ဒုတိယ စစ်တမ်း
Vol. 11 Ch. 153
အခြားအတန်းများသာ ကျောင်းထဲပိတ်မိနေချိန်တွင် သူတို့သည် အချင်းချင်းတိုက်ခိုက်၍ လျှို့ဝှက်ကြံစည်နေကြမည်ဖြစ်ပြီး အသက်ရှင်သန်ရန် လူ့သဘာဝ၏ အမှောင်ဆုံးအခြမ်းများကို ထုတ်ဖော်နေကြမည်ဖြစ်သည်။သို့သော်လည်း အခန်း၁၃သည် ကွာခြား၏။လူတိုင်းသည် သူတို့ကိုယ်ပိုင်ရူးသွပ်သည့်ကိစ္စများကိုသာ လုပ်နေကြလေသည်။
ကျိုးကျွင်းသည် တစ်တန်းလုံးကို ထိန်းချုပ်လိုသောကြောင့် ဌာနနှင့် ပူးပေါင်းဆောင်ရွက်ချင်သည်။ သူသည် စီတုအန်း၏အမိန့်ကို အပြီးသတ်ချင်သော်လည်း ဒုတိယနေ့ အတန်းထဲတွင် မတူညီသောအသံများ ထွက်ပေါ်လာ၏။ သူသည် တစ်စုံတစ်ဦးထံ စံနမူနာပြလိုသော်လည်း ကျောင်းသားအချို့က ကျောင်းသားကောင်စီဘက် ပြတ်ပြတ်သားသားရှိနေခဲ့သည်။ဥပမာအားဖြင့် လျိုယီနှင့်ကျိကျဲဖြစ်သည်။သူတို့၏ယုံကြည်ချက်ကြောင့် ကျိုးကျွင်းသည် မိုက်မိုက်ကန်းကန်းမလုပ်ဝံ့ပေ။
အပြင်ဘက်အခြေအနေသည် လျင်မြန်စွာပြောင်းလဲနေပြီး အတွင်းဘက်အခြေအနေသည် အလွန်အမင်းမတည်မငြိမ်ဖြစ်နေ၏။အခန်း ၁၃သည် မီးလောင်နေသော ရထားတစ်စင်းနဲ့တူပေသည်။ရထားသည် အချိန်မရွေးပေါက်ကွဲသွားနိုင်သော်လည်း ဂျုံးဂျုံးဂျက်ဂျက်ဖြင့်အရှိန်ပြည့်ခုတ်မောင်းနေဆဲဖြစ်သည်။
စာသင်ခန်း၏ ရှေ့တံခါးနှင့် နောက်တံခါးနှစ်ခုလုံး ပွင့်သွားသည်။ကျောင်းသားများသည် အခန်းထဲဆက်ဝင်လာလျက်ရှိသည်။တချို့သည် အခန်း ၁၃မှ ကျောင်းသားများဖြစ်ပြီး အခြားလူများသည် အခြားအခန်းများမှ သွားရောက် 'ဖိတ်ခေါ်'ထားသော သရဲများဖြစ်သည်။
အတန်းမစတင်မှီ သုံးမိနစ်အလိုခန့်တွင် ကျိကျဲ၏ အစ်ကိုဖြစ်သူ ကျိဖူသည် စားနပ်ရိက္ခာအပြည့်ထည့်ထားသော အိတ်တစ်လုံးဖြင့် အနောက်တံခါးဝတွင် ပေါ်လာ၏။
"အစ်ကို ! "
ကျိကျဲသည် ပျော်ရွှင်စွာဖြင့် အစ်ကိုဖြစ်သူကို လက်ရမ်းပြလိုက်သော်လည်း ကျိဖူက သူ့အားကြောက်ရွံ့စွာကြည့်လိုက်သည်။သူသည် သူ့နားရှိကျောင်းသားများကို အော်ပြောလိုက်သည်။
"သူလှည့်စားတာ မခံရစေနဲ့ ! သူက ငါ့ညီလေးမဟုတ်ဘူး ! သူက အကြင်နာတရားမရှိတဲ့ နတ်ဆိုးကောင်ပဲ! မနေ့ညက သူ့ကို ငါ့အိပ်ခန်းထဲကို ခေါ်ခဲ့မိတယ်၊ ငါ့ ညီလေးက သေသွားခဲ့ပြီ !"
ညီအစ်ကိုနှစ်ယောက်သည် မကောင်းသောလူများမဟုတ်ပေ။ကျိဖူသည် ကျိကျဲနောက်မှ တိတ်တဆိတ်လိုက်လာခဲ့ပြီး အခန်း၁၃၏ အန္တရာယ်ကို သတိပေးရန်ရောက်လာခဲ့ခြင်းဖြစ်သည်။
"အစ်ကို ကျွန်တော်က သရဲမဟုတ်ပါဘူးဗျ ၊ ဒါပေမယ့် ကျွန်တော်က ရွေးချယ်ခံခဲ့ရတာ "
ကျိကျဲက လျင်မြန်စွာရှင်းလိုက်သည်။
"မင်းတို့အားလုံး ငါ့နောက်ကျောက သရဲကို ကြောက်နေကြတယ် ၊ ငါလည်း ကြောက်တာပဲ ဒါပေမယ့် သူက ငါ့ကို ထိခိုက်အောင်မလုပ်ဘူးလေ! "
ကောင်းမင် စားပွဲပေါ် မှောက်ကျသွားသည်။ ညီအစ်ကိုနှစ်ယောက် စိတ်ကူးထားသည့် ဇာတ်ကွက်သည် တစ်နည်းနည်းဖြင့် ဆက်စပ်နေ၏။
မနေ့ညက ကျိကျဲသည် ရုပ်ဆိုးဆိုးအရုပ်ကို ကောက်ယူခဲ့ခြင်းဖြစ်သည်။အခြားလူများ၏ မျက်လုံးထဲတွင် ကျိကျားသည် သူတို့၏အကြီးမားအိမ်မက်ဆိုးဖြစ်လာခဲ့သည်။ကျိကျဲသည် ယင်းအကြောင်းရင်းကိုပင် နားမလည်နိုင်ဘဲ သူ့နောက်တွင် ပုန်းအောင်းနေသော နတ်ဆိုးတစ်ကောင် ရှိနေသည်ဟု တွေးနေခဲ့သည်။ အကြောက်ရောဂါသည် သူ့အားကူးစက်ခဲ့ရာ အကြောက်ရောဂါအကောင်အထည်ပေါ်လာချိန်တွင် တစ်စုံတစ်ခုသည် သူ့နောက်ကျောတွင် မွေးဖွားလာခဲ့ခြင်းဖြစ်နိုင်၏။(သူက သူ့နောက်ကျောမှာ သရဲရှိနေတယ်ထင်ပြီး ကြောက်နေလို့ သူ့နောက်ကျောမှာ တစ်ခုခုပေါ်လာတာပါ )
ကျောင်းတက်ခေါင်းလောင်းမြည်လာချိန်တွင် ညီအစ်ကိုနှစ်ယောက် ငြင်းခုန်နေဆဲဖြစ်သည်။ကျောင်းသားများက သူတို့ခုံများတွင် ပြန်ထိုင်လိုက်ကြသည်။ကျိဖူသည် ထွက်သွားချင်သော်လည်း နောက်တံခါးသည် လော့ချသွားပြီဖြစ်သည်။သူက ရှေ့တံခါးမှ ထွက်ရန်ကြိုးစားလိုက်သော်လည်း အမျိုးသမီးဆရာမနှင့်တိုက်မိလုမတတ်ဖြစ်သွား၏။
"မင်းနေရာမင်း သွားထိုင်စမ်း "
ဆရာမ၏အသံသည် ကြောက်မက်ဖွယ်ကောင်း၏။သူမသည် သင်ကြားရေးအိုင်ဒီကတ်ကို တပ်ဆင်ထားသည်။သူမ၏အမိန့်ကို ဆန့်ကျင်ပါက သေဆုံးသွားမည့်ဟန်ပင်။
ကျိဖူသည် တိတ်ဆိတ်စွာပြန်လှည့်သွားပြီး အတန်း၏ နောက်ဘက်ဆုံးတွင် သွားထိုင်လိုက်သည်။အစောပိုင်းတွင် ရှိုးထုတ်နေခဲ့သော ကျိကျဲသည်ပင် စတိတ်ခုံပေါ်မှဆင်း၍ သူ့ထိုင်ခုံတွင် သွားထိုင်လိုက်သည်။တံခါးနှစ်ခုက ပိတ်သွားချေပြီ။ဆရာမသည် အတန်းကို စစ်ဆေးလိုက်သည်။သူမ၏ သေးသွယ်သော မျက်ခုံးများက အတူတကွကျုံ့သွားလေ၏။သူမသည် မနေ့က အတန်းချိန်တွင် ဒီနေ့ အတန်းထဲမှ လူများပျောက်နေပါက ကျောင်းကထွက်နိုင်ရန် ဘတ်စ်ကားစီးရမည့် အခွင့်အရေးကို လက်လွတ်ရမည်ဟု ပြောခဲ့သည်။
သူမ လူစာရင်းကောက်လိုက်သောအခါ အတန်းထဲတွင် ကျောင်းသား ၅၁ယောက်ထက် ပိုနေကြောင်း နားလည်လိုက်သည်။
ဆရာမ၏မျက်လုံးများက မဲမှောင်သွားခဲ့သည်။သူမသည် ထိုနေရာတွင် တခဏမျှရပ်နေခဲ့ပြီး သင်ပုန်းပေါ်တွင် ၃၇ ၊ ၁၇ ဟူသော နံပါတ်နှစ်ခုကို ရေးလိုက်သည်။
"အတန်းထဲမှာ လူ ၅၄ယောက်ရှိနေတာလား ၊ လူပိုသုံးယောက်က ဘယ်မှာလဲ "
ပထမတွင် ကျောင်းသားအများစုသည် ယင်းကို သတိမပြုမိပေ။တံခါးများကို ပိတ်လိုက်ပြီးနောက် လူတိုင်းသည် ပတ်ဝန်းကျင်အား စတင်ကြည့်ရှုလိုက်သည်။အတန်းထဲတွင် လူသုံးယောက်ပိုနေသည်မှာ အမှန်ပင်ဖြစ်သည်။သူတို့တွင် ထိုင်ခုံမရှိကြပေ။သူတို့ကား ကျောင်းသားများကို သတိပေးရန်ရောက်လာသော ကျိဖူ ၊ ဌာနယူနီဖောင်းဖြင့် ပိုင်ရှောင်နှင့် ဒဏ်ရာရနေသော ယွမ်ဟွေ့ဖြစ်သည်။
ဆရာသည် သူတို့အား လူတိုင်းအတန်းတက်ရန် တောင်းဆိုခဲ့ပြီး မည်သည့်ထိုင်ခုံမှ အလွတ်ထားရမည်မဟုတ်ပေ။ထို့ကြောင့် ကျောင်းသားများသည် ခုံ'အလွတ်'များကို ဖြည့်ရန် အခြားလူများကို သွားရှာခဲ့ကြသည်။နောက်ဆုံးတွင် သူတို့သည် များစွာသော အစားထိုးကျောင်းသားများကို ရခဲ့လေသည်။
"သင်ပုန်းပေါ်က နံပါတ်နှစ်ခုရဲ့ အဓိပ္ပါယ်ကို မင်းတို့ သိပြီးသားပဲ ၊ ဒါတွေက အတန်းထဲမှာရှိတဲ့ လူအရေအတွက်နဲ့ သရဲအရေအတွက်ကို ကိုယ်စားပြုတာ ၊ အတန်းထဲမှာ ကျောင်းသား ၅၄ယောက်ရှိနေတယ် ဒါပေမယ့် ခုံကတော့ ၅၁လုံးပဲရှိတယ် "
ဆရာမသည် စတိတ်ခုံအလယ်တွင် မတ်တပ်ရပ်လိုက်သည်။ဆရာမ၏ယူနီဖောင်းအောက်မှ အန္တရာယ်၏အရောင်အဆင်းဖြစ်သော သွေးများစီးကျလာလေသည်။
"အခု မင်းတို့ ဒုတိယစစ်တမ်းကို ပြန်လုပ်ရမယ် ၊ အတန်းထဲက လူပိုသုံးယောက်ကို ရွေးပါ ပြီးရင် သူတို့သေရမယ် "
ဆရာမသည် ဒုတိယစစ်တမ်းကောက်ယူခြင်းကို စတင်လိုက်သည်။ပထမစစ်တမ်းသည် ကျောင်းသားများအတွက် သူတို့၏ သေခြင်းရှင်းခြင်းကို ရွေးချယ်ရခြင်းဖြစ်သည်။ဒုတိယစစ်တမ်းသည် ကျောင်းသားများအတွက် သေဆုံးရမည့်လူများကို ရွေးချယ်ရခြင်းဖြစ်သည်။ မဲစာရွက်များ ရပြီးနောက် ကျောင်းသားအားလုံးသည် မာထုံ၏အိပ်ခန်းမှ လူများကို လှည့်ကြည့်လိုက်ကြသည်။ယမန်နေ့က မာထုံသည် သရဲတစ်ကောင်ဖြစ်သည် အချက်အလက်ကိုထုတ်ဖော်ခဲ့သည်။အမှန်တော့ သူသည် သရဲဟုတ်မဟုတ် အရေးမကြီးပေ။ အရေးကြီးသည်က တခြားသူများသည် သတ်ဖြတ်ရန် အကြောင်းပြချက်တစ်ခု ရှာတွေ့သွားခြင်းဖြစ်သည်။
မာထုံသည် အတန်းထဲတွင် ဖင်ပူအောင်ပင်မနေရသေးချေ။သူသည် စိုက်ကြည့်ခံနေရာမှ တုန်လှုပ်သွားသည်။ အရက်သောက်ချင်စိတ်များ ပျောက်ဆုံး၍ သူ့မျက်နှာက ဖြူရော်လာခဲ့သည်။
"မင်းတို့ ဘာလို့ ငါ့ကိုကြည့်နေကြတာလဲ "
ဖက်တီးသည် အမှန်တကယ်ကြောက်ရွံ့နေလေသည်။
"ငါအတန်းထဲမှာ ၁၇မိနစ်ပဲ နေရသေးတာလေ ၊ ငါ ဘာမှလည်း မလုပ်ခဲ့ပါဘူး ၊ ငါ မနက်စာတောင် မစားရသေးဘူးလေ ၊ မင်းတို့ကောင်တွေက နတ်ဆိုးတွေလား "
"ဆရာမပြောတာက လူသုံးယောက်သေဖို့ ငါတို့မဲပေးရမယ်တဲ့ ၊ သရဲတွေက အရင်က တစ်ခါသေပြီးသား ၊ ဒါကြောင့် ဘယ်သူ့ကို မဲပေးရမယ်ဆိုတာ လူတိုင်းသိသင့်တယ် မဟုတ်လား”
ချင်ကျွင်းရန် နာမည်သုံးခုကို ချရေးလိုက်သည်။သူ့အခန်းဖော်များသည် စတင်ရေးတော့သည်။
"နေပါဦး ! "
မာထုံက သူ့ ကြောင်ပုံရေနွေးဘူးကိုဆွဲယူလိုက်သည်။
" ဒီအတန်းရဲ့ အန္တရာယ်အရှိဆုံး လူနဲ့ မတည်ငြိမ်ဆုံးလူကို ဖယ်ရှားဖို့ မင်းတို့ ဒီအခွင့်အရေးကို သုံးလို့ရတယ် ၊ မင်းတို့ကို မင်းတို့မေးကြည့်ပါ ၊ ဒီမှာရှိတဲ့လူတွေထဲမှာ ငါတို့က အန္တရာယ်အရှိဆုံးလား ၊ ငါတို့ဟာ အမြဲတမ်း ငါတို့ကိုယ် ငါတို့ စတေးခဲ့ရတယ် ၊ မင်းတို့ အစောပိုင်း စကားများနေတုန်းက ငါတို့ဘာမှ မပြောခဲ့ဘူး ၊ မင်းတို့ထဲက တချို့နဲ့ယှဉ်ရင် ငါ့အိပ်ခန်းထဲက လူတွေက စံပြကျောင်းသားတွေပဲ ! "
မာထုံသည် သူ့နှလုံးသားဖြင့်စကားပြောလိုက်ခြင်းဖြစ်သည်။သူ့တွင် ရွေးချယ်စရာမရှိပေ။ဤအတန်းရှိလူတိုင်းသည် ရူးနေကြခြင်းဖြစ်သည်။
"မင်းတို့နှလုံးသားထဲမှာ တစ်ယောက်ယောက်ကို မမုန်းဘူးလား ၊ ဒါဆို သူ့ကို မဲပေးလိုက်လေ ! လူတစ်ယောက်ကို ဖယ်ရှားဖို့ ဒါထက်ဘယ်အခွင့်အရေးက ပိုကောင်းမှာလဲ "
မာထုံသည် အတန်းကို ယိမ်းယိုင်စေရန် ဆက်လက်ကြိုးစားသော်လည်း အားလုံးက သူနှင့် သူ့သူငယ်ချင်းများကို သနားကြည့်ဖြင့် ကြည့်ရှုနေကြလေသည်။
"ငါတို့ တစ်ခုပြောခွင့်ပြု "
ကျိကျဲက ရုတ်တရက်ထပြောလိုက်သည်။သူသည် စားပွဲစွန်းကို အသာကိုင်လိုက်ပြီး သူ့ဘရန်းဒတ်နာရီကို မသိမသာထုတ်ပြလိုက်သည်။
"ငါတို့အတန်းထဲမှာ သရဲရှိတယ်ဆိုတာ ငြင်းလို့မရပါဘူး ၊ ငါတို့က သူတို့ကို မောင်းထုတ်ပစ်ရမယ် ဒါပေမယ့် ဒီရက်စက်တဲ့ နည်းလမ်းနဲ့ မဟုတ်ဘူးလေ ၊ လူသားနဲ့သရဲတွေကြားက ကွာခြားချက်က လူသားဆန်မှုပဲ ၊ ငါတို့ သရဲတွေလို ပြုမူပြီး တစ်ပါးသူရဲ့ အသက်ရှင်နေထိုင်ခွင့်ကို သာမန်လျှံကာ ဖယ်ထုတ်လိုက်ရင် ငါတို့က သရဲတွေနဲ့ ဘာကွာခြားတော့မလဲ "
သူတို့သည် သူ့ယုံကြည်ချက်ကြောင့်ဆွဲဆောင်ခံလိုက်ရပုံရပြီး ကျောင်းသားတချို့က ကျိကျဲနှင့်သဘောတူလိုက်ကြသည်။ကျိကျဲသည် မတ်တပ်ထရပ်လိုက်ပြီး မဲစာရွက်အား အလုံးတစ်လုံးအဖြစ်လိပ်ခြေလိုက်သည်။
"မဲပေးတာရဲ့ရည်ရွယ်ချက်က မျှော်လင့်ချက်ကိုယူဆောင်လာဖို့ပဲဖြစ်တယ် စိတ်ပျက်အားငယ်စရာကို ဖန်တီးဖို့ မဟုတ်ဘူး "
စက္ကူလုံးသည် ကြမ်းပြင်ပေါ်ပြုတ်ကျသွား၏။ကျိကျဲသည် ဆရာမ၏အာဏာကို အတိအလင်းစိန်ခေါ်လိုက်ခြင်းဖြစ်သည်။
ကျိုးကျွင်းသည် သူ့ခဲတံအား နှစ်ပိုင်းဖြစ်အောင်ချိုးပစ်လိုက်သည်။ယင်းသည် ဒုတိယနေ့သာရှိသေးသော်လည်း သူ့အတန်းဖော်များက ဆရာမနှင့်တိုက်ခိုက်ရန် အဆင့်သင့်ဖြစ်နေကြပြီးဖြစ်သည်။သူ့ကို ဘယ်သူက ယုံကြည်ချက်ပေးလိုက်တာလဲ ။
ကျိကျဲက သူ့လက်များကို အိပ်ကပ်ထဲ ထိုးထည့်ထားလိုက်သည်။လေထုသည် အန္တရာယ်ဇုန်အဖြစ်ပြောင်းလဲသွား၏။ဝမ်ကျားက သူ့အိတ်ကပ်ထဲလက်နိူက်လိုက်ပြီး အထူးဓားမြှောင်တစ်ချောင်းကို သူ့အင်္ကျီလက်ထဲ ဝှက်လိုက်သည်။လျိုယီက ကျောင်းသားကောင်စီတံဆိပ်ကို ထိတွေ့လိုက်သည်။ကျိုးဘိုသည် သူ့သွေးစွန်းအိတ်ထဲက တစ်ခုခုကို ရှာဖွေနေ၏။ကောင်းမင်၏မျက်လုံးများသည် အနည်းငယ်သောမျှော်လင့်ချက်များဖြင့် လင်းလက်နေလေသည်။