အလင်းမျက်လုံးခုနစ်လုံး ဝိညာဉ်လျှို့ဝှက်ကျမ်း၊ နက်နဲလှသော စိတ်ဝိညာဉ်လျှို့ဝှက်ပညာရပ်
Vol. 8 Ch. 107
"အင်း... လုမိသားစုရဲ့မျိုးရိုးအမွေအနှစ်ထဲမှာ ပိုပြီးအရေးကြီးတဲ့ လျှို့ဝှက်ကျမ်းတစ်စောင်လည်း ရှိသေးတယ်... 'အလင်းမျက်လုံးခုနစ်လုံး ဝိညာဉ်လျှို့ဝှက်ကျမ်း' ပဲ..."
ကျိုးစွေ့၏ မျက်လုံးများ တောက်ပသွားသည်။
ဒုတိယအဆင့် ဆေးဖော်စပ်ပညာအမွေအနှစ်အပြင်၊ လုမိသားစု၏ အရေးကြီးဆုံးအမွေအနှစ်မှာ 'အလင်းမျက်လုံးခုနစ်လုံး ဝိညာဉ်လျှို့ဝှက်ကျမ်း' ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
ဤသည်မှာ လုမိသားစုဘိုးဘေးဖြစ်သူ လုဟုန်ရန်သည် ပဉ္စမအဆင့်စိတ်ဝိညာဉ်အမြစ်သာရှိပြီး၊ ဂိုဏ်းနောက်ခံမရှိသော တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးအဖြစ်မှ ထင်ရှားကျော်ကြားလာကာ၊ အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးအဖြစ် တက်လှမ်းနိုင်ခဲ့သည့် အဓိကအကြောင်းရင်းဖြစ်သည်။
လုဟုန်ရန်သည် ယခင်က သာမန်သေမျိုးမင်းဆက်တစ်ခုမှ သာမန်ပညာတတ်တစ်ဦးသာ ဖြစ်သည်ဟု ဆိုကြသည်။
သူသည် ချောက်ကမ်းပါးတစ်ခုမှ မတော်တဆချော်ကျပြီး ဂူဟောင်းတစ်ခုထဲသို့ ရောက်ရှိသွားခဲ့သည်။
ထိုနေရာတွင် သူသည် ကျဆုံးသွားသောပုဂ္ဂိုလ်ကြီးတစ်ဦးနှင့် ကြုံတွေ့ပြီး သူ၏အမွေအနှစ်ကို ရရှိခဲ့သည်။
၎င်းတို့အနက် အရေးအကြီးဆုံးမှာ ဤ’အလင်းမျက်လုံးခုနစ်လုံး ဝိညာဉ်လျှို့ဝှက်ကျမ်း' ပင် ဖြစ်သည်။
ဤသည်မှာ ဝိညာဉ်၏စွမ်းအားကို ပျိုးထောင်နိုင်သည့် ဝိညာဉ်လျှို့ဝှက်ပညာရပ်တစ်ခုဖြစ်ပြီး မယုံနိုင်လောက်အောင် နက်နဲလှသည်။
ဒဏ္ဍာရီအရဆိုလျှင်၊ လောကတွင် ‘အလင်းမျက်လုံးခုနစ်လုံး ဝိညာဉ်နှလုံးသား’ဟုခေါ်သော ထူးခြားသော ခန္ဓာဖွဲ့စည်းပုံတစ်ခု ရှိသည်။
တစ်စုံတစ်ယောက်သည် အလင်းမျက်လုံးခုနစ်လုံး ဝိညာဉ်နှလုံးသားအား ပိုင်ဆိုင်သည်နှင့်တစ်ပြိုင်နက် လောကရှိ အရာခပ်သိမ်းနှင့် ဆက်သွယ်နိုင်သည်။ ဤစွမ်းရည်ဖြင့် ပုံရိပ်ယောင်နည်းစနစ်အားလုံးကို ထွင်းဖောက်မြင်နိုင်သည်။
ထို့အပြင်၊ ဓာတ်ပုံရိုက်မှတ်ဉာဏ်နှင့် ထူးခြားသောနားလည်နိုင်စွမ်းကိုပင် ပိုင်ဆိုင်ပေလိမ့်မည်။
ဤလျှို့ဝှက်ကျမ်းကို အစွမ်းထက်ကျင့်ကြံသူတစ်ဦးက ထိုခန္ဓာဖွဲ့စည်းပုံအား အတုယူကာ ဖန်တီးခဲ့ခြင်းပင် ဖြစ်၏။
အလင်းမျက်လုံးခုနစ်လုံး နှလုံးသားဆိုသည်မှာ နှလုံးသား၏ မျက်လုံးများကို မရည်ညွှန်းပေ။
သိထားရမည်မှာ သာမန်လူများတွင် နှလုံးသား၌ မျက်လုံးများ မရှိပေ။ အကယ်၍ ရှိခဲ့ပါက သေခြင်းတရားမှာ ဝေးတော့မည်မဟုတ်ပေ။
မျက်လုံးဟုခေါ်သော အရာမှာ နှလုံးသားမျက်လုံးများကို ရည်ညွှန်းသည်။
ဆိုလိုသည်မှာ ခန္ဓာကိုယ်အတွင်း၌ နှလုံးသားမျက်လုံးခုနစ်ခုကို ထည့်သွင်းခြင်းဖြစ်ပြီး၊ နှလုံးသားမျက်လုံးတစ်ခုချင်းစီတွင် မယုံနိုင်လောက်သော စွမ်းရည်များ ပါဝင်သည်။
နှလုံးသားမျက်လုံးခုနစ်ခုလုံးကို စုစည်းနိုင်ခဲ့ပါက အရာအားလုံးကို ထိုးထွင်းသိမြင်နိုင်ပေမည်။
ယခင်က လုဟုန်ရန်သည် ဤလျှို့ဝှက်ကျမ်း၏အကူအညီဖြင့် နှလုံးသားမျက်လုံးတစ်ခုကို ဖွဲ့စည်းနိုင်ခဲ့ပြီး၊ ရလဒ်အနေဖြင့် သူသည် ပစ္စည်းအားလုံး၏ဂုဏ်သတ္တိများကို ခွဲခြားသိမြင်နိုင်ကာ ရတနာများ၏ အမှန်တရားကို မြင်နိုင်စွမ်း ရရှိခဲ့သည်။
ဤစွမ်းရည်ကို အသုံးပြု၍ သူသည် တစ်ကိုယ်တော်ကျင့်ကြံသူဈေးအမျိုးမျိုးသို့ ခရီးသွားလာပြီး၊ ဈေးသက်သက်သာသာဖြင့် ဝယ်ယူ၍ အကျိုးအမြတ်ကောင်းကောင်းဖြင့် ပြန်လည်ရောင်းချခြင်းကို အဆက်မပြတ် ပြုလုပ်ခဲ့ပြီး ဝိညာဉ်ကျောက်တုံးများစွာကို ရရှိခဲ့သည်။
အချိန်တိုအတွင်းမှာပင် သူသည် ကြီးမားသော ဓနဥစ္စာကို စုဆောင်းနိုင်ခဲ့ပြီး၊ အခြေတည်ဆေးလုံးတစ်လုံး ဝယ်ယူရန်ပင် လုံလောက်ခဲ့သည်။
တွေးထားသည့်အတိုင်း၊ လုဟုန်ရန်သည် အလိုလို အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့တော့သည်။
ကံမကောင်းစွာဖြင့် သူ၏အရည်အချင်းမှာ အကန့်အသတ်ရှိပြီး၊ နှလုံးသားမျက်လုံးတစ်ခုတည်းကို ဖွဲ့စည်းခြင်းကသာလျှင် သူ၏အကန့်အသတ်ဖြစ်သည်။
ဒုတိယ နှလုံးသားမျက်လုံးတစ်ခုကို ဖွဲ့စည်းနိုင်ရန် မည်သို့မျှ မတတ်နိုင်ခဲ့ချေ။
ယခင်က လုဟုန်ရန်သည် ဤလျှို့ဝှက်ကျမ်းကို လုမိသားစု၏မျိုးဆက်များအား တစ်ကြိမ် သင်ကြားပေးခဲ့ဖူးသည်။
သို့သော် လုမိသားစုထဲတွင် နှလုံးသားမျက်လုံးတစ်ခုကိုပင် ဖွဲ့စည်းရန်အသာထား၊ နားလည်နိုင်မည့်သူပင် မရှိချေ။
"လုဟုန်ရန်က တကယ်ပဲ ဒီလိုကံကြမ္မာကောင်းနဲ့ ဆုံခဲ့တယ်ဆိုတာ ငါ ယုံတောင် မယုံနိုင်ဘူး..”
ကျိုးစွေ့ အံ့ဩသွားသည်။
မိတ်ဆက်ကို တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ဤကျင့်ကြံခြင်းနည်းစနစ်မှာ ထူးခြားသည်ကို သူသိရှိလိုက်သည်။ ကျင့်ကြံခြင်းလောကတစ်ခုလုံးတွင် ဤဝိညာဉ်လျှို့ဝှက်ပညာရပ်နှင့် နှိုင်းယှဉ်နိုင်သော လျှို့ဝှက်ကျမ်းများမှာ လက်တစ်ဆုပ်စာသာ ရှိပေမည်။
ဤသည်မှာ အမှန်တကယ်ထူးခြားသော ကျင့်ကြံခြင်းနည်းစနစ်တစ်ခု ဖြစ်နိုင်ပေသည်။
လုဟုန်ရန်တွင် ဤသို့သော ထူးခြားသည့် ကြုံတွေ့မှုများ ရှိခဲ့မည်ဟု သူမထင်ထားခဲ့ချေ။
အမှန်တကယ်တွင် ထင်ရှားကျော်ကြားလာသော တစ်ကိုယ်တော်ကျင့်ကြံသူတိုင်းတွင် ထူးခြားသော ကြုံတွေ့မှုများ ရှိကြပေသည်။
သို့မဟုတ်ပါက အရင်းအမြစ်များ၊ ပါရမီ၊ လမ်းညွှန်ပြသမည့် ဆရာမရှိဘဲ အခြေတည်အဆင့်အား မည်သို့ အောင်မြင်နိုင်မည်နည်း။
ကံမကောင်းစွာဖြင့်၊ ဤကျင့်ကြံခြင်းနည်းစနစ်မှာ မပြည့်စုံဘဲ ပထမသုံးလွှာသာ ပါဝင်သည်မှာ ဝမ်းနည်းစရာကောင်းလှချေသည်။
အဆုံးထိ ကျင့်ကြံနိုင်ခဲ့လျှင်ပင် နှလုံးသားမျက်လုံးသုံးခုသာ စုစည်းနိုင်သည်။
သို့သော် သာမန်ကျင့်ကြံသူများအတွက်မူ ဤသည်မှာ သေချာပေါက် လုံလောက်ပေသည်။
နှလုံးသားမျက်လုံးတစ်ခုတည်းကိုသာ စုစည်းနိုင်ခဲ့လျှင်ပင် ၎င်းမှာ ကျင့်ကြံသူတစ်ဦးအတွက် အပိုပါရမီလက်ဆောင်တစ်ခု ဖြစ်နေသေးသည်။
"ဒါက အံ့ဩစရာပဲ... ငါ ဒီကျင့်ကြံခြင်းနည်းစနစ်ကို ကျွမ်းကျင်သွားရင် နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်မှာ မဟုတ်ဘူးလား..."
ကျိုးစွေ့သည် အလွန်စိတ်လှုပ်ရှားနေပြီး သွေးများဆူပွက်လာသလို ခံစားလိုက်ရသည်။
သူသည် အားကောင်းသော ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားပြီး သဘာဝအတိုင်း သန်မာသော စိတ်ဝိညာဉ်ရှိသော်လည်း သူ့တွင် မည်သည့် ဝိညာဉ်ဆိုင်ရာ လျှို့ဝှက်နည်းစနစ်မျှ မရှိသေးချေ။
‘အလင်းမျက်လုံးခုနစ်လုံး လျှို့ဝှက်ကျမ်း’ ပေါ်ထွက်လာမှုက သူ့အတွက် အချိုပေါ်သကာလောင်းသည်နှယ့် ဖြစ်သည်။
သူသာ ဤလျှို့ဝှက်နည်းစနစ်ကို ကျွမ်းကျင်အောင်လုပ်နိုင်ပါက ကျားတစ်ကောင်အား အတောင်ပံတပ်ပေးလိုက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။ ဤသို့စဉ်းစားလိုက်ရင်း သူသည် လျှို့ဝှက်ပညာရပ်ကို စူးစူးစိုက်စိုက် ကြည့်ရှုလိုက်ပြီး၊ သူ၏လက်ရှိနားလည်နိုင်စွမ်းဖြင့် ၎င်းကို နားလည်နိုင်မည်လောဟု ဆင်ခြင်ကြည့်လိုက်သည်။
တစ်နာရီကြာပြီးနောက်။
"ချီးတဲ့မှ... ဒါက ဘယ်လိုပညာရပ်မျိုးလဲ... လူသားတစ်ယောက်သင်ယူနိုင်တဲ့အရာရော ဟုတ်ရဲ့လား...”
ကျိုးစွေ့၏ မျက်နှာမှာ စိမ်းဖန်သွားသည်။
သူသည် မူလက 'စာအုပ်ကူ'၏ စွမ်းအားကို အားမကိုးဘဲ၊ ကိုယ့်အားကိုယ်ကိုးကာ သင်ယူနိုင်မည်လောဟု ကြိုးစားခဲ့သည်။
သို့သော် လျှို့ဝှက်ကျမ်း၏ အကြောင်းအရာကို သေသေချာချာ ဖတ်ပြီးနောက် ဤနည်းစနစ်မှာ အလွန်ပင် ရှုပ်ထွေးသည်အား သူတွေ့ရှိခဲ့ရသည်။
ဤနည်းစနစ်တွင် မိမိအတွင်းပိုင်းနက်ရှိုင်းသောနေရာ၌ နှလုံးသားမျက်လုံးတစ်ခုကို စုစည်းရန် ဝိညာဉ်အာရုံ၏စွမ်းအားကို အသုံးပြုခြင်း ပါဝင်သည်။
ထို့အပြင် နှလုံးသားမျက်လုံးကို မဆင်မခြင် ဖန်တီး၍မရပေ။ တိကျမှုအရဆိုလျှင် ၎င်းမှာ တကယ့်မျက်လုံးတစ်လုံးနှင့် တူညီရမည်ဖြစ်သည်။
ထို့ထက်သာမက ၎င်းမှာ သုံးဖက်မြင် ပုံစံတစ်ခု ဖြစ်ရမည်ဖြစ်သည်။
ဤသည်မှာ မိမိကိုယ်ပိုင်ဝိညာဉ်အာရုံကို အသုံးပြု၍ မျက်လုံးတစ်လုံးကို ပြန်လည်ဖန်တီးခြင်းနှင့် တူပေသည်။
မျက်လုံးဆိုသည်မှာ လူခန္ဓာကိုယ်အစိတ်အပိုင်းများထဲတွင် အနူးညံဆုံးသော အစိတ်အပိုင်းဖြစ်ပြီး၊ အထိခိုက်မခံနိုင်သောအစိတ်အပိုင်းဖြစ်သည်ဟု ဆိုလျှင်ပင် ချဲ့ကားရာမရောက်ပေ။
အနည်းငယ်မျှသော သွေဖည်မှုပင်လျှင် နှလုံးသားမျက်လုံးကို ပျက်စီးစေပြီး ယခင်ကြိုးပမ်းမှုအားလုံးကို အချည်းနှီးဖြစ်စေနိုင်သည်။
နှလုံးသားမျက်လုံး ပျက်စီးသွားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းသည် ဝိညာဉ်အာရုံတန်ပြန်မှုကို ဖြစ်ပေါ်စေပြီး စိတ်ဝိညာဉ်ကို အပြင်းအထန် ထိခိုက်ပျက်စီးစေသည်။
အချိန်ကြာလာသည်နှင့်အမျှ ကျင့်ကြံသူ၏ဝိညာဉ်သည် ပြိုကွဲသွားကာ သေဆုံးသွားရပေမည်။
ထိုစဉ်က လုမိသားစုတွင် ဤကျင့်ကြံခြင်းနည်းစနစ်ကို ကြိုးစားကြည့်ရင်း၊ သူတို့၏ဝိညာဉ်များ ပြိုကွဲကာ ရူးသွပ်သွားသူများ မနည်းပေ။
အဆုံးတွင် လုမိသားစုဝင်များစွာသည် ကြောက်လန့်ပြီး မကျင့်ကြံဝံ့ကြတော့ပေ။
၎င်းတို့သည် ဤလျှို့ဝှက်နည်းစနစ်ကို စင်ပေါ်တင်ထားပြီး အခြားလုမိသားစုတပည့်များကို ကျင့်ကြံခြင်းမှ တားမြစ်ခဲ့ကြသည်။
ဤအထွတ်အထိပ်နည်းစနစ်ကို စည်းခတ်ထားခြင်းမှာ ဖြုန်းတီးမှုတစ်ခုဟု ထင်ရသော်လည်း အခြားနည်းလမ်းမရှိပေ။ လုံလောက်သော ပါရမီမရှိဘဲ ၎င်းကို သင်ယူရန်မှာ မဖြစ်နိုင်ပေ။
ကနဦးအဆင့်သို့ ရောက်ရှိရန်ပင် မဖြစ်နိုင်သောအရာ ဖြစ်သည်။
"ဘယ်သူမှ မသင်ယူနိုင်ခဲ့တာ အံ့ဩစရာမဟုတ်တော့ဘူး.. သင်ယူနိုင်ခဲ့တဲ့သူဆိုရင်လည်း အဲ့တာက လူမဟုတ်လို့ပဲ...”
"ဒါက တကယ်တော့ ရွှေအမြုတေအဆင့် ဒါမှမဟုတ် ဝိညာဉ်သန္ဓေသားအဆင့်ထက် မြင့်တဲ့သူတွေပဲ သင်ယူနိုင်တဲ့ ကျင့်ကြံခြင်းနည်းလမ်းတစ်ခုပဲ..."
"လုဟုန်ရန်က ဘယ်လိုများ သင်ယူနိုင်ခဲ့တာလဲ...”
ကျိုးစွေ့ ညည်းတွားလိုက်သည်။
လုမိသားစု၏မျိုးဆက်များ ဤကျင့်ကြံခြင်းနည်းလမ်းကို အဘယ်ကြောင့် မသင်ယူနိုင်ခဲ့သည်ကို သူ ကောင်းစွာသဘောပေါက်သွားသည်။
မိုင်ပေါင်းသောင်းချီသော ပတ်ပတ်လည်ဧရိယာအတွင်းရှိ ကျင့်ကြံသူများအကြားတွင် အလင်းမျက်လုံးခုနစ်လုံး လျှို့ဝှက်နည်းစနစ်ကို ကျွမ်းကျင်စွာတတ်မြောက်နိုင်သူ တစ်ဦးမျှပင် မရှိနိုင်ပေ။
မည်သို့ပင်ဖြစ်စေ၊ ဤကျင့်ကြံခြင်းနည်းလမ်းကို သင်ယူရန်မှာ ပထမဦးစွာ အလွန်အားကောင်းသော ဝိညာဉ်စွမ်းအားနှင့် မြင့်မားသော နားလည်နိုင်စွမ်း လိုအပ်သည်။ ထိုအခါမှသာ ၎င်းကို သင်ယူနိုင်ခြေရှိသည် သို့မဟုတ်ပါက ကျရှုံးမည်မှာ သေချာပေသည်။
နှလုံးသားမျက်လုံးကို ပုံဖော်ရန် ကြိုးပမ်းမှုအနည်းငယ် ကျရှုံးရုံမျှဖြင့် ဝိညာဉ်ကို အပြင်းအထန် ထိခိုက်ပျက်စီးစေပေလိမ့်မည်။
လုဟုန်ရန် သင်ယူနိုင်ခဲ့သည့်အကြောင်းရင်းမှာ သူ၏ပါရမီကြောင့်သာမက၊ အဓိကအားဖြင့် သူသည် သေဆုံးသွားသော လျှို့ဝှက်ဆန်းကြယ်ကျင့်ကြံသူ၏ ဉာဏ်အလင်းနှင်းစက်ချိုကို ရရှိခဲ့သောကြောင့် ဖြစ်သည်။ သို့မဟုတ်လျှင် သူသည် ကနဦးအဆင့်သို့ပင် ရောက်ရှိနိုင်ခဲ့မည် မဟုတ်ချေ။
"ထားလိုက်တော့.. ငါ့ရဲ့လှည့်ကွက်ကိုပဲ သုံးရတော့မယ်...”
ကျိုးစွေ့သည် ခဏတာ စဉ်းစားပြီး သူ၏ကိုယ်ပိုင်ကြိုးပမ်းမှုများကို လက်လွှတ်ရန် ဆုံးဖြတ်လိုက်သည်။
'စာအုပ်ကူ'၏ စွမ်းအားကို အသုံးပြုခြင်းကသာ ပိုမိုကောင်းမွန်ပေသည်။
ကိုယ့်ကိုယ်ကိုသာ အားကိုးနေပါက၊ သက်တမ်းကုန်သွားသည့်တိုင် ကနဦးအဆင့်သို့ ရောက်ရှိရန်ပင် မဖြစ်နိုင်ချေ။
ရွှစ်...။
'စာအုပ်ကူ'သည် နောက်တစ်ကြိမ် ခုန်ထွက်လာကာ၊ အမွေအနှစ် ကျောက်စိမ်းမှတ်တမ်းကို ဝါးမျိုလိုက်တော့သည်။
ရုတ်တရက် များပြားလှသော သတင်းအချက်အလက်များသည် သူ၏ သိစိတ်ပင်လယ် အနက်ပိုင်းထဲသို့ စီးဝင်လာပြီး၊ အလင်းမျက်လုံးခုနစ်လုံးလျှို့ဝှက်ကျမ်း နှင့်ပတ်သက်သော အရာအားလုံးကို ဓာတ်ပုံရိုက်မှတ်ဉာဏ်ဖြင့် မှတ်သားပေးလိုက်တော့သည်။
ပုံစံသုံးမျိုး ဖွဲ့စည်းထားသည်ကို သူအာရုံခံမိသည်။ ပုံစံတစ်ခုချင်းစီမှာ နှလုံးသားမျက်လုံးတစ်ခုကို ကိုယ်စားပြုသည်။ တည်ဆောက်ထားသော နှလုံးသားမျက်လုံး၏ ဖွဲ့စည်းပုံမှာ ပေါ်ထွက်လာသည်။
ဤဖွဲ့စည်းပုံကို အသုံးပြု၍ သူသည် ကိုယ်တွင်း၌ ထိုသို့သော နှလုံးသားမျက်လုံးတစ်ခုကို ပြီးပြည့်စုံအောင် တည်ဆောက်နိုင်သည်။
၎င်းကို ပြီးပြည့်စုံအောင် ဖွဲ့စည်းရာတွင် အောင်မြင်ခဲ့ပါက၊ နှလုံးသားမျက်လုံးတစ်ခုကို သူဖွဲ့စည်းနိုင်ခဲ့ပြီဟု ဆိုလိုပေသည်။