ခန်းမ ရှိရင် တာအို ရှိတယ်၊ ခန်းမ မရှိရင် တာအိုသေပြီ
Vol. 137 Ch. 1768
လန်ယွီတျန်းမှာ ကောင်းကင်နတ်ဧကရီ၏ အဖြစ်ကို စိတ်မကောင်းသဖြင့် လောကပေါင်းကူးရွှေသင်္ဘောမှ ထွက်သွားသည်။
ရှုရှန်းဟွာလည်း ခံစားချက်များစွာ ရောထွေးနေသည်။
ကောင်းကင်နတ်ဧကရီ၏ ဘဝ ဆိုသည်မှာ ဒဏ္ဍာရီထဲတွင် ထင်ကျန်ခဲ့မည့်် ဘဝ ဖြစ်သည်။ သူမ၏ လုပ်ရပ်များသည် ရှုတ်ချစရာ များပြားသွားခဲ့သည့်အပြင် ဤစကြဝဠာ၏ ဂန္ထဝင်မှတ်တမ်းများတွင် အမည်းစက်အဖြစ် စွန်းထင်းသွားခဲ့ချေပြီ။
ကောင်းကင်နတ်ဧကရီနှင့် ကောင်းကင်နတ်အရှင်ဆယ်ပါးတို့၏ ခေတ်ကား ကုန်ဆုံးသွားပြီဖြစ်သည်။
ယခင်က ကောင်းကင်နတ်အရှင်ဆယ်ပါးထဲတွင် ကောင်းကင်နတ်ဧကရာဇ်ဟောင် တစ်ဦးသာ ကျန်ရှိတော့သည်။
သူတို့နှစ်ဦးမှာ ဝမ်းနည်းကြေကွဲနေရန် အချိန်မရှိသဖြင့် ကောင်းကင်နတ်ဧကရာဇ်ဟောင် တံဆိပ်ခတ်နှိပ်နေသော ဟင်းလင်ပြင်ဆီသို့ ဦးတည်ထွက်ခွာသွားကြသည်။ ယခုအချိန်သည် ကောင်းကင်နတ်ဧကရာဇ်ဟောင်အတွက် ဒုတိယအကြိမ် တာအိုရရန် အရေးကြီးဆုံးအချိန်ဖြစ်၏။ မည်သို့ပင်ဖြစ်စေ သူအား နောက်တစ်ကြိမ် တာအိုရရှိခွင့်ပေး၍ မဖြစ်ချေ။
ကောင်းကင်နတ်ဧကရာဇ်ဟောင်ကား အတော်လေး အားနည်းနေသော်လည်း တစ်လောကလုံးတွင် ထိပ်တန်းအဆင့် ဉာဏ်ပညာကို ပိုင်ဆိုင်ထားသေးသည်။ ကောင်းကင်နတ်အရှင်ယွင်နှင့် ချင်မူတို့ကြောင့်သာ သူသည် ရှုံးနိမ့်ခဲ့ရ၏။ ထို့ကြောင့် ပြန်လည်နလန်ထူနိုင်မည့် တတိယအကြိမ် အခွင့်အရေး လုံးဝပေး၍ မဖြစ်ချေ။
ယခုလို အခြေအနေမျိုးတွင် ကောင်းကင်နတ်ဧကရာဇ်ဟောင် အင်အားကြီးလာပြီး တာအိုနှလုံးသား ပြန်လည်ခိုင်မာလာပါက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလာပေလိမ့်မည်။
သူတို့နှင့် မနီးမဝေးရှိ ရှန့်ကျွင်း၊ ကောင်းကင်နတ်အရှင်ယွဲ့၊ ကျန်းပိုင်ကွေ့တို့၏ ဟွမ်ရှီခန်းမသခင်နှင့် တိုက်ပွဲမှာလည်း အမှားအယွင်းမခံသော အချိန်သို့ ရောက်နေသည်။
ကျန်းပိုင်ကွေ့သည် ကမ္ဘာခေတ်နှောင်းမဟာတာအို၏ မဟာကောင်းကင်နတ်ဘုံဖြင့် ဟွမ်ရှီခန်းမသခင်၏ ရုပ်ခန္ဓာကို ဖိနှိပ်ထားသည်။ ရှန့်ကျွင်းမှာ ဟွမ်ရှီခန်းမအောက်တွင် ဖိနှိပ်ခံနေရသော်လည်း ဓားကို မြှောက်ကာ ဟွမ်ရှီခန်းမကို ခုတ်ပိုင်းပစ်လိုက်သည်။
ဟွမ်ရှီခန်းမသခင်၏ ဦးခေါင်းပေါ်တွင် မီးတောက်များ တဟုန်းဟုန်း တောက်လောင်လာပြီး သူမ၏ မူလ၀ိညာဉ် ထွက်ပေါ်လာကာ ကျန်းပိုင်ကွေ့ကို လွင့်ထွက်သွားစေသည်။ သို့သော် နောက်ကျသွားလေပြီ။ ရှန့်ကျွင်း၏ ဓားရောင်က သူမ၏ ဘယ်ဘက်ခြေထောက်ကို ဖြတ်သွား၏။ သူမ ခန်းမထဲမှ ပျံထွက်ရင်း ငုံ့ကြည့်လိုက်သည်အခါ သူမ၏ ဘယ်ဘက်ခြေထောက်မှာ ဟွမ်ရှီခန်းမထဲ၌ ရပ်လျက်အနေအထားဖြင့် ပြတ်ကျန်ခဲ့သည်ကို တွေ့လိုက်ရသည်။
“ရှန့်ကျွင်း.... မကောင်းဆိုးဝါးကောင်... သေပေတော့”
ဟွမ်ရှီပလ္လင်ခန်းမမှ တာအိုအလင်းရောင်များ တောက်ပလာကာ ရှန့်ကျွင်း၏ တာအိုအလင်းရောင်နှင့် ဝင်တိုက်သွား၏။ တစ်ချိန်တည်းမှာပင် သူမ၏ တာအိုသစ်ပင်က ကျန်းပိုင်ကွေ့ထံ လွှဲခုတ်လိုက်သည်။
ဝုန်း...
တဖျတ်ဖျတ် တောက်ပနေသော တာအိုအလင်းတန်းတို့၏ တိုက်ခိုက်မှုကြောင့် အဝေးမှ ရှုရှန်းဟွာနှင့် လန်ယွီတျန်းတို့ပင်လျှင် ဟန်ချက်ပျက်သွားရသည်။
သူတို့ လှမ်းကြည့်လိုက်သောအခါ ဟွမ်ရှီခန်းမ နှစ်ပိုင်းကွဲသွားသည်ကို တွေ့လိုက်ရသည်။ ဟွမ်ရှီခန်းမသခင်၏ ဧရာမတာအိုသစ်ပင်ကြီးက တာအိုသစ်ပင် ထောင်သောင်းပေါင်းများစွာကို ဖွဲ့တည်လိုက်ပြီး ထိုနေရာအား တာအိုသစ်ပင်တောအုပ်ပမာ ပြောင်းလဲသွားစေ၏။
ကွဲထွက်သွားသော ခန်းမ၏ ခေါင်မိုးတစ်ဝက်ပေါ်၌ ရှန့်ကျွင်း မတ်တပ်ရပ်နေသည်။ သူ၏ ခန္ဓာကိုယ်မှ သွေးများ စိမ့်ထွက်နေပြီး မျက်လုံး၊ နား၊ ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ စီးကျနေ၏။ ကျန်ခန်းမတစ်ဝက်အပေါ်တွင်တော့ ဟွမ်ရှီခန်းမသခင်က ခြေထောက်တစ်ဖက်တည်းဖြင့် ရပ်နေပြီး သူမ၏ မျက်နှာပေါ်တွင် ထိတ်လန့်ဖွယ် ဓားဒဏ်ရာကြီးတစ်ခု ထင်းနေသည်။
ထိုစဉ် ကောင်းကင်နတ်အရှင်ယွဲ့၏ ဗျပ်စောင်းသံက မြည်ဟည်းထွက်ပေါ်လာ၏။ သူမက နေရာဟင်းလင်းပြင်ကို ခေါက်ကာ ဟွမ်ရှီခန်းမသခင်၏ နေရာဟင်းလင်းပြင် ကောင်းကင်နတ်သိုင်းကို ဖြေရှင်း၍ ကျန်းပိုင်ကွေ့အား တာအိုသစ်ပင်တောအုပ်ထဲသို့ ပို့ဆောင်ရန် ကြိုးစားနေသည်။
ကျန်းပိုင်ကွေ့လည်း အခြေအနေ မကောင်းပေ။ ဟွမ်ရှီခန်းမသခင်၏ တာအိုသစ်ပင်ကြောင့် သူ၏ ကောင်းကင်နန်းဆောင်များမှာ ပျက်စီးယိုယွင်းနေသည်။
သူသည် ကမ္ဘာခေတ်နှောင်းတာအို သိုင်းပညာရှင်တစ်ယောက် ဖြစ်သည့်အတွက် သူ၏ကျင့်စဉ်စွမ်းအင်နှင့် မှော်စွမ်းအင်က အလွန်သိပ်သည်းနက်နဲသည်။ သူ၏ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများက ယခင်ကျင့်စဉ်စနစ်၏ စည်းဘောင်တို့ဖြင့် မချုပ်နှောင်ခံထားရသော စနစ်သစ်ဟု ဆိုနိုင်၏။ ရှုရှန်းဟွာနှင့် လန်ယွီတျန်းတို့ပင် နားမလည်ကြပေ။
ဟွမ်ရှီခန်းမသခင်မှာ သူ၏ ကောင်းကင်နတ်သိုင်းနှင့် ရင်ဆိုင်ရသောအခါ မည်သို့မျှ မဖျက်စီးနိုင် ဖြစ်တတ်သည်။
သို့သော် ကျင့်ကြံခြင်းအခြေခံ ကွာဟမှုက ကြီးမားလွန်းသဖြင့် ကျန်းပိုင်ကွေ့မှာ သူမကြောင့် ဒဏ်ရာအပြင်းအထန် ရခဲ့သေးသည်။
ကောင်းကင်နတ်အရှင်ယွဲ့အနေဖြင့် ဟွမ်ရှီခန်းမသခင်၏ တာအိုသစ်ပင်တောအုပ်ကို အချိန်တိုအတွင်း မဖျက်ဆီးနိုင်ချေ။ သူမမှာ စိုးရိမ်ပူပန်လာသည့်အတွက် ရုတ်တရက် အော်ဟစ်ကာ မှော်စွမ်းအင်ကို နောက်ဆုံးအတိုင်းအတာအထိ မြှင့်တင်လိုက်တော့သည်။
သူမက မက်မွန်ကိုင်းတစ်ကိုင်းကို တာအိုသစ်ပင်တောထဲသို့ လှမ်းပစ်လိုက်သည်။ မက်မွန်ကိုင်း မြေပေါ်ကျသည်နှင့် မက်မွန်တောအုပ်က ချက်ချင်း ပေါက်လာသည်။ မက်မွန်ပန်းများ ပွင့်လန်းလာကာ ပွင့်ချပ်များက အရပ်လေးမျက်နှာသို့ ပျံထွက်သွားကြသည်။ ထိုပွင့်ချပ်များက ဟင်းလင်းပြင်များကို ဖြတ်သန်းကာ တဖြည်းဖြည်း တိုးပွားလာသည်။
ကျန်းပိုင်ကွေ့လည်း မက်မွန်ပန်းပွင့်များကို နင်း၍ တာအိုသစ်ပင်တောအုပ် အနက်ပိုင်းထဲသို့ ဝင်ရောက်သွားသည်။ တာအိုသစ်ပင်ထဲတွင် တာအိုသံကြိုးများက ရက်ကန်းများကဲ့သို့ ယှက်နွယ်နေကြ၏။ လမ်းတစ်လျှောက်တွင် အမျိုးမျိုးသော တိုက်ကွက်များ ကြုံတွေ့နေရသဖြင့် အဆက်မပြတ် ဖြေရှင်းနေရချေသည်။
ကောင်းကင်နတ်အရှင်ယွဲ့က သူနှင့် ပူးပေါင်းရင်း ဟွမ်ရှီခန်းမသခင်၏ ကောင်းကင်နတ်သိုင်းကို အတူတကွ ဖြေရှင်းနေသည်။ ကောင်းကင်နတ်အရှင်ယွဲ့က သူ့ကို တာအိုသစ်ပင်တောအုပ်၏ အနက်ရှိင်းဆုံးအထိ ပို့ဆောင်ပေးခဲ့ရာ ကွဲထွက်သွားသော ဟွမ်ရှီခန်းမနှင့် ပိုမိုနီးကပ်လာခဲ့ချေပြီ။
ကွဲထွက်သွားသော ပလ္လင်ခန်းမပေါ်တွင် ဟွမ်ရှီခန်းမသခင်က နှစ်ပိုင်းကွဲသွားသော ခန်းမကို ကြည့်နေပြီး မျက်နှာညှို့မှိုင်းနေသည်။ သူမက ညင်သာစွာ ရေရွတ်နေသည်။ “ဆရာ တစ်ခါပြောခဲ့ဖူးတယ်.... ကိုယ်ပိုင် တာအိုသိုင်းပညာတွေနဲ့ ခန်းမ တည်ဆောက်နိုင်တဲ့သူတွေဟာ ဒီတစ်လောကလုံးမှာ အနည်းအကျဉ်းပဲ ရှိတယ်တဲ့.... ခန်းမက တာအိုသစ်ပင်ထက် ပိုသန်မာပြီး တာအိုသစ်သီးထက် မြင့်မားတယ်.... ဒါက လမ်းစဥ်အသစ်တစ်ခုပဲ.... တာအိုသစ်ပင်နဲ့ တာအိုသစ်သီးဆိုတာက လောကသစ်ပင်ကို အတုခိုးထားတဲ့ အရာတွေသက်သက်ပဲ.... ဒါပေမဲ့ ခန်းမဆိုတာက တာအိုသိုင်းပညာရှင်တစ်ယောက်ရဲ့ နှလုံးသားထဲက ပုံသဏ္ဌာန်.... နှလုံးသားထဲက စကြဝဠာပဲ.... ခန်းမက တာအိုသိုင်းပညာရှင်တစ်ယောက်ရဲ့ နောက်ဆုံးသော စင်ကြယ်သန့်ရှင်းတဲ့ နယ်မြေ... အမြင့်မားဆုံးသော အောင်မြင်မှုတစ်ခုဆိုလည်း ဟုတ်တယ်”
ရှန့်ကျွင်း ဓားကို မြှောက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှ သွေးများ အဆက်မပြတ် စီးကျနေဆဲပင်။ ဟွမ်ရှီခန်းမ၏ ဖိအားက သူ၏ ကိုယ်လက်အင်္ဂါနှင့် အရိုးအားလုံးကို စိစိညက်ညက် ကြေလုနီးပါးဖြစ်စေခဲ့သည်။ သို့သော် သူသည် တာအိုသိုင်းပညာရှင်တစ်ယောက် ဖြစ်သောကြောင့် ခန္ဓာကိုယ် ပြိုကွဲပျက်စီးမသွားစေရန် မှော်စွမ်းအင်ဖြင့် ထိန်းသိမ်းထားနိုင်၏။ စကြဝဠာ ၁၆ စင်း၏ သမိုင်းတွင် ဤထက် ပိုမိုပြင်းထန်သော ဒဏ်ရာများ ခံစားခဲ့ဖူးသဖြင့် ဂရုမစိုက်ချေ။
သူ၏ အကြည့်က ဟွမ်ရှီခန်းမသခင်၏ ခြေထောက်တစ်ဖက်ပေါ်သို့ ကျရောက်သွားသည်။
ဟွမ်ရှီခန်းမသခင်၏ ကျန်ခြေထောက်တစ်ဖက်ကို သူ ဖြတ်တောက်ခဲ့သဖြင့် တာအိုဒဏ်ရာမှ သွေးများ အဆက်မပြတ် စီးကျနေသည်။
“ဆရာက အထွတ်အထိပ်ကျင့်စဉ်ကို သင်ကြားပေးခဲ့တယ်... ဒါပေမဲ့ ငါ့ရဲ့ သိမြင်နားလည်နိုင်စွမ်းက နိမ့်ကျလွန်းလို့ နှံ့နှံ့စပ်စပ် နားမလည်နိုင်ခဲ့ဘူး.... ဆရာ ပြောတဲ့ ခန်းမဆိုတာ မဟာဥသျှောင်ခန်းမ၊ အနန္တခန်းမ၊ နတ်ကောင်းကင်ခန်းမတို့လို မဟာတာအိုကနေ ဖြစ်တည်လာတဲ့ ခန်းမမျိုးပဲ.... ဆရာက ငါတို့ကို အသစ်အသစ်တွေ ဖန်တီးပြီး ကိုယ်ပိုင်လမ်းစဉ်ကို လျှောက်လှမ်းစေချင်ခဲ့တာ... သူကိုယ်တိုင်တောင် မလျှောက်လှမ်းနိုင်တဲ့ လမ်းစဉ်ကို အမြင့်ဆုံးအထိ လျှောက်လှမ်းပြီး သခင်လေးတစ်ပါး ဖြစ်စေချင်ခဲ့တယ် .... ကိုယ့်အရေးကိစ္စတွေကို ကိုယ်တိုင် ကိုင််တွယ်နိုင်တဲ့ သခင်လေးတစ်ပါး ဖြစ်လာစေချင်တာပေါ့လေ .... ငါလည်း ဆရာရဲ့ တာအိုမိတ်ဆွေ ဖြစ်လာပြီး အပြန်အလှန် ကူညီပံ့ပိုးလို့ ရှေ့ဆက်ချင်ခဲ့မိတယ်... ဒါပေမဲ့ ငါ မလုပ်နိုင်ခဲ့ဘူး...”
ဟွမ်ရှီခန်းမသခင်သည် အသက်ပြင်းပြင်းဖြင့် ရှူလျက် အသက်ရှူခြင်းအား တည်ငြိမ်စေလိုက်၏။ သူမက အက်ကွဲနေသော အသံဖြင့် ဆက်ပြောသည်။ “ငါ လုပ်နိုင်တာဆိုလို့ ဆရာ့ရဲ့ သင်ကြားမှုအောက်မှာ တစ်လှမ်းပဲ ဆက်လှမ်းနိုင်လိုက်တာပဲ ရှိတယ် .... ဒီတစ်လှမ်းက ငါ့ရဲ့ အကန့်အသတ်ပဲ.... ဒါကြောင့် ခန်းမ ၇၂ ခုရဲ့ ခန်းမသခင်တွေထဲက တစ်ယောက်ပဲ ဖြစ်လာနိုင်ခဲ့တာ”
သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ထွန်းလာ၏။ “ဆရာက တစ်ခါတုန်းကဆို ငါ့ကို ဒေါသကြီးလွန်းတယ်လို့ ဆူခဲ့တယ် ... တစ်ခုခုမလုပ်ခင် အရင် စဥ်းစားရမယ်တဲ့.... ငါ့ရဲ့ အပြုံးက အရမ်းလှပပြီး ရိုးသားဖြူစင်တဲ့အတွက် ငါ့ကို ဟွမ်ရှီဆိုတဲ့ နာမည် ပေးခဲ့တယ်... ဆရာက ငါ စိတ်မထိန်းနိုင်တဲ့အချိန်မှာ ရယ်ပြီး စဉ်းစားဖို့ ပြောခဲ့တယ်... ဒါဆို စိတ်မထိန်းနိုင်တဲ့ အခြေအနေကနေ ရုန်းထွက်နိုင်မယ်တဲ့.... ဆရာက ငါ့ကို အမြဲတမ်း ရယ်နေပြီး တာအိုနှလုံးသားရဲ့ ဖြူစင်မှုကို ထိန်းသိမ်းစေချင်ခဲ့တာ... ငါလည်း စပြီး ကျင့်ကြံတည်းက ဆရာမျှော်လင့်သလို အမြဲတမ်း ရယ်မောရင်း ကမ္ဘာလောကကို ရင်ဆိုင်ခဲ့တယ်... ဒါကြောင့် မိုက်မဲတဲ့ အရာတွေလည်း နည်းနည်းပဲ လုပ်ခဲ့တယ်”
ရှန့်ကျွင်းက မှင်သေသေ ထောက်ခံလိုက်သည်။ “ခင်ဗျားရဲ့ အပြုံးက တကယ် လှပါတယ်”
အပြင်ဘက်ရှိ တာအိုသစ်ပင်တောအုပ်ထဲမှ ဗျပ်စောင်းသံသဲ့သဲ့ ပျံ့လွင့်လာသည်။ ကောင်းကင်နတ်အရှင်ယွဲ့နှင့် ကျန်းပိုင်ကွေ့တို့က တာအိုသစ်ပင်တောအုပ်ကို ထိုးဖောက်၍ တဖြည်းဖြည်း နီးကပ်လာနေကြသည်။
မက်မွန်ပန်းတောအုပ် လွှမ်းခြုံထားသည့် နေရာသည် ပိုမိုကျယ်ပြန့်လာ၏။
ဟွမ်ရှီခန်းမသခင်က လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ သို့သော် သူမ၏ လည်ချောင်းမှ သွေးများ ပျို့တက်လာသည်။ သူမသည် အသက်မှန်မှန်ရှူ၍ ခြေထောက်တစ်ဖက်တည်းဖြင့် ဖြည်းညှင်းစွာ ထိုင်ချလိုက်သည်။ သူမ မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွားချေပြီ။ “ငါ မရယ်တဲ့အချိန်ဟာ ငါ့အတွက် အန္တရာယ်အရှိဆုံးအချိန် ဖြစ်လာလိမ့်မယ်လို့ ပြောခဲ့တယ်.... ဒီအန္တရာယ်က ငါ့ရဲ့ ရန်သူတွေအတွက် သာမကဘဲ ငါ့အတွက်လည်း မှန်တယ်... ဘာလို့လဲဆိုတော့ ငါ မရယ်တဲ့အချိန်က ငါ စိတ်မငြိမ်ဆုံးအချိန်လေ”
သူမ၏ နောက်တွင် တာအိုနယ်ပယ်အလွှာများ တဝုန်းဝုန်း ပေါက်ကွဲထွက်လာ၏။
ရှန့်ကျွင်းသည် ဓားကို ဓားအိမ်ထဲသို့ ဖြည်းညှင်းစွာ ထည့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်သည်လည်း ဖြည်းညှင်းစွာ နစ်မြုပ်သွား၏။
သတ်ဖြတ်ခြင်းတာအိုနယ်ပယ် ၃၆ လွှာက သူ၏ ခြေအောက်တွင် ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ် တင်းမာလာပြီး ကြွက်သားများက ပြေလျော့သွားသည်။ အချို့ကတော့ စပရိန်များအလား ဖိနှိပ်ခံထားရ၏။
နှစ်ယောက်လုံး ခွန်အား စုဆောင်းနေကြလေသည်။
ဟွမ်ရှီခန်းမသခင်က ရှန့်ကျွင်းကို စူးစိုက်ကြည့်လျက် ခပ်တိုးတိုး ပြောသည်။ “ရှန့်ကျွင်း၊ နင်က နင်မွေးဖွားခဲ့တဲ့ ၁၆ စင်းမြောက် စကြဝဠာကို ကိုယ်တိုင် ဖျက်ဆီးခဲ့တယ်... ပျက်စီးခြင်းကပ်ဘေးမှာ ရူးသွားပြီး တာအိုသိုင်းပညာရှင်တွေကို သတ်ဖြတ်ခဲ့တယ်... သခင်လေးတစ်က နင့်အသက်ကို နှုတ်မယူခဲ့ပေမယ့် ငါကတော့ နင့်ကို အသက်ချမ်းသာပေးမှာ မဟုတ်ဘူး”
ဝုန်း
သူမ၏ ခန္ဓာကိုယ်က ခုန်လိုက်သည်။ နှစ်ပိုင်းကွဲသွားသော ခန်းမမှ ရုတ်တရက် တာအိုအလင်းရောင်များ တောက်ပလာပြီး ခန်းမသည် တာအိုအလင်းရောင်များထဲတွင် ပျက်စီးသွားချေပြီ။ ဟွမ်ရှီခန်းမသခင်က ခက်ထန်စွာ ဟစ်ကြွေးလိုက်သည်။ “ခန်းမက တာအိုရှိတဲ့နေရာပဲ... ခန်းမပျက်ရင် တာအို သေပြီ... ဒီနေ့ ငါ့ရဲ့ တာအိုနဲ့အတူ နင့်လို မကောင်းဆိုးဝါးကို သေရွာအထိ ပို့ပေးမယ်”
ဤအခိုက်အတန့်တွင် သူမ၏ အတိုက်အခိုက်စိတ်ဆန္ဒကား မကြုံစဖူး အမြင့်ဆုံးသို့ မြင့်တက်သွားသည်။
သူမ ထွက်ပြေးသွားပါက ကောင်းကင်နတ်အရှင်ယွဲ့ပင် သူမကို မတားနိုင်ပေ။ သို့သော် သူမသည် ရှန့်ကျွင်းနှင့် အသေအကြေတိုက်ခိုက်ရန် နေခဲ့၏။
ဟွမ်ရှီခန်းမသခင်၏ နှလုံသားထဲတွင် ခံယူချက်တစ်ခုက သူမကို တင်းခံထားနိုင်စေသည်။ ထိုခံယူချက်က ရှန့်ကျွင်းတို့ကို တားဆီးရန်နှင့် မီလော့နန်းတော်မှ တာအိုသိုင်းပညာရှင်များ ရောက်နိုင်ရန်အတွက် အသက်ပေး၍ တိုက်ခိုက်ရင်း ရှန့်ကျွင်းကို သတ်ပစ်ရန်ပင်ဖြစ်သည်။
ကောင်းကင်နတ်အရှင်ယွဲ့၊ ကျန်းပိုင်ကွေ့တို့တွင် ကိုယ်ပိုင် ခံယူချက်များ ရှိသကဲ့သို့ ရှန့်ကျွင်းတွင်လည်း သူ၏ ကိုယ်ပိုင်ခံယူချက်များ ရှိသည်။
ထိုခံယူချက်များကပင် အင်အားကြီးမားသူများကို စိန်ခေါ်၍ သူတို့၏ ဆန္ဒများကို အကောင်အထည်ဖော်ရန် ထောက်ကူပေးနေသည်။
ဟွမ်ရှီခန်းမသခင်တွင်လည်း ခံယူချက်များ ရှိသည်။
သူမ၏ ခံယူချက်မှာ မီလော့နန်းတော် ခံယူချက်ဖြစ်ပြီး ထိုခံယူချက်ကြောင့်ပင် မီလော့နန်းတော်သည် အတိတ် စကြဝဠာ ၁၆ စင်းမှ တာအိုသိုင်းပညာရှင်များအတွက် အထွတ်အမြတ်နယ်မြေ ဖြစ်လာခဲ့၏။
ထိုခံယူချက်အတွက် သူတို့သည် မီးတောင်ကို ဖြတ်၍ ဓားပင်လယ်ကိုပင် လက်ပစ်ကူးနိုင်ပြီး အရာရာကို ဆန့်ကျင်တိုက်ခိုက်နိုင်သည်။
မီလော့နန်းတော်၏ အရှင်သခင် မရှိတော့သော်လည်း ခံယူချက်များ မပျောက်ကွယ်သရွေ့ မီလော့နန်းတော်သည် ပြိုလဲသွားမည်မဟုတ်ပေ။
သူမ၏ ရင်ထဲတွင် မီလော့နန်းတော်၏ ခံယူချက်သည် လုံးဝ မမှားနိုင်ချေ။ မီလော့နန်းတော်အရှင်သခင်၏ ခံယူချက်သည် လုံးဝ မမှားနိုင်၊ မှားယွင်းနိုင်သည်မှာ အခြားသူများသာ ဖြစ်သည်။
ခန်းမသခင်တစ်ဦးအနေဖြင့် သူမသည် မီလော့နန်းတော်၏ ခံယူချက်ကို ကာကွယ်ရပေလိမ့်မည်။
ရှန့်ကျွင်းက ဓားကို ဆွဲထုတ်လိုက်ပြီး ဟွမ်ရှီခန်းမသခင်၏ တာအိုအလင်းရောင်နှင့် တာအိုမီးတောက်တို့ အပြင်းထန်ဆုံး အချိန်တွင် သူမကို ရင်ဆိုင်လိုက်သည်။
ဟွမ်ရှီခန်းမသခင်တွင် ခံယူချက် ရှိသကဲ့သို့ ရှန့်ကျွင်းတွင်လည်း ကိုယ်ပိုင်ခံယူချက်များ ရှိသည်။
သူသည် ၁၆ စင်းမြောက် စကြဝဠာ သက်ရှိများကို ကာကွယ်ချင်ခဲ့၏။ သူတို့အတွက် ငြိမ်းချမ်းသော ခေတ်သစ်တစ်ခု ဖန်တီးချင်ခဲ့ပြီး စကြဝဠာ၏ အသက်စွမ်းအင်ကို ခိုးယူသူများနှင့် တာအိုသိုင်းပညာရှင်များအားလုံးကို သတ်ဖြတ်ပစ်ချင်ခဲ့သည်။
သူ ရှုံးနိမ့်ခဲ့သည်။
သူ တာအိုရရှိသောအခါ ၁၆ စင်းမြောက် စကြဝဠာအား ဖျက်ဆီးသူ ဖြစ်လာခဲ့သည်။ သူသည် သက်ရှိများကို ကာကွယ်လိုသော်လည်း သူတို့ကို သတ်ဖြတ်သည့် အာဏာပါးကွပ်သား ဖြစ်လာခဲ့၏။
ထိုအချိန်မှစ၍ သူ၏ တာအိုနှလုံးသား ပျက်ယွင်းခဲ့ရသည်။
သူ၏ အမှားများကို ပြင်ဆင်၍ မရနိုင်ပေ။
သို့သော် ချင်မူနှင့် တွေ့ဆုံပြီးနောက် သူ၏ တာအိုနှလုံးသားသည် ပြန်လည်ခိုင်မာလာကာ ကိုယ်ပိုင်ခံယူချက်ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်။
သူသည် ၁၆ စင်းမြောက်စကြဝဠာ သက်ရှိများကို မကာကွယ်နိုင်ဘဲ အပြစ်သား ဖြစ်ခဲ့ရသော်လည်း ၁၇ စင်းမြောက် စကြ၀ဠာတွင်လည်း သက်ရှိများ ရှိ၏။ ထိုဝမ်းနည်းဖွယ်ရာ အဖြစ်ဆိုးများ ထပ်မံဖြစ်ပွားလာမည်ကို လုံးဝ ခွင့်မပြုနိုင်ပေ။ အမှားများ ထမ်မံကျူးလွန်မည် မဟုတ်။
မီလော့နန်းတော်၏ ခံယူချက် မည်မျှပင် မြင့်မြတ်သည်ဖြစ်စေ၊ သူတို့ မည်မျှ ခမ်းနားသည်ဖြစ်စေ ဤစကြဝဠာ၏ ပိုးကောင်များသာ ဖြစ်နေပေလိမ့်မည်။
သူသည် ငြိမ်သက်အေးချမ်းနေသော နေရာကို ကာကွယ်ရမည်ဖြစ်၏။
သူတို့နှစ်ဦးသား ကောင်းကင်တွင် ပထမဆုံးအကြိမ် ထိပ်တိုက်၀င်တိုက်သွားကြသည်။ ဟွမ်ရှီခန်းမသခင်က ပြိုကွဲသွားသော ခန်းမကို ထိန်းချုပ်ထားသည်။တာအိုသံကြိုး အမြောက်အမြားက ရစ်ပတ်ယှက်နွယ်ကာ ရှန့်ကျွင်း၏ ကိုယ်ခန္ဓာထဲသို့ စိုက်ဝင်သွား၏။ သူမက ခက်ထန်စွာ အော်ဟစ်လိုက်သည်။ “ငါနဲ့အတူ လမ်းဆုံးထိ လိုက်ခဲ့”
အုန်း... အုန်း... အုန်ုး
ရှန့်ကျွင်း၏ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်သွားပြီး ရုပ်ခန္ဓာနှင့် မူလ၀ိညာဉ်တို့တွင် အပေါက်များ ပွထကုန်၏။ သူ၏ စွမ်းအားများ လျင်မြန်စွာ လျော့ကျသွားသော်လည်း အသတ်အဖြတ်စိတ်ဆန္ဒက ပြိုင်ဘက်ကင်း ခိုင်မာနေဆဲပင်။
ပြိုင်ဘက်ကင်း အသတ်အဖြတ်စိတ်ဆန္ဒက အဆင့်တက်ကာ ၃၇ ကွက်မြောက် သတ်ကွက်အဖြစ် ပြောင်းလဲသွား၏။
ကောင်းကင်နှင့် လူသား ပေါင်းစည်း၍ တာအိုတစ်သောင်းအခြေခံ ဖွဲ့တည်ခြင်း။
ဤဓားချက်ကြောင့် ဟွမ်ရှီခန်းမသခင်၏ မဟာတာအိုနှင့် တာအိုသံကြိုးအားလုံး ဓားရောင်ထဲတွင် ပြာကျကုန်သည်။
သို့သော် သူမ၏ လက်ကျန်ချီစွမ်းအင်က နောက်ဆုံးတိုက်ကွက်အဖြစ် ပြောင်းလဲကာ ရှန့်ကျွင်း၏ ဦးနှောက်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားချေပြီ။
ဝုန်း
တာအိုသစ်ပင်တောအုပ် ရုတ်တရက် ပြိုကွဲသွားပြီး ဟွမ်ရှီခန်းမသခင်၏ တာအိုသစ်ပင်လည်း လွင့်ပျယ်ကာ မက်မွန်တောအုပ်အဖြစ် ပြောင်းလဲသွား၏။ ကျန်းပိုင်ကွေ့နှင့် ကောင်းကင်နတ်အရှင်ယွဲ့တို့ အလျင်အမြန် ပြေးလာကြသည်။ ကျန်းပိုင်ကွေ့၏ ကောင်းကင်နတ်သိုင်းများ ပေါက်ကွဲထွက်လာ၏။
ကောင်းကင်နတ်သိုင်းအမျိုးမျိုး ပြောင်းလဲသွားပြီး မရေမတွက်နိုင်သော လက်ချောင်းအရိပ်များက ကောင်းကင်တွင် ဖြတ်ပြေးသွားသည်။ သူတို့နှစ်ယောက်၏ ကောင်းကင်နတ်သိုင်းများက တာအိုအလင်းရောင်နှင့် ဓားရောင်တို့ကို ဖြတ်သန်းသွားသော လက်ညှိုးတစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွား၏။ ဟွမ်ရှီခန်းမသခင်၏ နောက်ဆုံးတိုက်ကွက်နှင့်အတူ ရှန့်ကျွင်း၏ မျက်ခုံးနှစ်ဖက်ကြားသို့ ထိုးချလိုက်သည်။
ရှန့်ကျွင်းမှာ နောက်သို့ လဲကျသွားသည်။ သူ၏ ရုပ်ခန္ဓာ၊ မူလ၀ိညာဉ်နှင့် တာအိုနယ်ပယ်တို့အားလုံး အက်ကွဲသွား၏။
“ဟား ဟား ဟား”
ဟွမ်ရှီခန်းမသခင်သည် ခြေထောက်တစ်ဖက်တည်းဖြင့် ရပ်နေပြီး ဟားတိုက်ရယ်သည်။ “ရှန့်ကျွင်း၊ နင့်ကို ငါနဲ့အတူ လမ်းဆုံးထိ ခေါ်သွားမယ်လို့ ပြောခဲ့တယ် ... ငါ စကားတည်ပြီးပြီ... နှမြောစရာပဲ...”
သူမက ကောင်းကင်နတ်အရှင်ယွဲ့ကို ထူးဆန်းစွာဖြင့် လှည့်ကြည့်လိုက်သည်။ “နင့်ကို ငါနဲ့အတူ မခေါ်သွားနိုင်ခဲ့ဘူး.... ငါ သခင်လေးလေးရဲ့ တာဝန်ကို မပြီးမြောက်နိုင်ခဲ့ဘူး...”
သူမ၏ နဖူး ကွဲအက်လာပြီး သွေးတို့က ခန္ဓာကိုယ်အလယ်အထိ စီးကျသွား၏။
ကောင်းကင်နတ်အရှင်ယွဲ့မှာ သူမကို သတ်ဖြတ်ချင်ခဲ့သော်လည်း ထိုသွေးကြောင်း မြင်လျှင် ရပ်လိုက်သည်။
ကျန်းပိုင်ကွေ့သည် ရှန့်ကျွင်းဘေးသို့ လျင်မြန်စွာ ရောက်သွားသည်။ “ကျွန်တော့်ရဲ့ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းက အစ်ကိုနှစ်လောက် မကောင်းဘူး... ဒါပေမဲ့ အစ်ကိုကြီးဝေစွေ့ဖုန်းထက်တော့ နည်းနည်း ပိုသာပါတယ်... ရှန့်ကျွင်းကို ကယ်နိုင်၊ မကယ်နိုင်တော့ မပြောတတ်ဘူး”
“တာအိုဖီဆန်သူ”
ထိုစဉ် ဟွမ်ရှီခန်းမသခင်က စူးရှစွာ အော်ဟစ်ရင်း သူ့ဆီ ပြေးဝင်လာသည်။ ရုတ်တရက် သူမ၏ ခန္ဓာကိုယ်ထဲတွင် ပုန်းကွယ်နေသော အသတ်အဖြတ်စိတ်ဆန္ဒ ပေါက်ကွဲထွက်လာပြီး သူမကို အပိုင်းပိုင်း ပြတ်ထွက်သွားစေ၏။
ဟွမ်ရှီခန်းမသခင် ကျဆုံးသွားချေပြီ။ မီလော့နန်းတော်၏ ခန်းမ ၇၂ ခုထဲမှ တစ်ခု ထပ်မံ ပျောက်ကွယ်သွားတော့သည်။