← Chapters

အဲ့လူက ဘယ်သူလဲ?

Vol. 37 Ch. 546

အဲ့လူက ဘယ်သူလဲ?

Vol. 37 Ch. 546

ရှောင်းကျဲယွိ၏ လှံဖျားထိပ်က ဝမ်ချင်းကျစ်၏ ပခုံးမှ ချပ်ဝတ်တန်ဆာအဆက်နေရာကို ထိုးဖောက်ဝင်ရောက်သွားပြီး ဝမ်ချင်းကျစ် မြင်းပေါ်မှ ပြုတ်ကျသွားသည်။ ထိုနောက်တွင်မှု လှံသွားထိပ်က ဝမ်ချင်းကျစ်၏လည်ပင်းကို တေ့ဖိထားပြီး သူ လှုပ်ရှားလိုက်သည်နှင့် ထိုလှံသွားထိပ်က သူ့လည်ချောင်းထဲသို့ ဖောက်ဝင်ကာ သူ အသတ်ခံရပေလိမ့်မည်။

"မင်း... ငါ့ကို သတ်လိုက်!"

ဝမ်ချင်းကျစ်၏ မျက်လုံးများက ဒေါသကြောင့် နီရဲလာပြန်သည်။

သူ ကလေးတစ်ယောက်ဆီမှာ ရှုံးနိမ့်ခဲ့တာလား?

ထိုနက်နဲသောအရှက်တရားကြောင့် သူက ရှောင်းကျဲယွိကို မုန်းတီးမှုအပြည့်ဖြင့် စူးစူးရဲရဲ စိုက်ကြည့်နေလေသည်။

သူရဲကောင်းတစ်ဦးဆိုတာ သေရဲပေမယ့် အရှက်တော့ အကွဲမခံနိုင်ဘူး။ သူ အခု ချက်ချင်း သေသွားနိုင်ရင် အကောင်းဆုံးပဲ။

သူ ရှောင်းကျဲယွိ၏လက်ထဲသို့ ကျရောက်သွားခြင်းက သူ့အတွက် မည်မျှစိတ်ဆင်းရဲဖွယ်ဖြစ်လာမည်ကို ဝမ်ချင်းကျစ် ကြိုသိနေပြီ ဖြစ်သည်။ သူက သူ့ခါးမှ ဓားမြှောင်ကို ဆွဲထုတ်ကာ သူ့ကိုယ်သူ အဆုံးစီရင်ရန် ကြိုးစားလိုက်သော်လည်း စူးချင်းက သူ့လက်ကောက်ဝတ်ကို မြှားဖြင့် လှမ်းပစ်လိုက်သည်။ ဓားမြှောင်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး နေရာအနှံ့သို့ သွေးများလွင့်စင်လာသည်။

"မင်းတို့တွေ..."

ဝမ်ချင်းကျစ်က အလွန်အမင်း နာကျင်နေပြီး သူတစ်ကိုယ်လုံး တုန်ယင်နေသော်လည်း သူ မအော်ညည်းမိစေရန် သူ့ကိုယ်သူ အတင်းအကြပ် ဖိအားပေးနေခဲ့သည်။ သူက တုန်ယင်နေသောအသံဖြင့် ရှောင်းကျဲယွိအား လှမ်းပြောလိုက်သည်။

"ငါ့ကို မြန်မြန်သတ်လိုက်စမ်းပါ၊ စစ်သည်တော်တစ်ယောက်ကို သတ်နိုင်ပေမယ့် အရှက်ခွဲလို့ မရဘူး’"

“မင်းတို့ ဝမ်မိသားစုစစ်တပ် ငါ့အဖေကို သတ်တဲ့အချိန်တုန်းက စစ်သည်တော်တစ်ယောက်ကို အရှက်မခွဲဘဲ ချက်ချင်း သတ်ရမယ်လို့ မင်း ဘာလို့ ဝင်မပြောခဲ့တာလဲ?”

ရှောင်းကျဲယွိ၏လက်ထဲမှ လှံက ဝမ်ချင်းကျစ်၏လည်ပင်းမှ အရေပြားထဲသို့ ထိုးဖောက်ဝင်ရောက်လာပြီး ဝမ်ချင်းကျစ်တစ်ယောက် ထိုနာကျင်မှုကို အလူးအလဲ ခံစားနေရသည်။ ရှောင်းကျဲယွိက ဝမ်ချင်းကျစ် ချက်ချင်း မသေသွားအောင် သူအင်အားကို ထိန်းချုပ်ထားဆဲဖြစ်သည်။ လှံဖျားမှ သွေးများ စီးကျလာနေသလို လည်ပင်းကို ချွန်ထက်သည့် လက်နက်ဖြင့် ထိုးဖောက်ခံရသည့် နာကျင်မှုကြောင့် ဝမ်ချင်းကျစ်၏ နဖူးပေါ်၌ ချွေးအေးများ စီးကျလာသည်။ သို့တိုင်အောင် သူက အံကြိတ်ကာ တောင့်ခံနိုင်ဆဲ ဖြစ်သည်။ သူ့လည်ပင်းမှ သွေးများ စီးကျနေသည်ကို သူ ခံစားနိုင်ပြီး သေခြင်းတရားကို စောင့်ဆိုင်းနေရသည့် ဤခံစားချက်ကလည်း အလွန်ကြောက်စရာကောင်းလှသည်။

ရှောင်းကျဲယွိက ဝမ်မိသားစုစစ်တပ်ဘက်သို့ လှမ်းအော်လိုက်သည်။

“မင်းတို့အားလုံး ရပ်လိုက်ကြတော့၊ မင်းတို့ မရပ်ရင် ငါ သူ့ကို ချက်ချင်း သတ်ပစ်မယ်”

သူတို့၏တပ်မှူး အဖမ်းခံလိုက်ရပြီး မြေပြင်ပေါ်တွင် သေဆုံးနေသည့်ရဲဘော်ရဲဖက်များအား တွေ့လိုက်ရသဖြင့် ဝမ်မိသားစုတပ်မတော်မှ စစ်သည်များက ဝမ်ချင်းကျစ်ကို လှမ်းကြည့်လိုက်ကြသည်။

သူတို့ ဘာလုပ်သင့်လဲ? လက်နက်ချ အညံ့ခံသင့်လား? ဒါမှမဟုတ် အဆုံးထိ ခုခံသင့်လား?

ဝမ်ချင်းကျစ်က သူ၏လည်ပင်းပေါ်မှ လှံသွားထိပ်ကို လျစ်လျူရှုကာ ကျယ်ကျယ်လောင်လောင် အော်ဟစ်အမိန့်ပေးလိုက်သည်။

"ဝမ်မိသားစုစစ်တပ်ရဲ့စည်းမျဉ်းတွေအရ လက်နက်ချတဲ့သူတိုင်း ချွင်းချက်မရှိ သေရလိမ့်မယ်"

“လက်နက်ချပြီး အညံ့ခံတဲ့ သူတိုင်းကို အခွင့်အရေးတစ်ခု ပေးမယ်။ ရှောင်းမိသားစုစစ်တပ်မှာ ပါဝင်ချင်တဲ့သူတွေကို ကြိုဆိုပေးမယ်။ မင်းတို့ စစ်မတိုက်ချင်တော့ရင်လည်း အိမ်ပြန်ဖို့ ပိုက်ဆံပေးနိုင်တယ်၊ မင်းတို့ အညံ့ခံလိုက်ရွေ့ မင်းတို့ အသက်ရှင်ခွင့်ရမယ်၊ ခုခံသူတွေကိုတော့ ကရုဏာမရှိ သတ်ပစ်မယ်"

သူ့စကားဆုံးသည်နှင့် ရှောင်းကျဲယွိက ဝမ်ချင်းကျစ်၏ ဘယ်ဘက်ပုခုံးရိုးကို လှံဖြင့် ရုတ်တရက် ထိုးလိုက်ပြန်သည်။ ထိုအချိန်တွင်တော့ ဝမ်ချင်းကျစ်လည်း တောင့်မခံနိုင်တော့ဘဲ အော်ဟစ်လိုက်မိသည်။

ရှောင်းကျဲယွိက ဝမ်ချင်းကျစ်အား ညှဉ်းပန်းနှိပ်စက်ရန် ဆုံးဖြတ်ထားခဲ့သည်။

ဝမ်မိသားစုဝင်တွေ အားလုံး သူ့အဖေ ခံစားခဲ့ရသလို ပြန်မြည်းစမ်းကြည့်သင့်တယ်လေ။

ရှောင်းကျဲယွိက သူလှံကို ပြန်ဆွဲထုတ်လိုက်ပြီး အေးစက်သောအမူအရာဖြင့် ဝမ်ချင်းကျစ်၏ညာဘက်ပခုံးရိုးကို လှံဖြင့် ထပ်ထိုးလိုက်ပြန်သည်။ ဝမ်ချင်းကျစ်၏ မျက်လုံးများမှ နာကျင်ရိပ်များ ထွက်ပေါ်လာပြီး သူက ရှောင်းကျဲယွိအား အော်ဟစ်လိုက်သည်။

"ငါ့ကို မြန်မြန်သတ်လိုက်စမ်း"

ရှောင်းကျဲယွိကတော့ လုံးဝ အမူအရာမပြောင်းသလို ဘာစကားမှလည်း မပြောဘဲ သူ့လှံကို ထပ်မြှောက်လိုက်ပြန်သည်။ ရှောင်းကျဲယွိ၏ ထိုအပြုအမူ မြင်လိုက်ရသည့် ဝမ်ချင်းကျစ်၏မျက်လုံးများက ကျဥ်းမြောင်းသွားပြီး သူ ထရပ်ကာ ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူ နောက်ကျသွားပြီ ဖြစ်ကာ ရှောင်းကျဲယွိက သူ့တံကောက်ကြောများကို လှံဖြင့် နှစ်ချက်ဆက်တိုက် လှမ်းထိုးလိုက်သည်။

ဝမ်ချင်းကျစ်က နာကျင်မှုကြောင့် သတိလစ်သွားပြီး ဝမ်မိသားစုစစ်တပ်အား အပြည့်အဝ သစ္စာခံထားသည့် စစ်သည်များက ဝမ်ချင်းကျစ်အား ကယ်တင်ရန် ရှေ့တိုးလာသည်။ သို့သော် သူတို့အားလုံးကို စူးချင်းလက်ဖြင့် အသတ်ခံလိုက်ရသည်။ ကျန်သူများကတော့ ရှောင်းကျဲယွိတစ်ယောက် ဝမ်ချင်းကျစ်အား အမှိုက်အဖြစ် ပြောင်းလဲပေးနေခြင်းကို ကူကယ်ရာမဲ့ ကြည့်နေကြရသည်။

“လက်နက်ချတဲ့သူ အသက်ရှင်မယ်၊ ခုခံတဲ့သူအားလုံး သေခြင်းတရားနဲ့ တွေ့ရမယ်”

ရှောင်းကျဲယွိက သူ့မြင်းပေါ်တွင် မတ်မတ်ထိုင်နေရင်း လွှမ်းမိုးနိုင်သော ရောင်ဝါအပြည့်ဖြင့် ကြွေးကြော်လိုက်သည်။ သူ၏ အရပ်ရှည်သော အသွင်အပြင်က ခန့်ညားလွန်းနေပြီး ဝမ်မိသားစုစစ်တပ်မှ စစ်သည်များပေါ်သို့ ဖြတ်ကျော်သွားသည့် သူ့အကြည့်များတွင် အေးစက်မှုနှင့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။

ဝမ်မိသားစုစစ်တပ်မှ စစ်သည်အချို့က စစ်ပွဲကို ငြီးငွေ့နေပြီ ဖြစ်သည်။ အိမ်ပြန်နိုင်ခွင့်နှင့် ခရီးစရိတ်များပင် ပေးမည့်အကြောင်း ကြားလိုက်ရချိန်တွင် သူတို့က သူတို့၏လက်ထဲမှ လက်နက်များကို ချက်ချင်း ပစ်ချလိုက်ကြသည်။

သူတို့ လက်နက်ချလိုက်သည်နှင့်တပြိုင်နက် ဝမ်မိသားစု၏သစ္စာခံစစ်သည်များက သူတို့ကို သတ်ရန် ပြေးလာကြသည်။ သို့သောလည်း စူးချင်း၏ တားဆီးသတ်ဖြတ်ခြင်းနှင့်သာ ရင်ဆိုင်လိုက်ကြရသည်။

“တစ်ဆယ်အထိ ရေတွက်မယ်။ လက်နက်ချချင်တဲ့သူတွေက ညာဘက်ကို သွား။ ငါတို့နဲ့ ဆက်ပြီး တိုက်ခိုက်ချင်တဲ့သူတွေက အခု ရပ်နေတဲ့နေရာမှာပဲ ရပ်နေလိုက်"

ရှောင်းကျဲယွိက သူတို့အား တွန့်ဆုတ်ရန်ပင် အခွင့်အရေး မပေးဘဲ နောက်ထပ်စကားတစ်ခွန်း ထပ်ပြောလိုက်သေးသည်။

“အသက်ရှင်ချင်ရင် ညာဘက်ကို မြန်မြန် သွားပါ။ မင်းတို့ ဆက်နေရင် ငါ ချက်ချင်း သတ်ပစ်မယ်"

ထို့အချိန်တွင် တစ်ဖက်မှ စူးချင်းက ရှောင်းမိသားစုစစ်တပ်အား ပြန်ဆုတ်ခွာရန် အမိန့်ပေးလိုက်ပြီး ကျန်းကျင့်လင်းအား မော်တာများ ပြန်တပ်ဆင်ရန် အမိန့်ပေးနေပြီ ဖြစ်သည်။ အဆိုပါ မော်တာများက ဝမ်မိသားစု၏သစ္စာခံစစ်သည်များအား ချိန်ရွယ်လိုက်ပြီ ဖြစ်သည်။

သူမက ဝမ်မိသားစုစစ်တပ်ဘက်သို့ စကားတစ်ခွန်းမျှ မပြောခဲ့သော်လည်း သူမ၏ လုပ်ရပ်များက သူတို့၏ကျောရိုးများ အေးစက်သည်အထိ တုန်လှုပ်သွားရန် လုံလောက်နေပြီ ဖြစ်သည်။ သူမက သူတို့အား အစုလိုက်အပြုံလိုက် ဖေါက်ခွဲရန် ပြင်ဆင်နေခြင်းသာ ဖြစ်သည်။

စစ်မြေပြင်မှာ တိုက်ခိုက်ကြရင် ခြေလက်တွေ ကျိုးပဲ့ရုံပဲ ဖြစ်နိုင်လောက်တယ်။ နောက်ဆုံး သေရင်တောင် အလောင်းက ကိုယ်လက်အပြည့်အစုံ ကျန်နိုင်သေးတယ်။ ဒီအရာကြီးနဲ့ ဖောက်ခွဲခံရပြီး သေဆုံးသွားရင်တောင် အလောင်းတောင် ကျန်မှာ မဟုတ်ဘူး။ ဘယ်သူက အဲ့လိုသေချင်မှာတုန်း?

“ငါး၊ ခြောက်....”

ရှောင်းကျဲယွိက သေမင်းအမိန့်ကဲ့သို့ ဖြည်းညှင်းစွာ ဆက်လက်ရေတွက်နေပြီး သူ့အသံက တုန်လှုပ်နေပြီဖြစ်သော ဝမ်မိသားစုစစ်သည်များကို ပို၍ပင် ထိတ်လန့်ကြောက်ရွံ့လာစေသည်။ သူတို့က လုံလင်းနှင့် သူ့၏ထပ်တန်းစစ်သည် ထောင်ပေါင်းများအကြောင်း ပြန်စဥ်းစားနေကြပြီ ဖြစ်သည်။

သူတို့ ဘယ်လိုရှင်းလင်း သုတ်သင်ခံလိုက်ရတာ ဖြစ်နိုင်မလဲ? တွေးကြည့်ရင် သူတို့ အသက်ရှင်နေပါဦးမလား? တစ်ဖက်က လှည့်စားနေတာဆိုရင် သူတို့ ဘာလုပ်ရမလဲ? အခု သူတို့ကို လက်နက်ချဖို့ လှည့်စားနေပြီး သူတို့ လက်နက်ချလိုက်တာနဲ့ အကုန်လုံးကို ချက်ချင်း သတ်ပစ်ကြတော့မှာလား?

နောက်ဆုံးတွင် သူတို့အထဲမှ အိမ်ပြန်ချင်နေကြသည့် စစ်သည်တချို့က ရှောင်းကျဲယွိကို အော်မေးလိုက်ကြသည်။

"ကျွန်တော်မျိုးတို့ လက်နက် ချမယ်၊ ဒါပေမယ့် တကယ် အသက်ရှင်နိုင်မှာလား?"

သူတို့ နှစ်ပေါင်းများစွာ စစ်တိုက်နေရပြီး အိမ်မှာ မိသားစုတွေ ဘာဖြစ်နေမှန်းတောင် သိခွင့်မရခဲ့ဘူး။ သူတို့ ကောင်းကောင်းနေနိုင်မယ်ဆိုရင် ဘယ်သူက တစ်နေ့လုံး သွေးစိုနေရတဲ့ ဘဝကို လိုချင်မှာလဲ?

“ငါ အာမခံတယ်၊ မင်းရဲ့လက်နက်ကို ချပြီး ညာဘက်ကို သွားလိုက်”

ရှောင်းကျဲယွိက ဂုဏ်သိက္ခာအပြည့်ရှိသော အမူအရာဖြင့် အာမခံလိုက်သည်။ ဤအခိုက်အတန့်တွင် ရှောင်းမိသားစုစစ်တပ်မှ စစ်သည်တိုင်းသာမက ဝမ်မိသားစုစစ်တပ်မှ လူများပါ သူ့ထံမှ သာလွန်မြင့်မြတ်သူတစ်ယောက်၏ ထည်ဝါသော အရိပ်အယောင်ကို မြင်လိုက်ကြရသည်။ ထိုအရှိန်အဝါကြောင့် လူတိုင်းက သူ့အမိန့်ကို မသိစိတ်မှ နားထောင်ရန် ဆန္ဒရှိနေပြီး သူ့စကားများကို ယုံကြည်လာကြသည်။

ဝမ်မိသားစုစစ်တပ်မှ လူများ တယောက်ပြီး တယောက် လက်နက်များချလိုက်ကြသည်။ ဝမ်မိသားစုမှ သစ္စာခံတပ်ဖွဲ့ဝင်များက လက်နက်ချသောစစ်သည်များအား သတ်ရန် ဒေါသတကြီး ပြေးထွက်လာကြ ပြန်သည်။ ထုံးစံအတိုင်း စူးချင်းကို မကျော်ဖြတ်နိုင်ကြပေ။

“ရှစ်၊ ကိုး၊ ဒါက မင်းတို့ရဲ့ နောက်ဆုံးအခွင့်အရေးပဲ။ တစ်ဆယ်အထိ ရေတွက်ပြီးတာနဲ့ ငါတို့ဘက်က စပစ်မယ်"

ရှောင်းကျဲယွိက ကျန်နေသည့် ဝမ်မိသားစုစစ်သည်များကို နောက်ဆုံး သတိပေးလိုက်သည်။

"ငါတို့က မင်းတို့နဲ့ သေတဲ့အထိ တိုက်ခိုက်မယ်"

ထိုလူများကလည်း လက်နက်မချရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ သူတို့က သူတို့၏လက်နက်များကို ကိုင်မြှောက်ကာ ရှောင်းကျဲယွိအား တိုက်ခိုက်ရန် ပြေးဝင်လာကြသည်။ စူးချင်းက စတင်ပစ်ခတ်ရန် အမိန့်ပေးလိုက်ပြီး ရှောင်းကျဲယွိ မြင်းပေါ်၌ မတ်မတ်ထိုင်နေချိန်တွင် လက်နက်မချရန် ဆုံးဖြတ်ထားသည့် ဝမ်မိသားစု စစ်သည်များကတော့ ကောင်းကင်သို့ လွင့်ပျံ ပေါက်ကွဲသွားကြတော့သည်။

ထိုတိုက်ပွဲအပြီးတွင် ရှောင်းကျဲယွိက သူ့စကားအတိုင်း လက်နက်ချခဲ့သည့် ဝမ်မိသားစု စစ်သည်များအား စားနပ်ရိက္ခာ၊ အဝတ်အစားနှင့် ခရီးစရိတ်များ ဝေငှပေးခဲ့သည်။ သို့သော်လည်း သူတို့အား စစ်မြေပြင်၌ နောက်တစ်ကြိမ် ထပ်မံတွေ့မြင်ရလျှင် ချွင်းချက်မရှိ ချက်ချက်း သတ်ဖြတ်မည် ဖြစ်သည်။

ထိုစစ်သည်များအားလုံးက ပေါ့ပေါ့ပါးပါး အရပ်ဝတ်များကို ပြောင်းလဲဝတ်ဆင်လိုက်ပြီး ဒူးထောက်က အရိုအသေပေးနေကြသည်။ ဝမ်မိသားစုစစ်တပ်က သူတို့ ဖမ်းမိသည့် စစ်သုံ့ပန်းများကို မည်သည့်အခါမှ မငဲ့ညှာခဲ့ကြောင်း သူတို့ အသိဆုံး ဖြစ်သည်။ တစ်ချိန်က ဝမ်မိသားစုစစ်တပ်ကို ကြောက်လန့်ပြီး လုံးဝ ပြန်မတိုက်ဘဲ လက်နက်ချ အညံ့ခံခဲ့သည့် ပုန်ကန်ထကြွသူဒုက္ခသည်တစ်စု ရှိခဲ့ဖူးသည်။ နောက်ဆုံးတွင် သူတို့ လက်နက်ချပြီးသည့်တိုင် သူတို့ အသက်ဆုံးရှုံးသွားကြရသေးသည်။

“မင်းတို့ ယူလာတဲ့ လူသတ်သေနတ်ကြီးကို ဘယ်သူ ယူလာတယ်ဆိုတာ သိကြလား?”

ရှောင်းကျဲယွိက လက်နက်ချခဲ့သည့် စစ်သည်များ၏ မျက်နှာများကို စူးစူးစိုက်စိုက် ကြည့်ကာ အသံနက်ကြီးဖြင့် မေးမြန်းလိုက်သည်။

"ကျွန်တော်မျိုးတို့ မသိပါဘူး။ ရုံးတော်ဘက်ကနေ ဧကရာဇ်မင်းမြတ် လူသတ်လက်နက်ကြီး ဖန်တီးဖို့ ကူညီနိုင်တဲ့ အရည်အချင်းရှိတဲ့လူ စေလွှတ်ပေးခဲ့တယ်လို့ပဲ ကြားသိခဲ့ရပါတယ်”

လက်နက်ချခဲ့သည့် စစ်သည်များက ခေါင်းခါယမ်းလိုက်ကြသည်။ သူတို့ဘက်မှ အထောက်အကူဖြစ်စေမည့် အချက်အလက်ကို မပေးနိုင်သော်လည်း ဘာမှ မပြောလျှင် ထွက်သွားခွင့်မရမည်ကို စိုးရိမ်သောကြာင့် သူတို့ ကြားခဲ့ရသမျှအား ရှောင်းကျဲယွိကို ပြန်ပြောပြကြသည်။

"အဲ့ဒိကျွမ်းကျင်သူက ဘယ်အချိန်တုန်းက ရောက်လာတာလဲ?"

ရှောင်းကျဲယွိနှင့် စူးချင်းတို့က တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အကြည့်ချင်း ဖလှယ်နေကြပြီး မျက်လုံးနှစ်စုံတွင် သံသယရိပ်များ ပြည့်နှက်နေလေသည်။ ရှောင်းကျဲယွိက ချိုးယုံခန်းအပေါ် သံသယ ရှိနေခဲ့သော်လည်း ထိုအတွေးကို သူ့ဘာသာသူ ဖယ်ထုတ်လိုက်သည်။

ချိုးယုံခန်းက ချင်းအာဆီကနေ ဖောက်ခွဲရေးပစ္စည်းလုပ်နည်းကိုပဲ သိသွားခဲ့တာ၊ သူက ဘယ်လို လုပ်ပြီး မော်တာ လုပ်နိုင်မှာလဲ? ဒါဆို ချင်ထျဲ ဖြစ်နိုင်လား?

စူးချင်းကတော့ ချင်ထျဲဖြစ်နိုင်သည်ဟု သံသယဝင်နေခဲ့သည်။

မော်တာကို စလုပ်ကတည်းက သူမ အရမ်း သတိထားခဲ့တယ်။ မော်တာရဲ့အသေးစိတ်ပုံစံကို သိနေတဲ့ ချင်ထျဲကလွဲရင် အခြားဘယ်သူကမှ မော်တာပြုလုပ်တဲ့ လုပ်ငန်းစဉ်တိုင်းကို မသိကြဘူး။

ပန်းပဲဆရာတွေတောင် မော်တာရဲ့ကိုယ်ထည်နဲ့ ကျည်ခွံကိုပဲ ထုလုပ်နိုင်ကြတယ်။ အမြောက်စည်များနှင့် အခွံများသာ မပါရှိပါ။ အခြား အသေးစိတ် အစိတ်အပိုင်းတွေက ကျွမ်းကျင်ပညာရှင်ပဲ လုပ်နိုင်တာ။

ဒါဆို သူမတို့ အချိန်ကို အရင် တွက်ဆရမယ်။ အချိန်ကို သိလိုက်တာနဲ့ ဘယ်သူက ဝမ်ယွိလင်အတွက် လူသတ်လက်နက်ကြီး ကူညီဖန်တီးပေးခဲ့တယ်ဆိုတာကို သူမတို့ သိနိုင်လိမ့်မယ်။

“ကျွန်တော်မျိုးတို့ မသိပါဘူး”

ဤစစ်သည်များထဲမှ မည်သူကမျှ တိကျသောအချိန်ကို မသိနိုင်ကြပေ။ သူတို့က ရာထူးအနိမ့်ဆုံး စစ်သည်များသာ ဖြစ်ကြပြီး တော်ဝင်မိသားစုနှင့် ပတ်သတ်သည့် အကြောင်းကို မည်သို့မျှသိခွင့်မရနိုင်ကြချေ။

All Chapters