အချိုးအကွေ့
Vol. 37 Ch. 545
အဓိကအကြောင်းအရင်းကတော့ သူတို့၏သခင်လေးနှင့် သခင်လေး၏ဇနီးတို့ အသက်ရှင်နေသေးသောကြောင့်လည်း ဖြစ်သည်။
သခင်လေးနဲ့ သခင်မလေး ဒီမှာ ရှိနေသရွေ့တော့ သူတို့ ဒီတိုက်ပွဲကို လုံးဝ ရှုံးနိမ့်မှာ မဟုတ်ဘူး။
သူတို့၏စိတ်ထဲသို့ ထိုအတွေး ဝင်ရောက်လာသည်နှင့် ရှောင်းမိသားစုစစ်သည်များအားလုံးက သူတို့၏နှလုံးသားဆီမှ ပြန်ထွက်လာသော ယုံကြည်မှုကို အပြည့်အဝ ရရှိလိုက်ကြသည်။
ရှောင်းကျဲယွိက သူ့ဇနီးကို ကာကွယ်ပေးရန် စူးချင်းရှေ့သို့ ဝင်ရပ်လိုက်သည်။ သူက စစ်နတ်ဘုရားတစ်ပါး၏ဟန်ပန်ဖြင့် သူ၏လှံကို ဝင့်ဝင့်ထည်ထည်ကိုင်ဆောင်ကာ သူတို့ ရှေ့သို့ ပြေးဝင်လာသမျှ ဝမ်မိသားစုစစ်သည်တိုင်းကို သုတ်သင်နေလေသည်။ စူးချင်းကလည်း ရှောင်းကျဲယွိ၏ မည်းနက်နေသော မျက်နှာကို မြင်လိုက်ရပြီး သူမ၏ နှလုံးသားတစ်ခုလုံး နာကျင်သွားရသည်။ ဤသည်မှာ စစ်မြေပြင် ဖြစ်ပြီး သူမ ရှောင်းကျဲယွိ၏နောက်တွင် ပုန်းအောင်းမနေချင်သော်လည်း သူ့အသက်အန္တရာယ်ကိုပင် ဂရုမစိုက်ဘဲ သူမကို စွန့်စွန့်စားစားကာကွယ်နေသည့် ခင်ပွန်းသည်ကို ကြည့်ကာ သူမ ကျေနပ်နေလေသည်။
သို့သော်လည်း သူမက အပြင်းအထန် တိုက်ခိုက်နေကြသည့် စစ်မြေပြင်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
ဒီပုံစံက အလုပ်မဖြစ်ဘူး။ ဓားပြတွေကို ဖမ်းဖို့၊ ခေါင်းဆောင်ကို အရင်ဖမ်းရတယ်တဲ့။ အခုလည်း ဝမ်မိသားစုစစ်တပ်ရဲ့ တပ်မှူးကို အရင်ဖမ်းရမယ်။ သူ့ကို ဖမ်းမိတာနဲ့ ဝမ်မိသားစုစစ်တပ်က ခေါင်းဆောင်မရှိဘဲ ပရမ်းပတာ ဖြစ်သွားလိမ့်မယ်။
စူးချင်း ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ပြီး စစ်မြေပြင်ကို ဝေ့ကြည့်ကာ ဝမ်မိသားစုစစ်တပ်၏ တပ်မှူးကို ရှာဖွေလိုက်သည်။ နောက်ဆုံးတွင် အကောင်းဆုံး ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် ဝမ်ချင်းကျစ်က ကျုံးယုံနှင့် တိုက်ခိုက်နေသည်ကို သူမ တွေ့လိုက်ရသည်။ သူ့ဘေးနားတွင် သူ့ကို ကာကွယ်ပေးနေသည့် သက်တော်စောင့်များလည်း ရှိနေပြီး သူက အရေးကြီးဆုံး တာဝန်ရှိသူ ဖြစ်ကြောင်း သိသာထင်ရှားနေသည်။
ကျုံးယုံအတွက်လည်း ဝမ်ချင်းကျစ်နှင့် တစ်ဦးချင်း တိုက်ခိုက်ရာတွင် ပြဿနာမရှိပေ။ လက်ရှိပြဿနာက ဝမ်ချင်းကျစ်၏ သက်တော်စောင့် အယောက်သုံးဆယ်ကျော်က ဝမ်ချင်းကျစ်ဘက်မှ ကူတိုက်ခိုက်ပေးနေခဲ့သည်။ သူတစ်ယောက်တည်းနှင့် လူသုံးဆယ်ကျော်ကို တိုက်ခိုက်ရန်က အခက်အခဲ ဖြစ်နေရှာသည်။
ကံကောင်းထောက်မစွာဖြင့် ကျုံးယုံက ခွန်အားကြီးမားလွန်းပြီး သူ့၏သံတူကြီးမှ လေတိုးသံကို ကြားရုံဖြင့် ထိုသက်တော်စောင့်များက သူ့အနားသို့ မကပ်ရဲကြပေ။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူ့ဘက်တွင်လည်း အန္တရာယ်ရှိလာနိုင်သေးသည်။
စူးချင်းက ထိုအခြေအနေကို ရှင်းရှင်းလင်းလင်း မြင်သွားပြီး သူမ၏ခြေဖနှောင့်ဖြင့် တာ့ဟေး၏ဗိုက်ကို လှမ်းထောက်ရင်း လှံကို အလျားလိုက် ကိုင်ကာ အော်ဟစ်ရင်း ပြေးထွက်သွားတော့သည်။
“သွား”
သခင်ဖြစ်သူ၏အမိန့်ကို ကြားသည်နှင့်တပြိုင်နက် တာ့ဟေးကလည်း မြှားတစ်စင်းကဲ့သို့ ပြေးထွက်သွားတော့သည်။ စူးချင်းက သူမ ဖြတ်သွားသည့်လမ်းတလျှောက် သတ်နိုင်သမျှ ရန်သူတိုင်းကို ရက်ရက်စက်စက် သတ်ဖြတ်ရင်း ကျုံးယုံဆီသို့ ပြေးသွားနေခဲ့သည်။ သူမ ဝမ်ချင်းကျစ်၏အနားသို့ ရောက်ရှိသွားချိန်တွင် သူမ ဝမ်မိသားစုစစ်တပ်မှ စစ်သည်ဆယ်ဦးကျော် သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။ ရလဒ်အနေဖြင့် ဝမ်မိသားစုစစ်သည်များက သူမကို မြင်လိုက်သည်နှင့် အမှုမဲ့အမှတ်မဲ့ ရှောင်ထွက်သွားကြပြီး သူမကို မတားရဲကြတော့ပေ။
ရှောင်းကျဲယွိကလည်း ပြေးထွက်သွားသော ဇနီးသည်ကို ဒီအတိုင်း ရပ်ကြည့်မနေနိုင်သောကြောင့် သူ၏ငွေလှံကို အဆောတလျင် လှုပ်ယမ်းပြီး သူ့ရှေ့တွင် ပိတ်ဆို့နေသည့် ဝမ်မိသားစု စစ်သည်များကို မြင်းများပေါ်မှ ရိုက်ချလိုက်သည်။ ထို့နောက် သူက စူးချင်းနောက်သို့ လိုက်သွားရန် သူ့မြင်းကို အချက်ပြလိုက်သည်။ အဝေးက သူ အဝေး၌ ရှိနေစဥ်မှာပင် စူးချင်း၏လှံမှ ငွေရောင်နဂါးကြီး ပျံသန်းလာပြီး ဝမ်ချင်းကျစ်၏ မြင်းအား ကာကွယ်ပေးနေသည့် သက်တော်စောင့်များအား စတင်သတ်ဖြတ်နေပြီ ဖြစ်သည်။
ကျုံးယုံကလည်း လက်မလည်အောင် တိုက်ခိုက်နေရပြီး ချွေးတဒီးဒီးကျနေပြီ ဖြစ်သည်။ ထိုအချိန်တွင် သူ့ဆရာက သူ့ကို ကယ်တင်ရန် ပြေးဝင်လာသောကြောင့် သူ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
“ဆရာ”
ကျုံးယုံက စူးချင်းအား အော်ခေါ်ပြီးနောက် ဝမ်ချင်းကျစ်ကို မထီမဲ့မြင် လှမ်းခနဲ့လိုက်သည်။
“ငါ့ဆရာ ရောက်လာပြီ၊ မင်းတို့ သေလိုက်ကြတော့"
ဝမ်ချင်းကျစ်ကလည်း သူ့ဆံပင်များ လုံးဝ ထောင်မတ်သွားစေမည့် အေးစက်မှုတစ်ခုကို ခံစားလိုက်ရသည်။ သူ လှမ်းကြည့်လိုက်ချိန်တွင် သံချပ်ကာဝတ်တပ်သားများ ဝိုင်းရံခံထားရသည့် အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမ၏အေးစက်စက် မျက်လုံးများက နှင်းခဲကဲ့သို့ ဖြစ်နေကာ သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။ သူမ၏ လှပသလောက် အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်ခံရချိန်တွင် ဝမ်ချင်းကျစ်က သူ့ကို ငရဲဘုရင် စိုက်ကြည့်နေသည်ဟုသာ ခံစားနေရသည်။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ခံစားမှုမျိုးကို သူ ပထမဆုံးအကြိမ် ခံစားမိခြင်းပင်။
ဒီမိန်းမဆီကနေ ထွက်ပေါ်လာတဲ့ သတ်ဖြတ်ခြင်းအငွေ့အသက်က တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်။
အဲ့ဒိသံချပ်ကာတပ်ဖွဲ့ရဲ့ဖွဲ့စည်းပုံထဲကို ကြီးမြတ်တဲ့ မသေမျိုးတစ်ယောက် ဝင်ရောက်သွားခဲ့ရင်တောင် အဲ့လူက အသက်ရှင်လျက် အရေခွံ အခွာခံလိုက်ရမှာ သေချာတယ်။ သူမကတော့ ထိခိုက်ရာလေးတောင် မရှိဘဲ ပြန်ထွက်လာနိုင်တယ်တဲ့လား?
တကယ်တော့ ဝမ်မိသားစုစစ်တပ်ရဲ့ သမိုင်းမှာ “လွတ်မြောက်မှု” ဆိုတဲ့ စကားလုံး မရှိခဲ့ဘူးလေ။
လက်ရှိတွင် စူးချင်းက သူမ၏ လှံကို စက်ဝိုင်းကဲ့သို့ ဝှေယမ်းနေပြီး ဝမ်ချင်းကျစ်ကလည်း သူမကို ကြောက်ရွံ့နေပြီ ဖြစ်သည်။
"ဆရာ၊ အဲ့ဒီသူခိုးလေးကို ကျွန်တော်နဲ့ လွှဲထားလိုက်ပါ"
ကျုံးယုံက စူးချင်းကို အော်ပြောလိုက်ရင်း သူ့လက်ထဲမှ သံတူကြီးများကို မြှောက်ကာ ဝမ်ချင်းကျစ်၏သက်တော်စောင့်များကို ပြေးလိုက်လိုက်သည်။ ကျန်းကျင့်လင်းကလည်း ဓားရှည်တစ်လက်၊ မြင်းတစ်စီးနှင့်အတူ ရောက်လာပြီး ထိုသက်တော်စောင့်များကို ကူညီပိတ်ဆို့လိုက်သည်။
ထိုကြောင့် ဝမ်ချင်းကျစ်၏ သက်တော်စောင့်များအနေဖြင့် သူတို့၏သခင်ကို ကယ်တင်ရန် ရှေ့မတိုးနိုင်ကြတော့ပေ။ စူးချင်းက သူမ၏ လှံကို မြှောက်ထားပြီး သူမ၏ အေးစက်သော အကြည့်များက ဝမ်ချင်းကျစ်ကို အပိုင်းပိုင်း ဖြတ်ပစ်ချင်ပုံရသည်။ သူမက ဆံပင်များက လေနှင့်အတူ လွင့်ပျံနေပြီး သူမက ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်သည်။
“စစ်နတ်ဘုရားရဲ့....”
စူးချင်းက သူမ၏ စစ်နတ်ဘုရားစွမ်းရည်ကို အသုံးပြုတော့မည် ဖြစ်သော်လည်း ရှောင်းကျဲယွိ ရောက်ရှိလာခြင်းကြောင့် အနှောင့်အယှက် ဖြစ်သွားရသည်။ သူက သူ့မြင်းကို ဝမ်ချင်းကျစ်ရှေ့သို့ ပြေးဝင်သွားစေပြီး သူ့လက်ထဲမှ လှံက ပျံသန်းနေသည့် နဂါးကြီးအသွင်ဖြင့် ဝမ်ချင်းကျစ်ဆီသို့ တိုးဝင်သွားသည်။
သူမ၏ ထုတ်လွှတ်နေသည့် စွမ်းရည်က တစ်ထက်တစ်ပျက် ရောက်နေပြီ ဖြစ်သောကြောင့် စူးချင်းက ထိုစွမ်းရည်ကို ဝမ်မိသားစုစစ်တပ်မှ စစ်သည်များကို သတ်ရန်သာ အသုံးပြုလိုက်ရတော့သည်။
"စစ်နတ်ဘုရားရဲ့စွမ်းရည်"
သူမက ငွေရောင်လှံကို ဝေဟင်သို့ ညွှန်ကာ စက်ဝိုင်းပုံစံ ဝှေ့ယမ်းပြီး ပင်လယ်နှင့် မြစ်များ၏ လွှမ်းမိုးနိုင်သော စွမ်းအားကို ယူဆောင်ကာ သူမတို့နောက်သို့ ပြေးလာနေသည့် ဝမ်မိသားစုစစ်တပ်ဆီသို့ ပစ်လွှတ်လိုက်သည်။ တခဏအတွင်းများပင် လူသေများ တစ်လောင်းပြီး တစ်လောင်း မြေပြင်ပေါ်သို့ ပြုတ်ကျလာတော့သည်။
ဝမ်မိသားစုစစ်တပ်မှ စစ်သည်များအားလုံး အံသြထိတ်လန့်သွားရပြန်သည်။
ဒီလောက် အစွမ်းထက်တဲ့ သိုင်းပညာ ရှိတယ်လား? ဒီစွမ်းအားက လူသတ်လက်နက်ကြီးတွေရဲ့ပြင်းအားထက် လုံးဝ မနိမ့်ကျဘူး။
တစ်ဖက်တွင်လည်း ရှောင်းကျဲယွိနှင့် ဝမ်ချင်းကျစ်တို့ ရင်ဆိုင်တွေ့နေပြီ ဖြစ်သည်။ ရှောင်းကျဲယွိကို မြင်လိုက်သည်နှင့် ဝမ်ချင်းကျစ်က နှာမှုတ်ကာ အေးစက်စက် လှောင်ပြောင် ရယ်မောလိုက်သည်။
“ကောင်းတယ်၊ ဒီနေ့ မင်းနဲ့ငါ ရလဒ်ကို ဆုံးဖြတ်ကြမယ်၊ ငါ အနိုင်ရရင် မင်း လော့ချန်ကို ငါ့ဆီ ပြန်ပေးရမယ်။ ငါ ရှုံးရင် ချက်ချင်း ပြန်ဆုတ်ပေးမယ်"
ရှောင်းကျဲယွိက သူ့လက်ထဲမှ လှံကို ရှေ့သို့ ချိန်ရွယ်ထားရင်း အေးစက်စက် ပြန်ရယ်မောလိုက်သည်။
"ဒါက မင်းရဲ့ဆန္ဒလား? ဒါပေမယ့် မင်း ဒီကို ရောက်လာမှတော့ ပြန်ဖို့ကို စဉ်းတောင် မစဥ်းစားနဲ့တော့၊ လော့ချန်က မင်းရဲ့သင်္ချိုင်းဖြစ်သွားပြီ၊ တခြားသူတွေကိုဆိုရင် ငါ လွှတ်ပေးကောင်းလွှတ်ပေးနိုင်တယ်၊ ဝမ်မိသားစုကလူဖြစ်တဲ့ မင်းကိုတော့ အပိုင်းပိုင်း ဖြတ်ပစ်ရမှ ကျေနပ်နိုင်မယ်"
“ဟား ဟား၊ ဒါက ဘာစကားကြီးတုန်း၊ မင်းမှာ ဘယ်လောက် အစွမ်းရှိလို့လဲ? ငါ ကြည့်ချင်ပါသေးရဲ့၊ အဲဒီတုန်းက မင်းအဖေက ငါ့ခမည်းတော်လက်ထဲမှာ သေသွားခဲ့တာနော်။ ဒီနေ့ မင်းလည်း ငါ့လက်ထဲမှာ သေခွင့်ရမှာပါ။ မင်း ယောက်ျားဆိုရင် မိန်းမနောက်မှာ ပုန်းမနေနဲ့။ ငါတို့ယောကျာ်းချင်း ငါတို့ရဲ့ရန်ငြိုးတွေကို ဖြေရှင်းကြမယ်”
ဝမ်ချင်းကျစ်က စူးချင်းကို ထိတ်လန့်နေပြီး ရှောင်းကျဲယွိနှင့် စူးချင်းတို့ တွဲ၍ တိုက်ခိုက်လာမည်ကို စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် သူက အရင်ဆုံး စကားဖြင့် စစ်ထိုးနေခဲ့ခြင်း ဖြစ်သည်။
စူးချင်း၏ စစ်နတ်ဘုရားစွမ်းရည်က သူ့ကို အမှန်တကယ် ထိတ်လန့်စေခဲ့သည်။ သူမ သူ့အပေါ်သို့ ထိုစွမ်းရည် အသုံးပြုလိုက်ပါက သူ၏ အသွေးအသားနှင့် ခန္ဓာကိုယ်က ၎င်းကို ခံနိုင်ရည်ရှိမည်မဟုတ်ကြောင်း သူ ကောင်းကောင်းကြီး သိနေခဲ့သည်။
ဆန့်ကျင်ဘက်အနေနှင့် သူသ ရှောင်းကျဲယွိကို လုံးဝ မကြောက်ပေ။ သူ့အမြင်တွင် ရှောင်းကျဲယွိက လူငယ်လေးတစ်ယောက်သာ ဖြစ်ပြီး ထိုလူငယ်အနေဖြင့် သိုင်းပညာကျွမ်းကျင်လျှင်ပင် အလုံအလောက် မသန်မာနိုင်သေးဟု သူ သတ်မှတ်ထားခဲ့သည်။ ထို့ကြောင့် စူးချင်း ကူညီရန် မရောက်လာသရွေ့ သူ ရှောင်းကျဲယွိအား သတ်ပစ်နိုင်မည်ဟု အလွန်အမင်း ယုံကြည်နေခဲ့သည်။
“ကောင်းပြီ၊ ဒါဆိုလည်း ငါတို့ကြားက ရန်ငြိုးတွေကို ဖြေရှင်းကြတာပေါ့”
ရှောင်းကျဲယွိကလည်း မူကကတည်းက စူးချင်းကို ဝင်ပါခိုင်ရန် မရည်ရွယ်ထားခဲ့ပေ။
ဒါက သူ မဖြစ်မနေ ပြန်ယူမယ့် ရန်ကြွေးဖြစ်ပြီး ချင်းအာက ဘေးကနေ စောင့်ကြည့်ဖို့ပဲ လိုတယ်။
“ချင်းအာ၊ မင်း ဘေးနားမှာ အရင် အနားယူလိုက်ဦးနော်၊ မင်းရဲ့ယောက်ျားက သူ့အဖေအတွက် ဘယ်လိုလက်စားချေမယ်ဆိုတာ သေသေချာချာကြည့်နော်"
ဝမ်ချင်းကျစ်နှင့် ရင်ဆိုင်နေရချိန်တွင် သတ်ဖြတ်လိုစိတ်များ ပြည့်နေသည့် ရှောင်းကျဲယွိက စူးချင်းကို စကားပြောရန် ပြန်လှည့်သွားချိန်တွင်တော့ သူ့လေသံနှင့် အမူအရာက ချက်ချင်း နူးညံ့သွားတော့သည်။
“ပရောပရီ လုပ်တာကို ရပ်လိုက်စမ်း။ သေပေတော့!"
ဝမ်ချင်းကျစ်က အကြောင်းပြချက်မရှိဘဲ အနည်းငယ် မနာလိုဖြစ်လာခဲ့သည်။
သူက မင်းသားတစ်ပါး ဖြစ်နေပြီး ဘာလို့ ရှောင်းမိသားစုက ကလေးထက် နိမ့်ကျနေရတာလဲ?
ဒီကလေးက သူ့ထက် ဘယ်နေရာ ပိုကောင်းနေလို့လဲ? ဒီကလေးက ဘာကြောင့် ဒီလိုဇနီးကောင်းတစ်ယောက်နဲ့ လက်ထပ်နိုင်ခဲ့ရတာလဲ?
ဝမ်ချင်းကျစ်က တစ်ဖက်တွင် မနာလိုဖြစ်နေပြီး အခြားတစ်ဖက်တွင်မူ အလစ်ခိုးဝင်တိုက်ခိုက်ကာ အသာစီးရယူရန် ကြံရွယ်ထားသည်။ သူက ရုတ်တရက် အော်ဟစ်လိုက်ပြီး သူ့လက်ထဲမှ ဓားကြီးဖြင့် ရှောင်းကျဲယွိ၏ခေါင်းကို လျှပ်စီးလက်သလို လှမ်းခုတ်လိုက်သည်။ ရှောင်းကျဲယွိက ဘေးတိုက်ရွေ့လျားကာ ထိုဓားကို ရှောင်လိုက်ပြီး သူ့လက်ထဲမှ လှံက အရှေ့သို့ ထွက်လာကာ လှံဦးထိပ်က ဝမ်ချင်းကျစ်လည်ပင်းကို တည့်တည့် ချိန်ရွယ်ထားသည်။
ဝမ်ချင်းကျစ်ကလည်း အလျင်အမြန် တုံ့ပြန်လိုက်ပြီး ထိုထိုးချက်ကို ရှောင်တိမ်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ရှောင်းကျဲယွိအား မထီမဲ့မြင် မပြုရဲတော့ဘဲ တိုက်ခိုက်ရန် အပြည့်အဝ အာရုံစိုက်လာခဲ့သည်။
စူးချင်းက ရံဖန်ရံခါ ဘေးမှ ခိုးဝင်တိုက်ခိုက်ရန် ကြိုးစားနေသည့် ဝမ်မိသားစုစစ်သည်များကို သူမ၏ဓားဖြင့် တားဆီးရင်း အေးအေးဆေးဆေး စောင့်ကြည့်နေသည်။
"မင်းတို့နှစ်ယောက်က ရန်သူတွေကို သွားသတ်ကြတော့"
စူးချင်းက ကျန်းကျင့်လင်းနှင့် ကျုံးယုံတို့အား ရန်သူကို သွားတိုက်ရန် အမိန့်ပေးလိုက်သည်။ သူမကတော့ ရှောင်းကျဲယွိကို စောင့်ကြည့်ကူညီပေးရန် နေရစ်ခဲ့သည်။ ကျုံးယုံနှင့် ကျန်းကျင့်လင်းတို့ကလည်း စူးချင်း၏ စစ်နတ်ဘုရား စွမ်းရည်ကို မြင်ခဲ့ကြရပြီး မည်သူကမျှ သူမ ထိခိုက်အောင် မလုပ်နိုင်ကြောင်း နားလည်နေပြီ ဖြစ်သည်။ ထို့အပြင် ကျန်းကျင့်လင်းက လော့ချန်၏တပ်မှူး ဖြစ်ပြီး ရှောင်းကျဲယွိအား ကာကွယ်ရန် ထိုနေရာ၌ အကြာကြီး ရပ်မနေသင့်ပေ။ ထို့ကြောင့် သူက စူးချင်း၏အမိန့်ကို နားထောင်ပြီး ရှောင်းမိသားစုစစ်တပ်ကို ပြန်စုစည်းရန် ပင်မတပ်ဖွဲ့သို့ ချက်ခြင်း ပြန်လာခဲ့သည်။ ထို့နောက် သူက စစ်သည်များကို ဦးဆောင်ကာ ဝမ်မိသားစုစစ်တပ်အား စနစ်တကျ တုံ့ပြန်တိုက်ခိုက်ခဲ့သည်။ သူ့ဘက်တွင် ကျုံးယုံ ကူညီပေးနေသောကြောင့် စူးချင်းက သူ့အတွက် စိတ်မပူတော့ပေ။ သူမက ရှောင်းကျဲယွိကိုသာ မျက်တောင်မခတ်ကြည့်နေပြီး သူ အန္တရာယ်ရှိလာသည်နှင့် သူ့ကို ဝင်ကူညီရန် အဆင်သင့်ပြင်ဆင်ထားသည်။
စူးချင်းက သားကောင်ကို စိုက်ကြည့်နေသည့် ကျားတစ်ကောင်၏အကြည့်ဖြင့် စိုက်ကြည့်နေသောကြောင့် ဝမ်ချင်းကျစ်က ငရဲဘုရင်ဆီမှ စိုက်ကြည့်ခံနေသလို ခံစားလိုက်ရပြီး အအေးဓာတ်က သူ့ကျောရိုးထဲအထိ ပြေးဝင်လာတော့သည်။
သူ ရှောင်းကျဲယွိကို အနိုင်ယူနိုင်ခဲ့ရင်တောင် အဲဒီအမျိုးသမီးက သူ့ကို လွှတ်ပေးမှာ မဟုတ်ဘူး။
ထိုအချိန်အတောအတွင်းမှာပင် ရှောင်းကျဲယွိက သူ့၏အားနည်းချက်ကို ရှာတွေ့သွားပြီး အညှာအတာမဲ့စွာ တိုက်ခိုက်လာပြန်သည်။