ဖယ်ရီမလေးကို ကယ်တင်ခြင်း (အပိုင်း ရှစ်)
Vol. 27 Ch. 405
ပထမစစ်သည်တော်ပြိုင်ပွဲ ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့ အနိုင်ရသူအဖြစ် ပြီးဆုံးသွားခဲ့သည်။
ဤသည်မှာ မျှော်လင့်ထားခဲ့သော အရာ ဖြစ်သည်။ သို့သော် ထိခိုက်သေဆုံးမှု နှုန်းမှာ အတော် မြင့်မားခဲ့သည်၊ အထူးသဖြင့် မြေလျှောက်ငှက်များ ဆုံးရှုံးမှုပင်။ ချန်အန်းမြို့ လုံးဝ အထိနာ သွားခဲ့သော်လည်း အနိုင်ရခဲ့လျှင် ဒဏ္ဍာရီပစ္စည်း အစုံ ၁၀၀ ရရှိနိုင်သောကြောင့် တန်ဖိုး ရှိသော တိုက်ပွဲ တစ်ခု ဖြစ်ခဲ့သည်။
ဒုတိယတိုက်ပွဲကို ဆက်ကြေညာခဲ့သည်၊ ဖောက်ခွဲရေး ပစ္စည်းအားလုံး တားမြစ်ထားသော ၅ယောက်ချင်း တိုက်ပွဲ တစ်ခုပင်။
ဤတိုက်ပွဲပုံစံကို ဝန်ဆောင်မှု အပြည့် ကြေညာချက်မှ တစ်ဆင့် အသိပေးခဲ့သည်။ ချန်အန်းမြို့မှ ဂိမ်းမာများ ချက်ချင်းပင် ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်၊ အကြောင်းမှာ ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့တွင် စွမ်းအား အကြီးဆုံး ဂိမ်းမာ အာသာ ရှိနေ သောကြောင့်ပင်။ ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့သည် ချန်အန်းမြို့ အပေါ် ကြီးမားသော အားသာချက် ရှိနေလိမ့်မည်။
ဆန့်ကျင် ကန့်ကွက်မှုမှာ အချည်းနှီးသာ ဖြစ်ခဲ့သည်။ ဂိမ်းတာဝန်ရှိသူများကသာ ဆန့်ကျင် ကန့်ကွက်မှုများကို ဂရုစိုက်ခဲ့လျှင် သူတို့ကို ညံ့ဖျင်းသော ဂိမ်းထုတ်လုပ်သူများ ဟု အမည်တပ်ခြင်း ခံရမည် မဟုတ်ပေ။
လူတိုင်း ဒုတိယ တိုက်ပွဲ စတင်ရန် စောင့်ဆိုင်းနေစဉ် ကွင်းအလယ်ရှိ မျက်နှာပြင် အကြိမ် အနည်းငယ် လျှပ်ပြက်ပြီးနောက် မှောင်ကျ သွားခဲ့သည်။
"ဟေ့၊ ဟေ့၊ ဟေ့။ ငါ့ကို ကြားရဲ့လား။"
ဂိမ်းမာများနှင့် ဒေသခံများ တွေဝေ သွားကြသည်။ ပြောင်းလဲနေသော ပုံရိပ်များနှင့် ကြော်ငြာများ အဘယ်ကြောင့် ပျောက်ကွယ်သွားသည်ကို သူတို့ မသိခဲ့ကြချေ။
မျက်နှာပြင် မှောင်မိုက် နေခဲ့သော်လည်း အသံတစ်သံ ကြားလိုက် ရသည်။
"မင်္ဂလာပါ၊ ကျွန်တော်က ဂိမ်းမာ တစ်ယောက်ပါ။ ကျွန်တော် လျှို့ဝှက်စွာ ရိုက်ကူးခဲ့တဲ့ ဗီဒီယို တစ်ခုကို ထုတ်လွှင့် ပြသပါ့မယ်။ အကြောင်းရင်းကတော့ ကျွန်တော် အဲ့ဒါကို ချစ်လို့ပါ။ ကျေးဇူးပြုပြီး ကြည့်ရှုပေးပါ။"
မျက်နှာပြင် နောက်တစ်ကြိမ် လျှပ်တပြက် ထွက်ပေါ်လာပြီး အခန်းငယ်လေး တစ်ခုကို ပြသနေခဲ့သည်။ ထိုအခန်းတွင် အော့ခ်တစ်ဦး စားပွဲအို တစ်ခု နောက်တွင် ထိုင်နေခဲ့သည်။ သူ၏ ခေါင်းအထက်ရှိ အစိမ်းရောင် သင်္ကေတများအရ သူသည် ချန်အန်းမြို့၏ ဥက္ကဋ္ဌ လျှို့ဝှက် လူသားနှင့် တူနေခဲ့သည်။ သူ၏ ဘေးတွင် အစည်းအရုံး၏ အကြီးတန်း စီမံခန့်ခွဲမှု အဖွဲ့ဝင် နှစ်ဦး ရှိနေခဲ့သည်။
ပုံရိပ်များမှာ ရှင်းလင်းနေခဲ့ပြီး ပထမလူ အမြင်ဖြင့် ရိုက်ကူးထားသကဲ့သို့ ထင်ရသည်။ ပုံရိပ် အရည်အသွေးမှာ အရေးမကြီးသော်လည်း အရေးကြီးသော အရာမှာ အကြောင်းအရာပင်။
"ကောလာဟလ ဖြန့်ဝေသူ အရေအတွက်ကို နှစ်ဆ တိုးလိုက်ပါ။ အာသာ ဒါမှမဟုတ် ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့ကို အသရေမဖျက်နဲ့၊ မိုးလက်ဖက်ရည်ကိုပဲ အာရုံစိုက်ပါ။ သူမသာ ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့ကနေ ထွက်သွားခဲ့ရင် အစည်းအရုံးထဲမှာ သဘောထားကွဲလွဲမှုတွေနဲ့ မညီညွတ်မှုတွေ ရှိလာလိမ့်မယ်။ ပြီးရင် ငါတို့ အဲ့ဒါကို ဆယ်ဗားနပ်စ်အပေါ် ပုံချလိုက်မယ်၊ သူမက ရူးသွပ်သွားပြီး ရန်ဖြစ်လိမ့်မယ်။ အဲ့ဒါနဲ့ အစည်းအရုံးက သူ့ အလိုလို ပြိုကွဲသွားလိမ့်မယ်။"
"ဥက္ကဋ္ဌ၊ ဒီလိုအစီအစဉ်မျိုး စဉ်းစားမိတာ အံ့ဩစရာပဲ။"
"ငါ အော့ဖ်လိုင်း သွားပြီး ကောလာဟလ ဖြန့်ဝေတဲ့ ကုမ္ပဏီတွေနဲ့ ဆက်သွယ် လိုက်မယ်။"
"ငါ မင်းတို့ နှစ်ယောက်ကို အဲ့ဒီကိစ္စ အပ်လိုက်မယ်။ အရေးမပါတဲ့ ကိစ္စတွေနဲ့ ငါ့ကို မနှောင့်ယှက်နဲ့။"
ပုံရိပ်များ ဤနေရာတွင် ရပ်တန့်သွားခဲ့သော်လည်း အသံက ဆက်လက် ပြောဆို နေခဲ့သည်၊ "အင်း၊ ဒါက ငါ မျှဝေချင်နေတဲ့ သတင်း အချက်အလက်ပဲ။ ပျော်ရွှင်စွာ ဂိမ်းကစားကြပါ။"
ကြေညာသူသည် ခုနက ဗီဒီယို တစ်စုံတစ်ရာ မရှိခဲ့သကဲ့သို့ မျက်နှာပြင်ပေါ်တွင် တည်ငြိမ်စွာ ပြန်ပေါ် လာခဲ့သည်။
ဒေသခံများသည် ဗီဒီယို ဘာပြောနေသည်ကို မသိရှိဘဲ ကြောင်နေခဲ့ကြသည်။ ဂိမ်းမာများမှာမူ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက် နေခဲ့ကြသည်။ ချန်အန်းမြို့မှ လျှို့ဝှက် လူသားသည် မိုးလက်ဖက်ရည်ကို အသရေဖျက်ခြင်းနှင့် ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့ကို အသရေဖျက်ခြင်းတို့ အတွက် တာဝန် ရှိသည်။ ခုနက ပြသခဲ့သော ဗီဒီယိုမှာ ထိုသက်သေပင်။
ဤသည်မှာ ခိုင်မာသော သက်သေ အထောက်အထား ပါသော ၈၁၈ ပို့စ် တစ်ခု ကဲ့သို့ပင်။
ထိုအရာကို အတုဖန်တီး၍ မရနိုင်ခဲ့ချေ။ ဂိမ်းတွင် ထိုသို့ပြုလုပ်ရန် စက်ပစ္စည်း သို့မဟုတ် နည်းပညာ တစ်စုံတစ်ရာမျှ မရှိခဲ့ချေ။ ဂိမ်းမာများ စိတ်ရှုပ်ထွေး နေခဲ့ကြသည်— ဗီဒီယို ရိုက်ကူးခြင်း လုပ်ဆောင်ချက်က မည်သည့် နေရာမှ လာခဲ့ပါသနည်း။
မကြာမီ ဂိမ်းမာများသည် စခရင်ရှော့ ရိုက်ကူးခြင်းနှင့် ဆင်တူသော ဗီဒီယို ရိုက်ကူးခြင်း လုပ်ဆောင်ချက်ကို ရှာဖွေတွေ့ရှိ ခဲ့ကြသည်။ သူတို့သည် သူတို့၏ ၃ မိနစ်ကြာ ဂိမ်းတွင်း ရိုက်ကူးမှုများကို တရားဝင် ဝက်ဘ်ဆိုက်သို့ အပ်လုဒ် တင်ခဲ့ကြသည်။
မျက်နှာပြင် အကြီးကြီး ပေါ်တွင် ပြသခဲ့သော ဗီဒီယိုကိုလည်း ဗီဒီယိုရိုက်ကူးခြင်း လုပ်ဆောင်ချက်ဖြင့် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။
ဒုတိယတိုက်ပွဲ မစတင်မီကပင် အများပြည်သူ ဆွေးနွေးမှုများ ပေါများ နေခဲ့သည်။
...
ရှားလော့ခ်သည် VIP ခန်းတွင် ထိုင်နေပြီး အောက်ရှိ စကားပြောဆိုနေသော ဂိမ်းမာများကို ကြည့်ရှု နေခဲ့သည်။ အဆိပ်ဖားလူသားသည် ရှားလော့ခ် အဘယ်ကြောင့် ဗီဒီယို ထုတ်လွှင့်ရန် တောင်းဆို ခဲ့သည်ကို နားမလည်ဘဲ တွေဝေနေခဲ့သည်။ ရှားလော့ခ် ပျော်ရွှင်နေသရွေ့ သူ စိတ်မရှိချေ။
"အရှင်ရှားလော့ခ်၊ ကျွန်တော် အထင် ကြီးမိပါတယ်။ ဗီဒီယိုက ချန်အန်းမြို့ ဥက္ကဋ္ဌရဲ့ မကောင်းမှုတွေကို ထုတ်ဖော်ပြသခဲ့တယ်၊ သူ ဗီဒီယို ဘယ်လို ရိုက်ကူးခဲ့လဲ ဆိုတာတောင် မသိနေဘူး။ ဟားဟားဟား။"
ဘရုသည် ရှားလော့ခ်၏ စိတ်ထဲတွင် ရယ်မော လိုက်သည်။ "ကျွန်တော်တို့ ဒီကောလာဟလ ဖြန့်ဝေသူတွေကို ဖယ်ရှားပြီး မိုးလက်ဖက်ရည်ရဲ့ နာမည်ကို ရှင်းလင်းပြီးတာနဲ့ သူမ ဂိမ်းကနေ ထွက်သွားဖို့ စဉ်းစားတော့မှာ မဟုတ်တော့ဘူး။" သူက ထပ်ပြောလိုက်သည်။
"ဖယ်ရှားတာလား။ ငါ အစကတည်းက အဲ့လိုလုပ်ဖို့ ရည်ရွယ်ချက် မရှိခဲ့ဘူး။ သူတို့ရဲ့ ဝယ်ယူနိုင်စွမ်းက အားကောင်းတယ်။ ဒီမစ်ရှင် တစ်ခုတည်းမှာတောင် လျှို့ဝှက် လူသားက မှော်ကျောက်တုံး ရာပေါင်းများစွာ လှူဒါန်းခဲ့တယ်။ သူတို့ အသုံးဝင်နေတုန်းပဲလို့ ငါ ခံစားမိတယ်။ တကယ်တမ်း စက်ရုံက ဒီလို အလုပ်သမားမျိုး လိုအပ်တယ်။" ရှားလော့ခ်က ဘရုအား ရှင်းပြခဲ့သည်။
"ဒါပေမဲ့ အရှင်ရှားလော့ခ်၊ ကျွန်တော်တို့ သူတို့ကို မဖယ်ရှားခဲ့ရင် မိုးလက်ဖက်ရည်ရဲ့ ကိစ္စ ဒီအတိုင်း ပြီးဆုံးသွားမှာလား။" ဘရုက စိုးရိမ်စွာ မေးလိုက်သည်။
"အမှန်တရားကို ထုတ်ဖော်ဖို့ အရာအားလုံးကို ပြင်ဆင်ရတာ အရှင့် အတွက် မလွယ်ကူခဲ့ဘူး။ အရှင် အဲ့ဒီမကောင်းဆိုးဝါးတွေကို အပြစ်ပေးမှာ မဟုတ်ဘူးလား။ အရှင် သူတို့ကို မဖယ်ရှားခဲ့ရင် ဘာဖြစ်လာမလဲဆိုတာ သေချာသိမှာပဲ။"
"ဟုတ်ပါတယ်။ သူတို့က သူတို့ရဲ့ အသရေဖျက် လှုပ်ရှားမှုကို ဆက်လက် လုပ်ဆောင်ပြီး အာသာကို ပူးပေါင်း ကြံစည်မယ် ဒါမှမဟုတ် အတုအယောင် သက်သေ အထောက်အထားတွေ ဖန်တီးတယ်လို့ စွပ်စွဲ ကြလိမ့်မယ်။"
"သူတို့ အရှင့်ရဲ့ အကျိုးစီးပွားတွေကို လုံးဝ နီးပါး ပျက်စီးစေခဲ့ပြီး ဆက်လက် ထိခိုက်စေ လိမ့်ဦးမယ်။ ဒါက အရှင့်ရဲ့ ပုံမှန် ကိုင်တွယ်ဖြေရှင်းတဲ့ ပုံစံနဲ့ မတူဘူး။" ဘရုက ယုံကြည်ချက် ရှိရှိ ပြောလိုက်သည်။
"ငါ့ ပုံစံလား။ မင်း နားလည်မှု လွဲနေတာ ဖြစ်မယ်။ ငါက ငိုနေတဲ့ အားနည်းသူတွေကို ကာကွယ်ပေးတဲ့ ဖြောင့်မတ်တဲ့ သူရဲကောင်း တစ်ယောက် မဟုတ်ဘူး။ ငါ ဒါတွေ အားလုံးကို မိုးလက်ဖက်ရည်ရဲ့ နာမည်ကို ရှင်းလင်းပေးဖို့ ဒါမှမဟုတ် ကျူးလွန်သူတွေကို အပြစ်ပေးဖို့ လုပ်ဆောင်နေတာလည်း မဟုတ်ဘူး။ ငါက မိုးလက်ဖက်ရည်ကို ဂိမ်းထဲမှာ ဆက်ရှိနေပြီး သူမရဲ့ အလားအလာကို အပြည့်အဝ အသုံးချ နိုင်ဖို့ပဲ လိုအပ်တယ်။"
ရှားလော့ခ်သည် ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့၏ နားနေခန်းကို ပြသနေသော မျက်နှာပြင်ကို ကြည့်လိုက်သည်။ ထိုအတွင်း၌ ဂိမ်းမာတစ်ဦး သူမ၏ ကုသရေး မာနာစွမ်းရည်များကို အသုံးပြုနေပြီး အာသာ၏ အဖွဲ့ဝင် ၅ ဦးပါ အဖွဲ့ကို စိတ်ဓာတ် မြှင့်တင် ပေးနေခဲ့သည်။
"ငါ့ဘက်က လုပ်ပေးနိုင်တာ လုပ်ပေး ပြီးသွားပြီ။ ကျိုးကြေသွားတဲ့ ပန်းအိုး တစ်လုံး ဘယ်တော့မှ အကောင်းအတိုင်း ပြန်မဖြစ်နိုင်ဘူး၊ ဒါကြောင့် ပန်းအိုး မဖြစ်တော့တာက ပိုကောင်းတယ်။ ပျက်စီးသွားတဲ့ ဂုဏ်သတင်း အတွက် ညည်းညူနေရုံနဲ့ အကျိုး မရှိဘူး၊ အဲ့ဒါကို ပြန်လည် တည်ဆောက်နိုင်တယ်။ ငါ ဝန်ခံဖို့ ဆန္ဒမရှိပေမဲ့ သူတို့ချင်း ခင်မင်မှုရဲ့ စွမ်းအားကို ငါ အံ့ဩမိတယ်။"
"အရှင်ရှားလော့ခ်... အရှင့်က နတ်ဆိုးတစ်ပါးလား။"
"ဟုတ်တယ်။" ရှားလော့ခ်က ပြုံးလိုက်ပြီး "ငါက အထက်တန်းစား နတ်ဆိုးတစ်ပါးပဲ။"ဟု ပြောလိုက်သည်။
...
ဖယ်ရီမလေးကို ကယ်တင်သည့် ဇာတ်လမ်း သုံးရက် အကြာတွင် ပြီးဆုံး သွားခဲ့သည်။ ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့သည် တိုက်ပွဲ နှစ်ခု အနိုင်ရပြီးနောက် ချန်အန်းမြို့ကို အနိုင်ယူခဲ့ပြီး သူတို့ ဖယ်ရီမလေးကို လွှတ်ပေး ခဲ့ကြသည်။
ပေါက်ကြားခဲ့သော ဗီဒီယိုတွင် ပါဝင်သော လျှို့ဝှက် လူသားသည် ဂိမ်းမာများ၏ စစ်ဆေး မေးမြန်းခြင်းကို ခံခဲ့ရသည်။ စိတ်တိုလွယ်သော ဂိမ်းမာ အချို့ဆိုလျှင် ချန်အန်းမြို့မှ အဖွဲ့ဝင် အားလုံးကို တောရိုင်းထဲတွင် သတ်ဖြတ်မည်ဟု ကျိန်ဆို ခဲ့ကြသည်။ ဒေါသထွက်နေသော အဖွဲ့ဝင် များစွာလည်း ချန်အန်းမြို့မှ ထွက်ခွာ သွားခဲ့ကြပြီး သူတို့ ရရှိခဲ့သော အကျိုးကျေးဇူးများကို ပြန်လည် ပေးအပ်လိမ့်မည် မဟုတ်ပေ။
မိုးလက်ဖက်ရည်အပေါ် အသရေဖျက် လှုပ်ရှားမှုမှာ လျော့ပါးသွားခဲ့သည်။ အာသာ၏ ဝင်ရောက် စွက်ဖက်မှုကြောင့် ကောလာဟလ ဖြန့်ဝေသူ အရေအတွက်မှာ သိသိသာသာ လျော့နည်း သွားခဲ့သည်။ ဂိမ်းမာများသည် ယခုအခါ လျှို့ဝှက် လူသား၏ မကောင်းမှုများကို အာရုံစိုက် နေကြသည်။
မိုးလက်ဖက်ရည် ရှေ့ဆောင်လမ်းပြ မဟာမိတ်အဖွဲ့သို့ ပြန်လည် ဝင်ရောက်ပြီးနောက် သူမသည် အခြားဂိမ်းမာများ နှင့်အတူ ပင့်ကူဂူကို စူးစမ်းရှာဖွေရန် ပူးပေါင်း ခဲ့သည်။ ခုန်ပေါက်နေသော ပင့်ကူများကို မျက်မြင် တွေ့ရှိသည့်အခါ သူမ ကြောက်ရွံ့တုန်လှုပ်စွာ အော်ဟစ် နေခဲ့သည်။ သို့သော် မိုးလက်ဖက်ရည်သည် ပိုမို ကြွယ်ဝသော ဂိမ်းကစားမှု အတွေ့အကြုံ ရရှိနေခဲ့ပြီး သူမ၏ သူငယ်ချင်းများနှင့် ပိုမို ရင်းနှီးသောဆက်ဆံရေး တည်ဆောက်နိုင် ခဲ့သည်။
ဖယ်ရီမလေးကို လွှတ်ပေးပြီးနောက် အရှင်ရှားလော့ခ်သည် ဤဖြစ်စဉ်ကို နောက်ထပ် အာရုံမစိုက်ခဲ့တော့ချေ။ သူသည် ပိုလီယို၊ ဖိုးဉာဏ်ကျယ်နှင့် ကြက်ဥခေါင်းတို့ကို နီကိုလပ်စ်၏ ရုံးခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။
သူ မီးတောင်နက် ဖြစ်စဉ်ကို ကိုင်တွယ် ဖြေရှင်းတော့မည် ဖြစ်သည်။