မဟာခြုံလွှမ်းကောင်းကင်ဘုံအား နှုတ်ဆက်ခြင်း
Vol. 137 Ch. 1769
ရှန့်ကျွင်း၏ ဒဏ်ရာက အလွန်ပင် ပြင်းထန်သည်။ ကျန်းပိုင်ကွေ့၏ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းမှာ မပြည့်စုံသေးချေ။ ယခုလေးတင် ဖြစ်ပွားခဲ့သော အရေးပေါ်အခြေအနေတွင် ကျန်းပိုင်ကွေ့သည် ဟွမ်ရှီခန်းမသခင်နှင့် တစ်ပြိုင်နက်တည်း နီးပါး တိုက်ခိုက်၍ သူ့ကို မပြောင်းလဲသော ဒြပ်ထု အခြေအနေထဲသို့ ကျရောက်သွားစေခဲ့သည်။
ရှန့်ကျွင်းနှင့်အတူ ဟွမ်ရှီခန်းမသခင်၏ နောက်ဆုံးတိုက်ကွက်ကလည်း မပြောင်းလဲသော ဒြပ်ထု အခြေအနေသို့ ရောက်သွားသဖြင့် ရှန့်ကျွင်း၏ ဒဏ်ရာကို ကုသရန် အလွန်ခက်ခဲနေ၏။
ရှန့်ကျွင်း ဟွမ်ရှီခန်းမသခင်၏ အကြိမ်ကြိမ် သတ်ဖြတ်ခံနေရသည့် ဖြစ်စဉ်ကြောင့် ကျန်းပိုင်ကွေ့ မျက်မှောင်ကြုတ်မိသည်။
“ဒီကိစ္စကို အစ်ကိုနှစ်ပဲ ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မယ်” သူက ကောင်းကင်နတ်အရှင်ယွဲ့အား ပြောသည်။
ကောင်းကင်နတ်အရှင်ယွဲ့လည်း ရှန့်ကျွင်း၏ ဒဏ်ရာကို မည်သို့ကုပေးရမှန်း မသိသဖြင့် ရေရွတ်လိုက်မိသည်။ “ကောင်းကင်နတ်အရှင်လင်သာ ရှိနေရင် ဒီကိစ္စကို အလွ့ယ်တကူ ဖြေရှင်းနိုင်မှာပဲ...”
သူမမှာ ကောင်းကင်နတ်အရှင်လင်ကို သတိရသွားသဖြင့် မှိုင်ကျသွားသည်။
ကောင်းကင်နတ်အရှင်လင် ပျောက်ကွယ်သွားသည်မှာ ကြာခဲ့လေပြီ။ သူမ ချင်မူ့ကို မေးကြည့်သည့်အခါ ချင်မူက ကောင်းကင်နတ်အရှင်လင်သည် အတိတ်စကြဝဠာသို့ ရောက်နေသည်ဟု ပြောခဲ့၏။ ချင်မူ လိမ်နေခြင်းဟုတ်၊ မဟုတ်ကိုတော့ သူမ မသိပေ။
ချင်မူက ဘိုးဘိုးထော့ကျိုးသည်လည်း အတိတ်စကြဝဠာသို့ ရောက်သွားခဲ့သည်ဟု ပြောခဲ့ဖူးသည်။ ကောင်းကင်နတ်အရှင်ယွင်နှင့် သခင်မယွင်လည်း သီးသန့်နေထိုင်နေကြသည်ဟု ပြောခဲ့ဖူးသည်။ တကယ်တမ်းတော့ သူတို့အားလုံး သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း အားလုံး သိထားသည် မဟုတ်ပါလော။
ချင်မူက ခိုင်ဧကရာဇ် ချင်ယဲ့ မသေသေးဘဲ ၄၂ နှစ်ကြာလျှင် ရွှေသင်္ဘောပေါ်တွင် ပြန်ပေါ်လာမည်ဟု ဆိုခဲ့ဖူးသည်။ ဤသတင်းသည် လူများစွာကို အားတက်စေခဲ့သော်လည်း ယခု ၄၂ နှစ် ပြည့်ရန် နီးကပ်လာသော်လည်း ခိုင်ဧကရာဇ် ချင်ယဲ့ ပေါ်မလာသေးပေ။
“လင်... နင် အသက်ရှင်နေသေးရဲ့လား...”
ကောင်းကင်နတ်အရှင်ယွဲ့မှာ ခံစားချက်များကို ပြန်လည်မြိုသိပ်လိုက်ရင်း ရှန့်ကျွင်းအား နေရာဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးနေရာထဲတွင် ဖုံးကွယ်ထားလိုက်သည်။ ထို့နောက် ကျန်းပိုင်ကွေ့နှင့်အတူ ကောင်းကင်နတ်ဧကရာဇ်ဟောင်အား သတ်ဖြတ်ရန် ထွက်ခွာသွား၏။
သူမနှင့် ကျန်းပိုင်ကွေ့တို့၏ ဒဏ်ရာများမှာလည်း အလွန်ပြင်းထန်နေသည်။ ရှန့်ကျွင်း ရောက်မလာမီကပင် ဟွမ်ရှီခန်းမသခင်ကို သူတို့နှစ်ဦး တားဆီးထားရသည်။ မီလော့နန်းတော်၏ ခန်းမသခင်များ၏ ခွန်အားမှာ ပြောပြစရာမလိုအောင်ပင် ကြီးမားပြင်းထန်သောကြောင့် သူတို့နှစ်ဦးသည်လည်း အခြေအနေ သိပ်မဟန်ပေ။
သို့သော် ယခုတွင် အောင်ပွဲအတွက် အလင်းရောင်ကို မြင်နေရပြီဖြစ်သည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်ကိုသာ ဖယ်ရှားနိုင်ပါက မီလော့နန်းတော်မှ တာအိုသိုင်းပညာရှင်များ ဆင်းသက်လာခြင်းကို မည်သူမျှ ဦးဆောင်နိုင်တော့မည် မဟုတ်ပေ။
သူတို့ ကောင်းကင်နတ်ဧကရာဇ်ဟောင်ဆီသို့ အလျင်အမြန် သွားနေစဉ် နားလည်ရခက်သော ပုံပျက်လှိုင်းတစ်ခု ဖြာထွက်လာသည်။ ကောင်းကင်နတ်အရှင်ယွဲ့နှင့် ကျန်းပိုင်ကွေ့တို့ မျက်ဝန်းထောင့်စွန်းများ တွန့်သွားပြီး ထိုပျံပျက်လှိုင်းထံ ကြည့်လိုက်ကြသည်။
ဘိုးဘေးနန်းတော်၏ ကျောက်စိမ်းမြို့တော်ထဲသို့ ပထမဆုံး တာအိုသိုင်းပညာရှင် ရောက်လာခဲ့လေပြီ။
ကျောက်စိမ်းမြို့တော်အပြင်ဘက်၊ သူတို့ တိုက်ခိုက်နေသည့် နေရာအနီးတွင်လည်း တာအိုသိုင်းပညာရှင်တို့ ဆင်းသက်နေဆဲ ဖြစ်သည်။ သို့သော် အပြည့်အ၀ ဆင်းသက်ရန် ရက်အနည်းငယ် လိုသေးသည်။
သူတို့မှာ ကျောက်စိမ်းမြို့တော်အပြင်ဘက်မှ ဆင်းသက်လာသည့် အခြေအနေကိုသာ အာရုံစိုက်နေခဲ့ကြသည်။ သို့သော် မီလော့နန်းတော်က တစ်စုံတစ်ခုကို လျှို့ဝှက်စွာ ကြံစည်နေသည်ကိုတော့ သတိမထားမိခဲ့ပေ။
ထိုမျှသာမက ပုံပျက်လှိုင်းနှင့် တာအိုအလင်းရောင်အရ မီလော့နန်းတော်၏ ခန်းမသခင်အဆင့် ဖြစ်ပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ထိုတာအိုအလင်းရောင်နောက်တွင် ဧရာမတာအိုသစ်ပင်တစ်ပင် ရှိနေပြီး တာအိုသစ်သီးသုံးလုံး ချိတ်ဆွဲနေလေသည်။
“အခွင့်အရေး ရှိသေးတယ်”
ကောင်းကင်နတ်အရှင်ယွဲ့က ချက်ချင်း ရှေ့သို့ အပြေးအလွှား ထွက်သွားသည်။ ရုတ်တရက် ကျန်းပိုင်ကွေ့က သူမကို တားကာ ခေါင်းခါပြသည်။ “ကောင်းကင်နတ်အရှင်ယွဲ့၊ ဆုတ်ခွာကြပါစို့”
ကောင်းကင်နတ်အရှင်ယွဲ့ သူ့ကို ဇဝေဇဝါ ကြည့်မိသည်။
ကျန်းပိုင်ကွေ့က ခေါင်းခါ၏။ “နောက်ကျသွားပြီ… မီလော့နန်းတော်က ဟွမ်ရှီခန်းမသခင်၊ ကောင်းကင်နတ်ဧကရာဇ်ဟောင်နဲ့ ကောင်းကင်နတ်ဧကရီတို့ကို မြို့ပြင်မှာ တမင် စောင့်ခိုင်းထားခဲ့တာ… မြို့ပြင်မှာလည်း တာအိုသိုင်းပညာရှင်တွေ ဆင်းသက်လာနေကြပြီ .... သူတို့က ကျွန်တော်တို့ကို အာရုံလွှဲပြီး ဒီမှာထိန်းထားခဲ့တာ.... ဟွမ်ရှီခန်းမသခင်၊ ကောင်းကင်နတ်ဧကရာဇ်ဟောင်နဲ့ ကောင်းကင်နတ်ဧကရီတို့ဟာ စွန့်ပစ်ခံရတဲ့သူတွေပဲ... ကျွန်တော် ထင်တာ မမှားဘူးဆိုရင် ကျောက်စိမ်းမြို့တော်ထဲက ခန်းမသခင် ဆင်းသက်လာတာက မြို့ပြင်က ပုဂ္ဂိုလ်တွေထက် ပိုစောနိုင်တယ်… ဒါ့အပြင် ဒီတစ်ခါ လာတာ ခန်းမသခင်တစ်ပါးတည်း မဟုတ်ဘူး”
သူ၏ စကားဆုံးသည်နှင့် နောက်ထပ် ပျံပျက်လှိုင်းများ ထပ်မံ ဖြာထွက်လာသည်။ အလင်းတန်းများက ကောင်းကင်သို့ တက်သွား၍ ဘိုးဘေးနန်းတော်၏ ကောင်းကင်ကို တုန်ခါလာစေပြီး ကြယ်တာရာများအား လှည့်ပတ်သွားစေ၏။
ဒုတိယမြောက် ခန်းမသခင် ရောက်ရှိလာလေပြီ။
ရှုရှန်းဟွာနှင့် လန်ယွီတျန်းတို့သည် ထိုအချိန်တွင် ကျောက်စိမ်းမြို့တော်ထဲသို့ ရောက်လာခဲ့၏။ အခြေအနေကို မြင်သဖြင့် ချက်ချင်း ရပ်တန့်လိုက်ပြီး အလင်းတန်းများကို မော့ကြည့်လိုက်ကြသည်။ လန်ယွီတျန်း၏ မျက်နှာမှာ ဖြူဖျော့သွားပြီး ရှုရှန်းဟွာမှာလည်း စိတ်ပျက်လက်မှိုင်ကျသွားပုံပင်။
သူတို့နှစ်ယောက်မှာ ကောင်းကင်နတ်အရှင်ရုံနှင့် အခြားသူများ ကောင်းကင်နတ်ဧကရာဇ်ဟောင်အား သတ်ဖြတ်နေကြသည်ကို ကူညီရန် ရည်ရွယ်ခဲ့ကြသည်။ ပထမဆုံး ခန်းမသခင် ဆင်းသက်လာသည်ကို မြင်သောအခါ ဘိုးဘေးနန်းတော်ထဲသို့ အပြေးအလွှား ဝင်ရောက်၍ ထိုခန်းမသခင်နှင့် အသေအကြေ တိုက်ခိုက်ရန် စိတ်ကူးခဲ့ကြသည်။
သို့သော် ဒုတိယမြောက် ခန်းမသခင် ဆင်းသက်လာခြင်းက သူတို့ ဆောင်ရွက်ခဲ့သည့် အရာအားလုံး အချည်းနှီးသာ ဖြစ်ကြောင်း ချက်ချင်း သတိဝင်သွားစေသည်။
“သွားကြရအောင်” ရှုရှန်းဟွာက ချာခနဲ လှည့်၍ ကျောက်စိမ်းမြို့တော်အပြင်ဘက်သို့ လျှောက်သွားသည်။
လန်ယွီတျန်းက သူ့ကို လှမ်းခေါ်လိုက်သည်။ သူ၏အသံတွင် တွေဝေမှုများ ပြည့်နှက်နေသည်။ “နောင်တော်ရှု... ဘယ်ကို သွားရမှာလဲ”
ရှုရှန်းဟွာမှာ ပုံမှန်စိတ်အခြေအနေသို့ ပြန်လည် ရောက်ရှိသွားပြီ ဖြစ်သည်။ “ကမ္ဘာဦးဘုံကို ပြန်ရမယ်… မီလော့နန်းတော် ဆင်းသက်လာတာကို တားဆီးလို့ မရတော့ဘူး… ဒီတိုက်ပွဲမှာ ငါတို့ နိုင်မယ့် အခွင့်အရေး လုံး၀မရှိဘူး… အခု ကမ္ဘာဦးဘုံကို ပြန်သွားပြီး ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို ဖရိုဖရဲနေရာဟင်းလင်းပြင်ထဲ ရွှေ့ပြောင်းနိုင်ရင် နောက်တစ်ကြိမ် ပြန်ထူထောင်နိုင်ဖို့ အခွင့်အရေး ရှိနိုင်သေးတယ်”
“တကယ်ပဲ ပြန်ထူထောင်နိုင်ဖို့ အခွင့်အရေး ရှိသေးရဲ့လား”
လန်ယွီတျန်းက အော်ဟစ်လိုက်၏။ “ခင်ဗျားရဲ့ အသိစိတ်ကို စမ်းသပ်ပြီး ကျွန်တော့်ကို ပြောစမ်းပါ... တကယ်ပဲ အဲ့ဒါကို ယုံကြည်နေတာလား”
ရှုရှန်းဟွာ တိတ်ဆိတ်သွားသည်။
ရုတ်တရက် နောက်ထပ်အလင်းတန်းတစ်တန်း ကောင်းကင်သို့ ထိုးတက်သွားသည်။
ရှုရှန်းဟွာက လှည့်ပင်မကြည့်ဘဲ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားသည်။ “ဒီမှာ ဆက်နေရင် အခွင့်အရေး လုံးဝ မရှိဘူးဆိုတာပဲ ငါ သိတယ်… လန်ယွီတျန်း၊ ငါနဲ့ လိုက်ခဲ့... အနည်းဆုံးတော့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို ကာကွယ်နိုင်လိမ့်မယ်”
လန်ယွီတျန်းလည်း တုံ့ဆိုင်းနေပြီးနောက် သူ့နောက်လိုက်သွားသည်။ သူတို့နှစ်ယောက်စလုံး ကောင်းကင်နတ်ဧကရာဇ်ဟောင် တာအိုရရှိရန် ကြိုးစားနေသည့် နေရာသို့ ဦးတည်သွားသည်။ ရှုရှန်းဟွာက အော်ဟစ်လိုက်သည်။ “ကောင်းကင်နတ်အရှင်ရုံ၊ လန်ဝူ၊ ရွှမ်း၀ူနတ်မင်းနှစ်ပါး၊ ကိစ္စက ပြီးသွားပြီ... ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို ပြန်ကြပါတော့”
ကောင်းကင်နတ်အရှင်ရုံမှာ အံ့အားသင့်သွားသည်။ “ကိစ္စက ပြီးသွားပြီတဲ့လား”
သူ၏ ရင်ဘတ်ထဲတွင် အမည်မဖော်နိုင်သော ဒေါသများ တောက်လောင်လာတော့သည်။ “ဘယ်သူက ပြီးသွားပြီလို့ ပြောတာလဲ… ငါတို့ လူဘယ်လောက် သေပြီးမှ အခုလို အသာစီးရခဲ့တာလဲ... အသက်ဘယ်လောက် စတေးပြီး ကောင်းကင်နတ်ဘုံနဲ့ ကျောက်စိမ်းမြို့တော်ကို တိုက်ခိုက်နိုင်ခဲ့တာမလို့လဲ … နောက်တစ်လှမ်းဆိုရင် အနိုင်ရတော့မှာ... ဘယ်လိုလုပ် ကိစ္စပြီးသွားရတာလဲ”
ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ မျက်ခုံးနှစ်ဖက်ကြားမှ ခန်းမသုံးခု ပျံထွက်လာသည်။ သူက အေးစက်စွာ ခနဲ့လိုက်သည်။ “ရုံ... မင်း မမြင်ဘူးလား… ခန်းမသခင်တွေ ဆင်းသက်လာခဲ့ပြီ.. မင်းတို့ တကယ်ပဲ ကိစ္စပြီးသွားပြီ”
ထိုခန်းမများက တာအိုစွမ်းအား အပြည့် ဖြန့်ကျက်ကာ ကောင်းကင်နတ်အရှင်ရုံ၊ လန်ဝူနှင့် ရွှမ်း၀ူနတ်မင်းနှစ်ပါးတို့အား ဖိနှိပ်လိုက်သည်။
ထိုခန်းမများ၏ စွမ်းအားသည် ကြီးမားသော်လည်း ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ လက်ထဲတွင် လက်နက်ကောင်းတစ်ခုအဖြစ်သာ သတ်မှတ်နိုင်ချေသည်။ ယခုကဲ့သို့ စွမ်းအား အလုံးစုံ ထုတ်ဖော်နိုင်ခြင်း မရှိခဲ့ပေ။
ယခုမူ ဤခန်းမသုံးခုကား ဖျက်ဆီးမရနိုင်သည့် ခမ်းနားကြီးကျယ်သော နတ်ဘုရားများအလားပင်။ ပျက်စီးခြင်းကပ်ဘေးကြီး၏ အလယ်၌ မပြိုယွင်းခဲ့သော ခန်းမများပင် မဟုတ်လော။
ခန်းမများ၏ စွမ်းအား ပေါက်ကွဲထွက်လာသည့်အခါ သူတို့အား သွေး အဆက်မပြတ် အန်နေရသည်။
ဘိုးဘေးနန်းတော်၏ ကျောက်စိမ်းမြို့တော်ထဲမှ ခမ်းနားမြင့်မြတ်သော ပုံရိပ်သုံးခု လျှောက်လာသည်။ ဤခန်းမသုံးခုသည် သူတို့ မဟာတာအို၏ အမြင့်ဆုံး အောင်မြင်မှုများပင် ဖြစ်၏။
ကောင်းကင်နတ်အရှင်ယွဲ့၊ ကျန်းပိုင်ကွေ့၊ ရှုရှန်းဟွာနှင့် လန်ယွီတျန်းတို့က အလျင်အမြန်ပင် တစ်ဦးစီကို ကယ်ကာ နောက်သို့ ဆုတ်ခွာသွားကြသည်။
ထိုခန်းမသခင်သုံးပါး၏ ဦးခေါင်းနောက်တွင် အလင်းရောင်များ လှည့်ပတ်နေသည်။ ပတ်ဝန်းကျင်ရှိ နေရာဟင်းလင်းပြင်မှာ အေးခဲတောင့်တင်းလာသည်။ ကောင်းကင်နတ်အရှင်ယွဲ့ပင် နေရာဟင်းလင်းပြင်တာအိုကို အသုံးပြု၍ ထွက်ပြေးနိုင်ခြင်း မရှိတော့ပေ။
သူတို့အားလုံး ဒဏ်ရာများ ပွထနေသောကြောင့် ထိုခန်းမသခင်သုံးပါးကို တားဆီးရန် အခက်တွေ့နေကြသည်။
သူတို့အားလုံး ထိုခန်းမသခင်သုံးပါး၏ ဦးခေါင်းနောက်မှ အလင်းရောင်ထဲသို့ စုပ်ယူခံရပေတော့မည်။
ကောင်းကင်နတ်အရှင်ယွဲ့မှာ အပြင်းအထန် ရုန်းကန်လျက် နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းကို အသုံးပြုကာ အားလုံး လွတ်နိုင်အောင် ကြိုးစားနေသည်။ သို့သော် ထိုခန်းမသခင်သုံးပါး၏ မှော်စွမ်းအင်က သူမ၏ ကောင်းကင်နတ်သိုင်းကို ချက်ချင်း ဖိနှိပ်လိုက်ရာ သူမမှာ စိတ်ပျက်အားငယ်လာတော့သည်။ ကူကယ်ရာမဲ့သွားသလို ခံစားလိုက်ရသည်။
ခန်းမသခင်တစ်ပါးတည်းဆိုလျှင် ရင်ဆိုင်နိုင်သေးသော်လည်း ခန်းမသခင်သုံးပါး တစ်ပြိုင်နက် ပေါ်လာသောအခါ အရေးနိမ့်သွားရုံအပြင် မတတ်နိုင်ချေ။
“တာအိုမိတ်ဆွေဟောင်... မင်း တာ၀န်ကျေပါပြီ”
ထိုခန်းမသခင်များထဲမှ တစ်ပါးက ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို ကြည့်၍ ခေါင်းညိတ်လိုက်သည်။ “မင်းက သူတို့ရဲ့ အာရုံကို ဖမ်းစားထားနိုင်ခဲ့လို့ ငါတို့ ဆင်းသက်လာတာ ပိုလွယ်သွားတယ်”
ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် အန္တိမဟင်းလင်ပြင်ပေါ်တွင် တံဆိပ်ခတ်နှိပ်ခြင်းကို ဆက်လက်လုပ်ဆောင်ရင်း ဦးညွှတ်အရိုအသေပေးလိုက်သည်။ “ကျေးဇူးတင်မခံရဲပါဘူးဗျာ... ဒီတိုက်ပွဲမှာ ကျွန်တော့်လူတွေအားလုံး ပျက်စီးခဲ့ရတယ်... ကျွန်တော့်ရဲ့ အမေတောင် ဒီတိုက်ပွဲမှာ သေဆုံးခဲ့ရတယ်… ကျေးဇူးက သူတို့နဲ့ ဟွမ်ရှီခန်းမသခင်နဲ့ပဲ ထိုက်တန်ပါတယ်”
နောက်ထပ် ခန်းမသခင်တစ်ပါးက စိတ်ပျက်စွာ ရေရွတ်သည်။ “ဟွမ်ရှီခန်းမသခင်လည်း ကျဆုံးခဲ့ပြီလား”
“ဝမ်းနည်းနေစရာ မလိုပါဘူး”
တတိယမြောက် ခန်းမသခင်က ဖြည်းညှင်းစွာ ပြောသည်။ “မီလော့နန်းတော်အတွက်၊ ဆရာရဲ့ ခံယူချက်အတွက် အသက်ပေးရတာ ထိုက်တန်ပါတယ်…. တာအိုမိတ်ဆွေဟွမ်ရှီလည်း မဟာဗျူဟာကြီး အောင်မြင်သွားပြီဆိုတာ သိရင် ပျော်ရွှင်နေမှာပါ… ငါတို့ ရှိနေရင် သခင်လေး ဆင်းသက်လာနိုင်ပြီ”
“ဒါပေမဲ့ ငါတို့ ယဇ်ကောင်တွေ ပိုလိုတယ်”
ခန်းမသခင်သုံးပါးလုံး ကောင်းကင်နတ်အရှင်ယွဲ့နှင့် ရှုရှန်းဟွာတို့ကဲ့သို့ ရုန်းကန်နေရသူများကို မော့ကြည့်လိုက်ကြသည်။
သခင်လေးများ ဆင်းသက်လာခြင်းသည် ပေါ့သေးသေးကိစ္စ မဟုတ်ချေ။ စွမ်းအင်ဖလှယ်အစားထိုးရန်အတွက် လိုအပ်သော စွမ်းအင်မှာ အလွန် ကြောက်မက်ဖွယ်ကောင်းသည်။ ယခင်က အနန္တအဘိုးအိုသည် သွေးယဇ်ပူဇော်ခြင်းစွမ်းအင်ကို လျှို့ဝှက်စွာ ခိုးယူနေခဲ့၏။ သခင်လေး မဆိုထားနှင့် သာမန် တာအိုသိုင်းပညာရှင်များ ဆင်းသက်ရန်ပင် မလွယ်ခဲ့ပေ။
ကံကောင်းစွာဖြင့် ကောင်းကင်နတ်ဘုံ ကမ္ဘာဦးဘုံကို စစ်ချီခဲ့သည့်အချိန်မှစ၍ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သောကြောင့် ဟွမ်ရှီ၊ ချူဖုန်း၊ ချူကောတို့ ခန်းမသခင်သုံးပါး ဆင်းသက်လာနိုင်ခဲ့သည်။ သို့သော်လည်း ချင်မူနှင့် ရှန့်ကျွင်းတို့က နှစ်ပါးကို ဖယ်ရှားနိုင်ခဲ့လေသည်။
ယခုအခါ အနန္တအဘိုးအိုမှာ ဒဏ်ရာ အပြင်းအထန် ရထားသဖြင့် သွေးယဇ်ပူဇော်ခြင်းစွမ်းအင်ကို ခိုးယူနိုင်မည့်သူ မရှိတော့ပေ။ ထိုက်ယီသည်လည်း မထနိုင်သောကြောင့် မီလော့နန်းတော်၏ သခင်လေးများ ဆင်းသက်လာခြင်းကို တားဆီးနိုင်မည့်သူ မရှိတော့ချေ။
သခင်လေးနှစ်ပါး ဆင်းသက်လာပါက မီလော့နန်းတော်တစ်ခုလုံးကို ဤစကြဝဠာထဲသို့ အမှန်တကယ် ဆွဲခေါ်လာနိုင်မည်ဖြစ်၏။
ခန်းမသခင်သုံးပါး ကောင်းကင်နတ်အရှင်ယွဲ့နှင့် အခြားသူများကို သတ်ဖြတ်တော့မည့်ဆဲဆဲတွင် ရုတ်တရက် လောကပေါင်းကူးရွှေသင်္ဘောက ပျံသန်းလာသည်။
ခန်းမသခင်သုံးပါး မျက်မှောင်ကြုတ်သွားကြသည်။
မှန်ပါသည်။ ထိုရွှေသင်္ဘောကို သူတို့ သိထားကြသည်။ ရွှေသင်္ဘောပေါ်သို့ တစ်ခါမျှ မတက်ဖူးသော်လည်း ၎င်းသည် မီလော့နန်းတော်အပြင်ဘက်တွင် အမြဲရှိနေခဲ့၏။ ပျက်စီးယိုယွင်းနေသဖြင့် သူတို့ ဖြတ်သွားသည့်အခါတိုင်း အကြိမ်ကြိမ် ကြည့်မိကြသည်။
ယခုအခါ ဤရွှေသင်္ဘောကား အသစ်ကဲ့သို့ တောက်ပနေသည်။ ယခင်ကလို ပျက်စီးယိုယွင်းနေသည့် အခြေအနေမျိုး မဟုတ်တော့ချေ။ ယဇ်ပူဇော်ပါက အလွန်ကြီးမားသော စွမ်းအင် ဖြစ်လာမည်မှာ သေချာသော်လည်း လောကပေါင်းကူးရွှေသင်္ဘောသည် မီလော့နန်းတော်အရှင်သခင်၏ ရတနာ ဖြစ်သောကြောင့် သူတို့အနေဖြင့် ဤရွှေသင်္ဘောကို မထိရဲကြပေ။
“ရွှေသင်္ဘောကို သိမ်းလိုက်ကြပါစို့”
ဖုန့််ဟွမ်ခန်းမသခင်က ပြောသည်။ “ဒီသင်္ဘောကို သခင်လေးခုနစ် ခိုးသွားခဲ့တာလေ …. အခု မီလော့နန်းတော်ဆီ ပြန်ထားရမယ့် အချိန်ပဲ”
ဘေးမှ နေသူရိန်ခန်းမသခင်က လက်မြှောက်လိုက်ရာ သူ၏ နောက်မှ တာအိုသစ်သီး ပျံထွက်သွားပြီး လောကပေါင်းကူးရွှေသင်္ဘောပေါ်တွင် ချိတ်ဆွဲသွားသည်။ တာအိုသံကြိုးများက တာအိုသစ်သီးထဲမှ ဆင်းသက်လာပြီး ထိုရွှေသင်္ဘောကို ချုပ်နှောင်ကာ တာအိုသစ်ပင်ဆီသို့ ဆွဲယူလိုက်သည်။
နေသူရိန်ခန်းမသခင်၏ တာအိုသစ်ပင်အမြစ်များသည် သံကြိုးများကဲ့သို့ လှုပ်ရှားလာပြီး လောကပေါင်းကူးရွှေသင်္ဘောကို တာအိုသစ်ပင်ဘေးတွင် ချည်နှောင်လိုက်ချေပြီ။
“အစ်ကိုကြီးတို့၊ သွေးယဇ်ပူဇော်ခြင်း အခမ်းအနားကို စတင်ကြပါစို့” နေသူရိန်ခန်းမသခင်က ဆော်ဩသည်။
ဖုန့်ဟွမ်ခန်းမသခင်နှင့် ဟယ့်ဟွမ်ခန်းမသခင်တို့လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ကောင်းကင်နတ်အရှင်ယွဲ့နှင့် အခြားသူများအား ပြောလိုက်သည်။ “တာအိုမိတ်ဆွေတို့၊ ငါတို့က သွေးဆာနေလို့ မဟုတ်ပါဘူး… မတတ်သာလို့ပါ… ငါတို့ မီလော့နန်းတော် ဆင်းသက်လာတာဟာ ၁၇ စင်းမြောက် စကြဝဠာကို ဖျက်ဆီးဖို့ မဟုတ်ဘူး… ပိုများတဲ့လူတွေကို ကယ်တင်ဖို့ပဲ… ငါတို့ကို တားဆီးရင် မဟာပျက်စီးခြင်းကပ်ဘေး ဖြစ်ပေါ်လာတာနဲ့ ၁၇ စင်းမြောက် စကြဝဠာဟာ လုံးဝ ပျက်စီးသွားလိမ့်မယ်”
ကောင်းကင်နတ်အရှင်ယွဲ့သည် အံကြိတ်လိုက်သော်လည်း နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာ၏။ သူမက နှာခေါင်းရှုံ့လိုက်သည်။ “၁၇ စင်းမြောက် စကြ၀ဠာကို ရှင်တို့ ကယ်တင်ဖို့ မလိုဘူး… ကိုယ့်ဘာသာ ကယ်တင်နိုင်တယ်… ရှင်တို့ ဆင်းသက်လာဖို့အတွက် ၁၇ စင်းမြောက် စကြ၀ဠာမှာ ဘယ်လောက်တောင် ပျက်စီးခဲ့ရလဲ… လူ ဘယ်လောက်တောင် သေခဲ့ရလဲ”
“ဒါဟာ လိုအပ်တဲ့ စွန့်လွှတ်မှုပဲလေ”
ဖုန့်ဟွမ်ခန်းမသခင်က ညှိုးငယ်စွာ ပြောသည်။ “အနာဂတ်မှ လူပိုများများ အသက်ရှင်နိုင်ဖို့အတွက် ဒီလို စတေးမှုတွေ လိုအပ်ပါတယ်”
လန်ယွီတျန်းက အားကုန်ရုန်းကန်ရင်း ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ “မီလော့နန်းတော်က ၁၇ စင်းမြောက် စကြဝဠာကို မကယ်တင်နိုင်ရော”
“ဒါဆိုရင် ၁၈ စင်းမြောက် စကြဝဠာဆီ သွားမယ်”
နေသူရိန်ခန်းမသခင်က ခပ်ဩဩ အသံဖြင့် ဖြေသည််။ “တစ်နေ့ကျရင် လူအားလုံးကို ကယ်တင်နိုင်မယ့် နည်းလမ်းကို ငါတို့ ရှာတွေ့မှာပါ”
“အယုတ်တမာကောင်တွေ” ကောင်းကင်နတ်အရှင်ရုံက ဆဲလိုက်သည်။
နေသူရိန်ခန်းမသခင်က ဂရုမစိုက်ပေ။
လောကပေါင်းကူးရွှေသင်္ဘောသည် သူ့ကို ခုခံနေသည်။ ခုခံမှုသည် ပို၍ ပြင်းထန်လာသဖြင့် သူက အလျင်အမြန် ပြောလိုက်သည်။ “အစ်ကိုကြီးတို့ သူတို့နဲ့ စကားများနေစရာ မလိုဘူး… သူတို့က ခေါင်းမာပြီး အယူအဆ လွဲမှားနေကြတယ်… မြန်မြန် သွေးယဇ်ပူဇော်တာ အကောင်းဆုံးပဲ”
လောကပေါင်းကူးရွှေသင်္ဘော၏ ခုခံမှု ပို၍ ပြင်းထန်လာရာ သူ့ကို အနည်းငယ် စိုးရိမ်လာစေသည်။
ဟယ့်ဟွမ်ခန်းမသခင်နှင့် ဖုန့်ဟွမ်ခန်းမသခင်တို့လည်း တာအိုသစ်သီးများကို အလျင်အမြန် အသက်သွင်းလိုက်ကြသည်။ တာအိုအိုသံကြိုးများ ရောထွေးယှက်နွယ်ကာ သွေးယဇ်ပူဇော်ခြင်း၀င်္ကပါကို ဖွဲ့တည်လိုက်သည်။ ခန်းမသခင်နှစ်ပါးလုံး သွေးယဇ်ပူဇော်ခြင်း၀င်္ကပါကို တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်ရာ ၎င်းမှာ ချက်ချင်း စတင်သွားချေပြီ။
ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ ဤအဖြစ်အပျက်ကို မြင်လျှင် ပျော်ရွှင်မှုတို့ ရင်ထဲတွင် တရိပ်ရိပ် တက်လာသည်။ “ဒီသစ္စာဖောက်အားလုံး တစ်ချိန်တည်း ဖယ်ရှားခံရတော့မယ်… ကောင်းကင်နတ်အရှင်မူ ဒီကောင် လွတ်သွားတာ နှမြောစရာပဲ… ဒါပေမဲ့ သူလည်း ကြာကြာ ရှင်သန်နိုင်မှာ မဟုတ်ဘူး”
ရုတ်တရက် လောကပေါင်းကူးရွှေသင်္ဘောထဲမှ ထိတ်လန့်ဖွယ် ဓားရောင်တစ်ချက် ဖြာထွက်လာကာ နေသူရိန်ခန်းမသခင်၏ မျက်ခုံးနှစ်ဖက်ကြားသို့ ထိုးဖောက်သွား၏။
ထိုဓားရောင်သည် နေသူ၇ိန်ခန်းမသခင်၏ နောက်စေ့မှ ဖောက်ထွက်သွားသည်။ နောက်တစ်ခဏတွင် ဟယ့်ဟွမ်ခန်းမသခင်နှင့် ဖုန့််ဟွမ်ခန်းမသခင်တို့၏ တာအိုသစ်သီးများကို ဖြတ်သွားကာ သွေးယဇ်ပူဇော်ခြင်း၀င်္ကပါ တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်တော့သည်။
လောကပေါင်းကူးရွှေသင်္ဘောပေါ်မှ ခပ်ဝါးဝါး ပုံရိပ်တစ်ခုက လမ်းလျှောက်လာနေပြီး တဖြည်းဖြည်း ရှင်းလင်းပြတ်သားလာသည်။ ပုံရိပ်ယောင်မှ အစစ်အမှန် ဖြစ်လာသယောင်ပင်။
“သခင်လေးခုနစ်က ငါ့ကို ပြောခဲ့ဖူးတယ်... မီလော့နန်းတော်ဟာ ပျက်စီးယိုယွင်းနေပြီတဲ့”
ထိုသူ၏ မျက်နှာသည် ပိုပို၍ ကြည်လင်ပြတ်သားလညပြီး အသံကလည်း ပိုမို ခံ့ညားလာသည်။ “၁၇ စင်းမြောက် စကြ၀ဠာမှာ ပျက်စီးယိုယွင်းနေတဲ့ သူတွေကို မလိုအပ်ဘူး”
ချွင်… ချွင်… ချွင်
ဓားမြည်သံ ထွက်ပေါ်လာပြီး ဓားရောင်က သူ၏ လက်ဖဝါးထဲသို့ ဆင်းသက်သွား၏။
“မဟာခြုံလွှမ်းကောင်းကင်ဘုံ... နိုးထလော့”
ဝုန်း
ကောင်းကင်တွင် အန္တိမဟင်းလင်ပြင် ထွက်ပေါ်လာပြီး ဓားတာအို၏ မဟာခြုံလွှမ်းကောင်းကင်ဘုံသည် တစ်ဖန်ပြန်လည်မွေးဖွားလာကာ ကောင်းကင်မှ ဆင်းသက်လာချေပြီ။