← Chapters

ယဲ့ဖန်၊ ယဲ့ဖန်တဲ့လား

Vol. 81-85 Ch. 1263

ယဲ့ဖန်၊ ယဲ့ဖန်တဲ့လား

Vol. 81-85 Ch. 1263

မျက်လုံးချင်းဆုံသောအခါ လီတုန် ရုတ်တရက် ငရဲကို မြင်လိုက်ရသည်။

*ဒါ ဘာအကြည့်ကြီးလဲ၊ ရက်စက်ပြီး ကြောက်စရာကောင်းသလို ထက်မြက်ထည်ဝါပြီး အထက်စီးဆန်တယ်၊ ပြီးတော့ အဆုံးမရှိတဲ့ အမှောင်ထုကြီးပဲ*

ချက်ချင်းဆိုသလိုပင် သူ တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထသွားပြီး မျက်နှာတစ်ခုလုံး ပြာနှမ်းလာ၏။

“မျိုးမစစ်ကောင် မင်း ဘာလုပ်ချင်နေတာလဲ၊ ငါ သတိပေးလိုက်မယ်၊ မင်း ငါ့ကို ထိရဲလို့ကတော့ ထောင်ဟွာ မြို့ပြင်ကို နှင်ထုတ်ပစ်လိုက်မယ်”

လီတုန် အံကြိတ်ထားပြီး ယဲ့ဖန်အား စိုးရိမ်တကြီး ကြည့်နေသည်။

“ဟေ့ကောင် ငါတို့ သခင်လေးကို လွှတ်လိုက်စမ်း”

“ငါတို့ ချုံးဝူ လက်ဝှေ့ခန်းမကို ရန်စချင်တယ်ပေါ့လေ၊ မင်း သေချင်နေတာလား”

ထိုတပည့်များက ရုတ်တရက် သတိဝင်လာပြီး ကြိမ်းမောင်း၍ ဓားများကို ဆွဲထုတ်ကာ ယဲ့ဖန်ကို အေးစက်စွာ ကြည့်နေကြသည်။

ယဲ့ဖန် တုပ်တုပ်မလှုပ်သလို စကားလည်း တစ်ခွန်းမှ မပြောချေ။ ဤသည်ကိုမြင်သော် လီတုန်က တစ်ဖက်လူ ကြောက်သွားသည်ဟု ထင်သွားလေသည်။

*ငါ ခုနက ထင်ယောင်ထင်မှား ဖြစ်တာများလား*

ချက်ချင်းဆိုသလိုပင် လီတုန် အပျော်လွန်သွားပြီး ယဲ့ဖန်အား သရော်ပြုံးဖြင့် ကြည့်လိုက်သည်။

“ဘာလဲ မင်း ကြောက်နေတာလား”

“မင်း ကြောက်မှန်း သိရင် ဒူးထောက်လိုက်တော့လေ”

“ဒူးထောက်ပြီး ငါ့ဖိနပ်ကို လာလျက်”

လီတုန်၏ မျက်လုံးများက မီးဝင်းဝင်းတောက်နေပြီး မျက်နှာထား မာမာဖြင့် ယဲ့ဖန်ကို အထက်စီးဆန်စွာ အမိန့်ပေး လေသည်။

“ကြောက်တယ် ဟုတ်လား၊ ငါ မင်းခန္ဓာကိုယ်က ဘယ်အစိတ်အပိုင်းကို ဆွဲဖြုတ်ရမလဲလို့ တွေးနေတာ စဉ်းစား နေတာ”

ယဲ့ဖန်က လီတုန်ကို သုန်မှုန်စွာ ပြန်ကြည့်လေသည်။ ထိုအခါ ဤလူသည် အလွန် ကြောက်စရာကောင်းသော နတ်ဆိုးတစ်ကောင်၏ မျက်လုံးမျိုး ရှိကြောင်း လီတုန် သေချာ မြင်လိုက်ရသည်။

*ငါ အမြင်မှားတာ မဟုတ်ဘူးပဲ*

“ဒါပေမဲ့ မင်းရဲ့အပြုအမူရ ငါ မင်းကို တစ်စစီ ဆွဲဖြဲဖို့ စိတ်ကူးထားတယ်”

ထိုစားအဆုံး၌ ယဲ့ဖန်၏ လက်နှစ်ဘက်က နတ်ဆိုးတစ်ကောင်၏ လက်သည်းများကဲ့သို့ လီတုန်၏ လက်မောင်းကို အားဖြင့် ဆွဲချုပ်လာသည်။

“မင်း … မင်း ရပ်လိုက်စမ်း”

ယဲ့ဖန် ဘာလုပ်ချင်နေသလဲ ဆိုသည်ကို လီတုန် ရိပ်မိသွားပြီး ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

“ဂျွတ်”

အရုပ်တစ်ရုပ်၏ လက်မောင်းတစ်ဖက် ပြုတ်သွားသကဲ့သို့ လီတုန်၏ လက်မောင်းတစ်ဖက် ပြုတ်ထွက် သွားသည်ကို လူတိုင်း တွေ့လိုက်ရသည်။ ပြတ်သွားသော နေရာမှ သွေးများ ပန်းထွက်လာပြီး အရိုးများ ငေါထွက်ကာ အသားစများ ဖွာလန်ကြဲနေ၏။

“အား …”

ငယ်သံပါအောင် ကြောက်လန့်တကြား အော်ဟစ်လိုက်သံက လက်ဝှေ့ခန်းမအနှံ့ ပျံ့လွင့်သွားသည်။ လီတုန်သည် မြေကြီးပေါ်၌ တစ်ကိုယ်လုံး တွန့်လိမ်၍ လူးလိမ့်နေပြီး မျက်နှာတစ်ခုလုံး သွေးမရှိတော့သလို ဖြူရော်နေသည်။

ပြင်းထန်လှသော ဝေဒနာက သူ့ခန္ဓာကိုယ်အား စုတ်ဖြဲနေသလိုပင်။ ခန္ဓာကိုယ်ထဲမှ ဆဲလ်တိုင်း တစစ်စစ် ဖြစ်နေပြီး ခံရခက်လှသည်။ လူတိုင်း မှင်တက်နေ၏။

*ဒီလူက တစ်ခြားလူရဲ့လက်မောင်းကို လက်နဲ့ပဲ ဆွဲဖြုတ်လိုက်တာလား၊ လုပ်တဲ့ပုံကလည်း အရမ်း သေသပ် တိကျ လွန်းတယ်၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ထိုအခိုက်တွင် လူတိုင်း ယဲ့ဖန်ကို ကြောက်လန့်တကြား ကြည့်နေကြပြီး ဤနူးညံ့ပုံပေါ်သည့် လူငယ်လေးက အလွန် ရက်စက်ကြောင်း ရိပ်မိသွားကြသည်။

“သခင်လေး အဆင်ပြေရဲ့လား”

“သူ့ကိုသတ်၊ သူ့ကိုသတ်စမ်း”

လီတုန်း၏ မျက်နှာက သွေးမရှိသလို ဖြစ်နေကာ အမူအရာက ကြည့်ရဆိုးလှသည်။

*ဒီမျိုးမစစ်ကောင်က ငါ့လက်မောင်းကို ဖြုတ်ရဲတယ်ပေါ့လေ*

*ငါ့က ချုံးဝူခန်းမရဲ့ သခင်လေး၊ ထောင်ဟွာမြို့မှာ ငါ့ကို ဘယ်သူက ရန်စရဲသလဲ*

*ဒီမျိုးမစစ်ကောင် သေကိုသေသင့်တယ်*

သူ့စကားကို ကြားသောအခါ လက်ဝှေ့ခန်းမမှ တပည့်များက ယဲ့ဖန်ကို မကျေမနပ် ကြည့်လာပြီး ဓားများ ဆွဲထုတ်၍ ယဲ့ဖန်ထံ ပြေးဝင်လာ၏။

“ရွှစ်”

အေးစက်စက် ဓားရောင်များနှင့်အတူ သတ်ဖြတ်လိုသော အရှိန်အဝါ ပျံ့လွင့်လာ၏။

“ခွေးမသား ငါ့သခင်လေးကို ထိခိုက်အောင် လုပ်ရဲတယ်၊ ဒီနေ့ မင်း သေနေ့စေတဲ့ နေ့ပဲကွ”

“သူ့ကို ရှစ်ပိုင်းပိုင်းပစ်”

ယဲ့ဖန် လှောင်ရယ်၍ ရှေ့တိုးလိုက်သည်။

“ယဲ့ဖန် မလုပ်နဲ့ …”

ပိုင်ရွှယ် မနေနိုင်မထိုင်နိုင် သတိပေးလိုက်မိသည်။ အကယ်၍ ယဲ့ဖန်သာ ဤတပည့်များကို သတ်လိုက်ပါက လက်ဝှေ့ခန်းမပိုင်ရှင် လီဝေ့နှင့် ဆက်ဆံရေး ပျက်ပြယ်သွားလောက်သည်။

“ဒုန်း”

ရုတ်တရက် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာ၏။ ယဲ့ဖန်က မြေကြီးကို‌ ဒေါသတကြီး ခြေဆောင့် လိုက်ခြင်းပင်။ မြေကြီးသည် ချက်ချင်း အက်ကွဲလာပြီး ကျင်းကြီးတစ်ကျင်း ဖြစ်လာသလို နံရံတစ်ခုလုံး ပြိုကျ ပျက်စီး သွားသည်။

နှိုင်းယှဉ်မရသော လူသတ်လိုသည့် အငွေ့အသက်များက ချုံးဝူ လက်ဝှေ့ခန်းမတစ်ခုလုံးသို့ ပျံ့လွင့်လာသည်။ ဤသည်ကိုကြည့်ပြီး တပည့်များ ကြက်သေ သေသွားကာ စကား တစ်ခွန်းမှ မပြောနိုင်ဘဲ လိပ်ပြာလွင့်မတတ် ကြောက်လန့် သွားကြသည်။

*ခြေတစ်ဖက်ဆောင့်လိုက်တာ မြေကြီး အက်သွားပြီး နံရံ ပျက်စီးသွားတယ်*

*အဲ့ခြေထောက်နဲ့သာ လူတစ်ယောက်ကို ဆောင့်နင်းလိုက်ရင် ဘာဖြစ်သွားမလဲ*

သူတို့ထဲ၌ ဈာန်ဝင်စားခြင်းအဆင့်သို့ ရောက်နေသူပင် မရှိပေ။ ဤသို့သော ကြောက်စရာကောင်းသည့် နည်းလမ်း မျိုးကိုလည်း မမြင်ဖူးပါ။

ချက်ချင်းဆိုသလိုပင် သူတို့ တစ်ကိုယ်လုံး ခိုက်ခိုက်တုန်လာပြီး ယဲ့ဖန်အား သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ ကြည့်နေကာ လှုပ်ပင်မလှုပ်ရဲတော့ချေ။

“ငါ နှစ်ခါ မပြောဘူး၊ ဘယ်သူပဲ ရှေ့တက်လာလာ သေကိုသေရမယ်”

အရိုးကွဲမတတ် အေးစက်သော လေညင်းက မိမိတို့ထံ တိုက်ခတ်လာသည်ဟု ခံစားမိပြီး ထိုတပည့်များအားလုံး ပြင်းထန်စွာ တုန်လှုပ် ချောက်ချားသွားကြသည်။

ဤနတ်ဆိုးဆန်သော အရှိန်အဝါအောက်၌ မည်သူမှ ရှေ့မတိုးဝံ့တော့ချေ။ သူတို့ တစ်စစီ နင်းချေခံရနိုင်မှန်း ရိပ်မိနေကြသည်။

“မင်းတို့ နားလေးနေလား၊ ငါ သူ့ကို သတ်ဖို့ ပြောနေတယ်လေ၊ သူ့ကိုသတ်”

လီတုန်၏ မျက်လုံးများ မီးဝင်းဝင်းတောက်နေ၏။ သူ အလွန် ဒေါသူပုန်ထနေသဖြင့် ယဲ့ဖန်အား နုတ်နုတ်စင်းရန် မစောင့်နိုင်တော့ချေ။ သို့သော် ဤကျေးကျွန်များက သူ့စကားကို လွန်ဆန်ရဲသည်တဲ့လား။

“မင်း အခုထိ ကောင်းကောင်းနေဖို့ မသင်ယူနိုင်သေးဘူးပဲကိုး”

ယဲ့ဖန် ခေါင်းခါ၍ လီတုန်ထံသို့ လျှောက်သွားလိုက်သည်။

“မင်း ဘာလုပ်ချင်တာလဲ၊ အစ်မ ကူညီပါဦး အစ်မရေ”

လီတုန်က ရုတ်တရက် လက်ဝှေ့ခန်းမသို့ လှည့်အော်ခေါ်လိုက်သည်။

“ရပ်လိုက်”

တစ်ချိန်တည်းမှာပင် လီဝေ့သည် လူတစ်စုနှင့်အတူ ပြေးထွက်လာ၏။ လီတုန်၏ ဆိုးရွားသော အခြေအနေကို ကြည့်ပြီး သူမ ချက်ချင်း ဒေါသထွက်သွားသည်။

“လီတုန် နင့်ကို ဒီလိုဖြစ်အောင် လုပ်တာ ဘယ်သူလဲ”

“သူပဲ”

လီတုန်က ရုတ်တရက် ယဲ့ဖန်ကို လက်ညှိုးထိုးပြလိုက်သည်။ သူ့မျက်နှာတွင် မုန်းတီး၍ မကျေမချမ်း ဖြစ်ဟန်များနှင့် ပြည့်နှက်နေ၏။

“အစ်မ သူ့ကို သတ်ပေးပါ၊ ကျွန်တော် သူ သေတာကို လိုချင်တယ်”

လီဝေ့က ယဲ့ဖန်ကို စူးစူးရဲရဲ စိုက်ကြည့်လေသည်။

“နင့်သခင်က ဘယ်သူလဲ၊ ငါတို့ နင်နဲ့ ဘာရန်ငြိုးမှ မရှိဘူး၊ ဘာလို့ ငါ့မောင်ကို ဒီလောက် ထိခိုက်အောင် လုပ်ရတာလဲ”

“အစ်မလီဝေ့”

ထိုအခိုက်တွင် ရင်းနှီးနေသော ချိုသာသည့်အသံလေးက လီဝေ့၏ နားထဲသို့ တိုးဝင်လာသည်။ လီဝေ့ အသံ လာရာသို့ တစ်ချက်ကြည့်လိုက်သောအခါ မလှမ်းမကမ်းမှ ပိုင်ရွှယ်ကို တွေ့လိုက်ရပြီး မျက်နှာတွင် ပျော်ရွှင်မှုများ စွန်းထင်းလာ၏။

“ပိုင်ရွှယ်လား၊ ဘာလို့ ပြန်လာတာလဲ၊ ဒီတစ်နှစ်လုံး နင် ဘယ်ရောက်နေတာလဲ၊ ငါ နင့်ကို သေမတတ် စိုးရိမ်နေတာကို နင် သိရဲ့လား”

လီဝေ့က အနားသို့ တိုးသွားပြီး ပိုင်ရွှယ်၏ တင်ပါးကို အသာရိုက်လိုက်သည်။ မိန်းမလှလေး နှစ်ယောက်၊ တစ်ယောက်က အရွယ်ရောက်ပြီးသား ဖြစ်ပြီး ကျန်တစ်ယောက်က ကလေးမလေးတစ်ယောက်၊ နှစ်ယောက်သား ဖက်၍ ငိုနေကြသည်။

ခက်ခဲကြမ်းတမ်းသော ဘဝရှိသည့် ကလေးမလေးအတွက် လီဝေ့ တကယ် စိတ်မကောင်း ဖြစ်မိသည်။ နှစ်ယောက်သား တစ်ခဏမျှ ဖက်ငိုနေပြီးနောက် ပိုင်ရွှယ်က စကားစလာ၏။

“အစ်မ လီဝေ့၊ အခုလေးတင် လီတုန်က ညီမကို အဓမ္မကျင့်ချင်နေတာ၊ အဲ့ဒါကြောင့် ညီမမိတ်ဆွေက သူ့ကို ထိခိုက်အောင် လုပ်လိုက်တာပါ၊ အစ်မ အပြစ်တင်ချင်ရင် ညီမကိုပဲ အပြစ်တင်ပါ”

“ဘာ”

လီဝေ့ ချက်ချင်း မျက်ခုံးပင့်တက်သွားပြီး လီတုန်အား စိတ်ဆိုးမာန်ဆိုး စိုက်ကြည့်၍ သူ့မျက်နှာကို အားဖြင့် ရိုက်ထည့်လိုက်သည်။

“အသုံးမကျတဲ့ကောင်၊ အဖေ ဆုံးတာ ဘယ်နှစ်ရက်ပဲ ရှိသေးလို့လဲ၊ အရိုးတောင် အေးနေတုန်းပဲ ရှိသေးတယ် နင်က ထပ်ပြဿနာ ရှာချင်ပြန်ပြီလား၊ အခု ရန်သူက မျက်စိရှေ့မှာ ရှိနေတာတောင် နင်က မိန်းမတွေနဲ့ ပျော်ပါးချင်စိတ် ရှိသေးတယ်ပေါ့လေ”

လီဝေ့ အံကိုကြိတ်ကာ မုန်းတီးနေမိသည်။ လီတုန်သည် မိသားစု၏ တစ်ဦးတည်းသော သားယောက်ျားလေး မျိုးဆက် ဖြစ်သော်လည်း အသုံးမကျကာ မိသားစုအား အကြိမ်ကြိမ် အရှက်ရအောင် လုပ်ခဲ့သည်။

သူမ၏ဖခင်သည် သိက္ခာရှိပြီး တည်တည်တံ့တံ့နေသော ယောက်ျားသား ဖြစ်သည်။ ထိုသို့သော ဖခင်မျိုးမှ ဤသို့သော သားမျိုး ထွက်လာရသနည်း။

လီတုန်၏ အသုံးမကျမှုကြောင့်သာ မဟုတ်လျင် လီဝေ့တစ်ယောက် မိန်းမသားဖြစ်လျက်နှင့် ရှေ့ထွက် ဦးဆောင်ရမည် မဟုတ်ပါ။

ဤသည်ကိုကြည့်ပြီး လက်ဝှေ့သမားများက အထင်သေးသော အကြည့်များဖြင့် ခေါင်းခါကြလေသည်။ မြာပွေသော လီတုန်ကို သူတို့လည်း အထင်သေးနေကြောင်း သိသာလှ၏။

သိုင်းပညာတွင် သူ အသုံးမကျသလို အကျင့်စရိုက်ကလည်း ဆိုးရွားလှသည်။ ထို့အပြင် ဦးနှောက်ထဲတွင်လည်း မကောင်းသော အတွေးများသာ ပြည့်နှက်နေသေးသည်။ သူ့ဖခင်နှင့် အစ်မဖြစ်သူတို့၏ ကာကွယ်မှုသာ မရှိလျင် သူ သေတာ ကြာနေလောက်သည်။

“ငါ့ယောက်ဖက ယဲ့ဘုရင်ပဲ၊ ဒီလောကမှာ ဘယ်သူ ငါ့ကို ထိရဲသလဲ၊ ငါကတော့ ငါ သတ်ချင်တဲ့လူကို သတ်မှာပဲ”

လီတုန်က မကျေမနပ်နှင့် ပြောလာသည်။ ယန်ရန်က ယဲ့ဘုရင်ဟု သူ သိလိုက်ပြီးကတည်းက ယန်ရန်နှင့် လီဝေ့တို့ နီးစပ်ရန် သူ အစွမ်းကုန် မျက်နှာလုပ်၍ ကြိုးစားခဲ့သည်။ ယဲ့ဘုရင်သာ သူ၏ ယောက်ဖဖြစ်လာလျင် ဤထောင်ဟွာ မြို့လေး မဆိုထားနှင့် အင်ပါယာတစ်ခုလုံး၌ သူ အေးအေးလူလူ သွားလာနိုင်လေပြီ။

သူ သတ်ချင်သည့် မည်သူကိုမဆို သတ်နိုင်ပြီ ဖြစ်သလို သူ အိပ်ချင်သည့် မိန်းကလေးတိုင်းကိုလည်း အတင်း ဖိအားပေး၍ အိပ်ခိုင်းနိုင်ပေမည်။ ငါ့ယောက်ဖဟူသော စကားလုံးက ယန်ရန်အား အပျော်ကြီး ပျော်သွားစေ၏။

“နင် ဘာမဟုတ်တာတွေ ပြောနေတာလဲ”

လီဝေ့ ဒေါသကြောင့် မျက်နှာ နီမြန်းသွားပြီး လီတုန်၏ မျက်နှာကို ထပ်ရိုက်ကာ တုတ်ပါဆွဲ၍ ဆက်တိုက် ရိုက်နှက် လေတော့သည်။ ယဲ့ဖန်နှင့် ပိုင်ရွှယ်တို့ တစ်ယောက် မျက်နှာ တစ်ယောက် ပြန်ကြည့်မိနေသည်။

*သူ့ယောက်ဖက ယဲ့ဘုရင်တဲ့လား၊ ဒါ ဘာစကားလဲ*

“အား … ယောက်ဖရေ ကယ်ပါဦး၊ ကျွန်တော့်ကို ကယ်ပါဦးဗျာ”

လီတုန်က အရိုက်ခံရသဖြင့် မချိတင်ကဲ ခံစားရသလို အော်ဟစ်လေသည်။ ယန်ရန်က ရှေ့တိုးလာပြီး ပြုံးကာ ပြောလိုက်သည်။

“လီဝေ့ ထားလိုက်ပါတော့၊ လီတုန်က ငယ်နေသေးလို့ မောက်မာနေတာပါ၊ မင်း သူ့ကို ချိုချိုသာသာ သင်ပြလည်း ရတာပဲကို”

ထိုအခါတွင်မှ ယဲ့ဖန်တို့နှစ်ယောက်လုံး ဘာဖြစ်နေသလဲ ရိပ်မိသွားပြီး သူတို့ မည်မျှ တုံးအကြောင်း သိသွား လေသည်။

*လက်စသတ်တော့ ဒီမှာလည်း ယဲ့ဖန် ရှိနေတာကိုး*

ယဲ့ဖန် ရုတ်တရက် ရယ်ချင်သွားသည်။ တစ်စုံတစ်ယောက်က သူ့နာမည်သုံး၍ နေရာတကာ သွားလာ၍ လိမ်စား နေပြီး သူ့ထံ၌ ပြန်မိလိမ့်မည်ဟု ထင်မထားမိပါ။

*တိုက်ဆိုင်လိုက်တာ*

လီဝေ့၏ မျက်နှာထားက ပြောင်းလဲခြင်း မရှိပေ။ ယန်ရန်က သူမ၏ မိသားစုကိစ္စအား ဝင်ပါခြင်းကို မကျေနပ် သော်လည်း ယခု သူ့ကို သူမ အကူအညီ တောင်းထားရသဖြင့် ဘာမှမပြောရဲသေးချေ။ သွေးအလိမ်းလိမ်း ဖြစ်နေသော လီတုန်ကိုသာ သူမ အေးစက်စက် ကြည့်နေလိုက်သည်။

“နင် ပိုင်ရွှယ်ကို ထပ်အန္တရာယ်ပေးလို့ကတော့ ငါ နင့်ခြေထောက်တွေကို ရိုက်ချိုးပစ်မယ်”

လီတုန် ခေါင်းကိုငုံ့ထားပြီး ဘာမှမပြောချေ။ သို့သော် သူ့မျက်လုံး၏ အတွင်းတစ်နေရာ၌ မုန်းတီးစိတ်များ ရှိနေသည်။ ယဲ့ဖန်နှင့် ပိုင်ရွှယ်အပေါ် မုန်းတီးနေသလို လီဝေ့ကိုလည်း မုန်းတီးနေ၏။ ထိုစဉ် လီဝေ့က ယဲ့ဖန်ကို လှည့်ကြည့်လာသည်။

“ပိုင်ရွှယ် နင့်မိတ်ဆွေက …”

“ယဲ့ဖန်…”

ပိုင်ရွှယ် အသံမာမာဖြင့် ပြောလိုက်သည်။ သူမ တစ်စုံတစ်ရာကို ရိပ်စားမိ၍ ယဲ့ဖန်၏ အကြောင်းကို တမင် ထုတ်ပြောလိုက်ခြင်း ဖြစ်သည်။

*ဘာ*

ထိုစကားသံကို ကြားလိုက်ရသည်နှင့် လူတိုင်း ဆူညံသွားပြီး ယဲ့ဖန်ကို မယုံနိုင်သလို ကြည့်လာကြသည်။ ယဲ့ဖန်က ပိုင်ရွှယ်၏ ပါးစပ်ကို အလျင်အမြန်အုပ်၍ တောင်းပန်သော အပြုံးဖြင့် ပြောလိုက်သည်။

“ကျုပ်က ခင်ဗျားတို့သိတဲ့ ယဲ့ဖန် မဟုတ်ပါဘူး”

ထိုအခါတွင်မှ လူတိုင်း သတိပြန်ဝင်လာသည်။ လီဝေ့သည်လည်း ကိုယ့်ရင်ဘတ် ကိုယ်ပုတ်လိုက်ပြီး ပိုင်ရွှယ်အား စိတ်ဆိုးသလို ကြည့်လေသည်။

“ကောင်မစုတ်လေး သေချာရှင်းအောင် မပြောဘူး၊ ငါ အထင်လွဲမိတော့မလို့”

“လူကြီးမင်းယဲ့က ဒီမှာ ရှိနေပြီးပြီကို ဘယ်လိုလုပ် နောက်ထပ် ယဲ့ဖန် ရှိမှာလဲ”

ပိုင်ရွှယ်က ယဲ့ဖန်ကို မသင်္ကာသလို ကြည့်လိုက်သည်။ ယဲ့ဖန် ခေါင်းခါလိုက်သည်ကိုသာ သူမ တွေ့လိုက်ရသည်။ သူမတို့ ဤနေရာ၌ ရှိနေသည်ကို လူသိသွား၍ မဖြစ်ပေ။ သို့မဟုတ်ပါက မကြာခင် အင်ပါယာကပါ သိသွားပေလိမ့်မည်။

ထို့ကြောင့် ပိုင်ရွှယ်သည် အစ်မလီဝေ့အား အဆင်ပြေသလို ကြည့်ပြောလိုက်ရသည်။ ထို့အပြင် သူတို့အရှေ့မှ ယဲ့ဖန် ဟူသောလူက ဘာလုပ်ချင်သလဲ ဆိုသည်ကို သူမတို့ စောင့်ကြည့်ချင်နေ၏။

All Chapters