မောက်မာလွန်းတဲ့စကား
Vol. 37 Ch. 544
"ကောင်မလေး၊ မင်းက ဘာလို့ ဒီလောက်တောင် မောက်မာနေရတာလဲ?"
ဝမ်ချင်းကျစ်က သူ့မြင်းပေါ်တွင် ထိုင်နေရင်း စူးရှသောအကြည့်များဖြင့် စူးချင်းကို လှမ်းကြည့်နေသည်။
ဒီမိန်းမကို အမြန် ဖယ်ထုတ်ပစ်ရမယ်။ အရင်က သူမကို အသက်ရှင်ခွင့်ပေးချင်ခဲ့တဲ့ သူ့ရဲ့အတွေးတွေကို သူတကယ်ပဲ နောင်တရလာပြီ။
ဒါပေမယ့် အခုတော့ သူ အဲ့လို လုံးဝ မတွေးတော့ဘူး။ သူ့ရဲ့ ဝမ်မိသားစုစစ်တပ်မှာ ထောင်နဲ့ချီတဲ့ စစ်သည်တွေနဲ့ မြင်းတွေ ရှိနေတာတောင် မိန်းမတစ်ယောက်ကို ဘယ်လိုမှ မသတ်နိုင်ခဲ့ကြဘူး။
ဒီတစ်ခါတော့ သူ လုံးဝ မပေါ့ဆရဲတော့ဘူး။ သူ အရမ်း နာကျင်စရာသင်ခန်းစာတစ်ခုကို သင်ယူလိုက်ရပြီ။ သူမ သူတို့ အရမ်းကြိုးစားအားထုတ်ခဲ့ရတဲ့ လူသတ်လက်နက်ကြီးကို လုယူသွားခဲ့တယ်။ ဒီဆုံးရှုံးမှုက အရမ်းကြီးမားလွန်းတယ်။ သူ လုံးဝ သည်းမခံနိုင်တော့ဘူး။
ထို့ကြောင့် ဝမ်ချင်းကျစ်က စစ်စည်းမျဥ်းများကိုပင် လိုက်နာရန် မရည်ရွယ်တော့ဘဲ စူးချင်းကို ဝန်းရံထားရန် ဝမ်မိသားစုစစ်တပ်မှ စစ်သည်များကို အမိန့်ပေးလိုက်သည်။ ဝမ်မိသားစုစစ်တပ်၏ ဖွဲ့စည်းပုံဗျူဟာက အင်အားကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။ ထို့ကြောင့်လည်း ဖောက်ထွက်၍ မရနိုင်သော မကျိုးပျက်နိုင်သော စစ်ဗျူဟာဟု အမည်ကျော်ကြားနေခြင်း ဖြစ်သည်။ ပြိုင်ဘက်တွင် ခေါင်းသုံးလုံးနှင့် လက်ခြောက်ချောင်း ရှိနေလျှင် သို့မဟုတ် နတ်ဘုရားခန္ဓာကိုယ် ရှိနေလျှင်ပင် ဝမ်မိသားစု သံချပ်ကာဖွဲ့စည်းပုံ၏ ဝန်းရံခံရခြင်းမှ မလွတ်မြောက်နိုင်ပေ။
ထိုသံချပ်ကာဖွဲ့စည်းမှုက ဧရာမအသားကြိတ်စက်ကြီးနှင့် ဆင်တူသည်။ အဝိုင်းခံရပြီး အလယ်သို့ ရောက်သွားသည်နှင့် မသေမျိုးနတ်ဘုရားများပင် အသားငါးပိဖြစ်သည်အထိ ကြိတ်ချေခံရပေလိမ့်မည်။
ထိုသို့သော အင်အားကြီးမားလှသည့် ဖွဲ့စည်းပုံဗျူဟာက ဝမ်မိသားစုစ်တပ်၏ အစွမ်းအထက်ဆုံး မှော်ရတနာ ဖြစ်သည်။
ထို့ကြောင့် ဝမ်ချင်းကျစ်က စူးချင်းကို ဖယ်ရှားနိုင်တော့မည်ဟု ယုံကြည်နေခဲ့သည်။
ဒါပေမယ့်လည်း ဒီမိန်းခလေးက အေးစက်သလောက် လှပနေတာကတော့ အရမ်းနှမြောဖို့ ကောင်းလွန်းတယ်။ သူမက ဒီကမ္ဘာပေါ်မှာရှိတဲ့ ရှားရှားပါးပါး အလှလေးတစ်ယောက်ဖြစ်နေတာတောင် သူမက အရမ်းအစွမ်းထက်နေလွန်းတယ်။ သူမက လူတွေကို သေစေနိုင်တဲ့ အဆိပ်ရှိ နှင်းဆီပင်လေးပဲ။ သူ သူမကို မကစားနိုင်မှတော့ ဖျက်ဆီးပစ်ဖို့ပဲ ရှိတော့တယ်။
"ဖွဲ့စည်းပုံကို အသက်သွင်းကြ"
ဝမ်ချင်းကျစ်က ဖွဲ့စည်းပုံဗျူဟာကို ကိုယ်တိုင်ကိုယ်ကျ စီမံနေပြီး သံချပ်ကာဝတ်တပ်သားများက စူးချင်း၏ပတ်ပတ်လည်တွင် စက်ဝိုင်းအလွှာသုံးလွှာအဖြစ် ဖွဲ့စည်း ဝန်းရံထားသည်။ တိုက်ပွဲအတွင်း သံချပ်ကာဝတ်တပ်သားအလွှာသုံးလွှာက အလှည့်ကျ အပြန်ပြန် အလှန်လှန် လှည့်ပတ်နေကြပြီး တစ်ချိန်တည်းမှာပင် သူတို့ ကိုင်ဆောင်ထားသည့် လက်နက်ရာပေါင်းများစွာက ဖွဲ့စည်းပုံအတွင်း ပိတ်မိနေသော မည်သူ့ကိုမဆို ဝန်းရံတိုက်ခိုက်နေကြသည်။
လူတစ်ဦးတစ်ယောက်အနေဖြင့် မည်မျှပင် သန်မာနေပါစေကာမူ ထိုလူက ရာဂဏန်းများစွာသော စစ်သည်များကို ယှဉ်ပြိုင်ရန် မဖြစ်နိုင်ပေ။ သူတို့က ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်နိုင်ကြပြီး သူတို့၏လက်နက်များကလည်း စက်ဝိုင်းအတွင်းရှိ လူကို ပင့်ကူမျှင်များသဖွယ် ပိတ်ဆို့ချုပ်နှောင်ထားနိုင်သည်။
စူးချင်းက သူတို့ ဖွဲ့စည်းပုံ အသက်သွင်းနေသည်ကို အေးအေးဆေးဆေး စောင့်ဆိုင်းနေရင်း အေးတိအေးစက်သာ ပြုံးနေလေသည်။ ထို့နောက်တွင် သူမ၏လက်ထဲမှ လှံ၏အရိပ်က ကောင်းကင်ထက်သို့ နဂါးတစ်ကောင်လို တိုးဝင်ပျံသန်းသွားသည်။ တာ့ဟေးကလည်း သခင်၏ညွှန်ကြားချက်အတိုင်း လှည့်ပတ်ပြေးလွှားနေသည်။ ထိုအတောအတွင်း လက်နက်ကြီးများ ပစ်ခတ်သံကိုလည်း ကြားနေရသည်။ အပြင်မှ လူများက အတွင်းထဲတွင် ဘာဖြစ်နေသည်ကို မမြင်နိုင်ကြပေ။ သို့သော် ရှောင်းမိသားစုစစ်သည်များကတော့ ဒေါသပေါက်ကွဲနေကြပြီး စူးချင်းကို ကယ်တင်ရန် ရဲရဲရင့်ရင့် ပြေးဝင်လာကြသည်။
ဝမ်ချင်းကျစ်က သူတို့ကို တားဆီးရန် သူ့တပ်များကို အမြန်စေလွှတ်လိုက်သည်။ စူးချင်းအား မသတ်နိုင်ခင် ထိုလူများ ဝင်ရောက်ကယ်တင်ခြင်းမှ မဖြစ်မနေ တားဆီးရန် သူ ဆုံးဖြတ်ထားပြီး ဖြစ်သည်။
အင်အားကြီးမားသော ဝမ်မိသားစုစစ်တပ်မှ စစ်သည်များက ရှောင်းမိသားစုစစ်တပ်အား အပြည့်အဝ တားဆီးနိုင်လိမ့်မည်ဟု သူ တွက်ဆထားခဲ့သော်လည်း မျက်နှာတစ်ခုလုံး မည်းနေသည့် အမျိုးသားက တောင်ပေါ်မှ ဆင်းလာသည့် ကျားတစ်ကောင်ကဲ့သို့ သူတို့ရှေ့တွင် ပေါ်လာလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။ သူ့ကို မည်သူမျှ မတားနိုင်သလို သူ့နောက်မှ စစ်သူရဲနှစ်ယောက်ကလည်း အစွမ်းထက်လှသည်။ သူတို့သုံးဦးက ထောင်ပေါင်းများစွာသော တပ်ဖွဲ့ဝင်များကို တန်းတူ ခုခံနိုင်ကြသည်။
ဝမ်ချင်းကျစ်လည်း သူတို့ကို တားဆီးရန် ရှေ့တန်းတပ်ဖွဲ့များ အမြန် ထပ်စေလွှတ်ရပြန်သည်။ ထို့နောက် သူက သံချပ်ကာဝတ်တပ်သားများ၏ ဖွဲ့စည်းပုံကို စိုးရိမ်တကြီး လှမ်းကြည့်လိုက်သည်။ အတွင်းဘက်မှ လက်နက်ချင်း ထိခတ်သံများ ကြားနေရသောကြောင့် ဝမ်ချင်းကျစ်တစ်ယောက် အနည်းငယ် ပိုစိုးရိမ်လာရပြန်သည်။
ဒီမိန်းမကို ဘာကြောင့် မသတ်နိုင်သေးတာလဲ?
သူ ကြည့်နေချိန်မှာပင် သံချပ်ကာဝတ်ဖွဲ့စည်းပုံထဲမှ ငွေဖြူရောင်နဂါးကြီး တက်လာသည်ကို သူ တွေ့လိုက်ရသည်။ ထိုအရာက ဝမ်ချင်းကျစ်ကို အံ့အားသင့်သွားစေပြန်သည်။
ဒါက ဘာလဲ?
သူ တွေဝေမှိန်းမောနေချိန်မှာပင် ထိုငွေဖြူရောင်နဂါးကြီးက လေထဲသို့ ပျံ့တတ်သွားသည်ကို ဝမ်ချင်းကျစ် ထပ်မြင်လိုက်ရသည်။ သူ အနီးကပ် စစ်ဆေးကြည့်လိုက်ရာ ထိုအရာက သံချပ်ကာဝတ်တပ်သားများ၏ လှံများ ဖြစ်ကြောင်း သိလိုက်ရသည်။
ဝမ်ချင်းကျစ်တစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သည်အထိ အံ့သြသွားရပြန်သည်။
ဒီမိန်းမမှာ ဘယ်လိုမျိုး သဘာဝလွန်စွမ်းအားတွေ ရှိနေရတာလဲ? သူမက လက်နက်တွေကိုပါ ဆွဲငင်နိုင်တာလား?
“အား…”
ရံဖန်ရံခါတွင် သံချပ်ကာဝတ်ဖွဲ့စည်းပုံထဲမှ သနားစရာကောင်းသည့် အော်ဟစ်သံများကို ကြားနေရပြီး အလှည့်ကျဖွဲ့စည်းပုံက စည်းချက်စတင် ပြတ်တောက်လာပြီ ဖြစ်သည်။ ဝမ်ချင်းကျစ်က ထိုယိုပေါက်ကို ဖာထေးရန် သူ့လူများကို ထပ်လွှတ်နေချိန်တွင် မျက်နှာမည်းအမျိုးသားက ဝမ်မိသားစုစစ်တပ်၏ ခံစစ်ကို ဖောက်ထွင်းပြီး သံချပ်ကာဝတ်ဖွဲ့စည်းပုံဆီသို့ ပြေးသွားနေပြီ ဖြစ်သည်။
"ချင်းအာ"
ထိုလူက ရှောင်းကျဲယွိဖြစ်ပြီး ဝမ်မိသားစုစစ်တပ်၏မော်တာကျည် ပျံတက်လာချိန်တွင် သူကလည်း ၎င်းကို သတိပြုမိခဲ့သည်။ သူက မော်တာကျည် သူ့အနားသို့ မရောက်ခင် အမြန် ပြေးထွက်ခဲ့သလို ကျုံးယုံကလည်း သူ့အစ်ကိုကြီးကို ကာကွယ်ရန် ခုန်အုပ်လိုက်သည်။
အတိအကျပြောရလျှင် ထိုပေါက်ကွဲမှုက ရှောင်းကျဲယွိကို မထိခဲ့ဘဲ ကျုံးယုံနှင့် ဝင်တိုက်မိခဲ့ခြင်းသာ ဖြစ်သည်။ သူက ကျူံးယုံကြောင့် သတိလစ်သွားပြီး ကျုံးယုံကလည်း ပေါက်ကွဲမှုကြောင့် မေ့မျောသွားသဖြင့် စူးချင်း မြို့ပြင်သို့ ထွက်လာချိန်တွင် သူတို့ကို ရှာမတွေ့ခဲ့ခြင်း ဖြစ်သည်။
သူတို့နှစ်ဦး သတိလစ်မေ့မြောနေရာမှ ပြန်နိုးလာချိန်တွင် စစ်သည်များ၏ အော်ဟစ်သံကို ကြားလိုက်ရသည်။ ရှောင်းကျဲယွိက ချက်ချင်း ထထိုင်လိုက်ပြီး အရှေ့တွင် ရင်ဆိုင်နေသည့် တပ်နှစ်တပ်ကို မြင်သွားတော့သည်။ ဝမ်ချင်းကျစ်က ဖွဲ့စည်းပုံတည်ထောင်ရန် အမိန့်ပေးသည်နှင့် သူကလည်း ချက်ချင်း ထရပ်ကာ တိုက်ပွဲအတွင်းသို့ ပြေးဝင်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် စစ်သည်တစ်ယောက်က သူ့ဆီသို့ ပြေးလာပြီး ချက်ချင်း သတင်းပို့လာခဲ့သည်။
"သခင်လေး၊ သခင်မလေးက ဝမ်မိသားစုစစ်တပ်ရဲ့တပ်စခန်းထဲကို ပြေးဝင်သွားပါတယ်"
ဤသတင်းကို ကြားလိုက်သည်နှင့် ရှောင်းကျဲယွိ၏မျက်လုံးများ နီရဲလာတော့သည်။
ချင်းအာက ဘာလို့ ဒီလောက် မဆင်မခြင် ဖြစ်သွားရတာလဲ?
ထိုအချိန်တွင် ရှောင်းကျဲယွိက သူ့တပ်ဖွဲ့ကို ပြန်လည်ဖွဲ့စည်းရန် စိတ်မ၀င်စားနိုင်တော့ဘဲ သူ့ဇနီးကို ကယ်တင်ရန်သာ စိတ်အားထက်သန်နေတော့သည်။ သူက တွေ့ရာ မြင်းတစ်ကောင်ပေါ်သို့ ခုန်တက်ပြီး ဝမ်မိသားစုစစ်စခန်းဆီသို့ ပြေးသွားလိုက်သည်။
ကျုံးယုံကလည်း ထရပ်လိုက်ပြီး သူ့အစ်ကိုကြီးနောက်သို့ လိုက်ရန် မြင်းတစ်ကောင် ရှာဖွေလိုက်သည်။ ကျန်းကျင့်လင်းကတော့ ဝမ်မိသားစု၏မြင်းတပ်ကို တွန်းလှန်ရန် သူ့တပ်ဖွဲ့ကို ဦးဆောင်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သခင်လေးနှင့် ကျုံးယုံတို့ ဝမ်မိသားစုစစ်တပ်ဘက်သို့ ပြေးဝင်သွားသည်ကို မြင်လိုက်သည်နှင့် သူ့လူများကို ခေါ်ဆောင်ကာ အလျင်အမြန် လိုက်ပါလာသည်။ ထိုအရာကြောင့် ဝမ်ချင်းကျစ်မြင်ခဲ့သည့် လူသုံးယောက်မြင်ကွင်း ဖြစ်ပေါ်လာခဲ့ခြင်းပင်။
ရှောင်းကျဲယွိက သံချပ်ကာဝတ်တပ်ဖွဲ့ရှေ့သို့ ပြေးသွားပြီး ထိုသံချပ်ကာဝတ်တပ်သားများ၏ လည်ပင်းကို ချိန်ရွယ်ကာ သူ့လက်ထဲမှ လှံကို ထိုးစိုက်လိုက်သည်။ သူတို့၏လည်ပင်းနှင့် ခြေထောက်များတွင်သာ သံချပ်ကာ လစ်လပ်နေသောကြောင့် ထိုနေရာနှစ်ခုမှလွဲ၍ အခြားနေရာများသို့ လက်နက်များ ထိုးဖောက်နိုင်မည် မဟုတ်ပေ။
ဝမ်ချင်းကျစ်၏ ရှေ့ပြေးတပ်ကလည်း ရှောင်းကျဲယွိကို တားဆီးရန် ရောက်ရှိလာခဲ့သည်။ သို့သော်လည်း ကျုံးယုံက သူ့၏သံတူကြီးနှင့် သူတို့၏မြင်းဖင်များကို အနောက်မှ လိုက်ရိုက်နေသည်။ မြင်းများက အရိုးကွဲအက်သည့် နာကျင်မှုကို သည်းမခံနိုင်ဘဲ ရှေ့ပြေးတပ်သားများကို သူတို့၏ကိုယ်ပေါ်မှ ခါချလိုက်ကြသည်။
ထိုအချိန်တွင် ကျုံးယုံက သူ့ကိုယ်ကြီးကို ကိုင်းချလိုက်ပြီး သူ့လက်ထဲမှ သံတူတစ်ချောင်းက ရှေ့တန်းတပ်သားတစ်ဦး၏ခေါင်းပေါ်သို့ ကျရောက်သွားသည်။ ထိုရှေ့တန်းတပ်သား၏ ဦးခေါင်းက ဖရဲသီးကဲ့သို့ ပေါက်ကွဲသွားပြီး အနီရောင်သွေးများနှင့် အဖြူရောင် ဦးနှောက်အစိတ်အပိုင်းများက ဝမ်ချင်းကျစ်၏မျက်နှာအထိ ပြန့်ကျဲလာသည်။
ဝမ်ချင်းကျစ်က ကျုံးယုံကို သေသည်အထိ မုန်းတီးသွားပြီး အံကြိတ်ကာ စိုက်ကြည့်နေသည်။
ဒီကလေးက စစ်ပွဲမှာတောင် နောက်ကနေ ခိုးဝင်တိုက်ခိုက်နေတာလား? ဘယ်လောက်တောင် အရှက်မဲ့လိုက်တဲ့ လူယုတ်မာလေးလဲ?
ဝမ်ချင်းကျစ်က သူ့မြင်းဖြင့် ရှေ့တိုးလာပြီး ကျုံးယုံကို ဓားဖြင့် လှမ်းခုတ်လိုက်သည်။ သူ့လက်ထဲမှ ဓားက သူ့၏မူလလက်နက် မဟုတ်ပေ။ သူ့၏ ကိုယ်ပိုင် ငွေရောင်လှံက စူးချင်းကြောင့် လွင့်စင်ကာ အောက်သို့ ပြုတ်ကျသွားခဲ့သည်။ ဝမ်ချင်းကျစ်က သူ့လူကို သူ့လက်နက်အား ပြန်ရှာပေးရန် အမိန့်ပေးခဲ့သေးသည်။ သို့သော် လှံရိုးကိုသာ ပြန်ရပြီး လှံသွားက ပျောက်ဆုံးသွားသည်။
လှံရိုးပဲ ကျန်နေတာကို သူက ဘယ်လို တိုက်ခိုက်ရမှာလဲ?
ထို့ကြောင့် ဝမ်ချင်းကျစ်လည်း သူ့လက်အောက်ငယ်သားများထံမှ အပြားကျယ်သည့် ဓားရှည်ကို ယူရန်သာတတ်နိုင်တော့သည်။ ထိုလက်နက်က သူ့၏ကိုယ်ပိုင်လက်နက် မဟုတ်သလို သူနှင့်လည်း မသင့်လျော်သောကြောင့် သူ့စွမ်းအားကို ထက်ဝက်နီးပါး လျှော့ကျသွားစေသည်။
ကျုံးယုံက သိုင်းကွက်များစွာကို မသိသော်လည်း ချန်ယောင်ကျင်း၏ ပုဆိန်သုံးချက်ကဲ့သို့ သိုင်းကွက်မျိုးကပင် သူ့အတွက် အသုံးဝင်နေပြီ ဖြစ်သည်။ အဆုံးမဲ့ခွန်အားဖြင့် နည်းပညာကို အနိုင်ယူခြင်းမျိုး ဖြစ်သည်။ ဝမ်ချင်းကျစ်က ကျုံးယုံ၏သံတူကြီးကို ရှောင်တမ်းနေပြီး တိုက်ပွဲအတွင်း ပိတ်မိသွားကာ သူ့တပ်ကိုပင် မကွပ်ကဲနိုင်တော့ပေ။ သူက အချိန်အတိုင်းအတာတစ်ခုအထိ ကျုံးယုံကို အနိုင်မယူသေးပေ။
(t/N; ချန်ယောင်ကျင်း၏ ပုဆိန်သုံးချက် ဆိုတာက ရိုးရှင်းတဲ့ အကွက်ကိုပဲ ထပ်ခါထပ်ခါ သုံးရင် ပြောလေ့ရှိတဲ့ စကားပုံပါ။ ထန်မင်းဆက်လောက်က စကားပုံပြစ်ပြီး စစ်သူကြီးချန်ယောင်ကျင်းက ပုဆိန်သုံးကွက်ပဲ ခုတ်တက်ပါတယ်၊ ဒါပေမယ့် သူ့ခွန်အားနဲ့ သူ့ရဲ့ဆုံးဖြတ်ချက်တွေကြောင့် အောင်မြင်လာခဲ့တဲ့သူပါတဲ့)
ထိုကြောင့်လည်း တိုက်ပွဲအတွေ့အကြုံရင့်ကျက်နေသည့် ဝမ်ချင်းကျစ်၏ မျက်လုံးများက ပိုနီရဲလာခဲ့သည်။ သူက သူ့လက်ထဲမှ ဓားရှည်ကြီးကို ဝှေ့ယမ်းရင်း ကျုံးယုံ၏ဦးခေါင်းကို ဖြတ်နိုင်ရန် ကြိုးစားနေရာ ဓားရှည်ကြီးက လေတိုးသံနှင့် ကခုန်နေလေသည်။
"ချင်းအာ.... ချင်းအာ"
ရှောင်းကျဲယွိက သူ့ပတ်ဝန်းကျင်ရှိ စစ်သူကြီးလေးယောက်ကို ရင်ဆိုင်တိုက်ခိုက်နေရင်း စူးချင်း၏ အမည်ကို လှမ်းခေါ်နေသည်။
စူးချင်းက အစပိုင်းတွင် သူမ၏မုန်းတီးမှုကို အခြေခံပြီး သတိလက်လွတ် သတ်ဖြတ်နေခဲ့သည်။ သူမက ရှောင်းကျဲယွိအတွက် လက်စားချေရန် ဝမ်မိသားစုစစ်တပ်မှ လူများအားလုံးကို သတ်ပစ်ချင်နေခဲ့သည်။ ထို့ကြောင့် သူမ၏ရှေ့မှ မြေပြင်ပေါ်တွင် အလောင်းများ စုပုံနေပြီး သူမ၏ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာတွင်လည်း အနီရောင်သွေးများ စိုရွှဲနေပြီ ဖြစ်သည်။
ရှောင်းကျဲယွိ၏အသံကို ကြားလိုက်ရချိန်တွင် စူးချင်း၏ မျက်လုံးများထဲမှ ဝမ်းနည်းခြင်းနှင့် ဒေါသများနေရာတွင် အံ့အားသင့်ခြင်းများ အစားထိုးဝင်ရောက်လာသည်။
ရွှေ့ရှန့် မသေဘူးလား? သူ အသက်ရှင်နေသေးတာလား?
ထိုအခိုက်အတန့်တွင် စူးချင်းက စိတ်အား ပြန်တက်ကြွလာပြီး သူမအား ဝိုင်းရံထားသည့် လက်နက်များကို ရိုက်ချလိုက်ပြန်သည်။ ထိုအပြင် သူမ၏လှံဖျားကလည်း သံချပ်ကာဝတ်တပ်သားများ၏ လည်ချောင်းများဆီသို့ တိုးဝင်နေပြီး သူမ၏လှုပ်ရှားမှုတိုင်းက သေခြင်းတရားကို ဖြစ်ပေါ်စေသည်။
သူတို့က အမှန်တကယ် လိုက်ဖက်ညီသည့် စုံတွဲတစ်တွဲဖြစ်ပြီး စူးချင်းက ဖွဲ့စည်းပုံ၏အတွင်းတွင် ရှိနေကာ ရန်သူများ၏လည်ပင်းကို လှံဖြင့် ထိုးဖောက်နေသည်။ တချိန်တည်းမှာပင် အပြင်ဘက်မှ ရှောင်းကျဲယွိက ရန်သူများ၏လည်ပင်များကို ဓားဖြင့် ခုတ်ပိုင်းနေသည်။ နှစ်ဖက်စလုံးမှ ညှပ်ကာ တိုက်ခိုက်ခံနေရသဖြင့် သံချပ်ကာဝတ်တပ့်ဖွဲ့၏ဖွဲ့စည်းပုံက လုံးဝ ဖရိုဖရဲဖြစ်သွားတော့သည်။
သူတို့ ထိုဖွဲ့စည်းပုံအား စတင်ချိန်တွင် သူတို့၏တိုက်ခိုက်ရေးစွမ်းအား အဆ ၁၀၀ တိုးလာသော်လည်း ဖွဲ့စည်းမှုပျက်သွားသည်နှင့် သူတို့၏တိုက်ခိုက်ရေးစွမ်းအား လုံးဝ လျော့ကျသွားသည်။ စူးချင်းနှင့် ရှောင်းကျဲယွိတို့က သူတို့အားလုံးကို လုံးလုံးလျားလျား သုတ်သင်ပစ်လိုက်ကြသည်။
ရှောင်းမိသားစုစစ်တပ်မှ စစ်သည်များကလည်း သူတို့၏သခင်လေးနှင့် သခင်မလေး အသက်ရှင်နေသေးသည်ကို မြင်သွားကြပြီး ဝမ်မိသားစုစစ်တပ်ကို တိုက်ခိုက်ရန် အင်အားအပြည့်ဖြင့် ပြေးဝင်သွားကြသည်။
“သတ်ကြ”
ဝမ်မိသားစုစ်တပ်က စစ်သည်တစ်သောင်းဖြင့် စစ်ချီလာခဲ့သည်။ ထို့ကြောင့် ရန်သူထက် အင်အား နှစ်ဆကျော် ပိုများသည်။ သို့သော်လည်း မော်တာကျည်များ နှစ်ကြိမ်ဆက်တိုက် ပေါက်ခွဲခံလိုက်ရပြီး စစ်သည် ၈၀၀၀ သာ ကျန်ရှိတော့သည်။
ရှောင်းမိသားစုစစ်တပ်တွင် မူလက စစ်သည်ငါးထောင်ရှိသော်လည်း ရာဂဏန်းခန့် သေဆုံးသွားပြီး လေးထောင်ကျော်သာ ကျန်နေတော့သည်။ ထို့ကြောင့် ကွာခြားချက်က တစ်ဝက်အောက်သာ ရှိနေပြီး ရှောင်းမိသားစုစစ်တပ်မှ စစ်သည်များ ယုံကြည်မှု ပိုမြင့်တက်လာကြသည်။