ကြောက်စရာအကောင်းဆုံးအခက်အခဲ
Vol. 11 Ch. 164
ကောင်းမင်သည် အကြောက်ရောဂါဖြင့် အလွန်ရင်းနှီးလေသည်။အကြောက်ရောဂါသည် နောက်ဆုံးအဆင့်ရောက်နေပြီဖြစ်ပြီး စုဆောင်းထားသောအကြောက်တရားများကို ထုတ်လွှင့်တော့မည်ဖြစ်သည်ကို သူသိသည်။သို့သော်လည်း ကျိကျဲ၏ ထုတ်ဖော်ပြသထားသော အကြောက်တရားသည် သားစားကြူးနတ်ဖြစ်နေလိမ့်မည်ဟု သူမျှော်လင့်မထားချေ။ကောင်းမင်၏သားစားကြူးနတ်ဖြင့်ကွာခြားစွာ ကျိကျဲသည် ထိုအရာကို ပြောင်းလဲစေရန် ပေါင်းထည့်ခဲ့ခြင်းဖြစ်သည်။ဧရာမအသားသစ်ပင်ကြီးသည် ကောင်းမင်ကိုပင် ဆွံ့အသွားစေခဲ့သည်။
"ဒါက သားစားကြူးနတ်ရဲ့ အဆုံးစွန်ထိပြောင်းလဲတိုးတက်မှုလား ၊ သစ်ပင်တစ်ပင်တဲ့လား”
ကောင်းမင်က သေချာ မပြောနိုင်သော်လည်း နှိပ်စက်ခန်းရှိ ချိန်းကြိုးများတချွင်ချွင်မြည်နေသည်ကိုအာရုံခံနိုင်၏။ သားစားကြူးနတ်အစစ်သည် အမှန်တကယ်ပင် စိတ်လှုပ်ရှားနေခြင်းဖြစ်သည်။
"ပြေးလေ ! မင်းဘာလို့ အဲ့မှာရပ်နေတာလဲ "
စီဆန်းကား လူကောင်းတစ်ယောက်ဖြစ်သည်။သူက ထွက်ပြေးသွားခဲ့ပြီးဖြစ်သော်လည်း ပြန်လှည့်လာပြီး ကောင်းမင်ကို တွန်းထုတ်လိုက်သည်။
"မြန်မြန် ! "
ကောင်းမင် လဲကျသွားသည်။သူက ကုလားထိုင်တစ်လုံးအနားလဲကျသွားပြီး မော့ကြည့်လိုက်သည်။
ဧရာမအသားသစ်ကိုင်းကြီး ရှစ်ကိုင်းသည် ခန်းမခေါင်မိုးတစ်လျှောက် ပျံ့နှံ့သွားသည်။သေးငယ်သော သွေးကြောမျှင်များ လျင်မြန်စွာကြီးထွားလာကြသည်။အကိုင်းအခက်များသည် သစ်ပင်သရဖူတစ်ခုအဖြစ် ပေါက်ကွဲသွားသည်။သစ်ရွက်တစ်ရွက်စီတိုင်းသည် ကျောင်းသားများ၏ အကြောက်တရားမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
သစ်ခေါက်ပေါ်ရှိ မျက်နှာများသည် ရွေ့လျားနေကြသည်။ရှရန်၏ ပန်းချီကားများသည်လည်း အသက်ဝင်လာလေသည်။သူ့ပန်းချီကားများရှိ လူသားမျက်နှာများတွင် ပါးစပ်ပေါက်လေးခုရှိလာ၏။၎င်းတို့သည် ခန်းမထဲမှ တခြားကျောင်းသားများနောက်ကို ပြေးလိုက်နေကြရင်း မနှစ်မြို့ဖွယ်ရယ်မောနေကြသည်။ အော်ဟစ်သံများသည် နားစည်များကို ထိုးဖောက်သွားသလိုပင်။ယင်းသည် ဖြစ်ရပ်ဆိုးတစ်ခုဖြစ်သည်။ခန်းမသည် ငရဲခန်းတစ်ခုနှင့်တူနေတော့သည်။
အကြောက်ရောဂါကို ကျော်လွှားရန်မှာ အလွန်ရိုးရှင်းသည်။တစ်စုံတစ်ယောက်က မကြောက်ရွံ့တော့တာနဲ့ ထိုအရာသည် တစ်ဦးတစ်ယောက်ကိုပင် ထိခိုက်စေတော့မည်မဟုတ်ချေ။ပြဿနာသော့ချက်ဖြစ်သော ကောင်းမင်သည်ပင် ထိုအခြေအနေ၏ သက်ရောက်မှုခံနေရသည်။အကြောက်တရားသည် လူများစွာကို အလုံအလောက်ကူးစက်သွားလျှင် ကျိုးကြောင်းဆင်ခြင်မှုကား စွန့်ပစ်ခံလိုက်ရမည်ဖြစ်သည်။ကျောင်းသားများသည် တစ်ယောက်ပေါ်တစ်ယောက်နင်းဖြတ်၍ လွတ်မြောက်ရန်ကြိုးစားနေကြသည်။
မကောင်းဆိုးဝါးက မည်သို့ထွက်ပေါ်လာသည်ကို အဖြေရှာရန် ဘယ်သူမှ အချိန်မရှိပေ။သူတို့က ထွက်ပြေးချင်ရုံသာဖြစ်သည်။သူတို့ပြေးဖို့ ကြိုးစားလေ သူတို့ပိုကြောက်လေပင် ။သူတို့ပိုကြောက်လေ မကောင်းဆိုးဝါးက အစစ်အမှန်ဖြစ်လာလေဖြစ်သည်။
ခန်းမသည် ကျောင်းသား ၃၀၀ ခန့်သာ လက်ခံနိုင်သော်လည်း ကျောင်းသားများ၏ အရေအတွက်ကိုမူ ထည့်သွင်းတင်ပြခြင်း မရှိပေ။ကော်ရစ်ဒါများတွင် လူအပြည့်ဖြစ်နေ၏။အကြမ်းဖျင်းတွက်ကြည့်လျှင် ခန်းမ၌ ကျောင်းသား ၄၀၀ခန့်ရှိပေသည်။သူတို့အားလုံးသည် စိတ်ဖိအားများလွန်းသဖြင့် ကျောင်းအုပ်ယန်၏အတန်းကို တက်ချင်သောကြောင့် ထိုနေရာတွင် ရှိနေကြခြင်းဖြစ်သည်။သူတို့သည် ချိန်ကိုက်ဗုံးများ ဖြစ်ပြီး နောက်ဆုံးတွင် ပေါက်ကွဲသွားကြလေသည်။
"ကောင်းမင် ပြေးတော့ ! "
အိပ်ခန်း ၁၃၁၄မှ ညီအစ်ကိုများက သူ့ကို မေ့မထားခဲ့ချေ။ကောင်းမင်သည် ကြောက်ရွံ့နေသဖြင့် ရူးကြောင်ကြောင်ဖြစ်နေသည်ဟု သူတို့တွေးလိုက်ကြသည်။သူတို့သည် ကောင်းမင်အားဆွဲခေါ်၍ ထမ်းထုတ်သွားကြ၏။
"မင်း ဒီမှာ လဲမကျသွားနဲ့နော် ! မင်းက ငါတို့အခန်းရဲ့ ကျောရိုးပဲ ! "
ဝမ်ကျားသည်ပင် စိုးရိမ်နေ၏။သူက စီဆန်းနှင့်တုပိုင်အား လမ်းရှင်းရန် အမိန့်ပေးလိုက်သည်။သူတို့သည် ထွက်ပေါက်ရှိရာသို့ နံရံတစ်လျှောက်ရွေ့လျားနေကြသည်။
ကျိကျဲ ဘာလုပ်နေသည်ကို တစ်ဦးတစ်ယောက်မှ မသိပေ။သို့သော်လည်း သူကား သူ့ကျိုးကြောင်းဆင်ခြင်မှုကို အပြည့်အဝဆုံးရှုံးသွားပုံ မရချေ။သူသည် သူ့အတန်းဖော်များကို လွတ်မြောက်ရန် အခွင့်အရေးပေးလိုက်သော်လည်း အခြားကျောင်းများက ကံမကောင်းခဲ့ကြပေ။
အခန်း ၁၃သည် အနောက်တံခါးမှ လွတ်မြောက်လာကြပြီးနောက် သစ်ပင်၏အမြစ်များက တံခါးများကို ပိတ်ဆို့ပစ်လိုက်သည်။ကျန်ခဲ့သော ကျောင်းသားများသည် အသားသစ်ပင်ကြီးအတွက် အဟာရများ ဖြစ်လာကြတော့သည်။အကြောက်ရောဂါသည် သူတို့ကို သတ်ဖြတ်လိမ့်မည်မဟုတ်ချေ။ယင်းအစား ၎င်းတို့ကို ဧရာမသစ်ပင်ကြီးအဖြစ် အသွင်ပြောင်းသွားမည်ဖြစ်သည်။ထို့အစား သူတို့သည် စဉ်ဆက်မပြတ် အာဟာရများ ပေးစွမ်းနိုင်သော သစ်ပင်၏ အစိတ်အပိုင်းတစ်ခုဖြစ်လာလိမ့်မည်ဖြစ်သည်။
"မင်းတို့မယုံကြည်ရင် ဒါကတကယ်...."
သာမန်ကျောင်းသားများသည် အကွာအဝေးတစ်ခုမှ ကြည့်ရှုနေကြပြီး ခန်းမအတွင်းဘာဖြစ်နေမှန်း မသိကြပေ။သူတို့သည် ကြောက်မက်ဖွယ်အရာတစ်ခု ဖြစ်ပွားနေသကဲ့သို့ ခြောက်ရားဖွယ်ရာအော်ဟစ်သံများကိုသာကြားရလေသည်။အသက်ရှင်ကျန်ရစ်သူများသည် ခန်းမတွင်းရှိ အခြေအနေကို ပြောပြသောအခါတွင် သာမန်ကျောင်းသားများ၏ နှလုံးသားအတွင်း၌ အကြောက်တရားမျိုးစေ့ကို စိုက်ပျိုးမိလိုက်သည်။ သူတို့သည် အကြောင်းအရာများကို စတင်စိတ်ကူးယဉ်ကြတော့သည်။
သန်မာသည့်သူများသာ အကြောက်တရား၏ သက်ရောက်မှုကိုကျော်လွှားနိုင်ပေလိမ့်မည်။ ကံမကောင်းစွာပင် လူ ၉၀ ရာခိုင်နှုန်းသည် အကြောက်တရားကို မကျော်လွှားနိုင်ခဲ့ချေ။ နောက်ဆုံးတွင် နောက်ဆုံး ၁၀ ရာခိုင်နှုန်းကိုသာ အများစုမှ ဆွဲထုတ်သွားလိမ့်မည်ဖြစ်သည်။
"ရူးနေပြီ ၊ ဒီကျောင်းကြီး ရူးသွားပြီ "
ကောင်းမင်သည် ကျောင်းသားကောင်စီကို နှောင့်ယှက်ရန် နှင့်အိပ်ဆောင်ခြောက် မှ လွတ်မြောက်ရန် အကြောက်တရားအရုပ်ကို ပစ်ချထားခဲ့သည်။ သူသည် မကောင်းဆိုးဝါးတစ်ကောင် ထွက်ပေါ်လာမည်ဟု မထင်မိခဲ့ပေ။
ကျောင်းသားကောင်စီသည် အားကစားအဆောက်အဦးမှ ခန်းမဆီသို့ အလျင်အမြန်ပြေးလွှားနေကြသည်။ဌာနမှ ဆရာဆရာမများသည်လည်း အော်ဟစ်သံများကြောင့် ခန်းမဆီ လှုပ်ရှားလိုက်ကြသည်။
ကောင်းမင်သည် ကျောင်းရှိ ထင်ရှားသော အဆောက်အဦများအားလုံးကို အမြန်မှတ်သားခဲ့သည်။အိပ်ဆောင်များသည် ကျောင်းသားကောင်စီ၏နယ်မြေ ၊ ရုံးခန်းအဆောက်အဦးအား စီတုအန်းက သိမ်းပိုက်ထားခြင်း ။သင်္ချာအဆောက် အအုံနှင့် ဓာတ်ခွဲခန်းများ သည် အငြင်းအခုံဖြစ်ရာ နေရာများဖြစ်သည်။ နောက်ဆုံးတွင် အားကစားအဆောက်အဦးနှင့် ခန်းမသည် ကောင်းမင်ဘက်တွင်ရှိလာခဲ့လေသည်။
နှစ်ရက်ပဲရှိသေးတယ် ၊ ကျောင်းတစ်ဝက်က ငါ့ဟာဖြစ်သွားပြီလား !။
အခန်း၁၃အား မည်သူမှ ဂရုမစိုက်ကြတော့ပေ။ကျိကျဲသည် ကျောင်းသားဓားစာခံ ရာနဲ့ချီ၍ သိမ်းပိုက်ထားလေသည်။ကျောင်းစည်းမျဉ်းသည် သူ့အားအကြောက်ရောဂါ၏အရင်းအမြစ်အဖြစ် ဆက်ဆံနေ၏။သူထပ်မံ မဖုံးကွယ်နိုင်တော့ချေ။ကျိကျဲသည် အလင်းတန်းအောက်တွင် ရပ်နေပြီး ကြောက်စရာအကောင်းဆုံးရန်သူဖြစ်လာလေသည်။ သူနဲ့ ယှဉ်ပါက တခြားကျောင်းသားများသည် အလွန်ပင်သာမန်ဆန်နေ၏။
"ဘွဲ့ရပြီးတာ နှစ်အနည်းငယ်ပဲ ရှိသေးပေမယ့် လူတိုင်းရဲ့ အဆင့်အတန်းက အရမ်းကွာခြားသွားပြီ "
စီဆန်းသည် ကျောင်းသားကောင်စီအား ခန်းမထဲရှိအခြေအနေကိုသတိပေးချင်သော်လည်း ကျောင်းသားကောင်စီသည် ဧရာမသစ်ပင်ကြီးကိုသာဂရုစိုက်နေပြီး သူ့ကိုတွန်းထုတ်လိုက်ကြသည်။
"ငါတို့ နောက်ထပ် ဘယ်အတန်းတွေ တက်ရဦးမှာလဲ "
တုပိုက်က သူ့လက်ချောင်းများဖြင့် ရေတွက်လိုက်သည်။
"အတန်းချိန်တိုင်းက တစ်ခုပြီးတစ်ခု ပိုပြီးစိတ်လှုပ်ရှားစရာကောင်းလာတယ် ၊ ကျောင်းစည်းမျဉ်းကလည်း တစ်ခုခုလုပ်နေလိမ့်မယ် ၊ ငါတို့စာသင်ခန်းက အတန်းတစ်ခုပြီးတိုင်း ဖျက်ဆီးခံရလိုက်မယ် "
"ငါတို့ အန္တရာယ်နဲ့ နေသားကျလာတဲ့အခါကျရင် အန္တရာယ်အရှိဆုံးအရာ ဖြစ်လာလိမ့်မယ် ၊ ဒါက၅၁ ယောက်မြောက် ကျောင်းသားရဲ့ လက်စားချေမှုပဲလား "
ဝမ်ကျားက ကောင်းမင်အား လက်ယမ်းပြလိုက်ပြီး တိုးတိုးပြောလိုက်သည်။
"ကျောင်းဆေးခန်းမှာ ၅၁ယောက်မြောက်ကျောင်းသားရဲ့ ဒိုင်ယာရီကို ငါတစ်ချက်ကြည့်ခဲ့ရတယ် ၊ ငါတို့မေ့နေခဲ့တဲ့ ကျောင်းသားက လူဆိုးဖြစ်ပုံမရဘူး"
ဝမ်ကျားလက်ချောင်းများက လှစ်ခနဲဖြစ်သွားပြီး ကောင်းမင်ထံစာရွက်နှစ်ရွက်ထိုးထည့်လိုက်သည်။ဖရိုဖရဲဖြစ်နေစဉ်အတွင်း ဒိုင်ယာရီမှ စာရွက်နှစ်ရွက်ကို သူဆုတ်ဖြဲလာခဲ့ခြင်းဖြစ်သည်။
"မင်းက အရမ်းသတ္တိကောင်းတာပဲ "
ကောင်းမင်သည် ယင်းအတွက် ကြီးကြီးမားမား လုပ်ဆောင်ခဲ့ခြင်းမရှိပေ။ သူက စာဖတ်ရန် ခေါင်းငုံ့လိုက်သည်။လက်ရေးက သူ့အတွက်အလွန်ရင်းနှီး နေသည်။
" # လ ၊ # ရက်
ဘတ်စ်ကားနဲ့ ခရီးထွက်သွားနိုင်တဲ့သူတွေကို ငါမနာလိုဖြစ်မိတယ် ၊ငါသူတို့နဲ့ အတူရှိချင်ပေမယ့် ဆရာဝန်ကဒါကို ဆန့်ကျင်ဖို့ အကြံပေးတယ် ၊ ဒီအတန်းက အရမ်းကောင်းတာပဲ၊ လူတိုင်းဟာ အနာဂတ်မှာ သူတို့ဖြစ်ချင်တဲ့သူတွေ ဖြစ်လာမှာပဲ "
"# လ ၊ # ရက်
အတန်းထဲမှာ ငါတစ်ယောက်ပဲ ကျန်တော့တယ်။ ဆရာက ငါ့ကို တခြားအတန်းတွေနဲ့အတူ စာသင်စေချင်တယ်၊ တခြားအတန်းတွေက ငါ့ကို ထူးထူးဆန်းဆန်းကြည့်နေကြတာပေါ့ ၊ ငါတစ်ယောက်တည်း မနေနိုင်တော့ဘူး လူတိုင်း မကြာခင်ပြန်လာကြဖို့ ငါမျှော်လင့်တယ် ၊ သင်္ချာဆောင်ခေါင်မိုး ၊ အိပ်ဆောင်၊ စာကြည့်တိုက် ၊ ကန်တင်းမီးဖိုချောင်...လူတစ်ယောက်အတွက် ပုန်းအောင်းပြီး စာကျက်ဖို့ ဒီကျောင်းရဲ့ ဘယ်နေရာမှာ သင့်တော်မလဲ”
"# လ ၊ # ည
လူတိုင်းက ငါ့ကို ဖုန်းခေါ်ပြီး မက်ဆေ့ပို့နေကြတယ်! သူတို့က ငါ့ကို သူတို့နဲ့ လာကစားခိုင်းတယ်! ည ၁၂ နာရီထိုးနေပြီလေ.... တချို့က ငါကို မသွားနဲ့ မဟုတ် ရင် ငါသေမယ်တဲ့ ၊ ဘာတွေဖြစ်နေတာလဲ? ဘာလို့ အားလုံးက ငါ့ကို လိုက်ရှာနေကြတာလဲ..."
နောက်ဆုံးစာက မပြီးသေးပေ။
"ဒိုင်ယာရီက သူက လူကောင်းတစ်ယောက်ပဲဖြစ်မယ်"
ဝမ်ကျားက စာရွက်များကို ပြန်ယူလိုက်သည်။
"ဒါပေမယ့် ဒီကျောင်းကို ငါတို့ ရောက်ပြီးတဲ့ နောက်မှာ သူလုပ်ခဲ့တဲ့ အရာတွေကို ပြန်စဉ်းစားကြည့်လိုက်၊ သူက လူတောင်မဟုတ်တော့ဘူး! ငါတို့က သူ့ကိုလိမ်ခဲ့လို့ သူဒီလိုဖြစ်သွားတာလား"
ကောင်းမင်က အမှန်တရားကိုသိသော်လည်း ဝမ်ကျားကိုပြောမပြခဲ့ပေ။သို့သော် ၅၁ယောက်မြောက်ကျောင်းသားသည် အပြစ်ကင်းကြောင်း သူသိသည်။
"တခြားလူတွေကို ဒိုင်ယာရီအကြောင်း မပြောနဲ့ဦး ဒီကျောင်းမှာ ငါတို့သူ့ကို ရှာဖို့လိုတယ် "
"သူ့ကို ရှာမှာလား "
ဝမ်ကျား၏ဦးရေပြားများ ထုံထိုင်းသွားသည်။
"ငါတို့ဘာသာ အသတ်ခံရဖို့လား "
"ကောက်ချက်ချ မစောနဲ့ ၊ သူရဲ့ ဒုတိယစာကို သတိထားမိလား "
ကောင်းမင်သည် မှတ်ဉာဏ်ကောင်းသဖြင့် အားလုံးကို ရွက်ပြလိုက်သည်။
"သူ ဒိုင်ယာရီထဲမှာ ရေးခဲ့တာက သူဟာ သင်္ချာဆောင် ခေါင်မိုး ၊ အိပ်ဆောင် ၊ စာကြည့်တိုက်နဲ့ ကန်တင်းမီးဖိုချောင်တို့ဆီ မကြာခဏသွားလေ့ရှိတယ်တဲ့ ၊ ငါတို့ သူ့ကိုရှာချင်ရင် အဲ့ဒီနေရာတွေကိုသွားပြီး ကံစမ်းသင့်တယ် "
စီတုအန်းသည် အခြားစည်းမျဉ်းများကို ကိုယ်စားပြုနေစဉ် ၅၁ယောက်မြောက် ကျောင်းသားက ကျောင်းစည်းမျဉ်းကို ကိုယ်စားပြုလေသည်။သူတို့နှစ်ဦးလုံး ကျောင်းတွင် ပုန်းနေကြခြင်းဖြစ်သည်။သူတို့သည် တစ်ဦးကိုတစ်ဦး သတ်ဖြတ်ရန် ရှာဖွေချင်နေကြသည်။
"နေ့လယ် လူမှုဗေဒအတန်းက အရမ်းကြောက်စရာကောင်းလိမ့်မယ် ၊ သဲလွန်စတွေ ရှာတွေ့နိုင်မလား သိရဖို့ နေ့လယ်စာစားချိန်ကို သုံးရအောင် အကြံပေးချင်တယ် "
သူ့အိပ်ခန်းထဲမှ တခြားသူများနဲ့ ဆွေးနွေးပြီးနောက် အခန်း ၁၃သည် လူစုခွဲနေကြပြီဖြစ်သည်။သူတို့သည် အဖြေရှာရန် အုပ်စုငယ်များအဖြစ် ခွဲထွက်သွားကြသည်။
အချို့ကျောင်းသားများက သရဲများနှင့်ဘက်တူနေကြသည်။ ထိုအဖွဲ့ကို ယွမ်ဟွေ့က ဦးဆောင်ခြင်းဖြစ်သည်။ သူတို့သည် လူသားများနှင့် သရဲတစ္ဆေများ အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရန် ငြိမ်းချမ်းသောနည်းလမ်းကို ရှာဖွေလိုကြသည်။ ၎င်းတို့သည် မဲပေးခြင်းကို ရပ်တန့်ရန်နှင့် စုံစမ်းစစ်ဆေးရေးဌာနကို အတူတကွ တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
သတ္တိပိုရှိသူများသည် အိပ်ဆောင်ခြောက်သို့ ဝင်လိုကြသည်။ ၎င်းတို့သည် ကျိကျဲကဲ့သို့ ရွေးချယ်ခံဖြစ်ချင်နေကြလေသည်။
လျိုယီက မိန်းကလေးအနည်းငယ်ကို ရှာလိုက်ပြီး ကျောင်းသားကောင်စီအစည်းအဝေးခန်းသို့ သုတ်သုတ်ပြာပြာသွားလိုက်သည်။
ကျိုးကျွင်းသည်လည်း မြို့တော်အရှေ့ပိုင်းဌာနကို ဆက်သွယ်နေ၏။ပိုင်ရှောင်သာမက ပိုများသောစုံစမ်းရေးမှူးများ အခန်း ၁၃သို့ ဝင်ရောက်လာကြသည်။
ရှင်သန်နိုင်ရန် အားလုံးသည် အကောင်းဆုံးကြိုးစားနေကြလေသည်။
ကျောင်းအုပ်ယန်၏အတန်းချိန်သည် မစတင်နိုင်ခင် ပြီးဆုံးသွားခဲ့သည်။တင်းယွမ်သည် ယန်ရှီကျီးကို စိုးရိမ်နေသဖြင့် ကျိုးစီစီကိုခေါ်၍ စောစောစီးစီးထွက်သွားလေသည်။မိနစ်အနည်းငယ်အတွင်း ကွင်းပြင်ကြီးသည် ဗလာဖြစ်သွားတော့သည်။
"အဲဒါက စည်းလုံးညီညွတ်မှုရဲ့ စွမ်းအားပဲ"
အခန်း ၁၃သည် တိုက်ခိုက်မနေသည့်အချိန်တွင် အတော်လေးစွမ်းအားကြီးကြောင်း ဝမ်ကျားနားလည်လိုက်သည်။
"ငါတို့ သင်္ချာဆောင်ထိပ်ကို သွားသင့်တယ် ၊ တစ်ခုခုရှာတွေရင် ငါတို့ဖုန်းတွေနဲ့ ဆက်သွယ်ကြမယ် "
အားလုံးထွက်သွားပြီးနောက် ကောင်းမင်က အားကစားအဆောက်အဦး၏ ဒုတိယထပ်သို့ လက်ရမ်းများမှတဆင့် တွယ်တက်သွားသည်။
တစ်ရက်နှင့်တစ်ည ဖြတ်ကျော်ခဲ့ပြီးဖြစ်သည်။ရေကြီးမှုသည် စိုးရိမ်ဖွယ်ဖြစ်နေခဲ့သည်။ရေသရဲများသည် မြည်တမ်းနေကြပြီး လှိုင်းလုံးများက နံရံကို ဝင်ဆောင့်နေကြသည်။တစ်ချိန်က သန့်ရှင်းနေသော gymခန်းသည်ပင် ရွှံ့များဖြင့်ဖုံးလွှမ်းနေ၏။ရံဖန်ရံခါတွင် ရေစီးထဲ တိရိစ္ဆာန်ငယ်များ မျောပါလာတတ်သည်။
"ကျောင်းသားကောင်စီရှိနေတာတောင်မှ ရေကြီးတာက ထိန်းမရဖြစ်နေသေးတာလား "
အားကစားအဆောက်အဦးတွင် ဘာဖြစ်နေမှန်းကောင်းမင်မသိပေ။မင်လောင်လမ်း စူပါမားကတ်ရှိဖောက်သည်များက ရေထဲတွင် ရှိနေကြသေးသည်။
"ရေကန်အောက်မှာချည်ထားခံရတဲ့ ရေသူမကောင်မလေး ၊ စူပါမားကတ်သူဌေး ကျန်းတင်း နဲ့ ကာယဆရာ ကျောင်းလုံ ....အခု ရေထဲမှာ သရဲနီသုံးကောင် ပုန်းနေကြပြီ "
ဘယ်သူ သတိမထားမလိုက်ချိန်တွင် ကောင်းမင်ကရေထဲ ငုတ်ဆင်းလိုက်သည်။ သူက လက်ရမ်းကိုဆွဲပြီးကျန်းတင်း၏နာမည်ကို ခေါ်လိုက်သည်။ သူ ရိုးရိုးသားသား စိတ်ပူနေခြင်းဖြစ်သည်။သူ့လက်ချောင်းကို လှီးလိုက်ပြီး သူ့သွေးများကို ရေထဲ ပျံ့နှံ့သွားစေလိုက်သည်။ မကြာခင်မီ ဝက်အမြီးကို ကိုင်ထားသည့် ကျန်းတင်၏သားတော်မောင်ဖြစ်သူ ရေပေါ်ပေါ်လာသည်ကို ကောင်းမင်မြင်လိုက်သည်။
"ကျွန်တော့်အဖေက ရေအောက်မှာ ပုန်းနေတာ ၊ သူက ထွက်မလာရဲဘူးတဲ့ "
ကျန်းဖသော်က သူ့ဝကစ်ကစ်လက်များဖြင့် လက်ယမ်းပြသည်။သူက ကောင်းမင်ကို တွေ့လိုက်ရသဖြင့် ပျော်နေခြင်းဖြစ်သည်။
"မင်းစောစောပေါ်လာရင် ငါ့လက်ကို လှီးစရာလိုမှာမဟုတ်ဘူးနော် "
ကောင်းမင်လည်း ဝက်ကို လှမ်းကိုင်လိုက်သည်။
"ရေကြီးတာက ပျံ့နှံ့နေပြီ ၊ ငါ့ကို မင်းအဖေဆီခေါ်သွားပေးပါ "
ကျန်းဖသော်က ဝက်ကို ကောင်းမင်ထံပေးလိုက်ပြီး မှောင်မဲနေသော Gym အခန်းထောင့်သို့ ကူးခတ်သွားသည်။သိပ်မကြာခင်မှာပင် မောပန်းနေပုံပေါက်နေသည့် ကျန်းတင်းထွက်ပေါ်လာလေသည်။ရေကြီးမှုနှင့် သူ့အကြားဆက်သွယ်မှုသည် ပိုသန်မာလာ၏။ဖြစ်ရပ်ဆိုးသည် သူကိုယ်ကို ကိုယ်စားပြုနေပုံရလေသည်။
"သူဌေးကျန်း အားလုံးအဆင်ပြေရဲ့လား ၊ ကျောင်းသားကောင်စီက ခင်ဗျားကို ဒုက္ခပေးသေးလား "
ကျန်းတင်း၏အောက်ခြေစည်းမျဉ်းကို ကောင်းမင်သိသည်။
"အဲ့ဒီကျောင်းသားအုပ်စုက အရမ်းကောင်းတာပဲ ၊ သူတို့က ရေသရဲတွေကို အတင်းအကျပ်ဖိနှိပ်ဖို့ စည်းမျဉ်းတစ်ချို့ သုံးနိုင်တယ်လေ ၊ရေကြီးတာကိုရှင်းလင်းဖို့ သူတို့က အရိုးရှင်းဆုံးနဲ့အတုံးအဆုံးနည်းလမ်းကို သုံးခဲ့ကြတာ "
ကျန်းတင်းက ကျောင်းသားကောင်စီကို အသိအမှတ်ပြုလိုက်သည်။
"ဒီနေ့ခေတ်လူငယ်တွေက မဆိုးပါဘူး "
"ကျောင်းသားကောင်စီက ရေလွှမ်းမိုးမှုကို ရှင်းခဲ့တာလား ၊ ဒါဆို ရေကြီးတာက ပိုအားကောင်းလာတယ်လို့ ကျွန်တော် ဘယ်လိုလုပ် ခံစားနေရတာလဲ "
ကောင်းမင်သည် ရေလှိုင်းလုံးများအတွင်းမှ အန္တရာယ်ရှိသော အသံများကို ကြားနေရသည်။
ကျန်းတင်း၏မျက်နှာက နီရဲသွားပြီး ရှက်ရွံ့ဟန်ဖြင့်ပြောလိုက်သည်။
"သူတို့ ဘယ်လောက် အစွမ်းထက်သလဲ နဲ့ ငါမရင်းနှီးသေးတဲ့စွမ်းအားကို သူတို့ဘယ်လို သုံးရမလဲဆိုတာ သိနေတာကို ငါမြင်ခဲ့တယ် ၊ ဒီလိုနဲ့ သူတို့က ရေသရဲအချို့ကို ကူညီပြီး သူတို့ရဲ့ နာကြည်းမှုတွေကို ပြေပျောက်စေခဲ့တယ်... နာကြည်းမှုတွေပြည့်နေတဲ့ ရေသရဲနောက်တစ်သုတ်ကို ငါလွတ်ပေးလိုက်တယ် "
"ကိစ္စတွေ ထိန်းမရဖြစ်သွားမှာကို ခင်ဗျား မစိုးရိမ်ဘူးလား "
ကောင်းမင် ထိတ်လန့်သွားသည်။ရိုးသားပုံရသည့် သူဌေးက ကျောင်းသားကောင်စီကို သွားဆန့်ကျင်နေမည်ဟု သူမမျှော်လင့်ခဲ့ပေ။
"အားလုံးအဆင်ပြေနေတဲ့အချိန်မှာ ကျောင်းသားတွေ ရုတ်တရက်ထွက်သွားကြမယ်လို့ ငါလည်း မထင်ထားခဲ့ဘူးလေ "
ကျန်းတင်းကား ဖိအားများစွာခံစားနေရလေသည်။
"ငါက ကျောင်းသားတွေနဲ့ ကောင်းကောင်းအလုပ်လုပ်နေခဲ့တာပါ ဒါပေမယ့် လူတစ်ယောက်က ကျောင်းရဲ့ တခြားနေရာတွေမှာ လိုက်ရှုပ်နေခဲ့တယ်၊ အဲ့ဒီလူယုတ်မာက ရေလွှမ်းမိုးမှုထက် ပိုကြီးတဲ့ အရှုပ်အထွေးကို ဖန်တီးထားလို့ ကျောင်းသားတွေကအမြန် ထွက်သွားကြတာပဲ ၊ ဒါကို ငါကိုယ်တိုင် ထိန်းနိုင်တော့မယ် မထင်ဘူး! ရေတွေက အချိန်မရွေးလျှံကျသွားနိုင်တယ် ပြီးရင် ရေသရဲတွေက တစ်ကျောင်းလုံးကို ဝါးမြိုသွားလိမ့်မယ် "
ကောင်းမင်မျက်နှာသည် မဲသဲနေခဲ့သည်ကို ကျန်းတင်းမြင်လိုက်သောကြောင့် သူတစ်ခုခုကို သဘောပေါက်သွားသည်။
"အဲ့ဒီလူယုတ်မာက မင်းတော့မဟုတ်ပါဘူးနော် ဟုတ်တယ်မလား "
"မဟုတ်ဘူး ကျိကျဲလို့ခေါ်တဲ့တစ်ယောက်ပဲ ၊ သူဘယ်လိုလုပ်လိုက်လဲတောင် ကျွန်တော်မသိဘူး "
အကြောက်ရောဂါကား အစပျိုးခဲ့ပြီဖြစ်သည်။အကြောက်တရားသည် လူအများ၏စိတ်ထဲတွင် စွဲကျန်နေလိမ့်မည်ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ ကမ္ဘာကြီး ပြိုကျလာသည်နှင့်အမျှ အားကစားအဆောက်အဦအတွင်းမှ ရေလွှမ်းမိုးမှုသည် အရာအားလုံးကို အဝေးသို့တိုက်ချသွားပေလိမ့်မည်။ သာမာန်ကျောင်းသားများအတွက် တကယ့်အိပ်မက်ဆိုးကြီး စတင်တော့မည်ဖြစ်သည်။
"မင်းမဟုတ်ရင်လည်း ပြီးတာပါပဲ "
ကျန်းတင်းက စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။
"အဲဒီလူကို ငါဘယ်လောက်ထိ ကျိန်ဆဲခဲ့လဲ မင်းသိမှာ မဟုတ်ဘူး "