်ရှင်းနန်းတော်ခန်းမထဲသို့ ဝင်လာခဲ့သည်။ ရန်ရှင်းနန်းတော်ခန်းမထဲသို့ ဝင်လာပြီးနောက် သူက ငိုနေရင်း ကြမ်းပြင်ပေါ်သို့ ဒူးထောက်ထိုင်ချလိုက်သည်။

“အဘိုးတော်ဧကရာဇ်.... ခမည်းတော်.... ခမည်းတော်…”

"မင်းက ဘာလို့ ဒီလောက်တောင် ငိုနေရတာလဲ? ရှက်စရာကောင်းလိုက်တာ၊ ပြောစရာရှိတာကို မြန်မြန်ပြောစမ်း"

ထိုကဲ့သို့ ငိုကြွေးနေသော သူ့မြေးအကြီးဆုံးကို မြင်လိုက်ရချိန်တွင် ဝမ်ယွိလင်က သူ့နှလုံးခုန်သံ ရပ်တန့်သွားသလို ဖြစ်သွားခဲ့သည်။ သူက မြေးဖြစ်သူကို ကြမ်းပြင်ပေါ်သို့ ကန်ချကာ မငိုကြွေးရန် ပြင်းပြင်းထန်ထန် တားမြစ်လိုက်သည်။

ဝမ်ချင်းကျစ်၏သားအကြီးဆုံးက စကားဆက်မပြောနိုင်သေးဘဲ ငိုနေရင်း ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။

“ခမည်းတော်က ခေါင်းဖြတ်ခံလိုက်ရတယ်၊ ပြီးတော့ ခမည်းတော်ရဲ့ဦးခေါင်းနဲ့အတူ သူ့ရဲ့အရေပြားကို တခုခု လုပ်ဖို့ သုံးထားပြီး ပြန်ပို့လိုက်ပါတယ်”

သူ့မြေးအကြီးဆုံး၏ စကားကို ကြားလိုက်ရချိန်တွင် ဝမ်ယွိလင်တစ်ယောက် သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် မထိန်းနိုင်မီ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်လိုက်ရသည်။ သူ့မျက်လုံးများက မှင်ကဲ့သို့ မည်းနက်လာပြီး လူသတ်ချင်စိတ်များ လျှံတက်လာကာ သွားကြားထဲမှ လေသံဖြင့် ကြိမ်းဝါးလိုက်သည်။

"ရှောင်းမျိုးနွယ်က အကောင်ငယ်လေး၊ မင်းက တော်တော်ရဲတင်းနေတယ်ပေါ့"

အကြီးဆုံးမြေးဖြစ်သူက ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေရာမှ ဝမ်ယွိလင်ရှေ့သို့ တွားသွားလာကာ စာတစ်စောင်လှမ်းပေးလိုက်သည်။

“အဘိုးတော်ဧကရာဇ်၊ ဒီစာကို အဖေ့ခေါင်းနဲ့အတူ ပို့လိုက်တာပါ”

ဝမ်ယွိလင်က စာကို လှမ်းယူရန် လက်ဆန့်လိုက်သော်လည်း အနံ့အသက်ဆိုးများကို ခံစားမိသွားခဲ့သည်။ ထိုစာတွင် မစင်များနှင့် အဝါရောင်ဆီးများ စွန်းထင်းနေဆဲ ဖြစ်သောကြောင့် ဝမ်ယွိလင်၏ မျက်လုံးများထဲမှ အမုန်းတရားများ ပိုပြင်းထန်လာတော့သည်။

သူ့သားအကြီးဆုံးက ဒီလိုတောင် အရှက်ခွဲခံလိုက်ရတာလား? ရှောင်းမိသားစုရဲ့ ကလေးက အရမ်းလွန်လွန်းတယ်။

(t/n: ရှောင်းကျဲယွိ be like ဒီကလေးက မပြစ်ကင်းပါတယ်၊ ဒါက စွပ်စွဲခံရတာပါ)

“ဖတ်စမ်း”

ဝမ်ယွိလင်က စာကို မယူဘဲ အထိန်းတော်ချုပ်ကြီးအား ယူဖတ်ခိုင်းလိုက်သည်။

ဧကရာဇ်မင်းမြတ်က သူ့ကို စာဖတ်စေချင်ကြောင်း ကြားလိုက်သည်နှင့် မိန်းမစိုးကြီးလည်း ကြောက်ရွံ့ထိတ်လန့်ကာ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားတော့သည်။ သို့သော် သူက အမိန့်တော်ကို မလွန်ဆန်ဝံ့ပေ။ သူက အနံ့အသက်ဆိုးများ ထွက်နေသည့် ထိုညစ်ညမ်းသောစာကို လှမ်းယူပြီး ဖွင့်ကြည့်ရုံသာတက်နိုင်သူ ဖြစ်သည်။ သို့သော်လည်း စာထဲမှ အကြောင်းအရာများကို မြင်လိုက်ရချိန်တွင် သူ ထိုစာကို လုံးဝ မဖတ်ရဲတော့ပေ။ သူ အလွန်ကြောက်လန့်သွားပြီး ကြမ်းပြင်ပေါ်သို့ ဒူးထောက်ထိုင်ချကာ ပြင်းပြင်းထန်ထန် ဦးတိုက်အရိုအသေပေးလိုက်သည်။

“အရှင်မင်းမြတ်၊ ဒီကျွန်က စာကို မဖတ်ရဲပါဘူး”

"ဖတ်... မင်းကို ခွင့်လွှတ်ပေးမယ်"

ဝမ်ယွိလင်က သူ့လက်ကို နောက်ကျောပစ်ထားပြီး သူ့၏လည်စလုပ်က ပြင်းပြင်းထန်ထန် လှုပ်ရှားနေကာ သူ့မျက်လုံးများမှ မီးတောက်များ ထွက်လာတော့မယောင် ထင်နေရသည်။

ဝမ်ယွိလင်က သူ့၏အတွင်းစိတ်မှ နက်ရှိုင်းသော အကြောက်တရားကို ဝန်မခံချင်သေးပေ။

သူ့သားက သူနဲ့အတူ စစ်တိုက်ခဲ့ပြီး စစ်မြေပြင်မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တယ်။ သူက အတွေ့အကြုံ ရှိတဲ့အပြင် လူသတ်လက်နက်ကြီးကိုလည်း ယူဆောင်သွားခဲ့တယ်။ ဒါတောင်မှ ရှောင်းမိသားစုက ကလေးငယ်လေးတစ်ယောက်ကို အနိုင်မယူနိုင်ခဲ့ဘူးလား?

အခု ရှောင်းမိသားစုရဲ့ အဲ့ဒီကလေးက တိုင်းပြည်အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုတစ်ခုဖြစ်သွားပြီပေါ့။

မိန်းမစိုးအိုကြီးကလည်း တုန်တုန်ယင်ယင်ဖြင့် စာဖတ်နေရှာသည်။ ထိုစာက ဝါကျတိုလေးတစ်ကြောင်းတည်းသာ ဖြစ်ပြီး တိုတိုနှင့် လိုရင်းအားလုံး ပြည့်စုံနေသည်။

“ဒီနေ့ ကျုပ် ခင်ဗျားရဲ့သားကို သတ်ပြီးပြီ၊ နောင်အနာဂတ်မှာ ခင်ဗျားရဲ့ခေါင်းကို ဖြတ်မယ်။ ခင်ဗျား အရင်က ကျုပ်အဖေကို လုပ်ခဲ့သမျှ ပြန်ပေးဆပ်ရမယ်"

ထိုစကားလုံးများကို ရေးသားထားသည့် လက်ရေး၌ပင် လူသတ်ရောင်ဝါများ သယ်ဆောင်ထားသည်။

ထိုစကားကို ကြားပြီးနောက် ဝမ်ယွိလင်က မုန်းတီးမှုအပြည့်ဖြင့် မိန်းမစိုးကြီး ခေါင်းကို ဖြတ်လိုက်တော့သည်။

သူက အံကြိတ်ထားပြီး သူ့မျက်လုံးများကလည်း သွေးများထွက်လာလုနီးပါး နီရဲနေလေသည်။

"ချန်ကျင်းဟိုင်ကို ဆင့်ခေါ်လိုက်"

ဒီတစ်ခါတော့ စစ်တပ်ကို သူကိုယ်တိုင် ဦးဆောင်တော့မယ်။

(t/n: ဒီအခန်းမှာ ပုံမှန်အတိုင်းခေါင်းစဥ်က ဘာမှ မဆိုင်သလို ဖြစ်နေပြန်တယ်နော်၊ တကယ်က မူရင်းစာရေးသူက နောက်အခန်းအတွက် ရည်ရွယ်ပြီးမှ အဲ့နားအထိ မရောက်ပဲ လက်စသတ်လိုက်တာ ထင်ပါရဲ့၊ နောက်အခန်းမှာ အဲ့အကြောင်းပါမှာပါနော်၊ နောက်ထပ်ပြောစရာတစ်ခုက ဒီနေရာမှာ ပျက်သုန်းမြေဆိုတာ မြန်မာလိုဆိုရင် ဖုန်းဆိုးမြေနဲ့ ဆင်တူပါတယ်၊ ဒီနေရာမှာကတော့ တမျိုးလုံးပြတ်အောင် လုပ်တာမို့ ပျက်သုန်းမြေလို့ပဲ သုံးသွားပါမယ်၊ ဒါက ‌ရှေ့ခေတ်ဟန်လူမျိုးတွေရဲ့ ယုံကြည်မှုပါ၊ အရှေ့အခန်းတွေမှာလဲ ပြောပြပြီးပါပြီ၊ ဘိုးဘေးတွေ သေဆုံးတဲ့အခါ မျိုးဆက်သစ်တွေ တိုးတက်ကြီးပွားဖို့ နေရာကောင်းရွေးပြီး သင်္ဂြိုဟ်ကြတယ်၊ ပြီးတော့ အဲ့နေရာကိုလည်း အထွက်အမြတ်ထားပြီး စောင့်ရှောက်ကြတယ်။ မကျေနပ်တဲ့သူတွေကတော့ တမျိုးလုံးပြုတ်အောင် သူများရဲ့ ဘိုးဘေးကို မကောင်းတဲ့မြေမှာ သွားမြှုပ်တယ်ပေါ့)

All Chapters