‘ရွှေအလင်းတစ်ထောင်အဆိပ်ကူ’ကို သန့်စင်ခြင်း၊ အဆိပ်ပေါင်းတစ်သောင်းကို ကုသနိုင်ခြင်း။
Vol. 8 Ch. 109
"ဟမ်... ဒါက ပင့်ကူတစ်ထောင် အသင်္ချေအဆိပ်မြက်မလား..."
လုမိသားစုထံမှ သူရရှိခဲ့သော စိတ်ဝိညာဉ်ဆေးပင်တိုင်းကို သေသေချာချာ စစ်ဆေးနေစဥ် ကျိုးစွေ့သည် ရုတ်တရက် အံ့အားသင့်သွားသည်။ စိတ်ဝိညာဉ်ဆေးပင်များထဲမှတစ်ခုမှာ အလွန်ပင် ထူးခြားပြီး သူအချိန်အတော်ကြာ လိုချင်တပ်မက်နေခဲ့သော အထူးစိတ်ဝိညာဉ်ဆေးပင်ပင် ဖြစ်သည်။
ဤပင့်ကူတစ်ထောင် အသင်္ချေအဆိပ်မြက်သည် တိမ်မြူခိုးတောင်တန်း၏ အတွင်းပိုင်းနက်ရှိုင်းသောနေရာရှိ ထူးခြားသောအဆိပ်ပြင်းဆေးပင်တစ်မျိုးဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော အဆိပ်အတောက်များဖြင့် ပြည့်နှက်နေသည်။
၎င်းမှာ ပင့်ကူတစ်ထောင် အသင်္ချေအဆိပ်ဆေးလုံး၏ အဓိကပါဝင်ပစ္စည်းဖြစ်သည်။
အောင်မြင်စွာ ဖော်စပ်ပြီးသည်နှင့် ထိုဆေးလုံးသည် ချက်ချင်းဖောက်ခွဲနိုင်ပြီး ကြီးမားသော အဆိပ်မြူခိုးကို ထုတ်လွှတ်နိုင်သည်။
အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးပင်လျှင် ပေါ့ပေါ့ဆဆ ထိတွေ့မိပါက အဆိပ်သင့်ပြီး သေဆုံးသွားပေလိမ့်မည်။
၎င်း၏အဆိပ်ပြင်းထန်မှုနှင့် ကြမ်းတမ်းမှုမှာ မရေမတွက်နိုင်သော ကျင့်ကြံသူများကို ကြောက်ရွံ့တုန်လှုပ်စေသောအရာတစ်ခု ဖြစ်သည်။
မှန်ပေသည်၊ ကျိုးစွေ့သည် ဤအဆိပ်ပြင်းဆေးပင်ကို ပင့်ကူတစ်ထောင် အသင်္ချေအဆိပ်ဆေးလုံး ဖော်စပ်ရန်အတွက် လိုချင်တပ်မက်ခြင်းမဟုတ်ပေ။ သူသည် ၎င်းကို 'ရွှေအလင်းတစ်ထောင်အဆိပ်ကူ' ဟုခေါ်သော ထူးခြားသည့် 'ကူပိုးကောင်'တစ်ကောင်အား သန့်စင်လိုခြင်းပင် ဖြစ်၏။
ထို 'ကူပိုးကောင်'သည် အဆိပ်အားလုံး၏ ဘုရင်ဖြစ်ပြီး၊ လောကရှိ အဆိပ်များကို စားသုံးသည်ဟု ဆိုကြသည်။
၎င်းသည် အခြေခံအားဖြင့် အဆိပ်အမျိုးမျိုးကို ခုခံနိုင်စွမ်းရှိပြီး မကောင်းမှုအားလုံးကို ချေမှုန်းနိုင်သည်။ ဤသို့သော 'ကူပိုးကောင်'တစ်ကောင်ကို ပိုင်ဆိုင်ခြင်းသည် မရေမတွက်နိုင်သော အဆိပ်များကို ကျွမ်းကျင်ပိုင်နိုင်သည်နှင့် တူပေသည်။ ထို့ထက်မက ဤ 'ကူပိုးကောင်'၏ စွမ်းရည်များကို အသုံးပြု၍ သေစေနိုင်သော အဆိပ်အမျိုးမျိုးကို ချေဖျက်နိုင်သည်။
လန်ယွဲ့ရှီသည် လက်ရှိတွင် သူမ၏ခန္ဓာကိုယ်ထဲ၌ အပြာရောင်မိစ္ဆာဟုခေါ်သော ထူးခြားသည့် အဆိပ်တစ်မျိုးမိနေကြောင်း သူသိထားသည်။
အဆိပ်သင့်ချိန် ကြာမြင့်ပြီဖြစ်သောကြောင့် ပြင်းထန်သောအဆိပ်သည် သူမ၏အင်္ဂါအစိတ်အပိုင်းများထဲသို့ စိမ့်ဝင်နေပြီဖြစ်သည်။
ဤအတိုင်းသာဆက်သွားပါက၊ အစွမ်းထက်ဆေးများဖြင့်ပင် ကုသ၍ရနိုင်မည်မဟုတ်တော့ပေ။
သို့သော် သူသာ ဤ 'ကူပိုးကောင်'ကို သန့်စင်နိုင်ခဲ့ပါက၊ လန်ယွဲ့ရှီခံစားနေရသော အဆိပ်အား ဖယ်ရှားခြင်းသည် ငှက်ပျောသီးအခွံနွှာသကဲ့သို့သာ ဖြစ်ပေမည်။
ထိုအခါတွင် သူ၌ ပြီးပြည့်စုံသော အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦး ရရှိသွားမည်ဖြစ်ပြီး၊ ၎င်း၏အကျိုးကျေးဇူးများမှာ စိတ်ကူးပင် ယဉ်နိုင်မည်မဟုတ်ပေ။
“လုံးဝ ကွက်တိပဲ..”
ကိုယ့်အတွေးနှင့်ကိုယ် ကျိုးစွေ့တစ်ယောက် စိတ်လှုပ်ရှားမှုဖြင့် ရူးသွပ်သွားသည်။ တွန့်ဆုတ်မနေတော့ဘဲ သူသည် ပင့်ကူတစ်ထောင်အသင်္ချေမြက်ကို 'ကူနတ်ဘုရားပန်းကန်'ထဲသို့ ဖြည့်စွက်ပစ္စည်းများစွာနှင့်အတူ ပစ်ထည့်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူသည် 'ကူနတ်ဘုရားပန်းကန်'၏ စွမ်းအားကို နှိုးဆော်ရန် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သောင်း၊ သုံးသောင်းခန့်ကိုလည်း ပစ်ထည့်လိုက်သည်။
ဘန်း…ဘန်း..ဘန်း…။
တစ်ခဏအတွင်းမှာပင် ပစ္စည်းများအားလုံးကို 'ကူနတ်ဘုရားပန်းကန်'က သန့်စင်လိုက်ပြီး၊ ရစ်သိုင်းနေသည့် ပရမ်းပတာစွမ်းအင်အဖြစ်သို့ ပြောင်းလဲလိုက်သည်။
အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက်၊ ကျောပေါ်တွင် ရွှေရောင်အတောင်ပံများရှိသည့် ရွှေရောင် 'ကူပိုးကောင်'တစ်ကောင်က 'ကူနတ်ဘုရားပန်းကန်'ထဲတွင် ပေါ်လာပြီး ပြိုင်ဘက်ကင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
၎င်း၏ပါးစပ်ကို ဖွင့်လိုက်ရာ တိမ်တိုက်နှင့်မြူခိုးများကို မျိုချပြီး ပြန်လည်ထုတ်လွှတ်နေသကဲ့သို့ ဖြစ်နေပြီး၊ ကြောက်မက်ဖွယ်ကောင်းသောအဆိပ်မြူခိုးများက ၎င်း၏ပတ်ပတ်လည်တွင် လွှမ်းခြုံသွားသည်။
မည်သည့်သာမန်သက်ရှိမဆို ၎င်း၏အကြွင်းအကျန်မျှကို ရှူရှိုက်မိသည်နှင့် ထိုပြင်းထန်သော အဆိပ်အား ခုခံနိုင်ခြင်းမရှိ၊ ချက်ချင်းပင် သေဆုံးသွားနိုင်ပေသည်။
"အောင်မြင်ပြီ..."
ကျိုးစွေ့သည် 'ကူပိုးကောင်'ထံမှ ကြီးမားလှသော သတင်းအချက်အလက်စီးကြောင်းတစ်ခု သူ့သိစိတ်ပင်လယ်၏နက်ရှိုင်းသောနေရာသို့ စီးဝင်လာသည်ကို အာရုံခံမိသောအခါ မှိန်ဖျော့စွာ ပြုံးလိုက်သည်။
[ 'ရွှေအလင်းတစ်ထောင်အဆိပ်ကူ' - လောကရှိ မည်သည့်အဆန်းပြားသော အဆိပ်ကိုမဆို စားသုံးသော အဆိပ်အားလုံး၏ဘုရင်ဟု ကင်ပွန်းတပ်ခံရသည့် ကောင်းကင်မြေကြီးရှိ 'ကူပိုးကောင်' တစ်ကောင်။ ၎င်းသည် ထူးခြားသောအဆိပ်တစ်ခုကို ဝါးမျိုသည့်အခါတိုင်း ထိုအဆိပ်၏ သီးသန့်စွမ်းအားကို ရရှိသည်။ ၎င်းသည် လောကရှိ အဆိပ်အားလုံးကို ဝါးမျိုးနိုင်သလို၊ လောကရှိ အဆိပ်အားလုံးကိုလည်း ချေဖျက်နိုင်သည်။ ၎င်းသည် အဆိပ်အားလုံး၏ ကြောက်မက်ဖွယ်ကောင်းသော ဘုရင်ဖြစ်ပြီး ပြင်းထန်သောအဆိပ်ကို ထုတ်လွှတ်နိုင်သည်။ တစ်ချိန်တည်းမှာပင် ၎င်းသည် လောကီအဆိပ်အားလုံးကို ချေဖျက်နိုင်သော သူတော်စင်ပိုးကောင်တစ်ကောင်လည်း ဖြစ်သည်။ ]
ရုတ်တရက် ရွှေရောင် 'ကူပိုးကောင်'သည် သူ့ထံသို့ ပျံသန်းလာပြီး၊ ချက်ချင်းပင် သူ၏အရေပြားကို ထိုးဖောက်ဝင်ရောက်ကာ သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
နောက်ဆုံးတွင် ၎င်းသည် သူ၏ကျောက်ကပ်တွင် နေထိုင်လိုက်သည်။
ဤ 'ကူပိုးကောင်'ဖြင့် လောကရှိ အဆိပ်အားလုံးသည် သူ့အပေါ် အနည်းငယ်မျှသာ အကျိုးသက်ရောက်မှုရှိတော့သည်။
အဆိပ်အားလုံးမှာ ၎င်းအတွက် အစာမျှသာဖြစ်လာပြီး၊ 'ရွှေအလင်းတစ်ထောင်အဆိပ်ကူ' ၏ အင်အားကို မြှင့်တင်ရာတွင် ကူညီပေးသည်။
"ဟားဟား... ဒီ 'ရွှေအလင်းတစ်ထောင်အဆိပ်ကူ'နဲ့ဆိုရင်.. ငါလန်ယွဲ့ရှီကို အပြာရောင်မိစ္ဆာအဆိပ်ကနေ အလွယ်တကူ ကယ်တင်နိုင်ပြီ..."
"ဒါပေမဲ့ အလျင်စလိုလုပ်စရာတော့ မလိုသေးဘူး... အရမ်းမြန်မြန် လှုပ်ရှားတာက အကျိုးမရှိနိုင်ဘူး..."
"နောက်ထပ် ရက်နည်းနည်းလောက် စောင့်ပြီးမှ.. သူ့ကို အဆိပ်ဖြေပေးတာက ပိုကောင်းလိမ့်မယ်..."
"ဘယ်လိုပဲဖြစ်ဖြစ်.. အခြေတည်အဆင့် အဆင့်မြင့်နယ်ပယ်ကျင့်ကြံသူတစ်ဦးအနေနဲ့... အဆိပ်ကြောင့် ချက်ချင်းတော့ သေမှာမဟုတ်ဘူး... နည်းနည်းလောက်တော့ တောင့်ခံနိုင်အုံးမှာပဲ...”
ကျိုးစွေ့က သူ၏မေးစေ့ကို ပွတ်သပ်လိုက်သည်။
မူလက သူသည် လန်ယွဲ့ရှီကို ချက်ချင်းအဆိပ်ဖြေပေးရန် ကြံရွယ်ထားသော်လည်း၊ သေချာစဉ်းစားပြီးနောက် ရက်အနည်းငယ် စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။
ချက်ချင်းလက်ငင်း ဖြေရှင်းပေးလိုက်ပါက၊ ဈေးပေါသွားနိုင်သည်အား သူကောင်းစွာ နားလည်ပေသည်။
သူ၏ယခင်ဘဝက သော့ဖွင့်ရန် ခေါ်ယူခြင်းခံရသော သော့ပြင်သမားများကဲ့သို့ပင်၊ သော့ကို တစ်စက္ကန့်အတွင်း ဖွင့်နိုင်သော်လည်း ဆယ်မိနစ်ခန့်မျှ အချိန်ဆွဲပြီး ရှုပ်ယှက်ခတ်နေဦးမည်ဖြစ်သည်။
ဤအရာနောက်ကွယ်မှ ရည်ရွယ်ချက်မှာ ဖောက်သည်အား ပေးရသည့်ငွေနှင့် ထိုက်တန်သည်ဟူသော ခံစားချက်ကို ပေးရန်ဖြစ်သည်။
သော့ကို တစ်စက္ကန့်အတွင်း ဖွင့်နိုင်ခဲ့ပါက အခြားသူများမှာ လှည့်စားခံရသကဲ့သို့ ခံစားရပြီး ငွေပေးချေရန်ပင် ငြင်းဆန်နိုင်ပေသည်။
အတွေ့အကြုံမရှိသော သော့ပြင်သမားအချို့မှာ ဤအမှားကို ကျူးလွန်မိပြီး အငြင်းပွားမှုများစွာကို ဖြစ်ပေါ်စေသည်။
ဤသည်မှာ လူ့သဘာဝပင်ဖြစ်၏။
ထိုအတွေးများကို သိမ်းဆည်းလိုက်ပြီး၊ ကျိုးစွေ့သည် ထိုနက်နဲသောအသိပညာကို မြန်မြန်ဆန်ဆန် ကျွမ်းကျင်စွာ တတ်မြောက်လိုစိတ်ဖြင့် ‘အလင်းမျက်လုံးခုနစ်လုံးကျင့်စဉ်’အား စတင်ဆင်ခြင်လိုက်တော့သည်။
...
ရက်အနည်းငယ်ကြာပြီးနောက်။
မီယွင်မြို့အတွင်း၌။
မြို့တစ်မြို့လုံးကို တစ္ဆေမိစ္ဆာဂိုဏ်းကျင့်ကြံသူများက အပြည့်အဝ ထိန်းချုပ်ထားသည်။ တစ်ကိုယ်တော်ကျင့်ကြံသူများစွာကို ဖမ်းဆီးပြီး ခြံဝင်းများတွင် အကျဉ်းချထားရာ လွတ်မြောက်ရန်မဖြစ်နိုင်ချေ။
အင်မော်တယ်ရှားဂိုဏ်း၏ တပည့်များအတွက်မူ သူတို့သည် အသတ်ခံရလျှင်အသတ်ခံရ၊ မဟုတ်ပါက အကျဉ်းချခံခဲ့ရသည်။
တစ်ချိန်က စည်ကားလှသော တစ်ကိုယ်တော်ကျင့်ကြံသူမြို့တော်မှာ ယခုအခါ ချိုင့်ခွက်များဖြင့် ပြည့်နှက်နေပြီး ဆိတ်ငြိမ်ခြောက်သွေ့ကာ တစ္ဆေမြို့တစ်မြို့အလားပင် ဖြစ်နေသည်။
"ဘာတွေဖြစ်နေတာလဲ... လန်ယွဲ့ရှီကို ဘာလို့မတွေ့ရသေးတာလဲ... အဲ့ဒီမိန်းမ ဘယ်နေရာမှာ ပုန်းနေတာလဲ..."
အခြေတည်အဆင့်အကြီးအကဲတစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
မီယွင်မြို့ကို သူတို့တိုက်ခိုက်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ၊ လန်ယွဲ့ရှီကို အသက်ရှင်လျှက် ဖမ်းဆီးရန်ဖြစ်သည်။
သို့သော် ယခုမူ သူတို့သည် သူမ၏ အရိပ်အယောင်မျှပင် မဖမ်းမိနိုင်သေးပေ။
၎င်းမှာ လေကို လက်သီးထိုးနေရသည့်နှယ် ခံစားနေရသည်။
လန်ယွဲ့ရှီသာ လွတ်မြောက်သွားခဲ့ပါက သူတို့၏ ယခင်ကြိုးပမ်းမှုအားလုံးမှာ အချည်းနှီး ဖြစ်သွားပေလိမ့်မည်။
"တောင်းပန်ပါတယ် အကြီးအကဲ...."
တစ္ဆေမိစ္ဆာဂိုဏ်းတပည့်တစ်ဦးက တုန်လှုပ်စွာဖြင့် "ကျွန်တော်တို့ အဲ့ဒီမိန်းမကို သေသေချာချာ ရှာဖွေခဲ့ပါတယ်... ဒါပေမဲ့ မီယွင်မြို့တစ်ခုလုံးနဲ့ ကျင့်ကြံသူတိုင်းကို စစ်ဆေးပြီးတာတောင်... လန်ယွဲ့ရှီရဲ့ ခြေရာကို ကောက်လို့မရခဲ့ဘူး.... ဖြစ်နိုင်တာက သူ ပရမ်းပတာဖြစ်နေတုန်း အခွင့်ကောင်းယူပြီး ထွက်ပြေးသွားလို့ မြို့ထဲမှာ မရှိတော့တာပဲ...."
"မဖြစ်နိုင်ဘူး... အပြာရောင်မိစ္ဆာအဆိပ်နဲ့ အဆိပ်သင့်နေတဲ့မိန်းမက ဘယ်လို လွတ်မြောက်နိုင်မှာလဲကွ..."
အကြီးအကဲသည် အဆိပ်သင့်နေသော လန်ယွဲ့ရှီ လွတ်မြောက်နိုင်သည်ကို လက်သင့်မခံချေ။ သူမသာ ထိုသို့ပြုလုပ်နိုင်ခဲ့ပါက အချိန်အတော်ကြာကတည်းက ထွက်ခွာသွားခဲ့မည် ဖြစ်သည်။
အဘယ်ကြောင့် ဤမျှကြာအောင် စောင့်ဆိုင်းနေမည်နည်း။
"ဖြစ်နိုင်တာက အဲ့ဒီမိန်းမဆီမှာ ရတနာတချို့ ရှိနေနိုင်တယ်.. ဘယ်လိုပဲဖြစ်ဖြစ်.. သူက အင်မော်တယ်ရှားဂိုဏ်းရဲ့ ဂိုဏ်းသခင်ငယ်ပဲ.. သူ့မှာဘယ်လို ဝှက်ဖဲတွေ ရှိမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ..."
တစ္ဆေမိစ္ဆာဂိုဏ်းတပည့်က သူမထွက်ပြေးသွားခဲ့လျှင် အံ့ဩစရာမဟုတ်ဟု တွေးတောရင်း ပြောလိုက်သည်။
မည်သို့ပင်ဖြစ်စေ၊ သူမသည် နာမည်ကျော်ပါရမီရှင်တစ်ဦးဖြစ်ပြီး အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်၏။
သူမတွင် မည်သို့သော ရတနာများကို ပိုင်ဆိုင်ထားနိုင်သည်ကို မည်သူသိနိုင်မည်နည်း။
ဖြစ်နိုင်သည်မှာ မီယွင်မြို့ကျိုးပေါက်သည့်အချိန်တွင် သူမ ထွက်ပြေးသွားခဲ့ပြီးဖြစ်သည်။
လွတ်မြောက်သွားကြသူများမှာ လန်ယွဲ့ရှီတစ်ဦးတည်သာမဟုတ်၊ လုမိသားဝင်အချို့ပင် ရှိသေးသည်မဟုတ်လော။
လုမိသားစုဘိုးဘေးက တစ္ဆေမိစ္ဆာဂိုဏ်း၏ အခြေတည်အဆင့်အကြီးအကဲများနှင့် တိုက်ပွဲဝင်နေစဥ်တွင်၊ ကျင့်ကြံသူများစွာသည် တိမ်မြူခိုးတောင်တန်း၏ အတွင်းပိုင်းနက်ရှိုင်းသောနေရာသို့ ထွက်ပြေးလွတ်မြောက်သွားကြသည်။
သူတို့ တိမ်မြူခိုးတောင်တန်း၏ အတွင်းပိုင်းနက်ရှိုင်းသောနေရာသို့ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းမှာ နဂါးတစ်ကောင် ပင်လယ်ထဲသို့ ဝင်ရောက်သွားသကဲ့သို့ဖြစ်ပြီး သူတို့ကို ရှာဖွေတွေ့ရှိရန်မှာ လက်တွေ့တွင် မဖြစ်နိုင်ပေ။
"ချီးတဲ့မှ အဲ့ဒီတစ္ဆေအိုကြီးလု.. ဒါတွေ အားလုံးသူ့အမှားပဲ... သူသာမရှိခဲ့ရင် အဲ့ဒီမိန်းမ ဘယ်လိုလွတ်မြောက်နိုင်မှာလဲ..."
အခြေတည်အဆင့်အကြီးအကဲမှာ ဒေါသထွက်လွန်းသဖြင့် အသက်ပင် မရှူနိုင်ဖြစ်နေသည်။ သူ မယုံကြည်ချင်လျှင်ပင် သူမ အမှန်တကယ် လွတ်မြောက်သွားခဲ့သည်ကို သူဝန်ခံရပေမည်။
သို့မဟုတ်ပါက ယခုအချိန်ထိတိုင်အောင် သူမအား မည်သည့်အတွက်ကြောင့် ခြေရာမကောက်နိုင်ဘဲ ရှိမည်နည်း။
သူသည် အရာအားလုံးကို လုမိသားစု၏ ဘိုးဘေးအပေါ်သာ အပြစ်ပုံချလိုက်သည်။ သူ၏ဝင်ရောက်စွက်ဖက်မှုသာမရှိခဲ့ပါက သူတို့သည် လန်ယွဲ့ရှီကို အချိန်အတော်ကြာကတည်းက ဖမ်းဆီးနိုင်ခဲ့ပြီး၊ သူမကို အသုံးပြု၍ အင်မော်တယ်ရှားဂိုဏ်းကိုပင် ခြိမ်းခြောက်နိုင်ခဲ့ပေလိမ့်မည်။
ယခုမူ သူတို့တွင် ဘာမှမရှိတော့ပေ။
"အကြီးအကဲ... တစ်ကိုယ်တော်ကျင့်ကြံသူတွေကို ဘာလုပ်သင့်လဲ... အကုန်လုံးကို သတ်ပစ်လိုက်ရမလား..."
တစ္ဆေမိစ္ဆာဂိုဏ်းတပည့်တစ်ဦးက မေးမြန်းလိုက်သည်။
"ချီးတဲ့မှ.. ဘာလို့ သူတို့ကိုသတ်ရမှာလဲ... သူတို့အားလုံးကို သတ္တုတွင်းတွေဆီ ပို့လိုက်.. ငါတို့ တစ္ဆေမိစ္ဆာဂိုဏ်းအတွက် သတ္တုတူးခိုင်း... ဖြုန်းတီးမနေနဲ့..သောက်ပေါက်ကရတွေ...”
"သူတို့အားလုံးကို သတ်ပစ်လိုက်ရင်.. ငါတို့တစ္ဆေမိစ္ဆာဂိုဏ်းအတွက် ဘယ်သူက တူးဖော်ပေးမှာလဲ..."
အခြေတည်အဆင့်အကြီးအကဲက ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။
"ဟုတ်ကဲ့ပါ... အကြီးအကဲ..."
တစ္ဆေမိစ္ဆာဂိုဏ်းတပည့်က ချက်ချင်းပင် အမိန့်ကို နာခံလိုက်သည်။