ဒေါက်တာလု
Vol. 11 Ch. 162
သူ့ယူနီဖောင်းပေါ်တွင် ကျန်နေသေးသော လက်ဝါးရာများနှင့်အတူ ကျိကျဲသည် နိူးထလာပြီးနောက် သူ့နေရာသည် အတန်းသားများရှေ့တွင် ရောက်နေကြောင်း လျင်မြန်စွာ ရှာတွေ့လိုက်သည်။ထိုအချင်းအရာကိုမြင်သော ဒေါက်တာလုက ကျိကျဲအားအကြိမ်အနည်းငယ် လှည့်ကြည့်လိုက်သော်လည်း ဘာမှ မပြောခဲ့ပေ။
"ခင်ဗျားတို့ကို နှောက်ယှက်လိုက်ရလို့ ကျွန်တော် တောင်းပန်ပါတယ် ၊ ကျွန်တော်လည်း အခန်းနှစ်ခုကြားက နံရံကြီးပြိုကျသွားမယ်လို့ မထင်ခဲ့ဘူး "
အခြားလူများက မည်သည့်စကားမှ ပြောရန်ပင် မလိုအပ်ပေ။ကျိကျဲက အပြစ်ရှိစိတ်ဖြင့် ဝန်ခံလိုက်ပြီးသားဖြစ်သည်။
"ပြတင်းပေါက် ၊ မှန်နဲ့ တံခါးကိုဖျက်ဆီးခဲ့တာ မင်းလား "
ဒေါက်တာလုသည် သူတစ်ခုခုလွတ်သွားသည်ဟု တွေးမိလိုက်သည်။သူက ကျိကျဲကို တခဏမျှစိုက်ကြည့်လိုက်သော်လည်း မည်သည့်အရာမှရှာမတွေ့ပေ။
"မင်း ဒါကိုဘယ်လိုလုပ်လိုက်တာလဲ "
"ကျွန်တော့်သူငယ်ချင်းတွေကို သွားခွင့်ပေးလိုက်ပါ ဒါဆိုရင် ခင်ဗျားကိုပြောပြမယ် "
ကျိကျဲသည် အတန်းသားအားလုံးကို သူနှင့်ဝေးဝေးနေရန် အချက်ပြလိုက်သည်။သူသည် သူ့နောက်ရှိသရဲနှင့်ဆက်သွယ်ရန် ပြင်ဆင်နေပုံရသည်။
ဒေါက်တာလုသည် ကောင်းမင်ကြောင့် သတ်ခံခဲ့ရပြီးပြီဖြစ်သည်။ဒေါက်တာလု၏ခန္ဓာခွံတွင်း ပုန်းအောင်းနေသောအရာမှာ စီတုအန်း၏အသိစိတ်ဖြစ်ပေလိမ့်မည်။ထိုစဥ်းလဲသောနတ်ဆိုးသည် လူအမျိုးမျိုးကို မြင်ဖူးပေသည်။သူသည် ကျိကျဲ၏အတွင်းသဏ္ဍာန် ၊ စိတ်ကြီးဝင်မှု နှင့် သိပ်မပါးနပ်သောသတ္တိကြောင်သူတစ်ယောက်ဖြစ်ကြောင်း အလွယ်တကူမြင်နိုင်ခဲ့သည်။
ဒါဆို ...သူလိုလူတစ်ယောက်က ဘာလို့အရမ်း သတ္တိရှိလာရတာလဲ။
ဒေါက်တာလုသည် အခန်း၁၃၏ အခြားကျောင်းသားများကို စေ့စေ့ကြည့်လိုက်သည်။လူတိုင်းတွင် ကိုယ်ပိုင်ရည်ရွယ်ချက်များရှိပြီး သူတို့သဘောထားများက ကျိကျဲနှင့်အလွန်ကွာခြားသည်။သို့သော်လည်း သူတို့အားလုံးသည် ကျိကျဲစကားကို နားထောင်၍ နောက်တစ်လှမ်းဆုတ်လိုက်ကြခြင်းဖြစ်သည်။ယင်းက သူတို့သည် ကျိကျဲအားအပြည့်အဝယုံကြည်ကြောင်း ဖော်ပြနေလေသည် ။
ဒေါက်တာလု၏အကြည့်များက နောက်ဆုံးတွင် ကျိုးကျွင်းထံရောက်သွားသည်။ ကျိုးကျွင်းသည် သူ့မဟာမိတ်ဖြစ်ကြောင်း သူသိသော်လည်း ထိုအချိန်တွင်ပင် ကျိုးကျွင်းမျက်လုံးများထဲ အကြောက်တရားများရှိနေပြီး နောက်ဆုတ်သွားခဲ့သည်။
ယင်းသည် အခြားလူများအတွက်အဆင်ပြေသော်လည်း ကွင်းစ်စုံစမ်စစ်ဆေးရေးဌာန၏ ခေါင်းဆောင်ဖြစ်သူ ကျိုးကျွင်းသည်ပင် ကျိကျဲထံမှကြောက်ရွံ့နေရာ တစ်ခုခုတော့ မှားနေခြင်းဖြစ်သည်။
ဒေါက်တာလုသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အခြားဆရာဝန်နှစ်ယောက်ရှေ့တွင် ရပ်လိုက်သည်။ သူက ကျိကျဲကို လက်ညိုးထိုးလိုက်သည်။
"အတန်းချိန်အတွင်း စက်ပစ္စည်းတွေကို ဖျက်ဆီးတာက ကျောင်းသားတွေအတွက် ပုံမှန်ပါပဲ ၊ တခြားသူတွေ ထွက်သွားနိုင်ပေမယ့် မင်းတော့ နေခဲ့ဖို့လိုတယ် "
"မရဘူး "
ဝမ်ကျားက ပထမဦးဆုံး ငြင်းဆန်လိုက်သည်။
အခြားသူများ၏ တွေဝေနေခြင်းကို အာရုံခံမိသောကြောင့် ဝမ်ကျားအော်ဟစ်လိုက်သည်။
"ဝံပုလွေက သိုးထီးကို သူ့ဦးချိုတွေကို စိတ်လိုလက်ရ ဖယ်ရှားပြီးတာနဲ့ သူ့ကို တိုက်ခိုက်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ် ၊ ဒါပေမဲ့ သိုးထီးက အဲဒါကို လုပ်လိုက်တာတာနဲ့ အသေဆိုးနဲ့ သေသွားရလိမ့်မယ်!"
သူ့စကားများက အခြားလူများကို နိုးထစေခဲ့သည်။တုပိုင်က ထပ်ပြောလိုက်သည်။
"ကျိကျဲဟာ တစ်ဦးတည်းသောရွေးချယ်ခံပဲ ၊ ငါတို့သာ အရွေးချယ်ခံချင်ရင် ငါတို့ကို လမ်းပြပေးဖို့ သူ့ကိုလိုအပ်တယ် "
ဒေါက်တာလုသည် အခန်း၁၃ ကို တိတ်တဆိတ် ကြည့်နေမိသည် ။ သူတို့ ဘာအကြောင်းတွေပြောနေလဲ သူမသိပေ။ ရွေးချယ်ခံတစ်ယောက်လား? ချိုကျိုးတာလား?။
စည်းမျဥ်းတွေကို ထိန်းချုပ်သည့် ဖြစ်တည်မှုတစ်ခုအနေဖြင့် ဒေါက်တာလုသည် ငြင်းခုံနေသောကလေးတစ်အုပ်ကို သက်သေလိုက်ပေးနေရသလို ခံစားနေရသည်။ တိုတောင်းသော နှစ်မိနစ်အတွင်း သူ၏ စိတ်ရှည်မှု ကုန်ဆုံးသွားတော့သည်။ သူသည် ဦးခေါင်းကိုင်ထားသော ဆရာဝန်မကို လက်ယမ်းပြလိုက်သည်။
သာမန်လူတစ်ယောက်နဲ့ စုံစမ်းရေးမှူးတစ်ယောက်ကြားရှိ အကွာအဝေးသည် ကြီးမား၏။သရဲများနှင့်စုံစမ်းရေးမှူးများကြား အကွာအဝေးကား သာ၍ပင်ကြီးမားသေးသည်။သူသည် ကျောင်းစည်းမျဉ်းများကို ကိုင်တွယ်ရန် ကျိုးကျွင်းအား အခန်း၁၃ကို ဦးဆောင်စေခဲ့သည်။
အတိတ်တွင် သူသည် ကျောင်းစည်းကမ်းများ ရှိနေသောကြောင့် ဝင်မရှုပ်ရဲခဲ့ပေ။ သို့သော် ယမန်နေ့ညက ကျောင်းစည်းကမ်းများတွင် တစ်ခုခုဖြစ်ပွားခဲ့သည်။ယင်းသည် သူ့အခွင့်အရေးဖြစ်ကြောင်း ဒေါက်တာလုခံစားမိသည်။သူက ကျောင်းသားတိုင်းကို ရုပ်ပိုင်းဆိုင်ရာနှိပ်စက်၍ ထိန်းချုပ်ချင်နေခဲ့သည်။
"ဘယ်လောက်တောင် ချစ်စရာကောင်းတဲ့ကောင်လေးလဲ ၊ သူက အရမ်းတုံးအလွန်းလို့ ချစ်ဖို့တောင် ကောင်းတယ် ၊ ငါသူ့ကို ငါ့ကပ်ပါးပိုးအဖြစ် ယူလိုက်ရင် ငါ့ဦးနှောက်တွေ တုံးအသွားမှာကိုတောင်စိုးရိမ်ရတယ်ကွယ် "
ဆရာဝန်မပွေ့ပိုက်ထားသည့် ဦးခေါင်းက ပြောဆိုလိုက်သည်။ယင်းသည် လူအုပ်အနီး ချဉ်းကပ်မသွားပေ။ယင်းသည် ကျိကျဲကိုသာ စိုက်ကြည့်နေလေသည်။ကျိကျဲ၏ မျက်နှာသည် ၎င်း၏မျက်ဆံများ အတွင်း၌ အပြည့်အဝ ရောင်ပြန်ဟပ်လာသောအခါ ဦးခေါင်းသည် ပန်းပွင့်တစ်ပွင်ကဲ့သို့ စတင်ညှိုးခြောက်လာသည်။ အမျိုးသမီးဆရာဝန်သည် သူမ၏ စွမ်းအင်များ ကုန်ဆုံးသွားသကဲ့သို့
ကြမ်းပြင်ပေါ် လဲကျသွားသည်။တစ်ချိန်တည်းတွင် ကျိကျဲသည် မသက်မသာခံစားလိုက်ရသည်။ပထမဆုံး ယားယံလာပြီး နာကျင်မှုဝေဒနာထွက်ပေါ်လာ၏။ သူ့အရေပြားထဲမှ တစ်ခုခု ခွဲထွက်လာသလို ခံစားနေရသည်။ သူသည် သူ့ခန္ဓာကိုယ်အား ကုတ်ခြစ်ရန် လှုံ့ဆော်မှုကို ခုခံနေခဲ့သည်။ကျိကျဲသည် သူ့ဘရန်းဒတ်အင်္ကျီကို ချွတ်ပစ်လိုက်ပြီး သူ့ရင်ဘတ်ကို ကြည့်ရှုလိုက်သည်။သူ၏နှလုံးခုန်သံတစ်ခုစီနှင့်အတူ သူ၏ရင်ဘတ်ပေါ်ရှိ အရေပြားသည် လူသားမျက်နှာအသွင်သဏ္ဍာန်ကို ထုတ်ဖော်ပြသရန် ရှေ့သို့ ဖောင်းထွက်လာတော့သည်။
သူ့နောက်တွင် ဖော်မပြနိုင်သော အကြောက်တရားများ ရှိနေပြီး သူ့ရင်ဘတ်ပတွင် ခေါင်းဖော်နေသည့် လူတစ်ယောက်ရှိနေလေသည်။ ကျိကျဲသည် ယင်းကဲ့သို့ နှစ်ဖွဲ့ဖြစ်လာမည်ဟု မမျှော်လင့်ထားပေ။သူသည် မြေပြင်ပေါ်တွင် ဒူးထောက်ကျသွားသည်။ကျိကျဲ၏ ခန္ဓာကိုယ် နာကျင်မှုကြောင့် တုန်ယင်နေသော်သော်လည်း သူ့ဘရန်းဒတ်အဝတ်အစားများကို ကြမ်းပြင်နှင့် မထိစေခဲ့ပေ။ တံဆိပ်နာမည်များသာ လေထဲတွင် လှုပ်ယမ်းသွားသည်။
"မပူနဲ့ ငါအဆင်ပြေတယ် ..."
ထိုအခိုက်အတန့်တွင်ပင် ကျိကျဲသည် အခြားသူများနှင့် သူ့ကိုယ်သူ စိတ်သက်သာရအောင်ကြိုးစားနေသေးသည်။
"ဒါက နာကျင်မှုအကုန်လုံးမဟုတ်သေးပါဘူးကွာ "
လူအုပ်ထဲတွင် ကောင်းမင်သည် ကျိကျဲထံသို့ ဖြည်းညင်းစွာရွေ့လျားလိုက်သည်။သူကား ခေါင်းကို တွင်တွင်ငုံ့ထား၏။သူ့မျက်လုံးများက သွေးများဖြင့် ပြည့်လျှံနေလေသည်။သူ့နှလုံးထဲရှိ သေဆုံးမှတ်ဉာဏ်များက ဆူပွက်နေကြသည်။သူသည် စီတုအန်းကို လွန်စွာသတ်ဖြတ်ချင်သော်လည်း စီတုအန်း၏ပင်မခန္ဓာကိုယ်အား ရှာမတွေ့သေးချေ။သူတစ်ခုခုလုပ်လိုက်ပါက စီတုအန်းအား သတိပေးရုံသာ ဖြစ်သွားပေလိမ့်မည်။
"ငါ စိတ်အေးအေးထားဖို့ လိုတယ် "
ကောင်းမင်သည် မျက်လုံးများကို မှိတ်ထားပြီး အသတ်အဖြတ်ဆန္ဒကို အစွမ်းကုန် ကြိုးစားဖိနှိပ် နေ၏။ စီတူအန်းက သူ့ကို တွေ့သွား၍ မဖြစ်ပေ။
"အရင်က မင်းဒီလိုမျိုး အရမ်းစိတ်လှုပ်ရှားနေတာကို မမြင်ဖူးခဲ့ဘူး "
ကောင်းမင်စိတ်ထဲတွင် ရှရန်အသံက ရုတ်တရက်ထွက်ပေါ်လာသည်။
"ပုံမှန်ဆို မင်းက အရမ်းတည်ငြိမ်တယ် ဒါပေမယ့် မင်းသူကို တစ်ခါတွေ့လိုက်ရုံနဲ့ အလိုဆန္ဒတွေက မင်းကို ဝါးမြိုလုနီးပါးဖြစ်သွားရတယ် ၊ မင်းကို သူက အကြိမ်များစွာ သတ်ပစ်ခဲ့ပုံရတယ် ဟုတ်တယ်မလား ၊ ဒါကြောင့်မင်းဒီလို သက်ရောက်ခံနေရတာလား "
ကောင်းမင် ပြန်မဖြေပေ။သေခြင်းမှတ်ဉာဏ်များသည် သူ့အာရုံကြောများကို လောင်ကျွမ်းနေလေသည်။
"ငါ့နဲ့ယှဉ်ရင် မင်းက သူ့ကိုသတ်ဖို့ ရက်စက်တဲ့နည်းလမ်းတွေတောင် သုံးချင်နေတာ ၊ ငါသိချင်မိတယ် ၊ မင်း သူ့ကို ဒီလောက်အသဲအသန်သတ်ချင်ရအောင် သူဘာလုပ်ခဲ့တာလဲ၊ ငါက သူ့ထက် ပိုအန္တရာယ်မများဘူးလား "
ရှရန်၏အသံက ပဲ့တင်ထပ်သွားပြီး သေခြင်းမှတ်ဉာဏ်များကို တိုက်မိသွားသည်။ကောင်းမင်သည် သူ့သတိကို မလွှတ်ပေးဝံ့ပေ။ သူသည် အရာအားလုံးကို သူ့နှလုံးသား အခန်းထဲသို့ ဆွဲသွင်းချင်နေခြင်းဖြစ်သည်။
"ငါ သူ့အတွက် ပန်းချီဆွဲချင်တယ်၊ ငါ့အလောင်းကို သုံးပြီး သူ့တို့အကုန်လုံးကို ဆွဲပေးလိုက် ! "
ကောင်းမင်၏လက်သည်းများသည် သူ့အသားထဲစိုက်ဝင်နေကြသည်။သူက ရှရန်၏ပုံတူကို ဆုပ်ကိုင်လိုက်သည်။သူသည် ကျိကျဲအနီးတဝိုက်တွင် သရဲကို ဆင့်ခေါ်ရန် ကြိုးစားလိုက်သည်။ သူသာ နောက်ထပ် နှောင့်နှေးနေပါက ကျိကျဲအား ထိုကပ်ပါးကောင်က သိမ်းပိုက်သွားပေလိမ့်မည်။
ကျန်းမာရေးစာသင်ခန်အပြင်ဘက်မှ ခြေသံများထွက်ပေါ်လာ၏။တံခါးပွင့်သွားခဲ့သည်။ခေါင်းထိပ်တွင် ဦးထုပ်တင်ထားသော လုံခြုံရေးအစောင့်ထွက်ပေါ်လာ၏။သူက အသက်ရှုကြပ်နေသည့်လေသံဖြင့်ပြီး အတန်းထဲ အော်ဟစ်လိုက်သည်။
"ဒီမှာ ဘာဖြစ်နေတာလဲ ! "
ပြိုကျနေသော နံရံသည် ကျယ်လောင်သော အသံကို ဖန်တီးလိုက်သည်။ ညလုံခြုံရေးသမားဟူပြောင်သည် အခန်းထဲ ဝင်လာခဲ့သည်။ သူ၏ မဲနက်နေသောမျက်ကွင်းများဖြင့် အလွန်ပင်ပန်းနေပုံရသည်။သူသည် သူ့နံပါတ်တုတ်ကို ဝှေ့ယမ်းပြီး ဒေါက်တာလုကိုတွေ့သောအခါ တစ်ခုခုပြောမည်ပြုသည်။သူသည် လည်ပင်းကို ပါးပါးနပ်နပ် ကျုံ့လိုက်ပြီး ပြန်ဆုတ်သွားသော်လည်း သူ့နောက်က ကျောင်းသား ကောင်စီဝင်များက သူ့ကို ရှေ့သို့တွန်းထုတ်လိုက်သည်။သူတို့အားလုံးသည် ကျန်းမာရေး စာသင်ခန်းထဲ ဝင်သွားကြလေသည်။
"နောက်အတန်းချိန် စနေပြီလေ ၊ မင်းတို့ ဘာလို့ အဲ့ဒီအတန်းကို ပြေးနေတာလဲ "
အဖွဲ့ခေါင်းဆောင်သည် ကျိကျဲကို မနေ့ကမြင်ခဲ့ရသည်။သူက စိုစွတ်နေသောအနီရောင်ယူနီဖောင်းကို ဝတ်ဆင်ထားသည်။ရေကြီးမှုမှ ရွှံ့များနှင့်သစ်ရွက်ခြောက်များသည် သူ့ဘောင်းဘီမှာ ကပ်ညှိနေလေသည်။
ကျောင်းသားကောင်စီသည် အားကစားအဆောက်အအုံတွင် ရေလွှမ်းမိုးမှုကို ကိုင်တွယ်ဖြေရှင်းနေရသည်။ သို့သော် သူတို့သည် ထိုနေရာရှိ မူမမှန်မှုကို သတိပြုမိသောအခါ ရုံးခန်းအဆောက်အဦးသို့ အမြန်ရောက်လာကြခြင်းဖြစ်သည်။