← Chapters

စလိုက်ရအောင်

Vol. 81-85 Ch. 1262

စလိုက်ရအောင်

Vol. 81-85 Ch. 1262

“ဘာ ငါ့အဖေ သေသွားပြီ ဟုတ်လား”

ကျောက်မိသားစုတွင်း၌ ရက်စက်သော စရိုက်ရှိသော အမျိုးသားတစ်ဦးက အေးစက်စွာ မေးလာ၏။ သူသည် ကျောက်ရှန့်လုံ၏သား ကျောက်ထျန်းရှုံး ဖြစ်ပြီး သူ့လက်အောက်၌ လူမိုက်ဂိုဏ်းများစွာ ရှိသဖြင့် မြေအောက် လောက၏ ခေါင်းဆောင်သဖွယ် မင်းမူနေသူ ဖြစ်သည်။ သူသည် ထောင်ဟွာမြို့၌ ကျားတစ်ကောင်သဖွယ် ဩဇာကြီးပြီး မည်သူမှ သူ့ကို ရန်မစရဲချေ။

လက်ရှိတွင် သူ့ဖခင် အသတ်ခံလိုက်ရကြောင်း ကြားလိုက်ရသဖြင့် ကျောက်ထျန်းရှုံး ဒေါသူပုန်ထကာ မျက်လုံးများက မီးဝင်းဝင်းတောက်၍ အရူးသဖွယ် ဖြစ်နေသည်။

“ဆရာ ဒါကိုကြည့်ပါဦး”

သက်တော်စောင့် တစ်စုက စောင့်ကြည့်ကင်မရာ၌ ရိုက်ကူးထားမိသော ဗွီဒီယိုတစ်ခုကို ထုတ်ပြလေသည်။ သင်္ချိုင်းမြေ၌ စောင့်ကြည့်ကင်မရာ တပ်ထားလိမ့်မည်ဟု ယဲ့ဖန် ထင်ထားမိမည် မဟုတ်ပါ။

ထို့နောက် ကျောက်ထျန်းရှုံးသည် ယဲ့ဖန်၏ သတ်ဖြတ်ပုံကို ကြည့်ပြီး ဒေါသထွက်နေသော မျက်နှာထားမှ နာကျည်း မုန်းတီးသော မျက်နှာထား၊ နာကျည်းမုန်းတီးဟန်မှ ရူးသွပ်သော မျက်နှာထားသို့ ပြောင်းလဲလာသည်။

“လိုက်ရှာ ပြီးရင် ဒီဖွတ်ကျားနှစ်ကောင်ကို ငါ့ရှေ့ ဆွဲခေါ်လာခဲ့၊ ငါ အဲ့ခွေးကောင်နဲ့ ခွေးမကို ရစရာမရှိအောင် လုပ်ပစ်မယ်”

ကျောက်ထျန်းရှုံးက မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် အမိန့်ပေးလိုက်သည်။ သူ၏ အမုန်းတရားက မီးသဖွယ် တောက်လောင်နေပြီး ရူးသွပ်နေသည်။

*ငါ့အဖေကို သတ်တဲ့လူကို မခံမရပ်နိုင်အောင် လက်စားချေပြမယ်*

*ငါ အဲ့နှစ်ကောင်ကို အရက်စက်ဆုံး နည်းလမ်းနဲ့ နှိပ်စက်ပစ်မယ်*

….

ချုံးဝူ လက်ဝှေ့ခန်းမသည် ထောင်ဟွာမြို့၌ နာမည်ကြီး နံပါတ်တစ် အင်အားစု ဖြစ်သည်။ ယင်းခန်းမ၌ လက်ဝှေ့သမားများ များစွာရှိပြီး သူတို့၏ အရည်အချင်းက သိပ်မဆိုးပေ။ ထိုသူများထဲမှ အချို့ဆိုလျင် မှောင်ခို လက်ဝှေ့ထိုးပွဲ၌ ဝင်ပြိုင်၍ အဆင့်များပင် ရထားကြသည်။

သို့သော် ယနေ့၌ သူတို့သည် ကြီးမားသော ရန်သူတစ်ယောက်နှင့် ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေကြပြီး မျက်နှာ သုန်မှုန်နေ၏။

အကြောင်းမှာမူ လွန်ခဲ့သော သုံးရက်က လူတစ်ယောက်သည် လက်ဝှေ့ခန်းမထဲသို့ တစ်ကိုယ်တည်း ရောက်လာပြီး သူတို့၏ တပည့် အယောက် နှစ်ဆယ်အား ဒဏ်ရာရအောင် လုပ်ပြီး လက်ဝှေ့သမား သုံးယောက်ကို မစွမ်းမသန်အောင် ပြုလုပ်ခဲ့သည်။ သူသည် ရုန့်ရင်းကြမ်းတမ်းသော စကားများ ပြောဆိုပြီး နောက်သုံးရက် နေလျင် ထပ်မံ ယှဉ်ပြိုင်မည်ဟုဆိုသည်။ ထိုပြိုင်ပွဲ၌ ချုံးဝူ လက်ဝှေ့ခန်းမဘက်မှ ရှုံးခဲ့လျင် ဤနေရာမှ ချက်ချင်း ထွက်သွားရမည်ဟု ဆိုလာ၏။

“မမလေး ကျွန်တော်တို့ ထွက်သွားကြရင်ကော”

လက်ဝှေ့သမားတစ်ယောက်က သူ့အရှေ့မှ မယုံနိုင်အောင် လှပသော မိန်းမပျိုတစ်ယောက်အား ဇဝေဇဝါဖြင့် ကြည့်နေသည်။

“ထွက်သွားမယ် ဟုတ်လား”

လီဝေ့ ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး အမြီးတက်နင်းခံလိုက်ရသည့် ကြောင်မလေးသဖွယ် ဒေါသထွက် သွားလေသည်။

“ငါ့အဖိုးက ဒီမြို့မှာ သူရဲကောင်း ဖြစ်ခဲ့တာ၊ ငါ့ဘိုးဘွားတွေ လက်ထက်ကတည်းက ဒီမှာ အခြေချပြီး နေလာခဲ့တာ နှစ်ငါးရာကျော်ပြီ၊ ဒီကနေ တစ်ဖဝါးမှ မခွာခဲ့ဘူး၊ အခု နင်က ငါ့ဘိုးဘွားမြေကို စွန့်ပစ်ပြီး ထွက်သွား စေချင်တာလား”

“ဒါပေမဲ့ မမလေး မသွားရင် ဝမ်မင်တဲက ကျွန်တော်တို့ကို အလွတ်ပေးမှာ မဟုတ်ဘူး၊ ပြီးတော့ အဲ့ခွေးကောင်က မမလေးကို သူ့ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်မယ်လို့ ပြောနေသေးတာလေ”

“အဲ့မျိုးမစစ်ကောင် ဝမ်မင်တဲက ခန်းမခေါင်းဆောင်ကို မသေခင်က ညီအစ်ကိုလို နေခဲ့ပြီးတော့ ခေါင်းဆောင် သေသွားတာနဲ့ လက်ဝှေ့ခန်းမကို အပိုင်သိမ်းဖို့ ကြံစည်တာပဲ၊ သောက်ကျင့်မကောင်းတဲ့ကောင်”

လူတိုင်း ဝမ်းနည်းကြေကွဲကာ ဒေါသထွက်နေကြသည်။ သို့သော် ဒေါသထွက်နေရာမှ ဝမ်မင်တဲအား အလွန် ကြောက်လန့်သော စိတ် ဖြစ်ပေါ်လာသည်။

ထိုသို့ကြောက်လန့်ရခြင်းမှာ ဝမ်မင်တဲသည် နဂါးအသွင်ပြောင်းခြင်းအဆင်သို့ ရောက်ရှိနေသူ ဖြစ်သော ကြောင့်ပင်။ ထောင်ဟွာမြို့၌ နဂါးအသွင်ပြောင်းခြင်းအဆင့် သိုင်းပညာရှင်သည် နတ်ဘုရားလိုပင် ဖြစ်လေသည်။ သူတို့အား ယှဉ်နိုင်သူ မရှိချေ။

“အားလုံးပဲ စိတ်မပူနဲ့၊ ငါ အားလုံး ပြင်ဆင်ထားတယ်”

ထို့နောက် လီဝေ့က အသာပြုံး၍ သူမဘေးမှ အေးစက်၍ မာနကြီးပုံပေါ်သော လူငယ်လေးကို ညွှန်ပြ၍ ပြောလိုက်သည်။

“အားလုံးပဲ ဒါက ယဲ့ဖန်”

*ယဲ့ဖန်*

ထိုနာမည်က အားလုံး၏ အတွေးထဲ၌ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပဲ့တင်ထပ်သွားသည်။

*ဘာ … သူက ယဲ့ဖန်လား*

*အင်ပါယာထဲမှာ နာမည်ကြီးနေတဲ့ ကြောက်စရာကောင်းတဲ့လူလား*

“သူ … သူက ယဲ့ဘုရင်လား”

လူတိုင်းသည် အေးစက်၍ မောက်မာသည့် လူငယ်လေးအား မယုံသင်္ကာ ကြည့်လိုက်ကြသည်။ ကောလာ ဟလများလိုပင် ဤလူငယ်သည် အလွန်ဆုံး သုံးဆယ်ဝန်းကျင်မျှသာ ရှိသေးသည်။

ဤလူမှာ ယဲ့ဖန် မဟုတ်ပေ။ ယန်ရန်ဟူသော လူလိမ်တစ်ယောက် ဖြစ်ပြီး ယဲ့ဖန်၏ နာမည်ကို သုံး၍ နေရာတကာ လှည့်ပတ်သွားလာကာ လိမ်စားနေသူ ဖြစ်သည်။ သို့သော် သူ့သိုင်းအဆင့်သည် နဂါးအသွင်ပြောင်းခြင်းအဆင့် ဖြစ်သဖြင့် ထူးချွန်၍ ကျင့်ကြံလိုစိတ် ရှိသူဟု ဆိုရပေမည်။ သူသည် ယဲ့ဖန်၏ နာမည်ကို သုံး၍ လိမ်စားလာပြီးနောက် ကျင့်ကြံရန် အာရုံမရောက်တော့ချေ။

မကြာသေးခင်ကပင် နောက်ဆုံးနေရာ၌ သူသည် ဂိုဏ်းချုပ်တစ်ယောက်ကို လှည်စားခဲ့သည်။ ပိုက်ဆံပါ လိမ်ယူခဲ့ရုံမကဘဲ ဂိုဏ်းချုပ်၏ သမီးနှင့် ဇနီးကိုပါ သူ သိမ်းပိုက်ဖျက်ဆီးခဲ့သည်။ ထို့နောက် ထိုဂိုဏ်းချုပ်က လိုက်ဖမ်း၍ သတ်ဖြတ်သဖြင့် ဤနေရာသို့ ထွက်ပြေးလာရခြင်း ဖြစ်သည်။

အစပိုင်း၌ သူသည် ထောင်ဟွာမြို့မှ ဖြတ်သွားရုံမျှသာ ဖြစ်သော်လည်း လှပလွန်းသော လီဝေ့နှင့် မထင်မှတ်ဘဲ ဆုံခဲ့သည်။ ထို့ကြောင့် သူသည် ဤမိန်းမလှလေးကို ရယူလိုသည့် စိတ်ဝင်ခဲ့သည်။ သူမ ဒုက္ခရောက်နေကြောင်း သူ သိသွားချိန်တွင် ချက်ချင်း လှုပ်ရှားရန် ဆုံးဖြတ်ခဲ့သည်။

ဤသို့သော မိန်းမလှလေးမျိုးကို အင်ပါယာ၌ တွေ့ရခဲသည်။ သူ လီဝေ့ကို ပထမဆုံး တွေ့မိသည့်အခိုက်တွင် သူမ၏ ကြောမော့၍ ထက်မြက်ကာ ဆွဲဆောင်မှုရှိသော ဟန်ပန်ကို သဘောတွေ့သွားခဲ့သည်။

ယခု ဝမ်မင်တဲ ရောက်လာရန် သူ မစောင့်နိုင်တော့ချေ။ ဝမ်မင်တဲ သေသွားသည်နှင့် ဤမိန်းမလှလေးက သူ့ရင်ထဲ ပစ်ဝင်လာမည် မဟုတ်ပါလော။

ယခု သူမ သဘောမတူလျင် သူမ၏ ကျေးဇူးရှင်ကို မည်သို့ ပြန်ကျေးဇူးဆပ်မည်နည်း။ ဤအသုံးမကျသော လူများက သူ့ကို တားနိုင်ပါမည်လော။

သူ၏ အကြီးမားဆုံး ပြဿနာမှာ ဆက်၍ ထွက်ပြေးရန် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ယဲ့ဖန်၏ နာမည်ကို အသုံးချနေ၍သရွေ့ သူ့အတွက် စားရန်သောက်ရန် စိတ်မပူရချေ။ သူ ဘယ်သွားသွား ရောက်သည့်နေရာမှ လူများက မျက်နှာချိုသွေးကြစမြဲပင်။

“လူကြီးမင်းယဲ့ဖန် ဒီတစ်ခေါက်တော့ ခင်ဗျားကို အားကိုးရတော့မယ်”

“ယဲ့ဘုရင်က ကြားရသလိုပဲ ထက်မြက်ပါပေတယ်၊ ဒီနေ့ ခင်ဗျားကို တွေ့လိုက်ရတာ သုံးဘဝလောက် ကံကောင်း သွားသလိုပါပဲ”

“ယဲ့ဘုရင်လို မြင့်မြတ်ပြီး အင်အားကြီးတဲ့ပုဂ္ဂိုလ်မျိုးက ကျုပ်တို့ကို ကူညီပေးမယ်ဆိုတာ ရှားမှရှားတဲ့ ကိစ္စပဲ၊ ကျွန်တော်တို့ သိပ်ကို ကျေးဇူးတင်ပါတယ်”

“ဟားဟားဟား … ယဲ့ဘုရင် ရှိနေမှတော့ ဝမ်မင်တဲ သေကိုသေရမှာပဲ”

လူတိုင်း ချီးမွမ်းစကား ပြောလာပြီး ယဲ့ဖန်အတုအယောင်အား လေးစားအားကျ၍ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ကြည့်နေကြသည်။

*ဒါ အင်ပါယာထဲက နံပါတ်တစ် ပုဂ္ဂိုလ်”

*ဘုရင်အဆင့်တွေတောင် စက္ကန့်ပိုင်းအတွင်း အသာလေး အသတ်ခံရတာ၊ ဝမ်မင်တဲက ယဲ့ဘုရင်ထက် ဘယ်လိုလုပ် ပိုသန်မာမှာလဲ*

ထိုအခိုက်တွင် ထွက်သွားတော့မည့် တပည့်များနှင့် လက်ဝှေ့သမားများ ချက်ချင်း စိတ်အေးသွားပြီး ပျော်ရွှင် သွားသော အမူအရာမျိုး ဖြစ်နေကြသည်။

ယဲ့ဘုရင်နှင့် ပတ်သက်နိုင်ခြင်းသည် ရှစ်ဘဝတိတိ သိုင်းကျင့်ကြံခဲ့ရသလိုပင် ကံကောင်းလှသည်။ နောင်တွင် ဤအကြောင်းကိုသာ ထုတ်ပြောနိုင်ပါက မည်သူက ချုံးဝူ လက်ဝှေ့ခန်းမကို ရန်စရဲပါမည်နည်း။

*မဟုတ်ဘူး ငါ အခု သွားလို့မရသေးဘူး၊ အမြင့်နေရာကို ရနိုင်မယ့် အခွင့်အရေးက မျက်စိရှေ့တင် ရှိနေတာ၊ လွဲချော်သွားလို့ မရဘူး*

“ငါဆိုတဲ့ ယဲ့ဖန်က တစ်ဘဝလုံး ယောက်ျားရော မိန်းမကိုပါ အနိုင်မကျင့်ဖူးဘူး၊ အဲ့လိုအနိုင်ကျင့်တဲ့ ကောင်တိုင်းကို သတ်ပစ်မှာ”

ယန်ရန်က ဖြောင့်မတ်တည်ကြည်သော ဟန်ပန်ဖြင့် ကြုံးဝါးလေသည်။ တစ်ချိန်တည်းမှာပင် လီဝေ့၏ တုံ့ပြန်ပုံကို ခိုးကြည့်လိုက်သည်။ သူ၏ ဖြောင့်မတ် တည်ကြည်ပုံရသော စကားလုံးများအောက်၌ လီဝေ့၏ မျက်လုံးတွင် ချစ်ခင် လေးစားစိတ်များနှင့် ပြည့်နှက်လာ၏။

*ဟဲဟဲ ငါးကတော့ ငါးစာကို လာဟပ်ပြီ*

ယန်ရန် စဉ်းလဲစွာပြုံးလိုက်သည်။ ထိုစဉ် တံခါးဝ၌ ရုတ်ရုတ်သဲသဲ အသံ ထွက်ပေါ်လာ၏။

“ဘာဖြစ်တာလဲ”

လီဝေ့ မျက်မှောင်ကြုတ်သွားသည်။

“မမလေး တံခါးဝမှ လူတစ်ယောက်နဲ့ ကလေးမလေးတစ်ယောက်‌ သောင်းကျန်းနေပါတယ်”

“ကလေးမလေးလား”

လီဝေ့ ပို၍ တွေဝေသွားပြီး ပြန်ပြောလိုက်သည်။

“ထွက်ကြည့်ကြတာပေါ့”

တံခါးဝ၌ ယဲ့ဖန်နှင့် ပိုင်ရွှယ်တို့သည် လက်ဝှေ့ခန်းမမှ တပည့်များနှင့် ထိပ်တိုက် စကားများနေကြသည်။ လက်ဝှေ့ခန်းမမှ လူများအား ဦးဆောင်လာသူမှာ အသက်နှစ်ဆယ်ဝန်းကျင် လူငယ်တစ်ယောက်ဖြစ်ပြီး ပိုင်ရွှယ်အား သရော်သော အကြည့်များဖြင့် ကြည့်နေ၏။

“ယို့ … ဒါ သူတောင်းစားမလေး မဟုတ်လား၊ ဘာမှမပြောဘဲ ပျောက်သွားတော့ ငါ မင်းကို သေပြီမှတ်နေတာ၊ အဲ့လိုထင်ပြီး ငါ ပျော်နေတာကို ဘာလို့ ပြန်လာတာလဲ၊ ငါတို့အိမ်မှာ အလကားနေ အလကားစားချင်နေတာလား”

သူ ပါးစပ်ဟလိုက်သည်နှင့် သရော်သော စကားများသာ ထွက်လာသည်။

“လီတုန် ငါ နင့်ကို မတွေ့တာ တစ်နှစ်ကျော်ပြီ၊ နင့်ပါးစပ်က အခုထိ နံဟောင်နေတုန်းပဲ”

ပိုင်ရွှယ် ခနဲ့လိုက်သည်။ သူမမိခင် သေဆုံးပြီးနောက် သူမ အိမ်ငှားခ မပေးနိုင်သဖြင့် အိမ်ရှင်၏ နှင်ချခြင်း ခံခဲ့ရပြီး လမ်းမပေါ်၌ အဆာလွနက်ာ သေလုနီးပါး ဖြစ်သွားခဲ့သည်။

ထို့နောက် လီဝေ့က သူမကိုမြင်သွားပြီး သနားကာ အိမ်ခေါ်သွားသည်။ ထို့နောက်တွင်မှ ပိုင်ရွှယ်သည် မြို့တော်သို့ သွားနိုင်ခဲ့ပြီး သာမန်လူများထက် လိမ္မာပါးနပ်စွာဖြင့် နန်းတော်ထဲသို့ ဝင်ရောက်နိုင်ခဲ့သည်။

လီဝေ့ပါ ရောထွေး၍ ဒုက္ခရောက်မည်ကို စိုးရိမ်သဖြင့် လီဝေ့ကို သူမဘဝအစစ်အမှန်ကို မပြောပြခဲ့သလို လီဝေ့ထံလည်း ပြန်မလာရဲပေ။

ဤလီတုန်မှာမူ ပိုင်ရွှယ်အား မတရား အဓမ္မကျင့်ရန် ကြိုးစားခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ပေ။ ပိုင်ရွှယ်ထံမှ ဓားဖြင့် ထိုးခြင်း ခံရပြီးနောက် သူမသည် ပိုင်ရွှယ်ကို မုန်းတီးပြီး တစ်ချိန်လုံး နှိပ်စက်ချင်ခဲ့လေသည်။

သူသည် ထောင်ဟွာမြို့၌ လက်ဝှေ့ခန်းမအားကိုးဖြင့် အနိုင်ကျင့်တတ်သူ ဖြစ်သည်။ သူသည် ယောက်ျားလေးရော မိန်းကလေးကိုပါ နှိပ်စက် အနိုင်ကျင့်တတ်သည်။ မြို့ခံများသည် ချုံးဝူ လက်ဝှေ့ခန်းမ၏ ဩဇာကြောင့် ထုတ်မပြော ရဲသဖြင့် သူ၏ မောက်မာမှုက ပိုဆိုးလာပြီး ထောင်ဟွာမြို့၌ သူ လုပ်ချင်သလို လုပ်နေတော့သည်။

သို့သော် ဘယ်ကလာမှန်း မသိသည့် သူတောင်းစားမလေးက ချုံးဝူ လက်ဝှေ့ခန်းမ၏ သခင်လေးဖြစ်သော သူ့ကို ဓားဖြင့် ထိုးရဲသဖြင့် အပေါင်းအသင်းများ၏ လှောင်ရယ်ခြင်း ခံခဲ့ရပြီး ပြန်၍ လက်စားမချေခဲ့ရပေ။

လီဝေ့လည်း ရှိနေသဖြင့် သူ မဆင်မခြင် မလုပ်ရဲပါ။ သူ ပိုင်ရွှယ်အပေါ် တစ်ခုခုလုပ်ရန် ကြံစည်လိုက်ချိန်တွင် ပိုင်ရွှယ်က လက်ဝှေ့ခန်းမမှ ထွက်သွားပြီးသွားလေ၏။

*တစ်နှစ်ကျော်သွားပြီးမှ ဒီခွေးမလေး ပြန်လာလိမ့်မယ်လို့ ထင်မထားမိဘူး*

*ကောင်းကင်ဘုံက မျက်နှာသာပေးတာပဲ*

“မဟုတ်တမ်းတရားတွေ ပြောမနေနဲ့၊ လာကြ ဒီခွေးမကို ကြိုးတုပ်ပြီး ငါ့အခန်းထဲ ခေါ်သွား”

လီတုန်က မောက်မာစွာ ပြောလိုက်သည်။

*ငါ့အစ်မ အရေးကြီးကိစ္စ ဆွေးနွေးနေတုန်း ဒီခွေးမနဲ့ ကစားရမယ်*

*သူ့ကို ဝအောင် ကစားပြီးရင် သတ်ပစ်မယ်*

*အနောက်ဘက်က တောင်ပေါ်မှာ သွားမြှုပ်လိုက်ရင် ဘယ်သူမှ မသိသလို နောက်လည်း သိနိုင်မှာ မဟုတ်ဘူး*

ဤသို့သော ကိစ္စမျိုးကို သူ ယခုမှ ပထမဆုံးအကြိမ် လုပ်ဖူးခြင်း မဟုတ်ပါ။

“သခင်လေး ဒီကောင်ကို ဘာလုပ်လိုက်ရမလဲ”

ထိုတပည့်များက ယဲ့ဖန်ကို ဆိုးရွားသော အကြည့်များဖြင့် ကြည့်လာသည်။

“သူ့ခြေထောက်ကို ရိုက်ချိုးပြီး ထောင်ဟွာမြို့က နှင်ထုတ်လိုက်”

လီတုန်က မချိုမချဉ်ပြုံး၍ ယဲ့ဖန်အား အထင်သေးသလို ကြည့်လိုက်သည်။

“ဟေ့ကောင် မင်း အပြစ်တင်ချင်ရင် ဒီခွေးမနဲ့ ပတ်သက်နေတဲ့ မင်းရဲ့ ဆိုးရွားတဲ့ ကံကိုပဲ အပြစ်တင်လိုက်တော့၊ သူ့ကြောင့်မို့ သေရတာ”

“လီတုန် ငါ နင့်ကို လာရှာတာ မဟုတ်ဘူး၊ အစ်မလီဝေ့ကို လာရှာတာ၊ နင် ပြဿနာ မရှာနဲ့”

ပိုင်ရွှယ် အလေးအနက် သတိပေးလိုက်သည်။ လီဝေ့၏ မျက်နှာကို ထောက်သောအားဖြင့် သူမ လီတုန်ကို ကံဆိုးအောင် မလုပ်ချင်ပါ။

ယဲ့ဖန်က ဘယ်လိုလူစားလဲ သူမ ကောင်းကောင်း သိပါသည်။ ယဲ့ဖန်အတွက် လီတုန်က ပုရွက်ဆိတ်သာ ဖြစ်ပြီး ချူံးဝူ လက်ဝှေ့ခန်းမတစ်ခုလုံးကလည်း သူ့အတွက် အသေးအဖွဲသာ ဖြစ်သည်။ သူ လီတုန်ကို သတ်လိုပါက သတ်နိုင်ပေ၏။

*ဒီနတ်ဆိုးကို ဒေါသထွက်အောင် လုပ်လို့ကတော့ သူတို့ကို ဘာမှမပြောဘဲ သတ်သွားရင်တောင် ကံကောင်းတယ် ပြောရမယ်*

“ဟိုးဟိုး … ငါ့ကို ခြိမ်းခြောက်ရဲတယ်ပေါ့လေ၊ တစ်နှစ်လောက် ပျောက်သွားတာနဲ့ တော်တော် သတ္တိကောင်း လာတာပဲ”

လီတုန် ခနဲ့လိုက်သည်။ သူမစကားကို သူ အတည်မယူချေ။ သူက ပိုင်ရွှယ်ကို ကြမ်းကြုတ်စွာ ကြည့်နေ၏။

“ခွေးမ ငါ ဒီနှစ်တွေမှာ မင်းကို ဘယ်လောက် သတိရနေလဲ မင်း သိလား၊ ငါ မင်းအရေပြားကို ဆွဲခွာပြီး မင်းအသားကို ဆွဲညှစ်ဖို့ မစောင့်နိုင်တော့ဘူး၊ ဘုရားသခင်က ငါ့ဘက် ငဲ့ညှာပြီး မင်းကို ငါ့ဆီ ပြန်ပို့လိုက်တာပဲ၊ ဟီးဟီးဟီး …”

“ခဏနေရင် အရင်တုန်းက ကိစ္စကို လက်စားချေတဲ့အနေနဲ့ ငါ မင်းကို ခုတင်ပေါ်တင်ပြီး ခပ်ကြမ်းကြမ်း ကစား ပစ်ဦးမယ်”

လီတုန် လျှာသပ်လိုက်သည်။ သူ့မျက်လုံးများက ပိုင်ရွှယ်၏ ဖွံ့ဖြိုးစ ခန္ဓာကိုယ်ကို စုံချည်ဆန်ချည် ကြည့်နေ၏။

*ဒီကောင်မက အရင်နှစ်တုန်းကထက် ပိုပြီး ဆွဲဆောင်မှုရှိလာတာပဲ၊ ဒီမျက်နှာလှလှလေးနဲ့တင် လူကို သေစေ နိုင်တယ်*

ဤသို့လှပသော မိန်းကလေးအား သူ့အောက်ပို့၍ အနိုင်ကျင့်နိုင်တော့မည်ဟု တွေးမိကာ စိတ်လှုပ်ရှားပြီး တုန်ယင် လာရသည်။

“ဟူး …”

ပိုင်ရွှယ် သက်ပြင်းချလိုက်ပြီးနောက် မတတ်သာဟန်ဖြင့် ခေါင်းခါလိုက်ပြီး ဘာမှမပြောတော့ချေ။ လီတုန်က သတိပေး၍ မရတော့ချေ။

သူသည် သွန်သင်မှု နည်းပါးခဲ့သဖြင့် အထက်စီးဆန်ကာ အနိုင်ကျင့်သူ ဖြစ်လာခဲ့သည်။ ယခုဆိုလျင် ဥပဒေမဲ့ မောက်မာသည့်အထိပင် ဖြစ်လာလေပြီ။

နိုင်ငံ၏ သဘာဝကို ပြောင်းလဲရန် ခက်ခဲသကဲ့သို့ အိပ်ချင်ယောင်ဆောင်နေသော လူကို နှိုးရခက်သည်ဟူသော စကားလိုပင်၊ လီတုန်ကဲ့သို့သော လူစားမျိုးက ပြုပြင်ရ ခက်သွားလေသည်။

“တက်ကြ”

လီတုန်က ခက်ထန်သော မျက်လုံးများဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ရွှစ်”

သူ့စကားအဆုံး၌ ယဲ့ဖန်က သူ့ရှေ့သို့ ရောက်နေပြီး သွေးဆာသော အပြုံးမျိုး ပြုံးနေသည်။

“စလိုက်ကြတာပေါ့”

All Chapters