အဖေ့အတွက် လက်စားချေခြင်း
Vol. 37 Ch. 547
ရှောင်းကျဲယွိကလည်း လူသတ်လက်နက်ကြီးက ဤစစ်သည်များ မသိနိုင်လောက်သည့် လျှို့ဝှက်ချက်တစ်ခုဖြစ်မှန်း နားလည်နေသည်။ သူနှင့် စူးချင်းတို့ပင်လျှင် မော်တာပြုလုပ်ရာ၌ လူတိုင်းကို သတိထားခဲ့ပြီး မည်သည့်စစ်သည်မှ ထုတ်လုပ်ရေးလုပ်ငန်းစဉ်အကြောင်း မသိကြပေ။
ဤစစ်သည်များအနေဖြင့် အသေးစိတ်အချက်အလက်များ မသိသည်မှာ သင့်လျှော်နေသောကြောင့် ရှောင်းကျဲယွိက သူ့ကတိအတိုင်း ထိုလူများကို ထွက်သွားခွင့်ပေးလိုက်သည်။ သူတို့ထဲမှ တချို့က ရှောင်းမိသားစုစစ်တပ်တွင် ဆက်နေရန် ဆန္ဒရှိနေသော်လည်း ရှောင်းကျဲယွိက ဖြစ်လာနိုင်မည့် ပြသနာများကို ကြိုတွေးကာ သဘောမတူတော့ပေ။
သူတို့ရဲ့ကိုယ်တိုင် ချောင်စခန်းမှာ ရှိနေပေမယ့် သူတို့ရဲ့နှလုံးသားက ဟန်မှာ ရှိနေတာမျိုး ဖြစ်ပြီး နောက်ပိုင်းမှာ သူတို့က ဝမ်မိသားစုစစ်တပ်နဲ့ ပြန်ပူးပေါင်းသွားရင် လော့ချန်အတွက် အန္တရာယ်ဖြစ်လာစေနိုင်တယ်။
ရှောင်းကျဲယွိက သူတို့တစ်ဦးစီအတွက် ခရီးစရိတ် ငွေတလျန်စီ ပေးခဲ့ပြီး ရိက္ခာခြောက်ဆယ်ထုတ်လည်း ဝေပေးလိုက်သည်။ သူတို့၏ လက်နက်များကိုတော့ သိမ်းဆည်းလိုက်ပြီး မိမိကိုယ်ကို ကာကွယ်ရန်အတွက် ဓားမြှောင်တစ်လက်သာ ပြန်ပေးလိုက်သည်။ အညံ့ခံခဲ့သည့် ထိုစစ်သည်များ အားလုံးက ရှောင်းကျဲယွိကို အထူး ကျေးဇူးတင်နေကြပြီး အရိုအသေပေးကာ ပြန်ထွက်သွားကြသည်။
သူတို့ အနားယူ မယူကိုတော့ မည်မျှအတိအကျ သိနိုင်မည်မဟုတ်ပေ။ သူတို့က တခဏတာ ရှင်သန်ရန် လက်နက်ချခြင်းလည်း ဖြစ်နိုင်ပြီး လော့ချန်မှ ထွက်သွားပြီးနောက် ဝမ်မိသားစုစစ်တပ်ဆီ ပြန်သွားခြင်းလည်း ဖြစ်နိုင်သေးသည်။
သို့သော် ရှောင်းကျဲယွိက သူတို့အတွက် အခွင့်အရေးတစ်ခုသာ ပေးခဲ့ခြင်း ဖြစ်ပြီး နောက်တစ်ကြိမ် စစ်မြေပြင်၌ ပြန်တွေ့ဆုံကြလျှင် သူတို့ သေခြင်းတရားနှင့် ရင်ဆိုင်ကြရပေလိမ့်မည်။
ထိုအညံ့ခံတပ်သားများကို ပြန်လွှတ်ပြီးနောက် ကျန်းကျင့်လင်းက မြို့ကို ပြန်အားဖြည့်ရန် ရောက်လာသည့် အကူစစ်သည်များနှင့် သာမာန်အရပ်သားများကို ဦးဆောင်ရင်း ပြင်ဆင်စရာများကို စတင်ပြင်ဆင်နေခဲ့သည်။ ရှောင်းကျဲယွိနှင့် စူးချင်းတို့က ဝမ်ချင်းကျစ်အား စစ်စခန်း၏ပင်မတဲဆီသို့ ဆွဲခေါ်လာရန် လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်သည်။
အခု ဝမ်မိသားစုကကောင်နဲ့ စာရှင်းရှင်းဖို့ အချိန်ရောက်ပြီ။
သူ့၏ ချပ်ဝတ်တန်ဆာများ ဆွဲချွတ်ခံထားရသည့် ဝမ်ချင်းကျစ်က ပင်မတဲဆီသို့ ဆွဲခေါ်ခံလိုက်ရသည်။ ထိုစစ်သည်များအားလုံးက ဝမ်မိသားစုကို အလွန်မုန်းတီးနေသည့် ရှောင်းမိသားစုစစ်တပ်မှ လူဟောင်းများ ဖြစ်ကြပြီး သူတို့က ဝမ်ချင်းကျစ်ကို ကြမ်းကြမ်းတမ်းတမ်း တွန်းထိုးဆွဲငင် ခေါ်ဆောင်လာကြသည်။ သူတို့က ဝမ်ချင်းကျစ်၏ ဒဏ်ရာရနေသော ပခုံးများကိုပင် အားဖြင့် ဆုပ်ကိုင် ဆွဲခေါ်လာကြသောကြောင့် ဝမ်ချင်းကျစ်၏ မျက်နှာတစ်ခုလုံး ဖြူဖျော့နေသည်။ ထိုနာကျင်မှုက ကြီးမားလွန်းသော်လည်း ဝမ်ချင်းကျစ်က အံကြိတ်ခံနေဆဲဖြစ်ကာ သူ့နှဖူးမှ ချွေးသီးပေါက်ကြီးများ စီးကျနေသည်။ ထိုချွေးများက လုံးဝ မရပ်ဘဲ သူ့မျက်လုံးထောင့်သို့ပင် စီးဝင်တော့မည် ဖြစ်သည်။
သူ ပင်မတဲထဲသို့ ရောက်လာပြီးနောက် ကျားသားရေဖုံးထားသော ထိုင်ခုံပေါ်တွင် ထိုင်နေသည့် ရှောင်းကျဲယွိကို တွေ့လိုက်ရသည်။ ရှောင်းကျဲယွိက ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားဆဲဖြစ်ကာ သူ့မျက်လုံးများက တောက်ပနေသည်။ သူက ဧကရာဇ်မင်းတစ်ပါး သူ့၏အကျဉ်းသားများကို ငုံ့ကြည့်နေဟန် ဂုဏ်သိက္ခာအပြည်ဖြင့် ဝမ်ချင်းကျစ်ကို ငုံ့ကြည့်နေသည်။
ဝမ်ချင်းကျစ်က မုန်းတီးမှုအပြည့်ဖြင့် အံကြိတ်ကာ အော်ဟစ်ပြောဆိုလိုက်သည်။
"ရှောင်းမိသားစုက လူယုတ်မာလေး၊ ဒီသခင်ကြီးကို အမြန် သတ်ပြီး မင်းရဲ့ ယုတ်မာတဲ့အကျင့်တွေကို ရပ်တန်းကရပ်လိုက်စမ်းပါ"
ရှောင်းကျဲယွိက နှာမှုတ်လိုက်ပြီး အေးတိအေးစက် သရော်လှောင်ပြောင်လိုက်သည်။
ငါက ဘာလို့ မင်းရဲ့ဆန္ဒအတိုင်း လိုက်လုပ်ပေးရမှတုန်း?
ထိုအတွေးနှင့်အတူ ထွက်ပေါ်လာသည့် ရှောင်းကျဲယွိ၏အသံက အေးစက်လွန်းသောကြောင့် မြောက်လေတိုးသံကဲ့သို့ ဖြစ်နေကာ စူးရှလေးနက်နေသည်။ သူက ဝမ်ချင်းကျစ်အား စကားတစ်လုံးချင်း ရှင်းရှင်းလင်းလင်း အဖြေပြန်ပေးလိုက်သည်။
"သူများတွေ မြန်မြန်သေခွင့် ရှိပေမယ့် မင်းကတော့ သေလို့ မရသေးဘူး။ သွေးကြွေးကို သွေးနဲ့ပဲ ပြန်ဆပ်ရမှာပေါ့။ မင်းတို့ ဝမ်မိသားစုကလူတွေ ငါ့အဖေကို လုပ်ခဲ့သမျှ မင်း ဒီနေ့ ပြန်မြည်းစမ်းရမယ်၊ အရင်ဆုံး မင်းရဲ့ အရေခွံ့ကို အရင် စမ်းသပ်ကြည့်ကြတာပေါ့”
ရှောင်းကျဲယွိက သူ၏မွေးစားဖခင် ပြောပြခဲ့သည့် ရက်စက်ကြမ်းကြုတ်သော ရင်နှင့်ဖွယ်မြင်ကွင်းကို ပြန်မြင်ယောင်နေမိသည်။
သူ့အဖေက အရွတ်တွေ အဖြတ်ခံရပြီး ကျောက အရေခွံတွေတောင် အခွာခံ့ခဲ့ရတာတဲ့။
ထိုမြင်ကွင်းကို တွေးလိုက်ရုံဖြင့် ရှောင်းကျဲယွိတစ်ယောက် သူ့၏ကိုယ်တွင်းအင်္ဂါများပါ ပူလောင်လာသလို ခံစားလိုက်ရသည်။
ဒီနေ့တော့ သူ သူ့အဖေအတွက် လက်စားချေနိုင်ခဲ့ပြီ။ ဒါက သူ့ရင်ထဲမှာ အမြဲတမ်း ကိန်းကောင်းနေတဲ့ ဆန္ဒတွေပဲ။
"မင်း လုပ်ရဲလား?"
ရှောင်းကျဲယွိက သူ့ကို အရှင်လတ်လတ် အရေခွံခွာမည်ဟု ကြားလိုက်ရချိန်တွင် ဝမ်ချင်းကျစ်တစ်ယောက် တည်ငြိမ်နိုင်မှု မရှိတော့ပေ။ သူက သူ့အစွယ်တွေကို ထုတ်ပြလာပြီး ရှောင်းကျဲယွိအား အက်ကွဲနေသည့်အသံဖြင့် အော်ဟစ်လိုက်သည်။
“သူ့ကို ဆွဲထုတ်သွားလိုက်၊ ပြီးရင် သေသေသပ်သပ် အရေခွံခွာတတ်တဲ့သူပါ ရှာပေးလိုက်။ ငါ လူ့အရေပြားမီးပုံးလုပ်ဖို့ သူ့အရေခွံကို သုံးပြီး ဝမ်ယွိလင်ဆီကို ပို့ပေးချင်တယ်"
ရှောင်းကျဲယွိ၏မျက်လုံးများက ရေခဲကဲ့သို့ အေးစက်နေပြီး ရက်စက်ခြင်းအရိပ်အယောင်များ ပြည့်နှက်နေသည်။ သူက ဝမ်ယွိလင်အား နာကျင်မှုအပြည့် ခံစားစေချင်ပြီး ဤကမ္ဘာကြီး၌ အတုံ့အပြန် ရှိကြောင်း ပြောပြရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
"မင်း လုပ်ရဲလား? တော်တော် သတ္တိကောင်းနေတယ်ပေါ့"
သက်တော်စောင့်နှစ်ယောက်က ဝမ်ချင်းကျစ်ကို တဲထဲမှ ဆွဲထုတ်သွားကြသည်။ ဝမ်ချင်းကျစ်၏မျက်လုံးများထဲတွင်တော့ ကြောက်ရွံ့မှုများ ပြည့်နှက်နေလေသည်။
လူတွေကို အရှင်လတ်လတ် အရေခွံခွာတယ်ဆိုတာ အရင်တုန်းက သူ အရမ်းကြိုက်ခဲ့တဲ့ ပြစ်ဒဏ်ပေးနည်းတစ်မျိုးပဲ။ ဒါက သူ့အတွက် ပျော်ရွှင်မှုတစ်ခုလေ။ သူ့ကို လူတွေကို အရှင်လတ်လတ် အရေခွံခွာပြီး အဲ့လူက အော်ဟစ်နေရင် သူ အရမ်းပျော်တယ်၊ အဲ့လူ သေသွားရင်လည်း အဲ့လူရဲ့နှလုံးကို သူ့ခွေးတွေ စားဖို့ ပစ်ချပေးခိုင်းလိုက်သေးတယ်။ အဲဒီတုန်းက သူ အရမ်းပျော်ရွှင်ခဲ့ပေမယ့် အခုတော့ ကြောက်နေမိပြီ။ သူက အခြားသူတွေကို အရေခွံခွာရတာကိုပဲ နှစ်သက်တာလေ၊ အဲ့လို လူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုကိုတော့ မခံချင်ဘူး။
ရှောင်းကျဲယွိက ဘာစကားမှ မပြောဘဲ ဆွဲထုတ်ခံနေရသည့် ဝမ်ချင်းကျစ်ကို မုန်းတီးမှုအပြည့်ဖြင့် လှမ်းကြည့်နေခဲ့သည်။
သူက သူ့နှလုံးသားကို သံမဏိလို မာကျောအောင် လေ့ကျင့်ထားပြီးပြီ။ သူ့အဖေ ဝမ်မိသားစုမှာ အရှင်လတ်လတ် အရေခွံခွာခံရတာကို ကြားခဲ့ရတဲ့အချိန်တုန်းက သူ သူရဲ့ကြာပွတ်ကို သုံးပြီး ကျောက်တုံးတွေကို ရူးသွပ်လို ဒေါသတကြီး လိုက်ရိုက်ခဲ့ဖူးတယ်။ သူ တစ်ညလုံး ရိုက်နှက်ခဲ့တာတောင် သူ့နှလုံးသားထဲမှာ ဆူပွက်နေတဲ့ အမုန်းတရားက လုံးဝ မပျောက်ကွယ်သွားခဲ့ဘူး။
ယခု ဝမ်ချင်းကျစ်ကို မြင်နေရချိန်တွင် ထိုအချိန်က သူ့အဖေ၏ အကူအညီမဲ့မှုကို ပြန်မြင်နေရသလို ရှောင်းကျဲယွိ ခံစားနေရသည်။ ထို့ကြောင့် သူက သူ့လက်သီးများကို တင်းနေအောင်ဆုပ်ထားရင်း သူ့မျက်လုံးများမှ အမုန်းရိပ်များ လျှံထွက်နေလေသည်။
သူ အသတ်ချင်ဆုံးနဲ့ သူ့ဆီမှာ အသတ်ခံထိုက်ဆုံးသူကတော့ ဝမ်ရှန့်ချန်နဲ့ သေဆုံးသွားတဲ့ ခွေးဧကရာဇ်ပဲ။ သူတို့သာ မသေသေးရင် သူတို့အတွက် ပိုတောင်ကောင်းဦးမယ်၊ အခုတော့ သူတို့ရဲ့သားစဉ်မြေးဆက်တွေကိုပဲ သူတို့အစား ပေးဆပ်ခွင့်ပေးရတော့မယ်။
တဲအပြင်ဘက်မှ ဝမ်ချင်းကျစ်၏အော်သံများ ထွက်ပေါ်လာပြီး အသံများက ပဲ့တင်ထပ်နေကာ လူသားတစ်ယောက်ဆီမှ လာသည့်အသံနှင့်ပင် မတူတော့ပေ။ ထိုအသံက ဝံပုလွေ ညည်းသံကို ကြားရသလို ခံစားရစေပြီး အစပိုင်းတွင် သူ အော်ဟစ်ကြိမ်းမောင်းနေခြင်း ဖြစ်သော်လည်း နောက်ပိုင်းတွင် သူက သနားညှာတာရန် စတင် တောင်းပန်လာခဲ့သည်။ သူ့၏ မာနထောင်လွှားမှုများအားလုံး လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
အစပိုင်းတွင် ရှောင်းကျဲယွိက သူ့စစ်သည်များအား ဝမ်ချင်းကျစ်၏ နောက်ကျောမှ အရေပြားကို ခွာခိုင်းရုံသာ ဖြစ်သည်။ သို့သော် အရေပြားကို ခွာပြီးနောက် ဝမ်မိသားစု သူ့ဖခင်ကို ပြုမူခဲ့သည့်အတိုင်း ဝမ်ချင်းကျစ်၏ လက်နှင့်ခြေထောက်မှ အရွတ်များကို ဆွဲထုတ်ခိုင်းလိုက်ပြန်သည်။
စူးချင်းက တင်းတင်းဆုပ်ထားသော ရှောင်းကျဲယွိ၏ လက်သီးများကို မြင်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်လည်း အနည်းငယ် တုန်ယင်နေသည်ကို သတိပြုမိသွားခဲ့သည်။ သူ့မျက်လုံးများက နီရဲနေပြီး သူ့ဖခင်ကြောင့် ဖြစ်ပေါ်လာသည့် မုန်းတီးမှုများ ပြည့်နှက်နေသည်။ စူးချင်းက သူမ၏လက်ကို ရှောင်းကျဲယွိ၏လက်ပေါ်သို့ တင်လိုက်ပြီး သူ့နာမည်ကို အသံတိုးတိုးဖြင့် ခေါ်လိုက်သည်။
"ရွှေရှန့်"
"ကိုယ် အဆင်ပြေပါတယ်"
ရှောင်းကျဲယွိက စူးချင်း၏လက်ကို ပြန်ဆုပ်ကိုင်လိုက်ပြီး ညင်သာစွာ နမ်းရှိုက်လိုက်သည်။ သူ့မျက်လုံးများထဲမှ အမုန်းတရားများ ပျောက်ကွယ်သွားပြီး နူးညံ့မှုများ အစားထိုးဝင်ရောက်လာသည်။ ထို့နောက် သူက တောက်ပသော မျက်ဝန်းများဖြင့် စူးချင်းကို ကြည့်ကာ တိုးတိုးလေး ပြောနေပြန်သည်။
“စိတ်မပူပါနဲ့၊ ကိုယ် အခုလက်စားချေနိုင်ပြီ။ ကိုယ် အရမ်းပျော်တယ်"
“ရှင်ပျော်နေသရွေ့ အဆင်ပြေပါတယ်၊ အခု ကျွန်မတို့ မော့ချန်ကို အရေးပေါ်သတင်းပို့မှ ဖြစ်မယ်။ အဲ့လူက ချင်ထျဲလို့ ကျွန်မ သံသယဝင်နေမိတယ်"
ရှောင်းကျဲယွိက သူ၏ နာကျင်စရာ အမှတ်တရများကို ချန်ထားနိုင်ခဲ့ပြီဖြစ်ကြောင်း မြင်လိုက်ရသောကြောင့် စူးချင်းက သူမ၏ အတွေးများကို ပြောပြလိုက်သည်။
"တကယ်ပဲ သူလား"
ရှောင်းကျဲယွိက အနည်းငယ် ချီတုံချတုံ ဖြစ်နေသေးသည်။
သူနဲ့ ချင်းအာတို့က ချင်ထျဲရဲ့ ကယ်တင်ရှင်တွေလေ။ သူတို့က သူ လက်စားချေနိုင်အောင် ကူဉီပေးခဲ့ပြီး သူ့ကို တရားဝင်ရာထူး၊ နေစရာနဲ့ အစေခံတွေတောင် ပေးခဲ့သေးတယ်။ သူ့ကို ကာကွယ်ဖို့ ရှောင်းမိသားစုစစ်သည်တစ်ဖွဲ့ကိုတောင် သူတို့ စီစဉ်ပေးခဲ့တယ်။ ဒါတောင်မှ ချင်ထျဲက သူတို့ကို သစ္စာဖောက်ဖို့ ဆန္ဒရှိနေသေးတာလား?
နောက်ဆုံးတွင် ရှောင်းကျဲယွိက လူသားများ၏သဘာဝကိုပင် အမှန်တကယ် မေးခွန်းထုတ်ချင်လာတော့သည်။
“လူတစ်ယောက်ရဲ့ နှလုံးသားထဲမှာ ဘာရှိတယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ လုံလောက်တဲ့ သွေးဆောင်မှု မရှိလို့သာ သစ္စာမဖောက်ကြသေးတာပါ။ သွေးဆောင်မှုက သူတို့လိုချင်တာ ဖြစ်နေလာသရွေ့ သစ္စာဖောက်ပြီး အဲ့အတွက် ယုတ္တိတန်တဲ့အကြောင်းပြချက်တွေတောင် ပေးလာနိုင်သေးတယ်”
စူးချင်းက ထိုအရာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး ချင်ထျဲက ကျေးဇူးတရားတစ်ခုတည်းကြောင့် သူမတို့အပေါ် သစ္စာရှိမည်ဟု တစ်ထစ်ချ မယုံကြည်နိုင်ပေ။
"အင်းပါ။ အခု မော့ချန်ကို သတင်း ပြန်ပို့ဖို့ တစ်ယောက်ယောက်ကို အမိန့်ပေးလိုက်မယ်”
ရှောင်းကျဲယွိက ခေါင်းညိတ်လိုက်သည်။
ချင်ထျဲက သူတို့ကို သစ္စာဖောက်တာမျိုး သူ မဖြစ်စေချင်ပေမယ့် ချင်းအာ ပြောတာ မှန်တယ်။ သူရဲ့ငယ်သူငယ်ချင်း ချိုးယုံခန်းတောင်မှ နောက်ဆုံးမှာ ဘာဖြစ်သွားခဲ့လဲ? သူ သစ္စာဖောက်တဲ့ အချိန်မှာ အခြားသူတွေထက်တောင် ပိုယုတ်ယုတ်မာမာနဲ့ သစ္စာဖောက်သွားခဲ့သေးတယ်။
"ချိုးယုံခန်း ဖြစ်နိုင်တယ်လို့ မင်း မတွေးဘူးလား?"
ရှောင်းကျဲယွိက စူးချင်းကို မဝံ့မရဲ မေးလိုက်သည်။
ချိုးယုံခန်းက မော်တာ ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်ကို တစ်ခါမျှ မမြင်ဖူးခဲ့တာ မှန်တယ်။ ဒါပေမယ့် သူက ထက်မြက်တော့ လိုက်စူးစမ်းရင်း ဒီမော်တာကို တီထွင်ခဲ့တာလည်း ဖြစ်နိုင်သေးတယ်။
"သူက သေသွားပြီ"
စူးချင်းက ရှောင်းကျဲယွိ ဝမ်းနည်းမည်ကို စိုးရိမ်သောကြောင့် ထိုအကြောင်းကို တစ်ခါမှ မပြောဖူးခဲ့ပေ။ ယခု သူမက ပေါ့ပေါ့ပါးပါးဟတန်ဖြင့် ပြောပြလိုက်သည်။
"သေသွားပြီလား?"
ထိုစကားကို ကြားပြီးနောက် ရှောင်းကျဲယွိက ခဏတာမျှ တိတ်ဆိတ်သွားသည်။ နောက်ဆုံးတွင် အနှစ်နှစ်ဆယ်နီးပါးရှိခဲ့သော သူတို့၏ ခင်မင်ရင်းနှီးမှုအားလုံး မီးခိုးငွေ့များကဲ့သို့ ပျောက်ကွယ်သွားသလို သူ ခံစားလိုက်ရသည်။
“ဟုတ်တယ်၊ သူကို စိတ်မပူနဲ့တော့။ အခု ဘယ်သူက ဒီမော်တာတွေကို တော်ဝင်ရုံးတော်ဆီ ပေးလိုက်လဲပဲ စုံစမ်းကြရအောင်”
စူးချင်းက ချိုးယုံခန်းအကြောင်း ဆက်မပြောချင်တော့သည့်အတွက် ခေါင်းစဉ်ပြောင်းလိုက်သည်။
“ကောင်းပါပြီ”
ရှောင်းကျဲယွိက ခေါင်းညိတ်လိုက်ပြီး ချက်ချင်း အရေးတကြီး စာတစ်စောင်ရေးပြီး ခဲနှင့် ချတ်ပိတ်ကာ ထိုစာကို မော့ချန်သို့ ပေးပို့ရန် လူနှစ်ယောက် စေလွှတ်လိုက်သည်။
တံခါးအပြင်ဘက်တွင် ဝမ်ချင်းကျစ်က အရေခွံခွာခြင်း၏ အကျိုးဆက်ကို ခံစားရပြီး ဖြစ်သည်။ သူက စိတ်ဓာတ်မြင့်မားသော ပထမမင်းသားကြီးနှင့် လုံးဝ မတူနိုင်တော့ပေ။ ခွေးရူးတစ်ကောင်ကဲ့သို့ တဲထဲ ပြန်ဆွဲခေါ်ခံလိုက်ရချိန်တွင်ပင် သူ့ထံတွင် ထထိုင်ရန် ခွန်အားမရှိတော့ပေ။ သူ မြေပြင်ပေါ်တွင် လှဲလျောင်းနေရပြီး သူ့ခြေလက်များက တွဲလောင်းကျနေသည်။ ယခုအချိန်တွင် သူ အော်ဟစ်ငေါက်ငမ်းနိုင်ခြင်းလည်း မရှိတော့ဘဲ အသနားခံနေပုံဖြင့် ရှောင်းကျဲယွိအား လှမ်းကြည့်နေသည်။ သူ့အသံကလည်း အားနည်းနေပြီး လုံးဝ အားအင်မရှိတော့ပုံရသည်။
"ကျေးဇူးပြုပြီး ငါ့ကို မြန်မြန်သေခွင့်ပေးပါ"
“အမြန် သေချင်တာလား? ဒါက မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် မင်း ငါ့မေးတဲ့ မေးခွန်းကို ဖြေရမယ်၊ ဒီလူသတ်လက်နက်ကြီးကို ဘယ်သူက အပ်လိုက်တာလဲ?"