ခင်ဗျား အသက်ရှင်နိုင်ခဲ့သင့်တာ
Vol. 81-85 Ch. 1261
“မင်း ဘာတွေ ပြောနေတာလဲ”
ရှုကျစ်ကော အံ့ဩသွားသည်။ သူသည် ဤထောင်ဟွာမြို့၌ ဩဇာရှိသော လူဟု ဆိုနိုင်ပေသည်။ အဘယ်ကြောင့် ဆိုသော် သူ့နောက်ကွယ်၌ မြို့တော်ဝန်ဖြစ်သော သူ့ယောက်ဖ ရှိနေသောကြောင့်ပင်။ သို့သော်ငြားလည်း ယဲ့ဖန်က သူ့အား ကိုယ့်အတွက်ကိုယ် အုတ်ဂူ ပြန်ရွေးခိုင်းနေသည်တဲ့လား။
“မင်း ဒီနေ့ သေရလိမ့်မယ်လို့ ငါ ပြောတာ၊ အဲ့ဒါကြောင့် မင်းအတွက် သင့်လျော်တဲ့ အုတ်ဂူကို ရှာခိုင်းတာလေ၊ မင်းမိသားစုလည်း ဒုက္ခသက်သာတာပေါ့”
ယဲ့ဖန်က တည်တည်ငြိမ်ငြိမ်နှင့် ပြန်ကြည့်နေသည်။
“ကောင်းပြီလေ၊ ထောင်ဟွာမြို့မှာ ငါ့ကို ဒီလိုပြောရဲတဲ့လူက မင်း ပထမဆုံးပဲ”ရှုကျစ်ကော လှောင်ရယ် လိုက်သည်။ တစ်ယောက်ယောက်ကို ရှာ၍ ယဲ့ဖန်၏ လက် သို့မဟုတ် ခြေထောက်ကို ရိုက်ချိုးခိုင်းရန် သူ စဉ်းစား နေလေသည်။
“ပြဿနာ တစ်ခုခု ဖြစ်နေတာလား”
ထိုစဉ် သူ့အနောက်မှ လူချမ်းသာ၏ သက်တော်စောင့်တစ်ယောက်က ရှေ့တက်လာပြီး မေးလာသည်။ ထို့အပြင် ယဲ့ဖန်တို့နှစ်ယောက်အား တမင်သက်သက် အေးစက်စက် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ထိုမျက်လုံးတွင်း၌ ခြိမ်းခြောက်သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။
“မဟုတ်ဘူး မဟုတ်ပါဘူး၊ ကျုပ် ချက်ချင်း ပြင်ဆင်လိုက်ပါ့မယ်”
ရှုကျစ်ကောက ချက်ချင်း အရိုအသေပေး၍ ပြောလိုက်သည်။ တစ်ဖက်လူသည် တစ်နိုင်ငံလုံး၏ လူချမ်းသာ စာရင်းဝင် ဖြစ်ပြီး ဘီလီယံချီ၍ ချမ်းသာကြွယ်ဝသည်ဟု ဆိုကြသည်။ သူမဆိုထားနှင့် ထောင်ဟွာမြို့၏ မြို့တော်ဝန် ဖြစ်သော သူ့ယောက်ဖပင် ရန်မစဝံ့ချေ။
“ကောင်းပြီလေ မင်းက တော်တော် ထောင့်မကျိုးတဲ့ကောင်ပဲ၊ ငါ ဒီအုတ်ဂူအတွက် မညှာပေးနိုင်တော့ဘူး”
ရှုကျစ်ကောက ယဲ့ဖန်ကို လက်ညှိုးထိုး၍ စဉ်းလဲစွာ ပြုံးလိုက်သည်။
“မင်းဘိုးဘွားအုတ်ဂူကို တူးရုံတင်မကဘဲ မင်းရဲ့ ခြေထောက်ကို ရိုက်ချိုးပြီး မင်းညီမနဲ့ပါ ပျော်ပါးဖို့ ငါ စိတ်ကူး ထားတယ်ကွာ”
“ဒီလိုဆိုမှတော့ ငါ မင်းအသက်ကို နုတ်ယူဖို့ အဆင်သင့်ပဲ”
ယဲ့ဖန် ရှုကျစ်ကော၏ ဝမ်းဗိုက်ကို ဒေါသတကြီး ဆောင့်ကန်လိုက်သည်။
“ဝုန်း”
ရှုကျစ်ကော ဆယ်မီတာကျော်မျှ လွင့်ထွက်သွားပြီး လူချမ်းသာနှင့် အခြားသူများကိုပါ တိုက်မိလေသည်။
“သတိထား”
သက်တော်စောင့်တစ်ယောက်က အော်ဟစ်၍ လူချမ်းသာရှေ့၌ အလျင်အမြန် ပိတ်ရပ်ကာ လက်နှစ်ဖက်ဖြင့် ရှုကျစ်ကောကို ထိန်းဖမ်းရန် ပြင်လိုက်သည်။ သို့သော် သူ ဖိအားကို အထင်သေးခဲ့မိသဖြင့် ကပ်ဆိုးတစ်ခု ဖြစ်ပေါ် လာလေသည်။
“ဖြောင်း”
သူ့လက်မောင်းနှစ်ဘက်လုံး လျင်မြန်စွာ ကောက်ကွေးသွားပြီး ကျိုးကြေသွားလေသည်။ ထို့နောက် သူသည်လည်း လွင့်ထွက်ကာ မြေကြီးပေါ် အရှိန်ဖြင့် ပြုတ်ကျလေ၏။ နှစ်ယောက်လုံး ပြိုင်တူ သွေးအန်လာ ကြသည်။ ဤကန်ချက်က ရှုကျစ်ကော၏ သက်တမ်းတစ်ဝက်စာမျှကို ကုန်ဆုံးသွားသလို ခံစားရစေသည်။
“ဘာဖြစ်တာလဲ”
လူချမ်းသာတစ်ဦးသဖွယ် ဝတ်စားထားသည့် အဘိုးအိုတစ်ယောက်က လေသံမာမာဖြင့် မေးလာ၏။ သူ့မျက်နှာက အတော်လေး သုံးမှုန်နေသည်။
ယခုလေးတင် သူ ရှုကျစ်ကောနှင့် တိုက်မိလုနီးပါး ဖြစ်ခဲ့ရသည်။ သူ၏ အားနည်းသော ခန္ဓာကိုယ်အရ သူ မသန်မစွမ်း ဖြစ်သွားနိုင်သလို ပိုဆိုးပါက သေပင် သေသွားနိုင်၏။ သူ ဘယ်လိုလုပ် စိတ်မပျက်ဘဲ နေမည်နည်း။
“သခင်ကြီးကျောက် အဲ့ခွေးမသားက ခင်ဗျားလိုချင်တဲ့ အုတ်ဂူကို လုချင်နေတယ်၊ ကျုပ် သူနဲ့ စကား ကောင်းကောင်း ပြောပြီး ဆွေးနွေးတာကို လူတွေကို ထိခိုက်အောင် လုပ်လာတယ်လေ”
ရှုကျစ်ကောသည် ပါးစပ်ထောင့်မှ သွေးများ စီးကျရင်း မုန်းတီးစွာ ပြောလိုက်သည်။ ကျောက်ရှန့်လုံ ယဲ့ဖန်ကို လှမ်းကြည့်လိုက်သည်။ မနူးမနပ် လူငယ်လေးနှင့် ကလေးမလေး တစ်ယောက်ကိုသာ တွေ့လိုက်ရချိန်တွင် သူ ချက်ချင်း လှောင်ရယ်၍ ရှေ့တက်ကာ အထက်စီးဖြင့် ပြောလိုက်သည်။
“ကြိုက်တဲ့ဈေးပြော ငါ ပေးမယ်”
စကားပြောပုံက အလွန် ရင့်သီးလှပြီး ဤအုတ်ဂူကို သူ အစကတည်းက ပိုင်နေသည့်ပုံပင်။ ယဲ့ဖန် ဒေါသထွက် သွားပြီး ခွန်းတုံ့ပြန်လိုက်သည်။
“ခင်ဗျားလည်း ကြိုက်ဈေးပြော၊ ကျုပ် ခင်ဗျားမိန်းမကို သဘောကျတယ်”
သူ့စကားကို ကြားသော် ပိုင်ရွှယ် စိတ်ထဲမှနေ၍ ယဲ့ဖန်ကို ချီးမွမ်းလိုက်မိသည်။ ကျန်လူအုပ်ကြီးမှာမူ ရုတ်ရုတ် သဲသဲ ဖြစ်သွားပြီး ယဲ့ဖန်အား မယုံနိုင်သလို ကြည့်လာကြသည်။
*ဒီကောင် ဦးနှောက်များ ချောင်နေတာလား*
*ဒီထောင်ဟွာမြို့မှာ ကျောက်ရှန့်လုံကို မသိတဲ့သူ ရှိလို့လား၊ သူ့လက်တံခြေတံက နေရာအနှံ့မှာ ရှိနေတာ၊ တစ်မြို့လုံးကို အုပ်မိုးနိုင်တဲ့လူ၊ သူ့လက်ထဲမှ သိုင်းပညာရှင်တွေ ရာချီပြီး ရှိနေတာ၊ ရှီရှန်စီရင်စုက နာမည်ကျော် လူတွေထဲမှတောင် သူ့ကို မသိတဲ့လူ မရှိဘူး*
*ဒီကောင် ကျားသစ်သား စားထားလို့များ သူ့ကို ဒီလိုပြောရဲတဲ့အထိ သတ္တိကောင်းနေတာလား*
ကျောက်ရှန့်လုံ မျက်နှာမည်းမှောင်သွားသည်။ မကြာသေးသော နှစ်အတောအတွင်း သူ အသက်ရလာသဖြင့် ဒေါသကို ထိန်းချုပ်ခဲ့သည်။ သို့သော် ဤသည်က သူ့အကျင့်စရိုက်ကို ပြောင်းလဲလိုက်သည်ဟု မဆိုလိုပါ။
သူသည် ငယ်ရွယ်စဉ်က စိတ်ကြီးသလို အပြုအမူကလည်း ရက်စက်လွန်းခဲ့သည်။ ယဲ့ဖန်ကဲ့သို့သော လူငယ်လေး တစ်ယောက်က သူ့အား ယခုလို စော်ကားရဲသဖြင့် ကိုယ့်သေတွင်း ကိုယ်တူးနေခြင်းသာ ဖြစ်ပေတော့သည်။
“လူငယ်တွေက အသက်ငယ်ပြီး တက်ကြွဖျတ်လက်တာကို လက်ခံပေးနိုင်တယ်၊ ဒါပေမဲ့ မောက်မာတာကလည်း အတိုင်းအတာ ရှိသင့်တယ်၊ မင်း လူမှားပြီး ရန်စမိရင် အသက်ပေးလိုက်ရနိုင်တယ်၊ မင်း ပိုက်ဆံယူပြီး ထွက်သွားလိုက်ဖို့ အကြံပေးချင်တယ်၊ ရတုန်း ပိုက်ဆံယူမထားရင် မင်းအသက်ပါ ဆုံးရှုံးသွားနိုင်တယ်”
ကျောက်ရှန့်လုံက ခြိမ်းခြောက်သလို ပြောလိုက်သည်။ ဆင်းရဲသား လူငယ်လေး တစ်ယောက်ကို သူ တကယ် အရေးလုပ်ချင်စိတ် မရှိပါ၊ သူ လက်ချောင်းအသာလှုပ်လိုက်ရုံနှင့် ထိုလူငယ်ကို သတ်လိုက်၍ ရပေသည်။
“ဒီအုတ်ဂူက လက်မထပ်ဘဲ ဗိုက်ကြီးတဲ့ ခွေးမတစ်ယောက်ကို မြှုပ်ထားတာလို့ ကျုပ် ကြားခဲ့တယ်၊ ဘယ်လို အရိုင်းအစိုင်းကောင်ရဲ့ မျိုးဆက်ကို လွယ်ထားခဲ့ရတာလဲတော့ ကျုပ် မသိဘူး၊ မိသားစုက အရှက်ရလို အိမ်က နှင်ထုတ်လိုက်တာ၊ နောက်ဆုံးတော့ ဆင်းဆင်းရဲရဲနဲ့ သေသွားရတာပဲ၊ သူ့လိုနိမ့်ကျတဲ့ လူတစ်ယောက်က ဘာအရည်အချင်း ရှိလို့ ဒီလို ဖုန်းရွှေ ရတနာမြေနေရာမှာ မြှုပ်ထားပေးရမှာလဲ၊ မင်းတို့ မြန်မြန် နေရာရွှေ့တာ ပိုကောင်းမယ်”
ဖုန်းရွှေဆရာတစ်ယောက်သဖွယ် ဝတ်ထားသည့် အမျိုးသားတစ်ယောက်က အနားသို့ လျှောက်လာပြီး အထင်သေးစွာ ပြောလေသည်။
*အရှက်မရှိဘူး၊ နိမ့်ကျတဲ့လူ*
ပိုင်ရွှယ်၏ အမူအရာက ချက်ချင်း သုန်မှုန်လာ၏။ တစ်ဖက်လူ၏ စကားများက သူမရင်ထဲမှ မုန်းတီးစိတ်ကို နှိုးဆွသလို ဖြစ်နေသည်။
သူမမိခင်ကို သူမ ပြောချင်သလို ပြောမည်ဖြစ်သော်လည်း အခြားသူများကိုတော့ မိခင်ဖြစ်သူအား ပုတ်ခတ် စော်ကားသည့် စကားမျိုး ပြောခွင့်မပေးနိုင်ပါ။
“ယဲ့ဖန် သူတို့ကို သတ်လိုက်၊ သူတို့ကို ချက်ချင်း သတ်ပေးပါ”
ချက်ချင်းဆိုသလိုပင် ပိုင်ရွှယ်က အော်ဟစ်ပြောဆိုလာ၏။ သူမမျက်နှာတွင် မုန်းတီးစိတ်များနှင့် ပြည့်နှက်နေပြီး ဒေါသူပုန် ထနေလေသည်။
“မင်း … မင်းတို့ အသက်ရှင်နေခဲ့သင့်တာ”
ယဲ့ဖန် မတတ်သာဟန်ဖြင့် သက်ပြင်းချလိုက်သည်။
“မင်းက တော်တော် လေလုံးထွားတာပဲ၊ ငါ မင်းတို့ကို စဉ်းစားဖို့ တစ်မိနစ် အချိန်ပေးမယ်၊ တစ်သန်းတန် ချက်လက်မှတ်ကိုယူပြီး ထွက်သွားမလား ဒါမှမဟုတ် ငါ့သက်တော်စောင့်တွေကို မင်းတို့ကိုပါ ဒီနေရာမှာ မြှုပ်ခိုင်း လိုက်ရမလား”
ကျောက်ရှန့်လုံ စိတ်မရှည်တော့ဘဲ ယဲ့ဖန်ကို စူးစူးရဲရဲ စိုက်ကြည့်လေသည်။ သူ့စကားအဆုံး၌ ငွေရောင် အလင်းတန်းတစ်ခု ဖြတ်သွားသဖြင့် ကျောက်ရှန့်လုံ ထိတ်လန့်ကာ နေရာမှာတင် ရပ်နေမိသည်။
ချက်ချင်းဆိုသလိုပင် သူ့လည်ပင်း၌ သေးငယ်သော သွေးစင်းကြောင်းတစ်ခု ဖြစ်ပေါ်လာပြီး ဘေးသို့ ပျံ့နှံ့ လာသည်။ ထို့နောက် သူ့ဦးခေါင်းက အနောက်သို့ ပြုတ်ကျသွားလေတော့သည်။
သင်္ချိုင်းမြေအနှံ့သို့ အလန့်တကြား အော်ဟစ်သံများ ပဲ့တင်ထပ်သွားသည်။ အားလုံး လိပ်ပြာလွင့်မတတ် ဖြစ်သွားကြသည်။
*အခုလေးတင် အသက်ရှင်နေတဲ့လူက ချက်ချင်း ခေါင်းပြတ်ပြီး သေသွားတာလား*
သူတို့သည် သာမန်လူများ ဖြစ်သဖြင့် ဤသို့ သွေးသံတရဲရဲ မြင်ကွင်းကို တစ်ခါမှ မမြင်ဖူးသောကြောင့် ကျင်ငယ်ရည် ထွက်ကျမတတ် ကြောက်လန့်သွားကြသည်။
*ကြောက်စရာကောင်းလိုက်တာ*
ချက်ချင်းဆိုသလိုပင် လူတိုင်း ယဲ့ဖန်ကို ကြောက်လန့်တကြား ကြည့်လာသည်။
*ဒီကောင် ကျောက်ရှန့်လုံကို သတ်လိုက်တာလား*
လက်ရှိတွင် ယဲ့ဖန်က တောက်ပစွာ ပြုံးနေသဖြင့် နီရဲသော နှုတ်ခမ်းနှင့် ဖြူဖွေးသော သွားများကို မြင်နေရသည်။ ထိုအပြုံးက အခြားသူများကို ကူးစက်သလို စိတ်အေးနိုင်ပြီး လူတိုင်း လေပြည်လေညင်း တိုက်ခတ်သွားသလို ခံစားလိုက် ရသည်။
သို့သော် တစ်ချိန်တည်းမှာပင် လူတိုင်း အေးစက်သွားပြီး မျက်နှာများ ဖြူရော်သွားသည်။
“မင်း သေချင်နေတာပဲ”
သက်တော်စောင့်များသည် ဒေါသတကြီး အော်ဟစ်ကာ ယဲ့ဖန်ထံ ပြေးဝင်လာသည်။ ကျောက်ရှန့်လုံသည် ယဲ့ဖန်ထံ၌ အသတ်ခံလိုက်ရသဖြင့် သူတို့ ကျောက်မိသားစုထံသို့ မည်သို့ ပြန်၍ ရှင်းပြရမည်နည်း။ သူတို့ အသက်ပင် စတေးရလောက်သည်။
ထို့ကြောင့် သူတို့ ယဲ့ဖန်ကို အရိုးထဲအထိ မုန်းတီးနေကြပြီး ဓားတစ်သောင်းဖြင့် ခုတ်ထစ်ချင်စိတ် ပေါက်နေ ကြသည်။
သက်တော်စောင့်များက ဓားများကိုဆွဲထုတ်ကာ ယဲ့ဖန်အား ခုတ်ပိုင်းလာသည်။ ဓားသံက လေကိုတိုး၍ ထွက်လာသည်။
ထိုအခါ ယဲ့ဖန်က ရှေ့သို့ပြေးတက်လာသော သက်တော်စောင့်များထံ လျှောက်သွားသည်။ သူတို့၏ ဓားချက်များ ကျလာသောအခါ ယဲ့ဖန်က လက်သီးဖြင့် ပြန်လည် ထိုးနှက် တိုက်ခိုက်လေသည်။
ရှေ့ဆုံးမှ သက်တော်စောင့် ရင်ညွန့်ရိုး ကျိုးသွားပြီး သွေးများ ပန်းထွက်လာသည်။ သူ့လည်ပင်းမှ သွေးများ မရပ်မနား ပန်းထွက်လာပြီး သူ့မျက်လုံး၌ ထိတ်လန့်၍ မယုံနိုင်ဟန်များ ထင်ဟပ်နေသည်။
“ဘုတ် ဘုတ် ဘုတ်”
တစ်ယောက်ပြီး တစ်ယောက် ချက်ချင်း ပြုတ်ကျလာသည်။ သက်တော်စောင့် ခုနစ်ယောက်၊ ရှစ်ယောက်တို့သည် လူတစ်ယောက်တည်းထံ၌ အသတ်ခံလိုက်ရသည်။
ကျန်လူများ အလန့်တကြား အော်တော့မည့်အချိန်၌ ယဲ့ဖန်က ပါးစပ်ကို လက်ညှိုးဖြင့် တေ့ကာ ပြောလိုက်သည်။
“ရှူး … မအော်နဲ့ အေးအေးဆေးဆေး အသေခံလိုက်”
ထို့နောက် သူတို့အားလုံး အအော်ရပ်သွားကြသည်။ အကြောင်းမှာမူ သူတို့ ငိုနေကြသောကြောင့်ပင်။
*မအော်နဲ့ အေးအေးဆေးဆေး အသေခံလိုက်*
မည်မျှ သွေးအေးလိုက်သော စကားနည်း။ ဤလူက သူတို့ကို စိတ်ပိုင်းဆိုင်ရာ ပျက်ပြားအောင် လုပ်ကာ သတ်ချင် နေ၏။
“ဆရာ အသက်ချမ်းသာပေးပါ၊ အသက်ချမ်းသာပေးပါ”
ဖုန်းရွှေဆရာက ယဲ့ဖန်ရှေ့၌ ချက်ချင်း ဒူးထောက်ကာ တောင်းပန်လေသည်။ သူ့နှုတ်ခမ်းများ ဖြူဖွေးနေပြီး ကြောက်စိတ်ကြောင့် သွားများ တဂတ်ဂတ် ရိုက်နေ၏။
“အဘိုးကြီးကို ဒီအုတ်ဂူဝယ်ဖို့ အားပေးတာ ခင်ဗျား မဟုတ်လား”
ယဲ့ဖန်က သူ့အား အပြုံးတစ်ဝက်ဖြင့် ကြည့်နေသည်။ ဖုန်းရွှေဆရာ ထိတ်လန့်သွားပြီး ငိုလေတော့သည်။
“ကျုပ် မဟုတ်တမ်းတရားတွေ ပြောမိတာပါ၊ ဘာဖုန်းရွှေ ရတနာမှ မရှိပါဘူး၊ ကျုပ် နှစ်ကူးအတွက် ပိုက်ဆံလိုလို့ လိမ်စားတာပါ၊ ကျုပ် များများစားစား မတွေးခဲ့မိလို့ပါ၊ ကျုပ် တကယ် မရည်ရွယ်ပါဘူး”
လူတိုင်း ထိတ်လန့်သွားလေသည်။
*လက်စသတ်တော့ ဖုန်းရွှေရတနာမြေဆိုတာက လိမ်နေတာကိုး၊ ပိုက်ဆံ လိမ်စားချင်လို့ ဒီဖုန်းရွှေဆရာက ညာစား နေတာပဲ*
“ခင်ဗျားရဲ့ အလိမ်အညာစကားကြောင့် လူတွေ အသတ်ခံလိုက်ရပြီ၊ ခင်ဗျား သေသင့်တယ်လို့ ထင်လား”
ယဲ့ဖန် အပြုံးဖြင့် မေးလိုက်သည်။ ဖုန်းရွှေဆရာ ရုတ်တရက် တုန်ယင်သွားပြီး ငိုယိုကာ ကြောက်စိတ်ကြောင့် သတိလစ်မတတ် ဖြစ်နေ၏။
“ခင်ဗျားက သောက်ရမ်း သေသင့်တာ”
ယဲ့ဖန်က သူ ပြန်ဖြေသည်ကို စောင့်ရင်း ဆက်ပြောလိုက်သည်။ ထို့နောက် ရုတ်တရက် ကန်ထုတ်လိုက်သည်။
“ဝုန်း”
ဖုန်းရွှေဆရာ လွင့်ထွက်သွားပြီး အုတ်ဂူမှ ကမ္ဗည်းတိုင်နှင့် ခေါင်းဆောင့်မိကာ ခေါင်းကွဲ၍ သွေးများ တတောက် တောက် ကျလာ၏။
*နောက်တစ်ယောက် သေသွားပြီလား*
လူတိုင်း ကြက်သီးထကာ ငိုချင်နေကြသည်။
“မင်း ငါ့ကို မသတ်နိုင်ဘူး၊ ငါ့ယောက်ဖက မြို့တော်ဝန်၊ မင်း ငါ့ကို သတ်ရင် သူ မင်းကို ဒီအတိုင်း မထားဘူး”
ရှုကျစ်ကော ကျင်ငယ်ရည် ထွက်ကျမတတ် ဖြစ်ကာ ချက်ချင်း ငိုယိုလေသည်။ သူ မသေချင်ပါ။ ဆင်းရဲသား သဖွယ် ဝတ်စားထားသည့် ဤလူက လူသတ်သမား ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ ယဲ့ဖန်က အလွန် ကြောက်ဖို့ကောင်းမှန်း သူ သိထားခဲ့ပါက ယဲ့ဖန်ကို ရန်လုပ်ရဲခဲ့မည် မဟုတ်ပါ။
“မြို့တော်ဝန် ဟုတ်လား”
ယဲ့ဖန် အထင်သေးစွာ ပြုံးလိုက်ပြီး ခက်ထန်သော မျက်လုံးများဖြင့် ရှေ့တိုးလာသည်။
“ငါက ဧကရာဇ်ကိုတောင် သတ်ရဲတာ၊ မြို့တော်ဝန်လောက်တော့ ကြားတောင်မညှပ်ဘူး”
ယဲ့ဖန်သည် ရှုကျစ်ကော၏ ခေါင်းကို မြေကြီးဖြင့် ရိုက်ဆောင့်၍ နင်းချေလိုက်သည်။
“ဆရာ အသက်ချမ်းသာပေးပါ’
“သူရဲကောင်း သက်ညှာပေးပါ”
လူတစ်စုံက ယဲ့ဖန်ရှေ့၌ ဒူးထောက်၍ သူတို့၏ မိခင်ဖခင်များကို တမ်းတ ငိုကြွေးနေကြသည်။
*ဧကရာဇ်ကိုတောင်မှ သတ်ရဲတယ်တဲ့လား*
သူတို့ မယုံနိုင်ပါ။ သို့သော် ယဲ့ဖန်က သေခါနီး လူတစ်စုကို လှည့်စားရန် လိုအပ်ပါမည်လော။
“စိတ်မကောင်းပါဘူး”
ယဲ့ဖန်က အမူအရာ ကင်းမဲ့စွာဖြင့် ပြောလိုက်ပြီးနောက် တစ်ခဏအကြာတွင် အလောင်းများ ပုံသွားလေသည်။ သို့သော် ပိုင်ရွှယ်က ယခုထိ စိတ်ဆိုးနေသေးသည့်ပုံပင်။
“ဘာလဲ မင်းက အလောင်းကိုတောင် ရိုက်ချင်နေသေးတာလား”
ယဲ့ဖန် နောက်လိုက်သည်။
“မင်း တကယ် လုပ်ချင်ရင်လည်း ငါ မတားပါဘူး”
“ထပ်ပြောရဲပြောကြည့် ငါ နင့်ပါးစပ်ကို ဆွဲဖြဲပစ်မယ်”
ပိုင်ရွှယ်က ရှုကျစ်ကော၏ အလောင်းကို အကြိမ် အနည်းငယ်မျှ တက်နင်းလေသည်။ သူမ၏ အမြင်တွင် ဤလူများ ကျူးလွန်ထားသော ပြစ်မှုက သူမအား သူတို့ကို အခါတစ်ထောင်မက သတ်ချင်စိတ် ပေါက်သွား စေသည်။ သူတို့ကို အလွယ်တကူ သေခိုင်းလိုက်သည်က သက်ညှာသလို ဖြစ်နေသေးသည်။
ထို့ကြောင့် သူမ ယဲ့ဖန်အပေါ် သဘောထားက မညင်သာသေးပေ။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်က သူတို့ကို မနှိပ်စက်ခဲ့ သောကြောင့်ပင်။
သူမ ဒေါသပြေသွားချိန်တွင် ယဲ့ဖန်က ငရဲမီးဖြင့် အလောင်းများကို ရှင်းလင်းလိုက်သည်။ ထောင်ဟွာမြို့သို့ ရောက်သည်နှင့် လူတော်တော်များများကို သူ သတ်ခဲ့သည်။ ယဲ့ဖန် ရဲများ၏ လိုက်ဖမ်းခြင်း မခံချင်ပါ။
“အခု ငါတို့ ဘယ်သွားကြမလဲ”
ယဲ့ဖန် မေးလိုက်သည်။
“ကျွန်မအစ်မရဲ့အိမ်”
ပိုင်ရွှယ် အေးစက်စက် မျက်နှာပေးဖြင့် ပြောလာသည်။
“မင်းမှာ အစ်မ ရှိသေးတာလား၊ မင်း တစ်မိသားလုံး သေသွားတာ မဟုတ်ဘူးလား”
ယဲ့ဖန် ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ ပိုင်ရွှယ်က မြေကြီးပေါ်မှ အုတ်ခဲတစ်ခဲကို ကောက်ယူ၍ ယဲ့ဖန်ကို လိုက်ချ လေတော့သည်။