မသေမချင်း ချုပ်ထားရမည်
Vol. 137 Ch. 1766
ကောင်းကင်နတ်ဧကရီ မသေလျှင် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ လူအားလုံးနီးပါး ဒုက္ခရောက်ရလိမ့်မည်။ ကောင်းကင်နတ်အရှင်ယွဲ့၏ ဟင်းလင်းပြင်တာအိုလည်း သူမအား အနိုင်ယူနိုင်မည်မဟုတ်။
ရှုရှန်းဟွာ ပြောခဲ့သော ကောင်းကင်နတ်သိုင်းနှစ်မျိုးနှင့် နည်းလမ်းတစ်ခု ဆိုသည်က အမှန်ပင် ကောင်းကင်နတ်ဧကရီကို တန်ပြန်ချေမှုန်းနိုင်သည့်် တစ်ခုတည်းသော နည်းလမ်း ဖြစ်၏။
“ငါရဲ့ ချစ်သူလေးနှစ်ယောက်၊ နင်တို့က ငါ့ရှေ့မှာ ငါ့ကို တိုက်ခိုက်မယ့် နည်းလမ်း ထုတ်ပြောရဲတယ်ပေါ့… အသုံးဝင်လိမ့်မယ် ထင်နေတာလား”
ကောင်းကင်နတ်ဧကရီက ရယ်လိုက်သည်။ “ငါက နင်တို့စကားကို ကြားပြီးသွားတာတောင် ထောင်ချောက်ထဲ ဝင်ဦးမယ်ထင်နေတာလား… ငါ့ကို နင်တို့ အထင်သေးနေတာပေါ့လေ”
ရှုရှန်းဟွာက တည်ကြည်စွာ ဆိုသည်။ “အရှင်မ၊ ကျွန်တော်နဲ့ လန်ယွီတျန်းက အရှင်မကို ရင်ဆိုင်ဖို့ ဆွေးနွေးတိုင်ပင်ပြီးပြီ… အဆင့်တိုင်းနဲ့ အသေးစိတ်အချက်အလက်တိုင်းကို အကုန်ပြောပြရင်တောင်မှ အရှင်မ ရှောင်နိုင်မှာ မဟုတ်ဘူး”
သူ၏စကားများတွင် ယုံကြည်ချက်အပြည့် ရှိနေသည်။ ကောင်းကင်နတ်ဧကရီမှာ ဤသို့သော ယုံကြည်ချက်မျိုးကို ချင်မူ့ထံတွင်သာ မြင်တွေ့ခဲ့ဖူးလေသည်။
တစ်စုံတစ်ယောက်သည် ယုံကြည်ချက် မည်မျှပင် ပြင်းထန်စေကာမူ ချင်မူနှင့် အတူကြာရှည်စွာနေပါက ငုပ်လျှိုးသွားတတ်သည်။ ယုံကြည်မှုက ယခင်ကလောက် အားကောင်းတော့မည်မဟုတ်ချေ။
ဤအချက်ကို ကောင်းကင်နတ်ဧကရီ ကောင်းကောင်းသိထားသည်။
ယခင်က ကောင်းကင်နတ်အရှင်ဆယ်ပါးမှာ အင်အားကြီးမားခဲ့သော်လည်း ချင်မူနှင့် ထိတွေ့ဆက်ဆံပြီးနောက် တာအိုနှလုံးသားတို့ ပြိုလဲခဲ့ရသည်။ သူမလည်း ထိုသို့ခံစားခဲ့ရသလို ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာလည်း အလားတူပင်။
သို့သော် ရှုရှန်းဟွာကား ခြွင်းချက်ပင်။
သူသည် ချင်မူ့အရှေ့၌ပင် အားကောင်းပြင်းထန်သည့် ယုံကြည်ချက်ကို ဆက်လက်ထိန်းသိမ်းထားနိုင်သော လူအနည်းငယ်ထဲမှ တစ်ဦး ဟု ဆိုရမည်။ အမှန်တွင် ရှုရှန်းဟွာကိုယ်တိုင်ကမူ ချင်မူထက် ပိုမိုထက်မြက်သည်ဟု ခံယူထားဆဲပင်။
လောကပေါင်းကူးရွှေသင်္ဘောပေါ်တွင် သုံးယောက်စလုံး မလှုပ်မယှက် ရပ်နေကြသည်။
ရုတ်တရက် ရှုရှန်းဟွာက ဘဝပြန်ဝင်စားခြင်းကောင်းကင်နတ်သိုင်းကို ထုတ်သုံးလိုက်ရာ ကောင်းကင်နတ်ဧကရီ မျက်နှာပျက်သွား၏။ သူမ၏ ခွန်အားတို့က ပေါက်ကွဲထွက်လာပြီး ရှုရှန်းဟွာဆီသို့ ပြေးဝင်သွားသည်။ ဘဝပြန်ဝင်စားခြင်းကောင်းကင်နတ်သိုင်းမှာ အမှန်တကယ်ပင် သူမအပေါ် ထိရောက်နိုင်သော ကောင်းကင်နတ်သိုင်းအနည်းငယ်ထဲမှ တစ်ခုဖြစ်၏။ ထို့ကြောင့် ရှုရှန်းဟွာသည် သူမ၏ အားနည်းချက်ကို ရှာဖွေရန် ၎င်းကို ဉီးစွာအသုံးပြုခဲ့ချေပြီ။
အဆုံးသတ်မြို့ပျက် တာအိုသိုင်းပညာရှင်များသည် ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများအရာ၌ အားနည်းချက်မရှိပေ။ သူတို့၏ တစ်ခုတည်းသော အားနည်းချက်မှာ စိတ်အစဉ်သာ ဖြစ်ပြီး ဘဝပြန်ဝင်စားခြင်းကောင်းကင်နတ်သိုင်းက သူတို့၏ စိတ်အစဉ်ကို ထိန်းချုပ်ရာတွင် ပြောင်မြောက်သည်။
တစ်ချိန်တည်းမှာပင် လန်ယွီတျန်းက ရှုရှန်းဟွာ၏ ရှေ့မှ ကန့်လန့်ဖြတ်ရပ်လိုက်သည်။ သူတို့နှစ်ယောက်သား အလျင်အမြန် တိုက်ခိုက်ကြရာ ကောင်းကင်နတ်သိုင်းအမျိုးမျိုး အဆက်မပြတ် ထွက်ပေါ်လာသည်။ ကောင်းကင်နတ်ဧကရီမှာ မျက်စိတစ်မှိတ်အတွင်း ကောင်းကင်နတ်သိုင်းမည်မျှ ထိမှန်သွားသည်ကို မသိနိုင်တော့ပေ။ သို့သော် လန်ယွီတျန်းသည် တစ်လောကလုံး၌ ထိပ်တန်းအဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်လာခဲ့သော်လည်း သူမကို အနည်းငယ်မျှ အန္တရာယ်မပြုနိုင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမကို ပိုမိုသန်မာအားကောင်းလာစေသေးသည်။
ဤအခိုက်အတန့်တွင် အလင်းတန်းတစ်တန်းက နှစ်ယောက်၏ ကောင်းကင်နတ်သိုင်းအမျိုးမျိုးအကြားမှ ရုတ်တရက် ဖြတ်သန်းသွားသည်။ ရှုရှန်းဟွာ၏ ဘဝပြန်ဝင်စားခြင်းကောင်းကင်နတ်သိုင်း ပေါ်ထွက်လာချေပြီ။
အလင်းရောင်က ကောင်းကင်နတ်ဧကရီ၏ ရှေ့သို့ တိုးဝင်လာသည်။ ကောင်းကင်နတ်ဧကရီမှာ လန်ယွီတျန်း၏ ကောင်းကင်နတ်သိုင်းကို မရှောင်တိမ်းနိုင်သဖြင့် အဆုံးသတ်မြို့ပျက်မဟာတာအိုဖြင့် အလင်းရောင်ကို ခုခံလိုက်သည်။
ဝီ....
အလင်းရောင်သည် သူမ၏အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ဖြင့် ဝါးမြိုခံလိုက်ရကာ အစအနမကျန် ပျောက်ကွယ်သွားတော့၏။
“ဘဝပြန်ဝင်စားခြင်းတာအိုက ငါ့အတွက် ဘာမှ အသုံးမဝင်ဘူး”
ကောင်းကင်နတ်ဧကရီ ထိုသို့ပြောနေစဉ် သခင်မယွမ်မုက မည်သည့်နေရာမှမှန်းမသိ ထွက်ပေါ်လာသည်။ သူမက တခစ်ခစ် ရယ်ရင်း မေးနေသည်။ “အစ်မတော်၊ အစ်မတော် ..... ဘာတွေ လျှောက်ပြောနေပြန်တာလဲနော်”
ကောင်းကင်နတ်ဧကရီ အံ့ဩတုန်လှုပ်သွားသည်။ ထိုက်ချူသည်လည်း တစ်နေရာမှ လမ်းလျှောက်ထွက်လာ၏၊ သူက နူးညံ့ချိုသာသော အသံဖြင့် ပြောလိုက်သည်။ “ကိုယ်လေ မင်းရော ယွမ်မုကိုရော ကြိုက်တယ်”
“အယုတ်တမာကောင်” ကောင်းကင်နတ်ဧကရီက ဒေါသတကြီး ဆဲဆိုလိုက်သည်။
“မယ်တော်”
ရှဲ့ဝူကျိကိုလည်း ထပ်မံတွေ့လိုက်ရပြန်သည်။ ရှဲ့ဝူကျိမှာ ငယ်စဉ်က အလွန်တရာ ချစ်စရာကောင်းခဲ့လေသည်။ သူက လက်ကလေးနှစ်ဖက်ကို ဆန့်တန်းလျက် သူမထံ ပြေးလာနေသည်။
ကောင်းကင်နတ်ဧကရီမှာ သားဖြစ်သူကို မြင်လျှင် စိတ်မထိန်းနိုင်ဘဲ ခါးကိုင်းလိုက်မိသည်။ သားကို ပွေ့ချီချင်လိုက်သော်လည်း ရုတ်တရက် မျက်နှာအမူအရာက ရက်စက်ကြမ်းကြုတ်သွား၏။ သူမက အော်ဟစ်လိုက်သည်။ “အားလုံးက အတုတွေပဲ… ဘဝပြန်ဝင်စားခြင်းထဲက ထင်ယောင်ထင်မှား ပုံရိပ်တွေပဲ”
သူမက အဆုံးသတ်မြို့ပျက် ကောင်းကင်နတ်သိုင်းဖြင့် ယွမ်မုနှင့် ထိုက်ချူကို သတ်လိုက်သည်။ ကလေးရှဲ့ဝူကျိကိုမူ အနည်းငယ်တုံ့ဆိုင်းနေပြီးနောက်မှ သတ်ဖြတ်လိုက်နိုင်သည်။
“မင်း ဘာလို့ဒီလိုလုပ်ရတာလဲ” ထိုက်ချူမှာ နောက်တစ်ကြိမ် ထွက်ပေါ်လာပြီး သူမကို ဇဝေဇဝါ ကြည့်နေသည်။
ကောင်းကင်နတ်ဧကရီက သူ့ကို သတ်လိုက်သည်။ ယွမ်မုမှာ ရုတ်တရက် ထွက်ပေါ်လာပြန်ပြီး နှာခေါင်းရှုံ့လိုက်သည်။ “အစ်မတော်၊ နင် ငါ့ကို တကယ် သတ်နိုင်တယ် ထင်နေတာလား… ငါတို့က တစ်ယောက်တည်းပဲလေ… နင့်ခန္ဓာကိုယ်ထဲမှာ နောက်ထပ်ငါတစ်ယောက် ရှိနေတာ… နင် ဘယ်တော့မှ ငါ့ကို ဖယ်ရှားနိုင်မှာမဟုတ်ဘူး”
ကောင်းကင်နတ်ဧကရီက ဒေါသတကြီး အော်ဟစ်လိုက်ရာ အရွယ်ရောက်ပြီးသော ရှဲ့ဝူကျီတစ်ယောက် ထွက်ပေါ်လာ၏။ သူ၏အမူအရာမှာ အလွန်ဝမ်းနည်းကြေကွဲနေချေသည်။ “မယ်တော်၊ အာဏာက မယ်တော့်အတွက် ဒီလောက် အရေးကြီးတာလား”
ကောင်းကင်နတ်ဧကရီကား သွေးရူးသွေးတန်း တိုက်ခိုက်သတ်ဖြတ်နေတော့သည်။
သူမ၏အရှေ့တွင် ရှုရှန်းဟွာက ရပ်နေဆဲပင်။ ဘဝပြန်ဝင်စားခြင်းအလင်းရောင်တို့က သူ၏ မျက်ခုံးနှစ်ဖက်ကြားမှ အဆက်မပြတ် ထွက်ပေါ်လာနေ၏။
ကောင်းကင်နတ်ဧကရီမှာ သူ၏ ဘဝပြန်ဝင်စားခြင်း ကောင်းကင်နတ်သိုင်းထဲသို့ ကျရောက်သွားခဲ့ပြီဖြစ်သည်။ ဤကောင်းကင်နတ်သိုင်းမှာ အသိစိတ်အလျဉ် ပုံရိပ်ယောင်မဟုတ်ဘဲ အသိစိတ်အလျဥ် ဘဝပြန်ဝင်စားခြင်း ဖြစ်သည်။ သူ၏ဘဝပြန်ဝင်စားခြင်းတာအိုမှာ ချင်မူ့လောက် နက်ရှိုင်းကျယ်ပြန့်ခြင်း မရှိချေ။ ကောင်းကင်နတ်ဧကရီမှာလည်း ဘဝပြန်ဝင်စားခြင်းတာအိုကို ကျင့်ကြံဖူးသဖြင့် သူမအား ဘဝပြန်ဝင်စားခြင်းသံသရာထဲသို့ ကျရောက်စေရန် မလွယ်ကူပေ။ ကောင်းကင်နတ်ဧကရီ၏ ဘဝပြန်ဝင်စားခြင်းတာအိုကို ဖိနှိပ်ထားရန်လိုအပ်သည်။
ထို့ကြောင့် သူက ဘဝပြန်ဝင်စားခြင်း ကောင်းကင်နတ်သိုင်းကို အသုံးပြု၍ ကောင်းကင်နတ်ဧကရီ၏ အသိစိတ်အလျဥ်ထဲတွင် အခြားအသိစိတ်အလျဉ်များကို ပျိုးထောင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်သိုင်းကို အဆက်မပြတ် ထုတ်သုံးကာ ကောင်းကင်နတ်ဧကရီအား ဘဝပြန်ဝင်စားခြင်းသံသရာထဲသို့ တရစပ် ကျရောက်စေခဲ့သည်။
ဘေးတွင် လန်ယွီတျန်းသည် ကောင်းကင်နတ်ဧကရီနှင့် တိုက်ခိုက်နေဆဲ ဖြစ်၏။ ကောင်းကင်နတ်ဧကရီမှာ ဘဝပြန်ဝင်စားခြင်းထဲသို့ ကျရောက်သွားသော်လည်း ကောင်းကင်နတ်သိုင်းများဖြင့် ယွမ်မု၊ ထိုက်ချူတို့ကို သတ်ဖြတ်ခဲ့သည်။
ထိုကောင်းကင်နတ်သိုင်းများကို သူမ၏ရုပ်ခန္ဓာက အလိုအလျောက် ထုတ်သုံးနေခြင်း ဖြစ်သည့်အတွက် လန်ယွီတျန်းမှာ ရှုရှန်းဟွာ ဘေးကင်းစေရန် ထိုကောင်းကင်နတ်သိုင်းများကို တားဆီးနေရလေသည်။
ရှုရှန်းဟွာက သူ၏ကောင်းကင်ရတနာထဲရှိ ထိုက်ငါးပါးကျောက်တုံးတွင်းများကို အသက်သွင်းနေသလို တစ်ချိန်တည်းမှာပင် သူ၏ ကိုယ်ပိုင်တာအိုကျင့်စဉ်များဖြင့် အနီရောင်ကြိုးထုံး ချိပ်တံဆိပ်အား တုပရန် ကြိုးစားနေသည်။
အနီရောင်ကြိုးထုံး ချိပ်တံဆိပ်မှာ မီလော့နန်းတော်၏ တာအိုကျင့်စဉ်ဖြစ်ပြီး စွမ်းအားအရင်းအမြစ်က ကမ္ဘာဦးဖရိုဖရဲသင်္ကေတများ ဖြစ်သည်။ ကမ္ဘာဦးဖရိုဖရဲသင်္ကေတများကို ဝေစွေ့ဖုန်းက ကူးမှတ်လာကာ ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ပို့ဆောင်ခဲ့သည်။ လေ့လာသင်ကြားခဲ့သူ များစွာရှိသော်လည်း ကမ္ဘာဦးဖရိုဖရဲသင်္ကေတကို ကျင့်ကြံအောင်မြင်နိုင်ခဲ့သူက နည်းပါးလှ၏။ ကမ္ဘာဉီးဖရိုဖရဲချီစွမ်းအင်ကိုတော့ ပြောနေစရာပင် မလိုချေ။
ကမ္ဘာဦးဖရိုဖရဲသင်္ကေတကို ကျင့်ကြံအောင်မြင်လိုပါက ထိုက်ကျိ၊ ထိုက်စု၊ ထိုက်ရှီ၊ ထိုက်ချူနှင့် ထိုက်ယီသင်္ကေတများကို ဦးစွာကျင့်ကြံ၍ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်အောင် လုပ်ဆောင်ရမည် ဖြစ်သည်။
ကမ္ဘာဦးဖရိုဖရဲချီစွမ်းအင်ကို ကျင့်ကြံရာတွင်လည်း ထိုနည်းတူပင်။
ရှုရှန်းဟွာနှင့် လန်ယွီတျန်းတို့က ဘိုးဘေးနန်းတော် တာအိုကျင့်စဉ်စနစ်ကို တီထွင်ခဲ့ကြသည်။ လောကသစ်ပင်အား ဖွဲ့တည်သည့်အချိန်တွင် ထိုက်ငါးပါးသင်္ကေတများကို ကျင့်ကြံ၍ ထိုက်ငါးပါးကျောက်တုံးတွင်းအဖြစ် ပြောင်းလဲရန် လိုအပ်သည်။
ဤနေရာတွင် လန်ယွီတျန်း၏ ကျင့်ကြံခြင်းအခြေခံက အနက်ရှိုင်းဆုံးဖြစ်သော်လည်း သူသည် ကောင်းကင်နတ်ဧကရီ၏ အလိုအလျောက် တိုက်ကွက်များကို တားဆီးနေရ၏။ ရှုရှန်းဟွာသာလျှင် အနီရောင်ကြိုးထုံး ချိပ်တံဆိပ်ကို အသက်သွင်းနိုင်သည်။
လောကပေါင်းကူးရွှေသင်္ဘောက ကောင်းကင်သို့ ပျံတက်သွားပြီး သူတို့သုံးယောက်ကို သယ်ဆောင်ကာ ဟင်းလင်းပြင်အလွှာလွှာကို ဖြတ်ကျော်လျက် အန္တိမဟင်းလင်းပြင်ဆီသို့ ဦးတည်သွား၏။
ရုတ်တရက် နေရာဟင်းလင်းပြင် လျှို့ဝှက်နယ်မြေများ ပေါ်ထွက်လာပြီး လောကပေါင်းကူးရွှေသင်္ဘောကို ဖမ်းဆီးလိုက်သည်။ ဟွမ်ရှီခန်းမသခင်၏ တာအိုသစ်ပင်မှာ ရှေ့တွင် တည်ရှိနေသည်။ ဤခန်းမသခင်ကား ၁၇ စင်းမြောက် စကြဝဠာသို့ အပြည့်အဝ ဆင်းသက်နိုင်ခဲ့လေပြီ။ ရှန့်ကျွင်း သူမကိုပေးခဲ့သော တာအိုဒဏ်ရာများမှာလည်း ပျောက်ကင်းသွားခဲ့ပြီဖြစ်ရာ ခန်းမသခင်တစ်ပါး၏ ဂုဏ်ကျက်သရေနှင့် ပြန်လည်ပြည့်စုံနေတော့သည်။
သူမ၏ ကောင်းကင်နတ်သိုင်း ထွက်ပေါ်လာသည့အခါ လောကပေါင်းကူးရွှေသင်္ဘောမှာ အန္တိမဟင်းလင်းပြင်ထဲသို့ မပျံသန်းနိုင်တော့ချေ။ သူမ၏မဟာတာအိုမှ ဖြစ်ပေါ်လာသော နေရာဟင်းလင်းပြင်အမျိုးမျိုးတွင်သာ သွားလာနေရသည်။
ထိုစဉ် ကောင်းကင်နတ်အရှင်ယွဲ့၏ ဗျပ်စောင်းသံ ပျံ့လွင့်လာသည်။ သာယာငြိမ့်ညောင်းသော ဗျပ်စောင်းသံက ဟွမ်ရှီခန်းမသခင်၏ ကောင်းကင်နတ်သိုင်းကို ဖြတ်တောက်လိုက်၏။
နေရာဟင်းလင်းပြင်မှာ ဓားသွားကဲ့သို့ဖြစ်ပြီး မမြင်နိုင်သော ဓားသွား ၃၆ ခုက ဟွမ်ရှီခန်းမသခင်ထံ ခုတ်ပိုင်းလိုက်သည်။
ဟွမ်ရှီခန်းမသခင်က နှာခေါင်းရှုံ့လိုက်သည်။ တာအိုသစ်ပင်ပေါ်မှ မရေမတွက်နိုင်သော သစ်ရွက်များ ပျံသန်းလာကာ ဟွမ်ရှီခန်းမသခင်များအဖြစ်သို့ ပြောင်းလဲ၍ ကောင်းကင်နတ်အရှင်ယွဲ့ဆီ ပြေးဝင်သွားကြသည်။
သူမ၏ကောင်းကင်နတ်သိုင်းက ရွှေသင်္ဘောကို လွှမ်းခြုံလျက် နောက်တစ်ကြိမ် ပြန်ဆွဲယူလိုက်၏။
ဟွမ်ရှီခန်းမသခင်တစ်ဦးစီ ထုတ်သုံးသည့် ကောင်းကင်နတ်သိုင်းများက မတူညီချေ။ သူမသည် ထိုမျှလောက် စွမ်းအားကြီးချေသည်။
ကောင်းကင်နတ်အရှင်ယွဲ့၏ ဗျပ်စောင်းသံက တုန်ခါသွားပြီး အရပ်လေးမျက်နှာတွင် နေရာဟင်းလင်းပြင် မျက်နှာပြင်အမျိုးမျိုး ထွက်ပေါ်လာစေသည်။ ရုတ်တရက် နေရာဟင်းလင်းပြင် မျက်နှာပြင်တစ်ခုစီထဲတွင် ကောင်းကင်နန်းဆောင် ၃၆ ဆောင်နှင့် ပလ္လင်ခန်းမ ၇၂ ခု ထွက်ပေါ်လာပြီး ကြီးကျယ်ခမ်းနားသည့် မဟာကောင်းကင်နတ်ဘုံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ကောင်းကင်နတ်ဘုံအောက်တွင် ကျန်းပိုင်ကွေ့၏ ပုံရိပ် ပေါ်လွင်လာကာ နေရာဟင်းလင်းပြင် မျက်နှာပြင်များထဲမှ ထိုးထွက်၍ ဟွမ်ရှီခန်းမသခင်ကို ရင်ဆိုင်တိုက်ခိုက်လိုက်သည်။ ဟွမ်ရှီခန်းမသခင် ထောင်သောင်းပေါင်းများစွာ၏ ကောင်းကင်နတ်သိုင်းများမှာ တစ်ခုနှင့်တစ်ခု မတူညီသကဲ့သို့ သူမ၏ကောင်းကင်နတ်သိုင်းကို ဖြေရှင်းရန် ထုတ်သုံးသည့် ကျန်းပိုင်ကွေ့၏ တိုက်ကွက်များမှာလည်း တစ်ခုနှင့်တစ်ခု မတူညီပေ။
ဟင်းလင်းပြင်တာအို ကျင့်ကြံသော ပုဂ္ဂိုလ်နှစ်ဦး၏ တိုက်ပွဲမှာ အလွန်တရာ စိတ်လှုပ်ရှားစဖွယ်ပင်။
ကောင်းကင်နတ်အရှင်ယွဲ့၏ ကောင်းကင်နတ်သိုင်းများမှာ ဟွမ်ရှီခန်းမသခင်အောက် ထိုမျှမနိမ့်ကျသော်လည်း ကျင့်ကြံခြင်းအခြေခံတွင်မူ ဟွမ်ရှီခန်းမသခင်မအောက် များစွာနိမ့်ကျသည်။ ကျန်းပိုင်ကွေ့မှာမူ ကမ္ဘာခေတ်နှောင်း တာအိုလမ်းစဉ်ကို လျှောက်လှမ်းခဲ့၏။ သူသည် ကျောက်စိမ်းထောင်ချောက်၊ နတ်ကောင်းကင်ခန်းမ ထောင်ချောက်တို့၏ သက်ရောက်ခြင်းကို မခံခဲ့ရသဖြင့် ကျင့်ကြံခြင်းစွမ်းအင် မြင့်မားနေဆဲဖြစ်သည်။
သူတို့နှစ်ယောက်က အပေးအယူမျှတစွာ တိုက်ခိုက်နေသောကြောင့် ဟွမ်ရှီခန်းမသခင်အပေါ် သက်ရောက်နေသော ဖိအားမှာ ချက်ချင်းပင် တိုးပွားလာ၏။
သို့ထိတိုင် ဟွမ်ရှီခန်းမသခင်ကား နှစ်ဦးသားကို တစ်ပြိုင်နက်ရင်ဆိုင်ရင်း လောကပေါင်းကူးရွှေသင်္ဘောကိုပါ တားဆီးထားနိုင်ဆဲဖြစ်သည်။
ရုတ်တရက် ကောင်းကင်နတ်အရှင်ယွဲ့၏ ဗျပ်စောင်းသံ ပြောင်းလဲသွားပြီး အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် ပြည့်နှက်လာသည်။ ကောင်းကင်နတ်အရှင်ယွဲ့က ဗျပ်စောင်းကို အဆက်မပြတ် တီးခတ်နေရင်း ရှန့်ကျွင်း၏ တာအိုသတ်ဖြတ်ခြင်းတေးသံမှ ၃၇ ကွက်မြောက် သတ်ကွက်အဖြစ် ပြောင်းလဲလိုက်သည်။
ဟွမ်ရှီခန်းမသခင်မှာ ကြက်သီးမွေးညှင်းများ ထသွားပြီး ချက်ချင်းပင် တစ်ကိုယ်လုံးကို အပြည့်အဝကာကွယ်လိုက်သည်။ လောကပေါင်းကူးရွှေသင်္ဘောက ချက်ချင်းပင် လေကို ခွင်းလျက် အန္တိမဟင်းလင်းပြင်ထဲသို့ ပြေးဝင်သွား၏။
“နင် ငါ့ကို လှည့်စားလိုက်တာပဲ..”
ဟွမ်ရှီခန်းမသခင်မှာ ရှန့်ကျွင်း ရောက်လာရန် မစောင့်နိုင်တော့ပေ။ သူမက ဒေါသတကြီးဖြင့် ကောင်းကင်နတ်အရှင်ယွဲ့နှင့် ကျန်းပိုင်ကွေ့တို့အား သတ်ဖြတ်တော့သည်။
သူမ၏ တာအိုသစ်သီးတစ်လုံးက တာအိုသစ်ပင်ပေါ်မှ ပျံထွက်လာ၍ အန္တိမဟင်းလင်းပြင်ထဲသို့ ၀င်ရောက်ကာ လောကပေါင်းကူးရွှေသင်္ဘောဆီသို့ ပြေးဝင်သွားသည်။
လောကပေါင်းကူးရွှေသင်္ဘောပေါ်တွင် ရှုရှန်းဟွာမှာ နောက်ဆုံးတွင် အနီရောင်ကြိုးထုံး ချိပ်တံဆိပ်ကို ဖော်ဆောင်နိုင်သွားသည်။ သူက လက်ငါးချောင်းကို ဖြန့်ကျက်ကာ ကောင်းကင်နတ်ဧကရီ၏ မျက်နှာပေါ်သို့ ဖိကပ်လိုက်သည်။ အနီရောင်ကြိုးထုံး ချိပ်တံဆိပ် ထွက်ပေါ်လာချေပြီ။
ကောင်းကင်နတ်ဧကရီ၏ ခေါင်းထဲရှိ အသိစိတ်အလျဉ်မှာ ဘဝပြန်ဝင်စားခြင်းသံသရာထဲတွင် ရုန်းကန်နေပြီး သံသရာတစ်ခုပြီးတစ်ခုကို ဖြိုခွင်းကာ လွတ်မြောက်ရန် ကြိုးစားနေ၏။
ချင်မူက သူမကို ဘဝပြန်ဝင်စားခြင်းတာအို သင်ကြားပေးခဲ့ဖူးသည်။ အတွင်းထဲတွင် အားနည်းချက်တစ်ခု တိတ်တဆိတ် ထည့်သွင်းထားခဲ့ပြီး သူမနှင့် ယွမ်မု၏ အသိစိတ်အလျဉ်တို့အား တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်စေခဲ့သည်။ သို့သော် ရှုရှန်းဟွာအနေဖြင့် ဘဝပြန်ဝင်စားခြင်းတာအိုကို အသုံးပြု၍ သူမကို ချုပ်နှောင်ထားရန် မလွယ်လှပေ။
ယခင်က သူမသည် မမျှော်လင့်ဘဲ တိုက်ခိုက်ခံခဲ့ရသော်လည်း ယခုအခါတွင်တော့ အသိစိတ်အလျဉ် ဘဝပြန်ဝင်စားခြင်းတာအိုအား နက်နက်ရှိုင်းရှိုင်း နားလည်ထားပြီးချေပြီ။၊ ထို့ကြောင့် ဘဝပြန်ဝင်စားခြင်းကောင်းကင်နတ်သိုင်းကို လျစ်လျူရှုကာ သံသရာစက်၀န်းတစ်ခုပြီးတစ်ခုမှ ခုန်ထွက်နေသည်။
သူမ၏အသိစိတ်အလျဉ် ဘဝပြန်ဝင်စားခြင်းသံသရာထဲမှ လွတ်မြောက်တော့မည်အပြုတွင် ရုတ်တရက် အနီရောင်အလင်းတန်းငါးတန်းက ဘဝပြန်ဝင်စားခြင်းသံသရာထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။ ယင်းတို့က အနီရောင်လက်ကြီးတစ်ဖက်သဖွယ် သူမကို ဖိချလိုက်သည်။
ကောင်းကင်နတ်ဧကရီ၏ အသိစိတ်အလျဉ်မှာ ထိုလက်ဖဝါးထဲသို့ ကျရောက်သွားပြီး ဖိခံလိုက်ရ၏။ အသိစိတ်အလျဉ်မှာ ဘဝပြန်ဝင်စားခြင်းအလင်းတန်းများကို ဖြတ်ကျော်ကာ ချက်ချင်းပင် သံသရာအမျိုးမျိုးထဲသို့ ကျရောက်သွားသည်။
“လူစားလဲ”
ရှုရှန်းဟွာ ဤစကားကို ပြောလိုက်သည်နှင့် သူနှင့် လန်ယွီတျန်းတို့၏ ကိုယ်ခန္ဓာမှာ ချက်ချင်းပင် နေရာလဲလှယ်သွား၏။ ရှုရှန်းဟွာက ကောင်းကင်နတ်ဧကရီ၏ အလိုအလျောက် တိုက်ခိုက်မှုများကို ရင်ဆိုင်လိုက်ပြီး လန်ယွီတျန်းမှာမူ ဘဝပြန်ဝင်စားခြင်းကောင်းကင်နတ်သိုင်းကို ထုတ်သုံးကာ ကောင်းကင်နတ်ဧကရီ၏ အသိစိတ်အလျဉ်ကို ထိန်းချုပ်လိုက်သည်။
ရှုရှန်းဟွာ၏ အနီရောင်ကြိုးထုံးတွင် အပြောင်းအလဲသိပ်မပါသဖြင့်် သူ၏ချိပ်တံဆိပ်များက ကောင်းကင်နတ်ဧကရီ အလွယ်တကူ ချိုးဖျက်နိုင်၏။ ကောင်းကင်နတ်ဧကရီသာ လွတ်မြောက်သွားပါက သူတို့နှစ်ဦး အန္တရာယ်ရှိလာပေလိမ့်မည်။
ထိုမျှသာမက ကောင်းကင်နတ်ဧကရီသည် သူ၏ ဘဝပြန်ဝင်စားခြင်းကောင်းကင်နတ်သိုင်းကိုလည်း သိမြင်နားလည်ထားပြီး ဖြစ်သည်။ ကောင်းကင်နတ်ဧကရီအတွက် ချိုးဖျက်နိုင်ရန် ပိုမိုလွယ်ကူ၏။
သို့သော် လန်ယွီတျန်း၏ ဘဝပြန်ဝင်စားခြင်းတာအိုမှာ ရှုရှန်းဟွာ၏ ဘဝပြန်ဝင်စားခြင်းတာအိုနှင့် ကွဲပြားသည်။
ကောင်းကင်ယင်နတ်ဘုရားမသည် ဤတာအိုကို ဖန်တီးခဲ့ပြီး ချင်မူက ပြီးပြည့်စုံစေခဲ့သည်။ သို့သော် ချင်မူမှာ ဘဝပြန်ဝင်စားခြင်းတာအိုကိုအသုံးပြု၍ တာအိုအောင်မြင်ခဲ့ခြင်း မရှိသဖြင့် ဘဝပြန်ဝင်စားခြင်းတာအိုမှာ ပြီးပြည့်စုံသော မဟာတာအိုဟု မဆိုနိုင်သေးပေ။ အားလုံး ကျင့်ကြံသည့်အခါ သိမြင်နားလည်သည့်အရာများက ကွဲပြားသွားကြသည်။
လန်ယွီတျန်း အသက်သွင်းလိုက်ပါက ကောင်းကင်နတ်ဧကရီအနေဖြင့် ဖြေရှင်းရန် အချိန်ပိုမိုလိုအပ်ပေမည်။
လန်ယွီတျန်း သိမြင်နားလည်ထားသော အနီရောင်ကြိုးထုံး ချိပ်တံဆိပ် သင်္ကေတများမှာ အပြောင်းအလဲ သိပ်မများသော်လည်း ရှုရှန်းဟွာနှင့် ကွဲပြားသဖြင့် အချိန်အနည်းငယ် ဆွဲထားနိုင်ပေလိမ့်မည်။
ရှုရှန်းဟွာက ကောင်းကင်နတ်ဧကရီကို ရင်ဆိုင်ရင်း ကောင်းကင်နတ်ဧကရီ၏ အသိစိတ်မရှိသည့် အခြေအနေအား ခုခံနေသည်။ ကောင်းကင်နတ်ဧကရီ၏ အဆုံးသတ်မြို့ပျက်နယ်ပယ်မှာ အန္တိမဟင်းလင်းပြင်ထဲတွင် စတင် ပြိုကွဲလာ၏။
ဤအခိုက်အတန့်တွင် တာအိုသစ်သီးတစ်လုံးပြီးတစ်လုံး ပျံသန်းလာကြသည်။ ရုတ်တရက် အလင်းရောင်များ တောက်ပလာကာ အလင်းတန်းများ ထွက်ပေါ်လာ၏။ တိုက်ကွက်တစ်ကွက်တည်းဖြင့် လောကပေါင်းကူးရွှေသင်္ဘောမှာ အန္တိမဟင်းလင်းပြင်မှ တွန်းထုတ်ခံလိုက်သည်။
လောကပေါင်းကူးရွှေသင်္ဘောမှာ ဟင်းလင်းပြင်အလွှာများကို ဖြိုခွင်းထွက်ခွာသွားပြီး တာအိုသစ်သီးက နောက်မှလိုက်ပါလာ၏။ အလင်းတန်းများက ရှုရှန်းဟွာနှင့် လန်ယွီတျန်းတို့၏ နယ်ပယ်များကို ပြင်းထန်စွာ တုန်ခါသွားစေသည်။ သူတို့အနေဖြင့် ကောင်းကင်နတ်ဧကရီ၏ အဆုံးသတ်မြို့ပျက်နယ်ပယ်ကို ရင်ဆိုင်ရန် ခက်ခဲလာချေပြီ။
အခြေအနေကောင်းတစ်ရပ်မှာ ဤသို့ဖြင့် ပျက်စီးရပေတော့မည်။
ကောင်းကင်နတ်ဧကရီ နိုးထတော့မည့်အချိန်တွင် ရုတ်တရက် ရှန့်ကျွင်း၏ သတ်ဖြတ်ခြင်းတာအိုတေးသံ ညံလာသည်။ ရှန့်ကျွင်း၏ သတ်ဖြတ်ခြင်းတာအိုတေးသံနှင့်အတူ ဓားရောင်တစ်ခု လိုက်ပါလာ၏။ ယင်းက ဟွမ်ရှီခန်းမသခင်၏ တာအိုသစ်သီးကို အောက်မှ အပေါ်သို့ ချိန်ရွယ်ကာ ခုတ်ပိုင်းချလိုက်သည်။
ရှန့်ကျွင်း သတ်ဖြတ်ခြင်းတာအိုတေးသံ၏ ပထမသတ်ကွက်
ရှန့်ကျွင်း အမှန်တကယ် ရောက်လာခဲ့လေပြီ။
ရှန့်ကျွင်း သတ်ဖြတ်ခြင်းတာအိုတေးသံ၏ ဒုတိယသတ်ကွက် ထွက်ပေါ်လာသည့်အခါတွင် သေးမျှင်လှသော ဓားရောင်က တာအိုသစ်သီးကို အပိုင်းပိုင်း ဖြတ်တောက်လိုက်သည်။
တတိယသတ်ကွက် ထွက်ပေါ်လာသည့်အချိန်တွင် ဟွမ်ရှီခန်းမသခင် ထောင်သောင်းပေါင်းများစွာမှာ ခါးလယ်မှ ပြတ်တောက်သွားပြီး သွေးများ ကောင်းကင်အနှံ့ ဖြာထွက်သွား၏။
စတုတ္ထသတ်ကွက်၊ ပဉ္စမသတ်ကွက်၊ ဆဋ္ဌမသတ်ကွက် စသဖြင့်.... ဟွမ်ရှီခန်းမသခင်၏ ပတ်ဝန်းကျင်မှာ သွေးပင်လယ်ကဲ့သို့ နီရဲတောက်နေကာ ပတ်ပတ်လည်တွင် ခြေပျက်လက်ပျက်များ ပြည့်နှက်သွားတော့သည်။
ဟွမ်ရှီခန်းမသခင်က ကောင်းကင်မှ ဆင်းသက်လာပြီး ဓားရောင်အား ဖိနှိပ်လိုက်သည်။ ရှန့်ကျွင်းကို ဓားရောင်ထဲမှ ဆွဲထုတ်၍ ဟွမ်ရှီခန်းမအောက်တွင် ဖိနှိပ်လိုက်ချေပြီ။
ဟွမ်ရှီခန်းမသခင်မှာ တစ်ကိုယ်လုံး သွေးများပေကျံကာ ဒဏ်ရာဗလပွဖြစ်နေသည်။ သူမက ခန်းမအရှေ့တွင် ရပ်၍ ခက်ထန်စွာ ပြောလိုက်၏။
“ရှန့်ကျွင်း၊ နင်က ငါ့ကို နှစ်ကြိမ်တိုင်တိုင် အလစ်တိုက်ခဲ့တယ် … အခု ငါက ဆင်းသက်လာတုန်းကနဲ့ မတူတော့ဘူး…”
သူမ စကားပြောနေစဉ် ကောင်းကင်နတ်အရှင်ယွဲ့၏ ဗျပ်စောင်းက သတ်ဖြတ်ခြင်းတာအိုတေးသံကို ၃၇ ကွက်မြောက်အထိ တီးခတ်လိုက်သဖြင့် အသတ်အဖြတ်စိတ်ဆန္ဒက အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။
၃၇ ကွက်မြောက် သတ်ကွက်ထဲတွင် ဓားရောင်တစ်ချက် ဟွမ်ရှီခန်းမသခင်မ၏ မျက်နှာပေါ်သို့ ဖြာကျလာ၏။
ဟွမ်ရှီခန်းမသခင်၏ မျက်နှာမှာ ထိတ်လန့်တုန်လှုပ်သွားသည်။ သူမ ရှောင်တိမ်းရန် ပြင်လိုက်စဉ် ရုတ်တရက် ကျန်းပိုင်ကွေ့က ပျံသန်းလာသည်။ ပလ္လင်ခန်းမ ၇၂ ခု၊ ကောင်းကင်နန်းဆောင် ၃၆ ဆောင်က တဝုန်းဝုန်း ပိကျလာရင်း သူမ၏ခန္ဓာကိုယ်ကို ဖိနှိပ်ထားလိုက်သည်။
တစ်ချိန်တည်းမှာပင် လောကပေါင်းကူးရွှေသင်္ဘောက နောက်တစ်ကြိမ် အန္တိမဟင်းလင်းပြင်ထဲသို့ ပြေးဝင်သွားပြန်၏။ ရှုရှန်းဟွာနှင့် လန်ယွီတျန်းတို့၏ ပုံရိပ်များက ကောင်းကင်နတ်ဧကရီပတ်လည်တွင် လှည့်ပတ်သွားလာနေသည်။ သူတို့၏ ခြေလှမ်းများက ရပ်တန့်ခြင်း မရှိပေ။ တစ်ခါတစ်ရံ ရှုရှန်းဟွာက ကောင်းကင်နတ်ဧကရီ၏ တိုက်ကွက်ကို တားဆီးလိုက်ပြီး တစ်ခါတစ်ရံ လန်ယွီတျန်းက တားဆီးနေ၏။ အခွင့်အရေးရသည်နှင့် ဘဝပြန်ဝင်စားခြင်းကောင်းကင်နတ်သိုင်းကို ထုတ်သုံးကြသည်။ သို့မဟုတ် အနီရောင်ကြိုးထုံး ချိပ်တံဆိပ်ကို အသက်သွင်းကာ ကောင်းကင်နတ်ဧကရီအား မြဲမြဲမြံမြံ ထိန်းချုပ်နိုင်ရန် ကြိုးစားနေကြ၏။
အန္တိမဟင်းလင်းပြင်နှင့် အဆုံးသတ်မြို့ပျက်နယ်ပယ်မှာ ပြင်းထန်စွာ ဝင်တိုက်သွားသည်။ သူတို့နှစ်ယောက်ကား ကောင်းကင်နတ်ဧကရီ မသေမချင်း ချုပ်ထားရန် ကြံစည်ထားကြလေသည်။