နောက်ဆုံးသော
Vol. 137 Ch. 1767
ကောင်းကင်နတ်ဧကရီမှာ ဘ၀ပြန်၀င်စားခြင်းသံသရာထဲမှ အကြိမ်ကြိမ် ခုန်ထွက်လာခဲ့သော်လည်း ခန္ဓာကိုယ်ကို မထိန်းနိုင်ခင်မှာပင် သူတို့နှစ်ဦး၏ အနီရောင်ကြိုးထုံးချိပ်တံဆိပ်ဖြင့် ထပ်မံအချုပ်ခံရပြန်သည်။ ထိုချိပ်တံဆိပ်ကို ဖျက်ဆီးပြီးသည်နှင့် သူမအား ဘ၀ပြန်၀င်စားခြင်းသံသရာထဲသို့ ထပ်မံထည့်သွင်းကြပြန်၏။
ဤသို့ အကြိမ်ကြိမ် ဖြစ်ပျက်နေသည့်အတွက် သူမ၏ နှလုံးသားထဲတွင် မျှော်လင့်ချက် ကုန်ခမ်းလာတော့သည်.
အန္တိမဟင်းလင်းပြင်က သူမ၏ အဆုံးသတ်မြို့ပျက်ဆီသို့ ကျူးကျော်ဝင်ရောက်လာနေရင်း သူမ၏ တာအိုကျင့်စဉ်များကို ဖျက်ဆီးနေသောကြောင့် ကျင့်ကြံခြင်းအခြေခံကို တဖြည်းဖြည်း အားနည်းလာစေသည်။
လန်ယွီတျန်းနှင့် ရှုရှန်းဟွာ
တစ်ဦးက လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက နံပါတ်တစ် ဉာဏ်ကြီးရှင် ဖြစ်ပြီး နောက်တစ်ဦးက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ တောက်ပအောင်မြင်လာမည့် ပါရမီရှင်တစ်ဦး ဖြစ်သည်။ သူတို့က သူမကို အမိအရ ချုပ်ထားပြီး ထွက်ပြေးခွင့်မပေးပေ။
သူမမှာ တဖြည်းဖြည်း အားလျော့ပျက်စီးကာ သေဆုံးသည်အထိ တိုက်ခိုက်ခံရပေလိမ့်မည်။
လန်ယွီတျန်းနှင့် ရှုရှန်းဟွာတို့၏ ပူးပေါင်းဆောင်ရွက်မှုက အလွန်တရာ ပြီးပြည့်စုံ၍ အားနည်းချက်ဟူ၍ မရှိပေ။
သူတို့နှစ်ယောက်သည် ယခင်က ဘိုးဘေးနန်းတော်တွင် အတူတူ တာအိုကျင့်ကြံရင်း သိမြင်နားလည်ခဲ့သည်များကို အချင်းချင်း ဖလှယ်ခဲ့ဖူး၏။ လောကသစ်ပင်အောက်တွင် ဆန်းကြယ်နက်နဲသော သဘောတရားတို့အား အတူတူ လေ့လာခဲ့ဖူးကြသည်။ သူတို့၏ လမ်းစဉ်များမှာ အင်မတန် ဆင်တူသည်သာမက တစ်ယောက်၏ ကောင်းကင်နတ်သိုင်းကို တစ်ယောက် ကျွမ်းကျင်စွာ နားလည်ထားကြသည်။
လန်ယွီတျန်းသည် ထူးချွန်သော်လည်း လောကီရေးရာများနှင့် ပက်သက်လျှင် လျစ်လျှူရှုထားတတ်၏။ အဓိက,က ရှုရှန်းဟွာပင်။ လန်ယွီတျန်း မည်သည့်ကောင်းကင်နတ်သိုင်းကို အသုံးပြုသည်ဖြစ်စေ၊ သူသည် လန်ယွီတျန်း၏ အတွေးများကို ချက်ချင်း ခန့်မှန်းကာ ပူးပေါင်းနိုင်၏။
လန်ယွီတျန်းကား တာအိုကျင့်စဥ်တွင် အမြင့်ဆုံးသော အောင်မြင်မှုများကို ရရှိခဲ့သူဖြစ်သည်။ ဘိုးဘေးနန်းတော် တာအိုကျင့်စဉ်စနစ်တွင် တာအိုရရှိရန် အနီးစပ်ဆုံးသူ ဖြစ်ကာ အစွမ်းထက်ဆုံးလည်း ဖြစ်၏။ ရှုရှန်းဟွာ၏ ဉာဏ်ပညာနှင့် သိမြင်နားလည်မှုက လန်ယွီတျန်းအောက် နိမ့်ကျသော်လည်း လောကသစ်ပင်ကို ဆယ်စုနှစ်များစွာ တစ်ဦးတည်း စောင့်ရှောက်ခဲ့ပြီး ခိုး၀င်လာသည့် အတိတ်စကြ၀ဠာ သိုင်းပညာရှင်များကို သတ်ဖြတ်ခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် အတိုက်အခိုက်စွမ်းရည်နှင့် သတိက လန်ယွီတျန်းထက် များစွာ သာလွန်သည်။
ကောင်းကင်နတ်ဧကရီမှာ အားကုန်ထုတ်သုံးနေပြီး အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ကိုပင် အသက်သွင်းလိုက်သည်။ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ကို အသက်သွင်းနိုင်ပါက ၎င်း၏ အင်အားကြီးမားလှသော စွမ်းအားဖြင့် ဟင်းလင်းပြင်ကို ဝါးမြိုကာ သူမကို အဆုံးသတ်မြို့ပျက်ထဲသို့ ဆွဲသွင်းနိုင်သည်။ ထိုအချိန်တွင် အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲ၌ ထိုနှစ်ယောက်ကို သတ်ဖြတ်ရန်မှာ ခက်ခဲတော့မည် မဟုတ်ပေ။
သို့သော် ရှုရှန်းဟွာက သူမ၏ အတွေးများကို အကြိမ်ကြိမ် ခန့်မှန်းနိုင်ခဲ့သောကြောင့် ဘ၀ပြန်၀င်စားခြင်း ကောင်းကင်နတ်သိုင်းဖြင့် အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ကို ဆင့်ခေါ်လိုသည့် သူမ၏ အတွေးများကို ဖျက်စီးပစ်ခဲ့သည်။
နောက်ဆုံးတွင် အန္တိမဟင်းလင်းပြင်က သူမ၏ အဆုံးသတ်မြို့ပျက်ထဲသို့ ကျူးကျော်ဝင်ရောက်လာကာ အချိန်တိုအတွင်း အလွှာ ၁၃ ထပ်ကို ပြိုကျသွားစေသည်။ ကောင်းကင်နတ်ဧကရီမှာ တုန်လှုပ်ခြောက်ခြားလာတော့သည်။
ရှုရှန်းဟွာနှင့် လန်ယွီတျန်းတို့၏ လောကသစ်ပင်သည် ဟင်းလင်းပြင်ထဲရှိ တာအိုသစ်ပင်များနည်းတူ အန္တိမဟင်းလင်းပြင်ထဲရှိ မရဏလေအေးကို ဆင့်ခေါ်နိုင်သည်။ သူတို့၏ လောကသစ်ပင်အမြစ်များက အေးစက်သော လေများကို သူမ၏ အဆုံးသတ်မြို့ပျက်အတွင်းပိုင်းထဲသို စုပ်သွင်းနေသည်။ ယင်းက သူမ၏ ကျင့်ကြခြင်းအခြေခံအား အားလျော့လာစေသည်။
မနီးမဝေးတွင် ရှန့်ကျွင်း၊ ကောင်းကင်နတ်အရှင်ယွဲ့နှင့် ကျန်းပိုင်ကွေ့တို့က ဟွမ်ရှီခန်းမသခင်ကို ဝိုင်းဝန်း သတ်ဖြတ်နေကြသည်။
အဝေးတစ်နေရာတွင်မူ ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ တာအိုတိုက်ပွဲ ဖြစ်ပွားနေသည်။ ကောင်းကင်နတ်အရှင်ရုံ၊ ရွှမ်း၀ူနတ်မင်းနှစ်ပါးနှင့် လန်ဝူတို့က ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို တိုက်ခိုက်နေကြသည်။ ကောင်းကင်နတ်အရှင်ဟောင်သည် ဤတစ်ကြိမ်တွင် သခင်လေးသုံးလင်းရှောင်နှင့် တွေ့ဆုံပြီးနောက် လမ်းညွှန်မှုများ ရခဲ့၏။ ခွန်အားဖြင့် ဒုတိယအကြိမ် တာအိုအောင်မြင်ရန် အရေးကြီးသော အချိန်ဖြစ်နေသဖြင့် ကောင်းကင်နတ်ဧကရီကို လှည့်ကြည့်ရန် အချိန်မရချေ။
ဝုန်း…
အဆုံးသတ်မြို့ပျက် နောက်တစ်ထပ် ပျက်စီးသွားပြန်သည်။ ကောင်းကင်နတ်ဧကရီမှာသူမ၏ ကျင့်ကြံခြင်းအခြေခံများ လျင်မြန်စွာ လျော့ကျသွားသည်ကို ခံစားလိုက်ရ၏။ ထို့နောက် ၎င်းခံစားချက် ပျောက်ကွယ်သွားသည်။ ရှုရှန်းဟွာနှင့် လန်ယွီတျန်းတို့က သူမကို ဘ၀ပြန်၀င်စားခြင်းသံသရာထဲသို့ ပို့လိုက်ကြပြန်သည်။
ကောင်းကင်နတ်ဧကရီ ဘ၀ပြန်၀င်စားခြင်းထဲမှ ခုန်ထွက်လာသောအခါ အံ့ဩထိတ်လန့်သွားမိသည်။ သူမ၏ အဆုံးသတ်မြို့ပျက် နောက်တစ်ထပ်ကား ပျက်စီးသွားခဲ့လေပြီ။
သို့သော် သူမ အသိစိတ်ပြန်မဝင်မီမှာပင် လန်ယွီတျန်းက အနီရောင်ကြိုးထုံးချိပ်တံဆိပ်ကို သုံးကာ သူမ၏ မျက်ခုံးနှစ်ဖက်ကြားတွင် ခတ်နှိပ်၍ သူမအား အသိစိတ်လွတ်သွားစေသည်။
သူတို့သည် သူမနှင့် တိုက်ခိုက်နေရင်း ဘ၀ပြန်၀င်စားခြင်း ကောင်းကင်နတ်သိုင်းအသစ်များကို သိမြင်နားလည်ကာ ဘ၀ပြန်၀င်စားခြင်းတာအိုကို ပြီးပြည့်စုံအောင် လုပ်ဆောင်နေကြ၏။ တစ်ချိန်တည်းမှာပင် အနီရောင်ကြိုးထုံး ချိပ်တံဆိပ်၏ ပြောင်းလဲမှုများကိုပါ သိမြင်နားလည်နေကြသည်။
ကောင်းကင်နတ်ဧကရီမှာ သူတို့၏ ဘ၀ပြန်၀င်စားခြင်း ကောင်းကင်နတ်သိုင်းနှင့် အနီရောင်ကြိုးထုံးချိပ်တံဆိပ်ကို အကြိမ်ကြိမ် ဖြေရှင်းနိုင်သော်လည်း ထပ်တလဲလဲ ပိတ်လှောင်ခံနေရသည်။ အကြောင်းရင်းက သူတို့နှစ်ဦး၏ ကောင်းကင်နတ်သိုင်းက ပြောင်းလဲမှုအသစ်များ မွေးဖွားပေးနေ၍ပင်။
လောကတွင် ဉာဏ်ကြီးရှင်များသည် ကြယ်တာရာများပမာ များပြားလှပါသော်လည်း တိုက်ပွဲအတွင်း၌ တိုက်ကွက်အသစ်များ အဆက်မပြတ် ဖန်တီးရင်း အပြောင်းအလဲများအတိုင်း လိုက်လျောညီထွေ လှုပ်ရှားတတ်သူကတော့ သူတို့နှစ်ယောက်သာ ရှိပေလိမ့်မည်။
“ကောင်းကင်နတ်ဧကရီ၊ ဒီတိုက်ကွက်ပြီးရင် နိုးထမလာပါနဲ့တော့”
လန်ယွီတျန်းမှာ မခံနိုင်တော့သဖြင့် သတိပေးလိုက်သည်။ “ခင်ဗျား ဘ၀ပြန်၀င်စားခြင်းသံသရာထဲမှာ မိသားစုဘ၀ကို တည်ထောင်နိုင်သေးတယ် ... အပြင်ကို ထွက်လာရင်တော့ ခင်ဗျား...”
ရှုရှန်းဟွာ၏ အနောက်တွင် ရုတ်တရက် ဘ၀ပြန်၀င်စားခြင်း လမ်းစဉ်ခြောက်သွယ် ထွက်ပေါ်လာသည်။ မတူညီသော ဘ၀ပြန်၀င်စားခြင်းတာအို ခြောက်မျိုးက ဘ၀ပြန်၀င်စားခြင်း ကောင်းကင်လှည်းဘီးများအဖြစ် ပြောင်းလဲကာ ကောင်းကင်နတ်ဧကရီ၏ ခန္ဓာကိုယ်ထဲသို့ ၀င်ရောက်သွားသည်။ ယင်းတို့က သူမ၏ မူလဝိညာဉ်နှင့် အသိစိတ်အလျဉ်ကို ခွဲထုတ်ကာ ဘ၀ပြန်၀င်စားခြင်းသံသရာာထဲ ကျရောက်သွားစေသည်။
ကောင်းကင်နတ်ဧကရီ၏ ရုပ်ခန္ဓာသည် မလှုပ်မယှက် ရပ်သွား၏။
ရှုရှန်းဟွာ စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်မိသည်။ သူက လောကသစ်ပင်ကို အသက်သွင်းလိုက်ရင်း လေးနက်စွာ သတိပေးသည်။ “ဒီတိုက်ပွဲပြီးရင် ကောင်းကင်နတ်ဧကရီဆိုတာ မရှိတော့ဘူး.... လန်ယွီတျန်း၊ မင်း မညှာတာသင့်ဘူး”
လန်ယွီတျန်းလည်း သူ၏ လောကသစ်ပင်ကို အသက်သွင်းလိုက်သည်။ ဘိုးဘေးနန်းတော် တာအိုနယ်ပယ်၏ စွမ်းအားများ ပေါက်ကွဲထွက်လာပြီး အဆုံးသတ်မြို့ပျက်နယ်ပယ်ကို ဖျက်ဆီးလိုက်တော့သည်။
“သူက ကောင်းကင်နတ်အရှင်ဆယ်ပါးထဲက တစ်ယောက်ပဲ…. ဒီဘဝမှာ သူ့အနေနဲ့ ကောင်းကင်နတ်အရှင်ဆယ်ပါး ပြန်ဖြစ်မလာနိုင်တော့ဘူး... ကျွန်တော် နားလည်ပါတယ်”
လန်ယွီတျန်းက ဝမ်းနည်းစွာဖြင့် ရေရွတ်လိုက်သည်။ “ဒါပေမဲ့ ကျွန်တော် သူ့ကို အခွင့်အရေးတစ်ခု ပေးချင်တယ်… တစ်ချိန်တုန်းက သူက ကျွန်တော်တို့နှစ်ယောက်ကို အခွင့်အရေး ပေးခဲ့ဖူးတယ်လေ”
ရှုရှန်းဟွာ တိတ်ဆိတ်သွားမိသည်။
လန်ယွီတျန်းသည် ကောင်းကင်နတ်အရှင်ယွီ ဖြစ်လာပြီးနောက် မှတ်ဉာဏ်များ ပြန်လည်နိုးထလာခဲ့သည်။ သူ၏ စိတ်ထဲတွင် လောကသစ်ပင်အောက်တွင် တာအိုကျင့်ကြံခဲ့သည့် ပုံရိပ်ကို ပြန်လည်မြင်ယောင်လာသည်။
ထိုအချိန်တုန်းက သူ့မှာ လူသားမျိုးနွယ်မှ သာမန် ဆယ်ကျော်သက် လူငယ်လေးတစ်ဦးသာ ဖြစ်ခဲ့သည်။ နဂါးဟန်ခေတ်မတိုင်မီတွင် လူသားမျိုးနွယ်သည် မျိုးနွယ်တစ်သောင်း၏ အနိမ့်ဆုံးအဆင့်တွင် ရှိခဲ့၏။
သူ လောကသစ်ပင်အောက်တွင် သိမြင်နားလည်နေစဉ် ကောင်းကင်နတ်ဧကရီ၏ ရထားလှည်းက ဘေးမှ ဖြတ်သွားခဲ့သည်။ ကောင်းကင်နတ်ဧကရီသည် နတ်ဘုရားများကို ရပ်တန့်ခိုင်းပြီး ပုလဲကန့်လန့်ကာကို ဖွင့်၍ သူ တာအိုသိမြင်နားလည်နေသည်ကို မနှောင့်ယှက်ဘဲ တိတ်ဆိတ်စွာ ကြည့်ရှုနေခဲ့သည်။
ထိုအချိန်တွင် သူသည် ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာကို သိမြင်နားလည်ခဲပြီး ကမ္ဘာခေတ်နှောင်း သတ္တဝါများနှင့် နတ်ဘုရားတစ်ပိုင်းတို့ ကျင့်ကြံမရနိုင်သော ပြဿနာကို ဖြေရှင်းနိုင်ခဲ့၏။
ထိုနေ့တွင် ကမ္ဘာလောကကြီး ပြောင်းလဲသွားခဲ့သည်။
ထိုနေ့တွင် ကောင်းကင်နတ်ဧကရီက သူ့အတွက် ရထားကို ရပ်တန့်ခဲ့သည်။ သူ နိုးထလာသောအခါ သူမ၏ ရထားပေါ်သို့ တက်ရန် ၀မ်းသာအားရ ဖိတ်ခေါ်ခဲ့သည်။ သူတို့နှစ်ယောက်သား ရင်းရင်းနှီးနှီး စကားပြောဆိုခဲ့ကြ၏။ ကောင်းကင်နတ်ဧကရီ၏ ရထားက သူ့ကို ကမ္ဘာဦးဘုံတခွင်သို့ ပျံသန်းပို့ဆောင်ပေးခဲ့ရာ သူ့မှာ ပြန်ရန်ပင် မေ့သွားခဲ့ဖူးသည်။
ထိုအချိန်မှစ၍ သူ နှင့် ကောင်းကင်နတ်ဧကရီ ရင်းနှီးသွားခဲ့လေသည်။
နောက်ပိုင်းတွင် ရှေးဟောင်းနတ်ဘုရားများ သူ့ကို ချီးမြှောက်သောခါ ကောင်းကင်နတ်ဧကရီသည်လည်း ကူညီပေးခဲ့သည်။ အမြင့်စံနတ်ဘုရားများနှင့် ကောင်းကင်နတ်ဧကရာဇ် ထိုက်ချူကိုပင် စည်းရုံးပေးခဲ့သေးသည်။
ကောင်းကင်နတ်ဧကရီ၏ အလေးပေးမှုကြောင့် လူသားမျိုးနွယ်၏ အဆင့်အတန်း မြင့်တက်လာခဲ့သည်။ အခြေအနေက ခက်ခဲနေဆဲ ဖြစ်သော်လည်း ယခင်ကထက် ပိုကောင်းမွန်လာခဲ့ပြီး နောင်တွင် နဂါးဟန် ကောင်းကင်နတ်အရှင်ခုနစ်ပါး ရှိလာသည်အထိ တိုးတက်ခဲ့သည်။
ဤသည်မှာ ကောင်းကင်နတ်ဧကရီ၏ သူ့အပေါ် ငဲ့ညှာပေးခဲ့သော ကျေးဇူးတရားပင် ဖြစ်သည်။
ရှုရှန်းဟွာကမူ အခြားအဖြစ်အပျက်တစ်ခုကို တွေးမိနေသည်။
ချင်မူက သူ့ကို ဘိုးဘေးနန်းတော်ရှိ ထိုက်ရှီကျောက်တုံးတွင်းသို့ သွားရောက်ကာ ကောင်းကင်နတ်ဧကရီနှင့် တွေ့ဆုံစေခဲ့သည်။ ကောင်းကင်နတ်ဧကရီမှာ ထိုအချိန်က နတ်အရှင်မယန်အဖြစ် ရှိနေသေးပြီး သူနှင့် စကားပြောဆိုရာတွင် ရင်းနှီးနှစ်လိုဖွယ်ကောင်းခဲ့သည်။ အစက ကောင်းကင်နတ်ဧကရီ၏ မျက်လုံးများတွင် ချစ်ခင်နှစ်သက်မှုများ ရီဝေနေခဲ့သော်လည်း နောက်ပိုင်းတွင် အထင်ကြီးလေးစားမှုသာ ကျန်တော့သည်။
ကောင်းကင်နတ်ဧကရီက သူ့ကို မနှောင့်ယှက်ဘဲ လွှတ်ပေးခဲ့သည်။
ရန်သူတစ်ဦးအနေဖြင့် ရှုရှန်းဟွာမှာ ကောင်းကင်နတ်ဧကရီကို လေးစားရုံမှအပ အမုန်းတရားဟူ၍ မရှိပေ။
သူသည် ချင်မူနှင့် မတူပေ။ ချင်မူက သူ့ကိုယ်သူ နတ်ဘုရားတစ်ဦးအဖြစ် ဘယ်တော့မှ မသတ်မှတ်ခဲ့ဘဲ လူသားတစ်ယောက်အဖြစ်သာ သတ်မှတ်ခဲ့သည်။ လူသားတစ်ယောက်၏ အမြင်ဖြင့် ကောင်းကင်နတ်အရှင်ဆယ်ပါး၏ လုပ်ရပ်များကို စစ်ဆေးခဲ့သည်။ ထို့ကြောင့် အမုန်းတရားများ ပေါက်ဖွားလာကာ ကောင်းကင်နတ်အရှင်ဆယ်ပါးကို ဖြုတ်ချလိုခဲ့သည်။
ရှုရှန်းဟွာကမူ အစတည်းက အထက်ကောင်းကင်အရှင်သခင်၏ ဂုဏ်ကျက်သရေရှိ သားတော်တစ်ပါး ဖြစ်ခဲ့သည်။၊ နောက်ပိုင်းတွင် ချင့်မူကြောင့် ပြောင်းလဲခံရပြီး ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုတွင် အရေးပါသူတစ်ဦး ဖြစ်လာခဲ့သည်။ သို့သော် သေမျိုးလူသားများးနှင့် ပတ်သက်မှု များများစားစား မရှိခဲ့ပေ။
ထို့ကြောင့် ကောင်းကင်နတ်ဧကရီကို မမုန်းနိုင်ခဲ့ချေ။
ခဏအကြာတွင် ရှုရှန်းဟွာက ပြောလိုက်သည်။ “ငါတို့နှစ်ယောက် ကောင်းကင်နတ်ဧကရီကို အသက်ရှင်ဖို့ အခွင့်အရေးတစ်ခု ပေးလို့ရတယ်... ဒါပေမဲ့ အဲ့ဒါက သူကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်း ရှိ၊မရှိအပေါ် မူတည်တယ်”
လန်ယွီတျန်းက ခေါင်းညိတ်၏။
ကောင်းကင်နတ်ဧကရီက လောကပေါင်းကူးရွှေသင်္ဘော၏ ကုန်းပတ်ပေါ်တွင် မလှုပ်မယှက် ရပ်နေသည်။
သူမမှာ ရှုရှန်းဟွာ၏ ဘ၀ပြန်၀င်စားခြင်း လမ်းခြောက်သွယ် ကောင်းကင်နတ်သိုင်းထဲသို့ ကျရောက်သွားခဲ့သည်။ နိုးလာသောအခါ ပတ်ပတ်လည်တွင် မှောင်မိုက်နေပြီး ဖန်ပေါင်းချောင်သဖွယ် အရာတစ်ခုထဲ ရောက်နေကြောင်း တွေ့လိုက်ရသဖြင့် အံ့ဩသွားမိသည်။
သူမ၏ ဘေးတွင် မိန်းမငယ်တစ်ဦး၏ ခန္ဓာကိုယ်ရှိနေပြီး သူမ၏ အရှိန်အဝါနှင့် ဆင်တူသော်လည်း လုံးဝဆန့်ကျင်ဘက် ဖြစ်နေသည်။ ထိုသူက အရာအားလုံးကို ဖျက်ဆီးနိုင်သော စွမ်းအားဖြင့် ပြည့်နှက်နေသော သူမ၏ အခြားကိုယ်ပွားပင်။
သူမကိုယ်တိုင်ကမူ သတ္တဝါအပေါင်းကို မွေးဖွားပေးနိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားသည်။
သူတို့ ဤအမှောင်ထဲတွင် တိတ်ဆိတ်စွာ ရှင်သန်နေကြစဉ် ပြင်ပမှ ဆန်းကြယ်သော ဒီရေလှိုင်းများ ၀င်ရောက်လာသည်ကို ခံစားလိုက်ကြရသည်။
တစ်နေ့တွင် အမှောင်ထုက ရုတ်တရက် ကွဲထွက်သွား၏။ အဆုံးသတ်မြို့ပျက်ကြာပွင့်သည် ဒီရေလှိုင်းများအတိုင်း အသူရာချောက်နက်ထဲမှ ဖြည်းညင်းစွာ ပေါ်ထွက်လာသည်။ ပွင့်ချပ်များက ဖြည်းညှင်းစွာ လှည့်ပတ်နေပြီး ကြာပန်း ပွင့်လာခဲ့ချေပြီ။
ပထမဆုံးအကြိမ်အဖြစ် ကောင်းကင်နတ်ဧကရီနှင့် သူမ၏ကိုယ်ပွားသည် ပြင်ပကမ္ဘာကို မြင်တွေ့လိုက်ရ၏။
ဖန်ဆင်းရှင်များစွာ ဤနေရာသို့ ရောက်လာပြီး ပန်းပွင့်ထဲမှ နတ်ဘုရားမနှစ်ပါးကို ရှိခိုးပူဇော်ကြသည်။ သူတို့က သူမအား ယွမ်ရှီဟု တင်စားကာ အခြားတစ်ဦးကို ယွမ်မုဟု ခေါ်ဆိုကြသည်။ သူမကို မွေးဖွားခြင်း၏ နတ်ဘုရားမအဖြစ်၊ ယွမ်မုကို ပျက်စီးခြင်း၏ နတ်ဘုရားမအဖြစ် ပူဇော်ကိုးကွယ်ကြလေသည်။
ထိုအခိုက်အတန့်တွင် သူမမှာ ကိုယ်ပိုင်ဘဝအား ပိုင်ဆိုင်နေပြီဟု ခံစားလိုက်ရသည်။
ဖန်ဆင်းရှင်များသည် ဆက်၍ ပူဇော်ကိုးကွယ်ကြ၏။ ကောင်းကင်နတ်ဧကရီနှင့် ယွမ်မုတို့က အပြင်ပန်းတွင် ကွာခြားမှု မရှိသော်လည်း သူမတို့၏ စိတ်နေသဘောထားများမှာ ဖန်ဆင်းရှင်များ၏ ပူဇော်မှုများကြောင့် တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။
သူတို့၏ စိတ်နေသဘောထားများသည် ပိုပို၍ ဆန့်ကျင်လာခဲ့သည်။
နောက်ပိုင်းတွင် မဟာဧကရာဇ်၏ မွေးစားသား ထိုက်ချူ ရောက်လာ၏။ ခံ့ညားချောမောသော လူငယ်ကို သူမ ချက်ချင်း စိတ်ဝင်စားခဲ့မိသည်။
ထိုက်ချူတွင် ခမ်းနားသော ရည်မှန်းချက်များနှင့် ပါရမီများကို ပိုင်ဆိုင်ထားသည်။ သူမကို ကြည့်သည့်အခါ သူ၏ မျက်လုံးများမှ ထွက်ပေါ်လာသော မီးတောက်တို့က သူမကို စိတ်လှုပ်ရှားစေခဲ့သည်။
သို့သော် သူမ၏ ညီမယွမ်မုကို ကြည့်သည့် ငြိမ်သက်သော ထိုက်ချူ၏ အကြည့်အောက်တွင်လည်း မီးတောက်များ ကွယ်ဝှက်နေသည်ကို တွေ့ခဲ့ရသည်။
သူမမှာ အချစ်ကြောင့် စုံလုံးကန်းခဲ့ပြီး ထိုအချက်ကို စိတ်ထဲ မထားခဲ့ပေ။
ကောင်းကင်နတ်ဧကရီမှာ သူမ၏ တစ်ဘ၀လုံးကို ပြန်ပြောင်းကြည့်ရှုနေရလေသည်။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွား၏။
မကြာမီ သူမ၏ မှတ်ဉာဏ်များနှင့် မတူညီသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။ ထိုက်ချူသည် ဖန်ဆင်းရှင်များကို အနိုင်ယူပြီးနောက် ကောင်းကင်နတ်ဧကရာဇ်အဖြစ် တင်မြှောက်ခံရကာ သူမနှင့် သူမ၏ ညီမတော်ကို လက်ထပ်ခဲ့သည်။
“အစကတည်းက မင်းနဲ့ ယွမ်မုက တစ်ယောက်တည်းပဲ… မင်းတို့နှစ်ယောက်လုံးက အဆုံးသတ်မြို့ပျက်နတ်ဘုရားမပဲ”
ထိုက်ချူက သူမကို ပြောသည်။ “ကိုယ် သူ့ကို ကြည့်လိုက်ရင် မင်းကို ကြည့်နေရသလိုပါပဲ”
ကောင်းကင်နတ်ဧကရီ တိတ်ဆိတ်စွာ လက်ခံခဲ့မိသည် ။ ထို့နောက် ကလေးတစ်ဦးကို မွေးဖွားခဲ့ပြီး ရှဲ့ဟု အမည်ပေးခဲ့ရာ ရှေးဟောင်းနတ်ဘုရားများက အိမ်ရှေ့မင်းသားရှဲ့ဟု ခေါ်ကြသည်။
သားတော်လေးမှာ အင်မတန် ချစ်စရာကောင်းသည့်အပြင် ကောင်းကင်နတ်ဧကရာဇ်ကလည်း သဘောတကျရှိ၏။ သူမသည်လည်း သားတော်လေးကို အလွန်ချစ်မြတ်နိုး၏။
ယွမ်မု၏ ကလေးလည်း မွေးဖွားခဲ့ပြီး ဟောင်ဟု အမည်ပေးခဲ့ရာ ရှေးဟောင်းနတ်ဘုရားများက ဒုတိယမင်းသားဟောင် ခေါ်ဝေါ်ကြသည်။
သူမကိုယ်တိုင်လည်း သူမနှင့် ယွမ်မုမှာ အမှန်တကယ် တစ်ဦးတည်းဖြစ်ကြောင်း သိပါ၏။ ယွမ်မု၏ ကလေးသည်လည်း သူမ၏ ကလေးပင် ဖြစ်သည်။ ရှဲ့ဖြစ်စေ၊ ဟောင်ဖြစ်စေ နှစ်ဦးစလုံးက သူမ၏ သားများသာ။
သူမ၏ ဘဝက ပြည့်စုံပျော်ရွှင်စရာပင်။
ကောင်းကင်နတ်ဧကရီမှာ အိမ်ရှေ့မင်းသားရှဲ့ကို တစ်ဖက်၊ ဒုတိယမင်းသားဟောင်ကို တစ်ဖက် ပွေ့ချီထားသည်။ သူမက ကလေးနှစ်ဦးကို ရယ်မောပျော်ရွှင်အောင် ချော့မြူနေပြီး သူမ၏ မျက်နှာတွင် အပြုံးပန်းများ ပွင့်လန်းနေ၏။ ကလေးနှစ်ဦးသည်လည်း ရယ်မောကာ ပျော်ရွှင်နေကြသည်။
“ဒါပေမဲ့ အားလုံးက အတုအယောင်တွေပဲ”
ကောင်းကင်နတ်ဧကရီ၏ မျက်နှာက ရုတ်တရက် အေးစက်သွား၏။ သူမက ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်ရာ သူမ၏ လက်ထဲမှ ကလေးနှစ်ဦးစလုံး အော်ဟစ်ငိုယိုရင်း ပြာကျသွားတော့သည်။
ကောင်းကင်နတ်ဧကရီ ထရပ်လိုက်သည်။ အမှောင်ထုက ကောင်းကင်ကို လွှမ်းခြုံကာ အရာအားလုံးကို ဝါးမြိုသွားသည်။ သူမက ကောင်းကင်နန်းဆောင်ဆီသို့ ဝုန်းဒိုင်းကြဲ လျှောက်သွားသည်။
သူမ ဖြတ်သွားသည့်နေရာတိုင်းတွင် အဆုံးသတ်မြို့ပျက်က အရာအားလုံးကို ဖျက်ဆီးနေသည်။ နတ်ဘုရားများ ပြာကျကုန်ပြီး ဖရိုဖရဲအဖြစ်သို့ ပြောင်းလဲကုန်ကြ၏။
“မင်း ရူးသွားပြီလား” ကောင်းကင်နတ်ဧကရာဇ် ထိုက်ချူက မယုံကြည်နိုင်သော မျက်နှာဖြင့် သူမထံသို့ ပြေးဝင်လာသည်။
“အတုကောင်”
ကောင်းကင်နတ်ဧကရီက အေးစက်စက် ရယ်မောလိုက်ရာ အသူရာချောက်နက်ကြီးက ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူကို ဝါးမြိုလိုက်၏။
ယွမ်မုသည် ဤမြင်ကွင်းကို ကြောင်တောင်တောင်ဖြင့် ကြည့်နေပြီး ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်ရင်း သူမထံသို့ ပြေးဝင်လာသည်။ သူမက ဒေါသတကြီး မေးသည်။ “အစ်မ၊ နင် ငါတို့ရဲ့ကလေးတွေကို ဘာလုပ်လိုက်တာလဲ”
“နင်လည်း အတုပဲ”
ကောင်းကင်နတ်ဧကရီက လက်ကို ဆန့်တန်းလိုက်ရာ ဟင်းလင်းပြင် လှိုင်းထသွားပြီး ယွမ်မုမှာ သူမထံသို့ လဲကျသွားသည်။ ထို့နောက် သူမက ယွမ်မုနှင့် ပေါင်းစည်းကာ လှောင်ပြောင်လိုက်၏။ “နင်နဲ့ ငါက အစတည်းက တစ်ယောက်တည်းမလား... ပြန်ပေါင်းကြတာပေါ့… ရှုရှန်းဟွာ၊ ဒီလို ကောင်းကင်နတ်သိုင်းမျိုးနဲ့ ငါ့ကို အရာရာ စွန့်လွှတ်စေချင်တာပေါ့... အာဏာနဲ့ ဂုဏ်ကျက်သရေပေါ့လေ... အိပ်မက်မက်နေတာပဲ... ပျက်စီးသွားစမ်း”
သူမက ကောင်းကင်နတ်သိုင်းကို အမြင့်ဆုံးအထိ အသက်သွင်းလိုက်သည်။ ဘ၀ပြန်၀င်စားခြင်းလမ်းစဉ်ခြောက်သွယ် ကောင်းကင်နတ်သိုင်း ပြိုကွဲသွားပြီး လမ်းစဉ်ခြောက်သွယ် ကမ္ဘာလောကလည်း ပျက်စီးသွားတော့၏။
ကောင်းကင်နတ်ဧကရီသည် သူမ၏ ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်လာကာ မျက်လုံးများ ဖွင့်လိုက်သည်။ သူမမှာ လောကပေါင်းကူးရွှေသင်္ဘောပေါ်တွင် ရှိနေဆဲပင်။
သူမ၏ မျက်နှာချင်းဆိုင်တွင် ရှုရှန်းဟွာနှင့် လန်ယွီတျန်းတို့ ရပ်နေကြသည်။ သူတို့က သူမကို ကြည့်နေကြရင်း ရုတ်တရက် မျက်လုံးများ မှိတ်လိုက်ကြသည်။ သူမအား မကြည့်ရက်တော့သည့်ပုံပင်။
ဝုန်း…
လောကသစ်ပင်နှစ်ပင်က အန္တိမဟင်းလင်းပြင်၏ စွမ်းအားကို ဆွဲငင်လာပြီး သူမကို လွှမ်းမိုးစေလိုက်သည်။
ကောင်းကင်နတ်ဧကရီက အော်ဟစ်၍ သူတို့၏ နယ်ပယ်ထဲမှ ပျံထွက်ရန် ကြိုးစားလိုက်၏။ သို့သော် သူမ၏ ကျင့်ကြံခြင်းအခြေခံ ပျက်စီးသွားပြီဖြစ်၍ ခန္ဓာကိုယ်တွင် ကျင့်စဉ်စွမ်းအင် လုံးဝမရှိတော့ပေ။
ခဏအကြာတွင် မရဏလေအေး၏ တိုက်ခတ်မှုနှင့်အတူ ပထမမျိုးဆက်၏ ကောင်းကင်နတ်ဧကရီမှာ လုံးဝ ပျောက်ကွယ်သွားလေတော့သည်။