ကောင်းကင်နတ်သိုင်းနှစ်မျိုး၊ နည်းလမ်းတစ်ခု
Vol. 137 Ch. 1765
လန်ယွီတျန်းက ခြေတစ်လှမ်းတည်းဖြင့် ကောင်းကင်နတ်ဧကရီ၏ နယ်ပယ်ထဲသို့ ပြေးဝင်သွားသည်။ ထိုနယ်ပယ်သည် အဆုံးသတ်မြို့ပျက်တာအိုဖြင့် ဖွဲ့တည်ထားသော ကြောက်မက်ဖွယ်ရာ နယ်ပယ်ပင်။
ကုန်းမြေထုကြီးများ၊ တောင်တန်းများသာမက ဘိုးဘေးနန်းတော်၏ တောင်စွယ်များပင်လျှင် ပြိုကျပျက်စီးလာပြီး ကောင်းကင်နတ်ဧကရီ၏ အသူရာချောက်နက်ထဲသို့ ပြုတ်ကျနေကြသည်။
ကြောက်စရာကောင်းသည်မှာ ကောင်းကင်မှ နေ၊ လ၊ ကြယ်တာရာများပင် ကြွေကျကုန်ခြင်း ဖြစ်သည်။ အရာအားလုံး ပြိုကျပျက်စီးလာသည်နှင့်အမျှ ကောင်းကင်နတ်ဧကရီ၏ အဆုံးသတ်မြို့ပျက်နယ်ပယ်သည် အလွှာသုံးဆယ့်ခြောက်ထပ်အဖြစ် မထင်မရှား ကွဲထွက်သွားသည်ကို တွေ့လိုက်ရ၏။ ပထမအထပ်မှ အဋ္ဌမအထပ်ထိမှာ ရိုးရိုးသာမန် ပြုတ်ကျခြင်းမျှသာ ဖြစ်သည်။ နဝမအထပ်မှာ ဆယ့်ခြောက်ထပ်အထိမှာ ကြေမွခြင်း ဖြစ်ပြီး၊ ဆယ့်ခုနစ်ထပ်မှ နှစ်ဆယ့်လေးထပ်အထိမှာမူ လွင့်ပျယ်ဆိတ်သုဉ်းခြင်း ဖြစ်သည်။ ဤအထပ်တွင် တိတ်ဆိတ်ခြောက်ကပ်နေသော လေပူတို့၏ တိုက်စားမှုကြောင့် မဟာတာအိုပင်လျှင် လွင့်ပျယ်ဆိတ်သုဉ်းသွားလိမ့်မည်။
နှစ်ဆယ့်ငါးထပ်သို့ ရောက်သောအခါ အလင်းရောင်ပင် မလွတ်မြောက်နိုင်တော့ပေ။ အရာဝတ္ထုအားလုံးသည် ထိုအထဲတွင် ကမ္ဘာဦးအစဖရိုဖရဲချီစွမ်းအင် အဖြစ်သို့ ပြောင်းလဲကုန်၏။ ကောင်းကင်နတ်ဧကရီ၏ ကြာပလ္လင်ထက်သို့ ရောက်လျှင် အရာအားလုံးသည် ဖရိုဖရဲဖြစ်ကုန်ချေပြီ။ ထို့နောက်တွင် စွမ်းအင်တို့က ကြာပလ္လင်၏ ကြာခွက်ထဲမှ ပန်းထွက်လာကာ ကောင်းကင်နတ်ဧကရီနှင့် ချိတ်ဆက်ပြီး ကျင့်စဉ်စွမ်းအင်အဖြစ်သို့ ကူးပြောင်းသွားသည်။
ဤသည်ကား အဆုံးသတ်အဖြစ် ပျက်စီးပြိုကွဲစေသော တာအို၊ အဆုံးသတ်မြို့ပျက်တာအို၏ ပြီးပြည့်စုံသော လမ်းစဉ်ပင်။ ပထမ စကြဝဠာခေတ်မှစ၍ အဆုံးသတ်မြို့ပျက်တာအိုအား အောင်မြင်ခဲ့သူ တစ်ဦးတည်းသာ ရှိခဲ့သည်။ ထိုသူကား သခင်လေးနှစ်ပင်။ ယခုမူ နောက်တစ်ယောက် ထပ်တိုးလာခဲ့ပြီး ထိုသူမှာ ကောင်းကင်နတ်ဧကရီပင် ဖြစ်ချေသည်။
ရှဲ့ဝူကျိအား မျိုချလိုက်ပြီးနောက် သူမ၏ နောက်ဆုံးသော သံယောဇဉ်နှောင်ကြိုးများ ချုပ်ငြိမ်းသွားကာ စစ်မှန်သော အဆုံးသတ်မြို့ပျက်နတ်ဘုရားမအဖြစ်သို့ ရောက်ရှိသွားခဲ့သည်။ ကောင်းကင်နတ်ဧကရီ တာအိုရရှိခဲ့စဉ်ကတည်းက သံယောဇဉ်နှောင်ကြိုးက သူမအတွက် အတားအဆီးဖြစ်နေကြောင်း သတိထားမိခဲ့သည်။
ထိုအချိန်က သူမမှာ ရှဲ့ဝူကျိအပေါ် ပြင်းထန်စွာ တွယ်တာလာသော သံယောဇဉ်ကို ရုတ်တရက် ခံစားခဲ့ရသဖြင့် သားဖြစ်သူအား အလွန်တွေ့ချင်ခဲ့သည်။ ထို့ကြောင့် ရှဲ့ဝူကျိကိုတွေ့ရန် ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ခရီးထွက်ခဲ့သည်။
ဤ မိခင်နှင့်သားသံယောဇဉ်၊ သားသမီးအပေါ် ချစ်ခင်တွယ်တာမှုသည် မထူးဆန်းသယောင် ထင်ရသော်လည်း အဆုံးသတ်မြို့ပျက်နတ်ဘုရားမအတွက်မူ လုံးဝ မလိုအပ်သော ခံစားချက်သာ ဖြစ်သည်။ ထိုအချိန်မှစ၍ နောက်တစ်ဆင့်သို့ တက်လှမ်းလိုလျှင် ဤခံစားချက်ကို ဖြတ်တောက်ပစ်ရမည်ဟု သူမ နားလည်ခဲ့သည်။
ကောင်းကင်နတ်အရှင်ရုံက သူမနှင့် ရှဲ့ဝူကျိ ဤလောကမှ ထွက်ခွာသွားပြီး အဆုံးသတ်မြို့ပျက်တွင် သားအမိနှစ်ယောက်တည်း ပျော်ရွှင်စွာ နေထိုင်သွားစေရန် ရည်ရွယ်ချက်ဖြင့် ရှဲ့ဝူကျိကို ခေါ်ထုတ်လာခဲ့သည်။ သို့သော် ၎င်းက ဧကရီကို ဆုံးဖြတ်ချက် ပိုမိုခိုင်မာသွားစေခဲ့သည်။ ဤခြေလှမ်းကို လှမ်းလိုက်သည်နှင့် ကောင်းကင်နတ်ဧကရီထံတွင် အားနည်းချက် မရှိတော့ပေ။
ကောင်းကင်နတ်အရှင်ရုံ၊ ရွှမ်းဝူနတ်မင်းနှစ်ပါး နှင့် လန်ဝူတို့လေးဦးသည် သူမနှင့် အနီးဆုံးတွင် ရှိနေခဲ့ကြ၏။ ကောင်းကင်နတ်ဧကရီ၏ တာအိုနှလုံးသား ပြီးပြည့်စုံသွားသည့် အခိုက်အတန့်တွင် လေးဦးစလုံး သူမ၏ အသူရာချောက်နက်ထဲသို့ ဆွဲသွင်းခံလိုက်ရကာ အပြင်ဘက်ဆုံးအထပ်မှ အတွင်းဘက်အထပ်များသို့ တဖြည်းဖြည်း ပြုတ်ကျသွားကြသည်။
သူတို့မှာ မျက်မှောက်ခေတ် စကြဝဠာတွင် အင်အားအကြီးဆုံး ပုဂ္ဂိုလ်များထဲမှ ဖြစ်လင့်ကစား အဆုံးသတ်မြို့ပျက်တာအို၏ စွမ်းအားကို မတွန်းလှန်နိုင်ကြပေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ့်ခြောက်ထပ်အထိ ရောက်သွားကြချေပြီ။ ဆယ့်ခုနစ်ထပ်သို့ ရောက်သွားလျှင် တာအိုသိုင်းပညာရှင်ပင် ဖြစ်စေကာမူ ထွက်ခွာနိုင်တော့မည် မဟုတ်ပေ။ နောက်ပြန်မလှည့်နိုင်ဘဲ ဆက်လက်ကျဆင်းသွားရင်း သူတို့၏ တာအိုများ ပျက်စီးကာ ကမ္ဘာဦးအစ ဖရိုဖရဲချီစွမ်းအင်များအဖြစ်သို့ ပြောင်းလဲပြီး အဆုံးသတ်မြို့ပျက်နတ်ဘုရားမအတွက် အာဟာရ ဖြစ်သွားကြလိမ့်မည်။
လေးဦးစလုံး ကောင်းကင်နတ်သိုင်းများအကုန် ထုတ်လွှတ်နေကြသည်။ ရွှမ်းဝူနတ်မင်းနှစ်ပါးမှာမူ အစကတည်းက ဒဏ်ရာများ ပြင်းထန်ထားခဲ့သည်။ နတ်မင်းဝူဆိုလျှင် ကောင်းကင်နတ်ဘုံ၏ ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်များ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့သည်သာမက ကောင်းကင်နတ်ဧကရီ၏ အဆုံးသတ်မြို့ပျက်ကြောင့်လည်း ပိုမိုဆိုးရွားသွားခဲ့သည်။ ထို့ကြောင့် သူမမှာ အားအနည်းဆုံး ဖြစ်နေ၍ ဆယ့်ခုနစ်ထပ်သို့ ပထမဆုံး ပြုတ်ကျသွားတော့သည်။
နတ်မင်းရွှမ်းက ဇနီးဖြစ်သူကို အားကုန် လှမ်းဆွဲထားသည်။ သူ၏ ချီစွမ်းအင်မှန်သမျှ ထုတ်လွှတ်ရင်း ဘိုးဘေးမြေကို ဆင့်ခေါ်ကာ အပြင်ဘက်သို့ ပျံထွက်နိုင်ရန် ကြိုးစားသည်။ ရွှံ့နွံအိုင်ကြီးက သူ၏ ခြေအောက်သို့ ရောက်လာသော်လည်း အကျော်ကြားဆုံးသော ဤအထွတ်အမြတ်နယ်မြေပင်လျှင် အသူရာချောက်နက်၌ ပြိုကွဲပျက်စီးနေရချေပြီ။
ဤပျက်စီးခြင်းသည် မဟာတာအို၏ ပျက်စီးခြင်း ဖြစ်သည်။
"လွှတ်” နတ်မင်းဝူမှာ အားကုန် ရုန်းကန်သော်လည်း နတ်မင်းရွှမ်းသည် မိမိအသက်ပင် ပေးရစေကာမူ အလွှတ်ပေးမည့်ပုံမပေါ်။ နတ်မင်းဝူက ဒေါသများဖြင့် သူ့အား ရန်တွေ့နေသည်။ "ငါ နင်နဲ့ပေါင်းရတာ ငြီးငွေ့နေပြီ... လွှတ်လို့... ဒါမှ နင် ငါ့လက်က လွတ်မှာလေ... ငါ နေ့တိုင်း ရိုက်နှက်နေလို့ စိတ်ညစ်နေတယ်မလား.... ငါ မရှိတော့ရင် နင် လွတ်လပ်သွားလိမ့်မယ်"
နတ်မင်းရွှမ်းသည် လုံးဝ မလွှတ်ပေးပေ။"ကိုယ်တို့နှစ်ယောက်က အတူတူ မွေးဖွားလာတာလေ... မင်းမရှိရင် ရွှမ်းဝူဟာ အဓိပ္ပါယ် ရှိပါတော့မလား”
နတ်မင်းဝူ ဒေါသထွက်သွားသည်။ သူမ၏ မီးလောင်နေသော တောင်ပံများက ဖြန့်ကားသွားပြီး နတ်မင်းရွှမ်း ဆုပ်ကိုင်ထားသော သူမ၏လက်ကောက်ဝတ်ကို ခုတ်ဖြတ်ပစ်သည်။ နတ်မင်းရွှမ်းက ကျန်လက်တစ်ဖက်ဖြင့် သူမ၏ တောင်ပံကြား၌ ခံပေးလိုက်သောကြောင့် သူ၏လက်သာ ပြတ်ထွက်သွားလေသည်။ နတ်မင်းဝူမှာ မျက်ရည်များ စီးကျနေလျက် ရေရွတ်နေသည်။ “ငါ နင့်ကို အမြဲတမ်း ရိုက်နှက်နေခဲ့မိတာ....”
ဘုန်း
ရွှံ့နွံအိုင်ကြီး ကြေမွသွားပြီး ဆယ့်ခုနစ်ထပ်သို့ ကျသွားချေပြီ။ ရွှမ်းဝူနတ်မင်းကို မွေးဖွားပေးခဲ့သော အထွတ်အမြတ်မြေမှာ တိတ်ဆိတ်ခြောက်ကပ်နေသော လေပူတို့၏ တိုက်ခတ်မှုကြောင့် တိုက်ခတ်ခြင်းခံရပြီး ချက်ချင်း မီးလောင်ပျက်စီးကာ အသေးငယ်ဆုံး အမှုန်အမွှားများအဖြစ် ပြန့်ကြဲသွားသည်။
နတ်မင်းရွှမ်းမှာလည်း မြဲမြဲမြံမြံ မရပ်နိုင်တော့သဖြင့် နွံအိုင်ကြီးနှင့်အတူ ဆယ့်ခုနစ်ထပ်သို့ ကျသွားချေပြီ။ သူက လက်တစ်ဖက်ဖြင့် နတ်မင်းဝူအား ပွေ့ဖက်ထားလိုက်သည်။
ဇနီးမောင်နှံနှစ်ဦးသည် လေပူများအကြား တဟုန်းဟုန်း တောက်လောင်နေရင်း ပိုမိုနက်ရှိုင်းသော အထပ်များဆီသို့ ကျဆင်းနေကြ၏။ နတ်မင်းဝူက နတ်မင်းရွှမ်း၏ရင်ခွင်ပေါ် ခေါင်းမှီလိုက်သည်။ နတ်မင်းရွှမ်းမှာ ပေါင်းဖက်ခဲ့သည့် ကာလတစ်လျှောက်လုံး သေသေချာချာ မခံစားမိခဲ့သည့် နွေးထွေးမှုကို ခံစားရင်း တိုးညင်းစွာ ဆိုသည်။ “ကိုယ် ဗေဒင် တွက်ကြည့်ခဲ့တယ်... ဒီခရီးက ကံကောင်းခြင်းတဲ့လေ... လန့်စရာကောင်းပေမယ့် အန္တရာယ် မရှိဘူးတဲ့"
"နင့်ဗေဒင်က ဘယ်တုန်းက မှန်လို့လဲ" နတ်မင်းဝူက ရယ်မောလိုက်သည်။ "ဒါပေမဲ့ ကံကောင်းတာက ယိုမင် တောင်ကောင်းကင်ဆီ ရောက်နေတာပဲ... သူ အခုတော့ ဘေးကင်းလောက်ပါပြီ”
ထိုအချိန်တွင် ကောင်းကင်နတ်အရှင်ရုံ၏ သန်မာအားကောင်းသော မူလဝိညာဉ်သည် လက်ကြီးတစ်ဖက်အား ဆန့်ထုတ်လိုက်ရင်း သူတို့နှစ်ဦးကို ဖမ်းဆွဲကာ အပြင်သို့ အားကုန် ဆွဲထုတ်လိုက်၏။
"နတ်မင်းတို့၊ ကျုပ်နဲ့အတူ စွမ်းအား ထုတ်လွှတ်ပြီး ကောင်းကင်နတ်ဧကရီရဲ့ နယ်ပယ်ကို တွန်းလှန်ပေးကြပါ"
လန်ဝူလည်း ပျံသန်းလာသည်။ သူမက ဟင်းလင်းပြင်အလွှာ သုံးဆယ်အဆင့် ရှိသည့် အသိစိတ်အလျဉ်နယ်ပယ်အား ဖြန့်ကျက်ကာ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်အား ခွဲဖွင့်ရန် ကြိုးစားသည်။ သို့သော် သူမ၏ နယ်ပယ်မှာ ကောင်းကင်နတ်ဧကရီ၏ နယ်ပယ်နှင့် ထိတွေ့လိုက်လျှင်ချင်း ချက်ချင်း ပြိုကွဲသွားသည်။
ကောင်းကင်နတ်အရှင်ရုံ၏ ယိုတု နယ်ပယ်မှာလည်း ထိတွေ့လိုက်သည်နှင့် ပြိုကွဲသွားသည်။ သူ၏ မူလဝိညာဉ်ဆီမှ လက်ဖဝါး ဆယ့်ခုနစ်ထပ်သို့ ဝင်ရောက်သွားသောအခါ မူလဝိညာဉ်မှာလည်း မထိန်းနိုင်တော့ဘဲ ပိုမိုနက်ရှိုင်းသော အလွှာများသို့ ကျဆင်းသွားသည်။ ကောင်းကင်နတ်အရှင်အဆင့် ပုဂ္ဂိုလ်လေးယောက်အနက် တစ်ယောက်မှ ကောင်းကင်နတ်ဧကရီ၏ နယ်ပယ်ကို မယှဉ်နိုင်ခဲ့ပေ။
ကောင်းကင်နတ်ဧကရီ၏ အဆုံးသတ်မြို့ပျက်တာအိုကား ပြီးပြည့်စုံသော အဆင့်သို့ ရောက်သွားသဖြင့် ပြိုင်ဘက်ကင်းသွားသည်ဟု ဆိုရမည်။ လန်ဝူလည်း ဆယ့်ခုနစ်ထပ်သို့ ကျဆင်းနေသည်။ သူမမှာ ပြုတ်ကျနေစဉ် ဘဝတစ်လျှောက် ဖြတ်သန်းခဲ့ရသည်များအား ပြန်တွေးမိသွားသည့်အတွက် ကျင့်စဉ် ပျက်စီးသွားတော့သည်။ ခံစားချက်မျိုးစုံက နှလုံးသားထဲသို့ တရှိန်းထိုး တိုးဝင်လာကာ သူမ၏ စိတ်ကို ရှုပ်ထွေးသွားစေသည်။
သူမ၏ ဝတ်ရုံစများသည် တလွင့်လွင့် လှုပ်ခတ်နေ၏။ လန်ဝူ ပန်းချီကားတစ်ချပ်ကို ထုတ်လိုက်သည်။ ပန်းချီကားထဲတွင် သူမ၏ ပုံတူ ရှိနေသည်။ သို့သော် ထိုပန်းချီကားမှာ လေပူတို့ကြောင့် မီးလောင် ပျက်စီးသွားလေသည်။
"ငါ ပန်းချီကားထဲက လူ ဖြစ်လာနိုင်တော့မှာ မဟုတ်ဘူး ထင်တယ်..." သူမ စိတ်မကောင်းစွာ တွေးလိုက်သည်။
ထိုစဉ် ရွှေရောင်သင်္ဘောတစ်စင်းက လေကို ခွင်းလျက် ပျံသန်းလာသည်။ သင်္ဘောပေါ်တွင် ကြီးမားလှသော ကျောက်ပြားတစ်ချပ် ရှိနေ၏။ သင်္ဘောက ကောင်းကင်နတ်ဧကရီအား ဝုန်းခနဲ တိုက်ချသွားသည်။
ကောင်းကင်နတ်ဧကရီက ရွှေသင်္ဘောကို လက်နှစ်ဖက်ဖြင့် ကြိုတင်တားဆီးလိုက်သော်လည်း သင်္ဘော၏ တိုက်အားကြောင့် နောက်ဆုတ်သွားရသည်။ ထိုစဉ် ရွှေသင်္ဘောပေါ်မှ ကျောက်တိုင်သည် လင်းလက်တောက်ပလာ၏။ အကြီးဆုံးသခင်လေး ဖန်တီးထားသော ကမ္ဘာဦးအစဖရိုဖရဲ သင်္ကေတအမှတ်အသားများ ပေါ်ထွက်လာကာ ကောင်းကင်နတ်ဧကရီ၏ မှော်စွမ်းအင်နှင့် မဟာတာအိုကို ခဏမျှ ဖိနှိပ်ထားလိုက်သည်။
ကောင်းကင်နတ်အရှင်ရုံနှင့် နတ်မင်းရွှမ်းဝူသည်လည်း အခွင့်အရေး ရသည်နှင့် ချက်ချင်း ထွက်ပြေးကြ၏။ လန်ဝူလည်း လွတ်မြောက်သွားပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။
ကောင်းကင်နတ်ဧကရီသည် ရွှေသင်္ဘောပေါ်သို့ တက်သွားပြီး ကျောက်ပြားအား မ,ကာ အသူရာချောက်နက်ထဲ ပစ်ချလိုက်၏။ သူမ၏ အသွင်သဏ္ဍာန်ကား အလွန်တရာ ကြမ်းကြုတ် ရက်စက်လှသည်။
"ငါ့ပန်းချီကား..." လန်ဝူမှာ စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ရင်း ကျင့်စဉ်အား ပြန်လည်လှည့်ပတ်လိုက်သည်။ သူမက ခံစားချက်များကို ပြန်လည်ဖြတ်တောက်လိုက်ရင်း ကောင်းကင်နတ်အရှင်ရုံတို့နှင့်အတူ ကောင်းကင်နတ်အရှင်ဟောင်ဆီ ပြေးဝင်သွားသည်။
တစ်ချိန်တည်းမှာပင် လန်ယွီတျန်း ပြေးဝင်လာကာ ရွှေသင်္ဘောပေါ်သို့ "ဒုန်း" ခနဲ ဆင်းသက်လိုက်သည်။ လောကသစ်ပင်သည် ရှဲခနဲ ကြီးထွားလာပြီး ဘိုးဘေးနန်းတော် တာအိုနယ်ပယ်မှ ဟင်းလင်းပြင်အလွှာများနှင့် အဆုံးသတ်မြို့ပျက်၏ တာအိုနယ်ပယ်အလွှာများ တိုက်မိသွားသည်။ အလွှာများသည် တစ်ခုကိုတစ်ခု ဝင်တိုက်၊ ဖိနှိပ်၍ အပြန်အလှန် ဖျက်စီးနေကြ၏။
ကောင်းကင်နတ်ဧကရီနှင့် လန်ယွီတျန်းတို့ ရွှေသင်္ဘော၏ ကုန်းပတ်ပေါ်သို့ ပြန်ကျဆင်းလာသည်။ နှစ်ဦးလုံး မရပ်တန့်ဘဲ ချက်ချင်းပင် ကောင်းကင်နတ်သိုင်း ထောင်ချီထုတ်လွှတ်၍ အပြန်အလှန် တိုက်ခိုက်လိုက်ကြသည်။ "ကောင်းကင်နတ်အရှင်ယွီ”
ကောင်းကင်နတ်ဧကရီမှာ ကောင်းကင်နတ်သိုင်းများ ဆက်တိုက်ထိမှန်သွားဖြင့် ယိမ်းယိုင်သွားသည်။ သူမက ခန္ဓာကိုယ်ကို ထိန်းရင်း တအံ့တဩ ကြည့်နေသည်။
ဤလန်ယွီတျန်းသည် ကောင်းကင်နတ်အရှင်ယွီ၏ ဟန်ပန်အမူအရာတို့ဖြင့် ဣန္ဒြေရှိနေသည်။ ခံ့ညားချောမောနေသည်သာမက ပြိုင်ဘက်ကင်းသော ဉာဏ်ပညာကို ပိုင်ဆိုင်ထား၏။ ရိုးသားနုံအသော လန်ယွီတျန်း မဟုတ်တော့ပေ။
"ကောင်းကင်နတ်အရှင်ယွီ ဖြစ်သွားပြန်ပြီပေါ့"
ကောင်းကင်နတ်ဧကရီကိုယ်တိုင်က အဆုံးသတ်မြို့ပျက် အသူရာချောက်နက်လို ဖြစ်နေသည်။ မည်သည့် ကောင်းကင်နတ်သိုင်းမဆို၊ သူမ၏ ကိုယ်ပေါ် ကျရောက်သွားလျှင် ချက်ချင်းပင် ကမ္ဘာဦးအစ ဖရိုဖရဲချီအဖြစ် ပြောင်းလဲကာ သူမ၏ ကျင့်စဉ််စွမ်းအင် တစ်စိတ်တစ်ပိုင်း ဖြစ်သွားသည်။ သူမက ကျေနပ်စွာ ပြုံးနေသည်။ "ဒါပေမဲ့ စိတ်မကောင်းစရာပဲ... နင်က တာအို မရသေးဘူး... နင် ဘယ်လိုပဲတိုက်ခိုက်တိုက်ခိုက် ငါ့အတွက် အာဟာရပဲ ဖြစ်လာလိမ့်မယ်... ကောင်းကင်နတ်အရှင်ယွီ၊ ငါက အရင်တုန်းက ကောင်းကင်နတ်ဧကရီ မဟုတ်တော့ဘူး... ငါ နင့်ကို လေးစားတယ်….ဒါပေမဲ့ နင်ကို ညှာပေးမှာတော့ မဟုတ်ဘူး... ငါ့ရဲ့ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲမှာ နင် ပိုပိုပြီး အားနည်းလာပြီး နောက်ဆုံးမှာ သေသွားလိမ့်မယ်"
သူတို့နှစ်ဦး၏ နယ်ပယ်များ ပိုမို ပြင်းထန်စွာ တိုက်ခိုက်ကြသည်။ ခဏလေးအတွင်း လန်ယွီတျန်း၏ နယ်ပယ်မှာ ကောင်းကင်နတ်ဧကရီ၏ ဖိနှိပ်မှုကြောင့် လှုပ်ရှားနိုင်စွမ်း နှေးကွေးသွားသည်။ သို့သော် သူသည် ကောင်းကင်နတ်ဧကရီ ထင်ထားသကဲ့သို့ ပိုမို အားနည်းလာခြင်း မရှိပေ။ သူ၏ အရှိန်အဝါက ပိုမို အားကောင်းလာသည်။
ကောင်းကင်နတ်ဧကရီ ပြောသည်မှာ မမှားပေ။ အဆုံးသတ်မြို့ပျက်ဖြင့် တာအိုရရှိခြင်းသည် တာအိုကျင့်စဉ်စနစ်ကို ချုပ်ထိန်းနိုင်သည်။ သို့သော် လန်ယွီတျန်း၏ ဘိုးဘေးနန်းတော် တာအိုစနစ်ကမူ သမားရိုးကျ တာအိုကျင့်စဉ်စနစ်နှင့် မတူပေ။
ခိုင်ဧကရာဇ် ချင်ယဲ့ တည်ထောင်ခဲ့သော သမားရိုးကျ တာအိုကျင့်စဉ်စနစ်သည် "အပြင်ဘက်တွင် တာအိုရရှိခြင်း" ဖြစ်ပြီး ဟင်းလင်းပြင်တွင် မှီခိုသည်။ လန်ယွီတျန်းသည် တာအိုစနစ်ကို ကျင့်ကြံသော်လည်း သူ၏ တာအိုစနစ်က "အတွင်း၌ တာအိုရရှိခြင်း" နှင့် သက်ဆိုင်သည်။
အကယ်၍ ကျင့်ကြံသည့်စနစ် တူပြီး တာအိုရသည့် နည်းလမ်းသာ ကွာခြားလျှင် သူတို့နှစ်ယောက်၏ ခွန်အားက သိသိသာသာ ကွာခြားနေမည််မဟုတ်။ သို့သော် "အပြင်ဘက်တွင် တာအိုရရှိခြင်း" သည် အန္တိမဟင်းလင်းပြင် ပျက်စီးလျှင် လိုက်ပါပျက်စီးရလိမ့်မည်။ "အတွင်း၌ တာအိုရရှိခြင်း" မှာမူ ပျက်စီးမည် မဟုတ်ပေ။
ကောင်းကင်နတ်ဧကရီကဲ့သို့ အဆုံးသတ်မြို့ပျက် တာအိုရရှိထားသူနှင့် ရင်ဆိုင်လျှင် "အပြင်ဘက်တွင် တာအိုရရှိခြင်း" သည် အရေးနိမ့်လိမ့်မည်။
အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲတွင် အန္တိမဟင်းလင်းပြင် မရှိပေ။ ထို့ကြောင့် တာအိုသိုင်းပညာရှင်တစ်ယောက်ပင်လျှင် အမှီပြုစရာ မရှိသဖြင့် ခွန်အား အကြီးအကျယ် ဆုံးရှုံးရလိမ့်မည်။ ထိုနည်းတူစွာ ကောင်းကင်နတ်ဧကရီကဲ့သို့ အဆုံးသတ်မြို့ပျက်ဖြင့် တာအိုရရှိသူကို အန္တိမဟင်းလင်းပြင်ထဲသို့ ဆွဲသွင်းနိုင်ပါက သူမ၏ကျင့်ကြံခြင်းအခြေခံအပေါ် များစွာထိခိုက်စေလိမ့်မည်။
“အတွင်း၌ တာအိုရရှိခြင်း" တွင်မူ ဤအားနည်းချက် မရှိပေ။
“အတွင်း၌ တာအိုရရှိခြင်း" ဆိုရာ၌ သူ၏ ကောင်းကင်ရတနာထဲက တာအိုသစ်ပင် ဖြစ်တည်စေခြင်းပင်။ တာအိုရလျှင် ကောင်းကင်ရတနာထဲရှိ ဘိုးဘေးနန်းတော်သည် မဟာခြုံလွှမ်းကောင်းကင်ဘုံအဖြစ် ပြောင်းလဲသွားပြီး လောကသစ်ပင်က တာအိုသစ်ပင် ဖြစ်လာသည်။ ထို့ကြောင့် အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲ ကျသွားလျှင်တောင်မှ သက်ရောက်မှု ရှိမည် မဟုတ်ပေ။
လန်ယွီတျန်းသည် "အတွင်း၌ တာအိုရရှိခြင်း"အဆင့်ထိ မအောင်မြင်သော်လည်း သူ၏ တာအိုအဆင့်မှာ အလွန် နက်ရှိုင်းနေချေပြီ။ ဟင်းလင်းပြင်အလွှာ သုံးဆယ့်ငါးထပ်အထိ ပိုင်ဆိုင်ထားသည့်အပြင် တာအိုကျင့်စဉ်စနစ်၌ ချင်မူထက်ပင် ပိုမိုကျွမ်းကျင်သေးသည်။၊
သူ၏ လမ်းစဉ်သည် ရှေးခေတ်မှ မျက်မှောက်ခေတ်အတွင်း အကြီးမားဆုံး အောင်မြင်မှုကို ရယူကာ ရှေ့ဆောင်လမ်းပြ ဖြစ်လာခဲ့၏။ ဘိုးဘေးနန်းတော်၏ အထွတ်အမြတ်မြေများကလည်း သူ့အတွက် တာအိုကို နားလည်စေခဲ့သော နေရာများ ဖြစ်ခဲ့သည်။
ချင်မူက ကောင်းကင်နတ်ဘုံ၏ ဖိအားကို တစ်ယောက်တည်း ထမ်းပိုးပေးထားရင်း လန်ယွီတျန်း တိုးတက်လာစေရန် လိုအပ်သော အချိန်၊ လိုအပ်သော နေရာကို ပေးထားခဲ့သည်။ ထို့ကြောင့်လန်ယွီတျန်း၏ ကျင့်ကြံခြင်းအခြေခံသည် အရှိန်အဟုန်ဖြင့် ခိုင်မာမြင့်တက်လာခဲ့၏။
ဘိုးဘေးနန်းတော် တာအိုနယ်ပယ်၏ အလွှာတစ်လွှာချင်းစီတွင် ထိုက်ငါးပါးကျောက်တုံးတွင်းများ တည်ရှိနေသည်။ မဟာတာအိုများက လှိုင်လှိုင်ကြွယ်ဝနေသည့်အပြင် ကောင်းကင်မုခ်ဝလေးခု၊ နဂါးသွဲ့ရေကန်၊ နဂါးသွဲ့စင်မြင့်၊ အကျဉ်းကိုးထပ်စင်မြင့်၊ ကောင်းကင်ပင်လယ်၊ နတ်ဘုရားစီရင်ရာစင်မြင့် ကဲ့သို့သော သဘာဝအထွတ်အမြတ်မြေများနှင့် တာအိုစည်းချက်များ ပေါ်လွင်နေသည်။ ကွဲပြားသော တာအိုသဘာဝတို့က မတူညီသော ထူးခြားဖြစ်စဉ်များကို ဖန်တီးနေသည်။
သူက ဤနယ်ပယ်ဖြင့် ကောင်းကင်နတ်ဧကရီ၏ အဆုံးသတ်မြို့ပျက်တာအိုနယ်ပယ်ကို ဖိနှိပ်ထားသည်။ သူ၏ လောကသစ်ပင်သည် တာအိုသစ်ပင်နှင့် ညီမျှ၏။ ကောင်းကင်နတ်ဧကရီထက် တာအိုအဆင့် တစ်ဆင့် နိမ့်ကျနေသော်လည်း၊ တာအိုသိုင်းပညာရှင်တစ်ပိုင်းနှင့် ညီမျှနေသေးသောကြောင့် ကောင်းကင်နတ်ဧကရီကို ယှဉ်ပြိုင်နိုင်စွမ်း ရှိလေသည်။
သို့သော် ကောင်းကင်နတ်ဧကရီနှင့် နှိုင်းယှဉ်လျှင် သူ့မှာ များစွာ နိမ့်ကျနေသေးသည်။ သူ၏ အားသာချက်မှာ နက်နဲသိမ်မွေ့သော ကောင်းကင်နတ်သိုင်းများသာ ဖြစ်သည်။ သို့သော် ကောင်းကင်နတ်သိုင်းများက ကောင်းကင်နတ်ဧကရီကို ကြီးကြီးမားမား အန္တရာယ်မပေးနိုင်ပေ။ ဤတိုက်ပွဲတွင် သူ သေဆုံးသွားနိုင်သည်။
ရုတ်တရက် လောကပေါင်းကူးရွှေသင်္ဘောပေါ်တွင် လူတစ်ယောက် ပေါ်လာသည်။
ရှုရှန်းဟွာက တာအိုနယ်ပယ်အလွှာများကို ဖြတ်ကာ သူ့အနောက်သို့ ဆင်းသက်လာသည်။ သူ၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။
ရှုရှန်းဟွာ၏ လောကသစ်ပင် ထွက်ပေါ်လာကာ တာအိုကျင့်စဉ်အဆင့်အား ပြသလိုက်သည်။ သူက လန်ယွီတျန်းနှင့်အတူ ကောင်းကင်နတ်ဧကရီ၏ အဆုံးသတ်မြို့ပျက် တာအိုနယ်ပယ်ကို တွန်းလှန်လိုက်သည်။ "လန်ယွီတျန်း၊ မင်းက ကောင်းကင်နတ်အရှင်ယွီ ဖြစ်လာတော့ မတည်ငြိမ်တော့ဘူး”
ရှုရွှမ်းဟွာက မှင်သေသေ ပြောသည်။ “မင်း ငါ့လို အင်မတန် တည်ငြိမ်တဲ့ လူတစ်ယောက်ကို လိုတယ်”
လန်ယွီတျန်းက ခေါင်းညိတ်ကာ လေးနက်သော အသံဖြင့် မေးသည်။ “နောင်တော်ရှု၊ ကောင်းကင်နတ်ဧကရီကို ဘယ်လို ရင်ဆိုင်သင့်တယ် ထင်လဲ"
"ကောင်းကင်နတ်သိုင်း နှစ်မျိုး၊ နည်းလမ်း တစ်ခု" ရှုရှန်းဟွာက လက်တစ်ချောင်း ထောင်လိုက်သည်။ "ပထမတစ်ခုက ဂိုဏ်းသခင်ချင် အရင်က သုံးခဲ့ဖူးတဲ့ 'အနီရောင်ကြိုးထုံးချိတ်တံဆိပ်' ပဲ... ဒါက အဆုံးသတ်မြို့ပျက် မဟာတာအိုကို အသေအချာ ချုပ်ပေးနိုင်တယ်"
သူ လက်တစ်ချောင်း ထပ်ထောင်လိုက်သည်။ "ဒုတိယတစ်ခုက ဂိုဏ်းသခင် ပြီးပြည့်စုံအောင် ပြုပြင်ပေးခဲ့တဲ့ ဘဝပြန်ဝင်စားခြင်းမဟာတာအိုပဲ... ကောင်းကင်နတ်ဧကရီကို ဘဝပြန်ဝင်စားခြင်းသံသရာထဲ ကျရောက်စေပြီး စိတ်ရှုပ်ထွေးအောင် လုပ်ရမယ်"
လန်ယွီတျန်းက ကောင်းကင်နတ်ဧကရီကို စူးစိုက်ကြည့်နေပြီး အာရုံမလွှဲရဲပေ။ "နည်းလမ်း တစ်ခုကကော”
"ကောင်းကင်နတ်အရှင်ယွင်ရဲ့ နည်းလမ်း"
ရှုရှန်းဟွာက ရှေ့သို့ တစ်လှမ်းတိုးပြီး သူနှင့် ယှဉ်ရပ်ကာ လေးလေးနက်နက် ပြောသည်။ "ကောင်းကင်နတ်ဧကရီကို အန္တိမဟင်းလင်းပြင်ဆီ ပို့လိုက်.... အဲဒီမှာ သူ့ကို သတ်ပစ်မယ်... ဒါပေမဲ့ မင်းတစ်ယောက်တည်း ဒါကို မလုပ်နိုင်ဘူး.... မင်းနဲ့ငါ ပူးပေါင်းရမယ်... ကောင်းကင်နတ်သိုင်း နှစ်မျိုး၊ နည်းလမ်း တစ်ခု.... အားလုံးကို တစ်ပြိုင်တည်း သုံးပြီး ကောင်းကင်နတ်ဧကရီကို သတ်ပစ်မယ်”