← Chapters

မျှော်လင့်ချက်မဲ့ခြင်း

Vol. 19 Ch. 244

မျှော်လင့်ချက်မဲ့ခြင်း

Vol. 19 Ch. 244

ဝုန်း...

အလွန်ကျယ်လောင်သော လေတိုးသံတစ်သံ ထွက်ပေါ်လာခဲ့၏။ ရုတ်တရက် အံ့အားသင့်သွားသော လုံခြုံရေးဝန်ထမ်းများနှင့် အသက်ရှင်ကျန်ရစ်သူများသည် ထိုအသံ ထွက်ပေါ်လာရာ အရင်းအမြစ်ကို ရှာဖွေလိုက်ကြသည်။ မည်သည့်အရာမှမတွေ့သည့်အဆုံး ၎င်းတို့သည် မိခင်သင်္ဘောသုံးစီး၏ အထက်ကောင်းကင်ယံဆီသို့ တစ်ညီတစ်ညွတ်တည်း မော့ကြည့်လိုက်ကြ၏။

ဧရာမအရိပ်ကြီးတစ်ခုသည် တိမ်တိုက်တွေကြားထဲမှ တိုးထွက်လာပြီး အနီရောင်လျှပ်စီးကြောင်းတစ်ခုကဲ့သို့ အလွန်လျင်မြန်စွာဖြင့် မိခင်သင်္ဘောသုံးစီးဆီသို့ တည့်တည့်မတ်မတ် ထိုးဆင်းလာနေသည်။

ထိုသားရဲသည် မယုံနိုင်လောက်အောင် လျင်မြန်၏။ ၎င်းကို မြင်တွေ့ရစဉ်က အနီရောင်အလင်းကြောင်းအဖြစ်သာ မြင်နိုင်ခဲ့သော်လည်း ၎င်းနှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ လူတိုင်းသည် ၎င်းသားရဲ၏ အသွင်အပြင်ဟာ တဖြည်းဖြည်း ပိုမို ထင်ရှားလာခဲ့သည်။

ထိုသားရဲသည် နဂါးနှင့် အလွန်ဆင်တူ၏။ အနည်းငယ် ကွဲပြားသည်ကလွဲ၍ ၎င်းသည် အနောက်တိုင်းနဂါးနှင့် မကွဲပြားပေ။

မည်သည့်အရာကွဲပြားနေသည် ဆိုရသော် ၎င်းသားရဲ၏ အတောင်ပံတွေကို ကြည့်ကာ သိနိုင်သည်။ ၎င်း၏ အတောင်ပံသည် ရိုးရာနဂါး အတောင်ပံများနှင့်မတူဘဲ လိပ်ပြာအတောင်ပံနှင့် ဆင်တူသည်။ အတောင်ပံသည် ပို၍ ညွှတ်ကွေးကာ ဦးခေါင်းအမြင့်ထက်ပင် အနည်းငယ် ကြီးမား၏။ ထိုမျှသာပင် မဟုတ်သေးဘဲ ၎င်းတွင် တွဲဆက်လျက်ရှိသည့် သေးငယ်သော အတောင်ပံတစ်ခုလည်း ရှိသေးသည်။

ထို့အပြင် ၎င်း၏ အမြီးသည် တကွဲတပြားချိတ်ဆက်လျက်ရှိသည်။ ဤအချက်နှစ်ချက်မှလွဲ၍ ၎င်းသားရဲသည် အနောက်တိုင်းနဂါးနှင့် လုံးဝဆင်တူ၏။ ၎င်း၏ ဦးခေါင်း၊ ခြေလက်နှင့် ခန္ဓာကိုယ်သည် အခြေခံအားဖြင့် အနောက်တိုင်းနဂါး၏ ပုံစံအတိုင်းပင် ဖြစ်သည်။

၎င်းသားရဲ၏ အရေပြားက အနီရောင် ဖြစ်သည်။ အဝေးမှကြည့်လိုက်လျှင် မီးတောက်မီးလျှံကဲ့သို့ ထင်ရကာ အလျား မီတာသုံးရာရှိသော ခန္ဓာကိုယ်ဖြင့် အရှိန်အဟုန်နှင့် ထိုးဆင်းလာသောအခါတွင် မီးတောက်နေသော ဥက္ကာခဲတစ်ခုလို့ ထင်ရသည်။

"အို... Avatar ရုပ်ရှင်ထဲက တိုးရွတ်နဲ့ အတော်ဆင်တာပဲ"

ဖန့်ရန်သည် မိခင်သင်္ဘောသုံးစီးဆီသို့ ထိုးဆင်းလျက်ရှိသော သားရဲကို ကြည့်ကာ 'Avatar' ရုပ်ရှင်ထဲက နဂါးနှင့် ဆင်တူသော တိုးရွတ်ကို သတိရလိုက်သည်။

မှန်ပေ၏။ အရွယ်အစားကွာဟချက်အရ နှိုင်းယှဉ်စရာပင် မလိုပေ။ ၎င်းတို့ကြား ကွာဟချက်သည် ငှက်တစ်ကောင်နှင့် လေယာဉ်တစ်စင်းလိုပင် ဖြစ်သည်။ ထို့အပြင် ဤသားရဲ၏ ခြေသည်းတွေက တိုးရွတ်ထက် အနည်းငယ် ပိုကြီးသည်။

"ဂရား..."

နဂါးအသွင် ကိုင်းဂျူး သားရဲ၏ ပါးစပ်ကနေ နားကွဲလုမတတ် ကျယ်လောင်သော ဟိန်းဟောင်သံတစ်ခု ထွက်ပေါ်လာသည်။

မိခင်သင်္ဘောများဆီသို့ အရှိန်အဟုန်ဖြင့် ထိုးဆင်းလာနေစဉ် သားရဲသည် ၎င်း၏ ခန္ဓာကိုယ်ကို အနည်းငယ် ချိန်ညှိလိုက်ပြီး ဧရာမခြေသည်းများဖြင့် အောက်ဘက်ရှိ မိခင်သင်္ဘောတွေဆီသို့ ချိန်ရွယ်လိုက်သည်။

ထိုအချိန်မှာပင် မိခင်သင်္ဘောသုံးစင်းပေါ်ရှိ လူတိုင်းသည် ၎င်းတို့အထက်ရှိ ထိုသားရဲအား သတိပြုမိလိုက်ကြသည်။

ဗိုလ်ကြီးသည် ချက်ချင်းပင် တုံ့ပြန်လိုက်သည်။ သူသည် ဒုံးကျည်တွေကို ပစ်လွှတ်ဖို့ရန် အမိန့်ပေးဖို့ အချိန်မရတော့သောကြောင့် သူသည် အလိုအလျောက် ပစ်မှတ်ထားခလုတ်ကို နှိပ်လိုက်ကာ လေယာဉ်ပစ်သေနတ်တွေကို အသက်သွင်းလိုက်သည်။

ပစ်ခတ်ပြွန်သည် ရွေ့လျားသွားပြီး ကောင်းကင်ယံရှိ နဂါးအသွင် ကိုင်းဂျူး သားရဲကို ပစ်မှတ်ထား လော့ချလိုက်သည်။ ထိုနောက် မီးပွား၊ နားအူဖွယ်အသံများနှင့်အတူ ကျည်ဆန်မိုးသည် ကောင်းကင်ယံရှိ သားရဲဆီသို့ ပစ်ခတ်ပြွန်မှထွက်ကာ တိုးဝင်သွား၏။

ဒတ်.. ဒတ်.. ဒတ်.. ဒတ်..

လေယာဉ်ပစ်သေနတ်တွေ၏ စွမ်းအားက အလွန်ကြီးသည်။ အထူးသဖြင့် ဤမိခင်သင်္ဘောအပေါ်တွင် တပ်ဆင်ထားသော လေယာဉ်ပစ်သေနတ်တွေပင် ဖြစ်သည်။ ၎င်းသေနတ်တွေ၏ ပစ်ခတ်အားသည် တစ်မိနစ်လျှင် ကျည်တစ်သောင်းခွဲဖြစ်ပြီး ကျည်ဆံတစ်ခုစီသည် ကိုင်းဂျူး သားရဲတွေကို တိုက်ခိုက်ရန်အတွက် အထူးပြုလုပ်ထားခြင်း ဖြစ်သည်။

အလွန်စွမ်းအားကြီးသော ကျည်ဆံများသည် နဂါးအသွင် ကိုင်းဂျူး သားရဲ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွား၏။ သို့သော် မျှော်လင့်ထားသော အသားနှင့်သွေးများ ထွက်ပေါ်လာသည့် မြင်ကွင်း မရှိဘဲ မီးပွားအချို့နှင့် သံမဏိချင်း တိုက်မိသံကဲ့သို့ အသံများသာ ပေါ်လာခဲ့သည်။

ဘုန်း...

ကျည်ဆံမိုးကို ခံနိုင်ရည်ရှိခဲ့သော နဂါးအသွင် ကိုင်းဂျူး သားရဲသည် နောက်အခိုက်အတန့်တွင် ၎င်း၏ ခြေသည်းများဖြင့် မိခင်သင်္ဘောဆီသို့ ပြင်းထန်စွာ စိုက်ချလာခဲ့ရာ ဧရာမ တုန်ခါမှုလှိုင်းတစ်ခုသည် ထွက်ပေါ်လာခဲ့ပြီး အလွန်ဝေးကွာသော အကွာအဝေးအထိ ပျံ့နှံ့သွားခဲ့၏။

ဧရာမမိခင်သင်္ဘောသည် ကြမ်းတမ်းစွာ တုန်ခါလာခဲ့ပြီး ဝေဟင်ကနေ မြေပြင်ဆီသို့ ဖိနှိပ်ခံခဲ့ရသည်။ ဧရာမမိခင်သင်္ဘော၏ အင်ဂျင်များသည် ကျယ်လောင်စွာ လည်ပတ်နေပြီး မြေပြင်ပေါ်သို့ မကျရောက်စေရန် ရုန်းကန်နေကြသည်။

"သေစမ်း.. အဲ့ဒါ ဘာသားရဲလဲ..."

၎င်းမိခင်သင်္ဘောအတွင်းရှိ လူများစွာက ထိတ်လန့်တကြား အော်ဟစ်နေကြသည်။ လူအချို့သည် ၎င်းတို့၏ ဦးခေါင်းများကို ဖုံးထားကာ ကြောက်ရွံ့မှုဖြင့် တုန်ယင်နေကြသည်။

"မြန်မြန်လေး... ဒီသားရဲကို သတ်ကြ"

ဗိုလ်ချုပ်ကြီးက အပြင်းအထန် အော်ဟစ်လိုက်သည်။ သူ၏ အနောက်ဘက်က စစ်သားများသည် အပြင်သို့ ပြေးထွက်ပြီး စက်သေနတ်များဖြင့် နဂါးအသွင် ကိုင်းဂျူး သားရဲကို တိုက်ခိုက်လိုက်ကြသည်။

ကျည်ဆန်မိုးသည် နဂါးအသွင် ကိုင်းဂျူး သားရဲ၏ အကြေးခွံတွေနှင့်သာ တိုက်မိသွားသော်လည်း မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိပေ။

"ဂရား..."

နဂါးအသွင် ကိုင်းဂျူး သားရဲဟာ ရုတ်တရက် ၎င်း၏ ပါးစပ်ကိုဟကာ သူ့အား တိုက်ခိုက်နေသော စစ်သားများအား ကျယ်လောင်စွာ ဟိန်းဟောင်လိုက်ပြီးနောက် အတောင်ပံများကို ခတ်ကာ ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။

"မလုပ်နဲ့"

နဂါးအသွင် ကိုင်းဂျူး သားရဲ၏ ပါးစပ်တွင် အဖြူရောင် အလင်းများစုဝေးလာသည်ကို မြင်လိုက်ရသော ဗိုလ်ချုပ်ကြီးသည် အသည်းအသန် အော်ဟစ်လိုက်၏။ သူသည် လွတ်မြောက်ရန် အလိုငြား ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း အရာအားလုံးက အချည်းနှီးပင်။

နဂါးအသွင် ကိုင်းဂျူး သားရဲသည် ၎င်း၏ ပါးစပ်ကိုဟကာ ဧရာမအလင်းတန်းတစ်ခုကို ဗိုလ်ချုပ်ကြီးနှင့် အခြားစစ်သားများ ရှိရာဆီသို့ တည့်တည့်မတ်မတ် ပစ်လွှတ်လိုက်သည်။

ဗုန်းးး.....

မိခင်သင်္ဘော၏ ထိန်းချုပ်ရေးစခန်းသည် ကြောက်မက်ဖွယ်ကောင်းသော အပူချိန်နှင့် လေဆာတန်း၏ ဖျက်ဆီးနိုင်စွမ်းကို မခုခံနိုင်ဘဲ ပေါက်ကွဲသွားသည်။

၎င်း၏ အကျိုးဆက်အနေဖြင့် ဘေးနှစ်ဖက်တွင် လည်ပတ်နေသော အင်ဂျင်များသည် ရုတ်တရက် လည်ပတ်ခြင်း ရပ်တန့်သွားကာ ဧရာမမိခင်သင်္ဘောသည် တစ်ကီလိုမီတာကျော် အမြင့်မှ မြေပြင်ဆီပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

"အားးး"

မြေပြင်စခန်းရှိ အသက်ရှင်ကျန်ရစ်သူများနှင့် လုံခြုံရေးဝန်ထမ်းများသည် ထိတ်လန့်တကြား အသံကုန် အော်ဟစ်လိုက်ကြသည်။

သို့သော် ၎င်းတို့၏ အော်ဟစ်သံများသည် မိခင်သင်္ဘော၏ ကျဆုံးခြင်းကို မထိခိုက်စေခဲ့ပေ။ စက္ကန့်အနည်းငယ်အကြာတွင် ကျယ်လောင်သော အသံများနှင့်အတူ မိခင်သင်္ဘောသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး ၎င်းက ကျိုးပဲ့ပျက်စီးသွားခဲ့သည်။

ဘုန်း.... ဘုန်း....

ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ ဖုန်မှုန့်တိမ်တိုက်တစ်ခုသည် ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ၎င်းနှင့်အတူ ဧရာမမီးတောက်တစ်ခုက လိုက်ပါသွားသည်။

စခန်းအတွင်းရှိ လူတိုင်းသည် ထိုမြင်ကွင်းအား ငေးကြည့်နေကြသည်။ ငရဲဘုံမှ ကောင်းကင်ယံသို့ ထို့နောက် ကောင်းကင်ယံမှ ငရဲဘုံသို့ ပြန်လည်ရောက်ရှိသွားခြင်းသည် လူတိုင်းအား ငေးကြောင်ကာ အသက်မဲ့သွားစေခဲ့သည်။

ကယ်တင်ခံရတော့မည့်အချိန်တွင် ဤသို့ဖြစ်ပျက်လာလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ပေ။

"ဒါ... ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

လူအုပ်ထဲတွင် ရှိနေသော လော်ယန်သည် စခန်းနှင့် မီးတောက်များအား ငေးကြည့်ကာ ရေရွတ်မိလိုက်သည်။ သူ၏ နှလုံးသားထဲက ပျော်ရွှင်မှုသည် ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ကယ်တင်ခံရတော့မည့် ပျော်ရွှင်မှုမှ သေလုမြောပါး မျှော်လင့်ချက်ကင်းမဲ့ခြင်းဟူသော စိတ်ခံစားမှုလှိုင်းကို သူနှင့် အခြားသူများသည် တွေ့ကြုံခံစားခဲ့ရသည်။ ယခုအခါတွင် လူတိုင်း၌ မျှော်လင့်ချက်ကင်းမဲ့မှုသာ ကျန်ရှိနေသည်။

"ဂရားး..."

နဂါးအသွင် ကိုင်းဂျူး သားရဲ၏ ဟိန်းဟောင်သံသည် ကောင်းကင်နှင့် မြေပြင်ကို ဖြတ်ကျော်၍ ထွက်ပေါ်လာပြီး ဖုန်မှုန့်တိမ်တိုက်ကို လွင့်စင်စေသည်။ ဧရာမသားရဲသည် ၎င်း၏ အတောင်ပံများကို ခတ်လိုက်ပြီး ကောင်းကင်ယံသို့ ပျံတက်သွားသည်။

"အဲ့တာ ဘာသားရဲလဲ"

လော်ယန်၏ နံဘေးက အရပ်ပုပု ယန်ဖေ့သည် ထိတ်လန့်တကြား မေးလိုက်သည်။

"ကိုင်းဂျူး သားရဲ၊ အဆင့် ၅ ကိုင်းဂျူး သားရဲတွေထက် ပိုအားကောင်းတဲ့ ကိုင်းဂျူး သားရဲအမျိုးအစားသစ် တစ်မျိုး ဖြစ်ရမယ်"

လီဇီသည် ကောင်းကင်ယံတွင် ပျံသန်းနေသော ဧရာမသားရဲကို ကြည့်လိုက်ပြီး သူ၏ ခန့်မှန်းချက်ကို ပြောလိုက်သည်။

ဝီး... ဝီး...

ဗုန်း... ဗုန်း...

လေထဲတွင် မိခင်သင်္ဘော အငယ်စား နှစ်စီးက ၎င်းတို့၏ အင်ဂျင်တွေကို လည်ပတ်နေပြီးနောက် ကောင်းကင်ယံရှိ သားရဲဆီသို့ ပဲ့ထိန်းဒုံးကျည်များစွာကို ပစ်လွှတ်လိုက်သည်။

"ဂရားး..."

နဂါးအသွင် ကိုင်းဂျူး သားရဲသည် ကျယ်လောင်စွာ ဟိန်းဟောင်လိုက်ပြီးနောက် ထူးဆန်းသော စွမ်းအင်လှိုင်းတစ်ခုသည် ၎င်း၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာကာ ပတ်ဝန်းကျင်အနှံ့အပြားသို့ အလွန်လျင်မြန်စွာဖြင့် ပျံ့နှံ့သွားခဲ့သည်။

"လျှပ်စစ်သံလိုက်လှိုင်းလား"

ဖန့်ရန်သည် လျှပ်စစ်လှိုင်းအတက်အကျအပေါ်တွင် အလွန်အမင် အာရုံခံစားလွယ်သောကြောင့် နဂါးအသွင် ကိုင်းဂျူး သားရဲသည် လျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှတ်လိုက်သည်ကို ချက်ချင်းပင် သိရှိလိုက်သည်။

"အား..."

ကျယ်လောင်သော အော်ဟစ်သံများသည် မိခင်သင်္ဘောနှစ်စီးဆီက ထွက်ပေါ်လာသည်။ မိခင်သင်္ဘောနှစ်စင်း၏ အင်ဂျင်များသည် ၎င်းတို့၏ အလုပ်လုပ်ခြင်း ရုတ်တရက် ရပ်တန့်သွားသောကြောင့် ၎င်းတို့သည် တဖြည်းဖြည်း ပျက်ကျစပြုလာသည်။

မိခင်သင်္ဘော နှစ်စီးသည် နဂါးအသွင် ကိုင်းဂျူး သားရဲနှင့် အနည်းဆုံး သုံးကီလိုမီတာ အကွာအဝေးတွင် ရှိနေသော်လည်း ၎င်းတို့သည် နဂါးအသွင် ကိုင်းဂျူး သားရဲ၏ လျှပ်စစ်သံလိုက်လှိုင်းထုတ်လွှင့်ရာ အကွာအဝေးအတွင်းတွင် တည်ရှိနေသည်။

မိခင်သင်္ဘောနှစ်စင်းပေါ်ရှိ အီလက်ထရွန်းနစ် ကိရိယာအားလုံးသည် ထိုအခိုက်အတန့်တွင် ပျက်စီးသွားပြီး မီးတောက်များ လောင်ကျွမ်းလာခဲ့၏။

အမှန်တွင် အမေရိကန်တို့သည် လျှပ်စစ်သံလိုက်လှိုင်း တိုက်ခိုက်မှုများအတွက် အထူးဒီဇိုင်းထုတ်ထားသော floating လက်နက်ကို ကြိုတင်ပြင်ဆင်ထားခဲ့သည်။

သို့သော် ၎င်းတို့သည် ရုတ်တရက် ဆန်သော တိုက်ခိုက်မှုအတွက် floating လက်နက်တွေကို အသုံးပြုရန် အခွင့်အရေးပင် မရလိုက်ပေ။

ထို့အပြင် ၎င်းတို့သည် ဤပျံသန်းနိုင်သည့် ကိုင်းဂျူး သားရဲပေါ်လာလိမ့်မည်ဟု ထင်မထားခဲ့သလို၊ ၎င်းက ရုတ်တရက်ဆန်စွာ မိခင်သင်္ဘောတွေကို တိုက်ခိုက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ဘုန်း... ဘုန်း... ဘုန်း...

လျှပ်စစ်သံလိုက်လှိုင်းသည် ပဲ့ထိန်းဒုံးကျည်အားလုံးကို ကြိုတင်ပေါက်ကွဲစေခဲ့ပြီး ကောင်းကင်ယံကို အနီရောင် ဆိုးလိုက်သည်။

မိခင်သင်္ဘောနှစ်စီးသည် ပျက်ကျခဲ့၏။ ကံကောင်းထောက်စွာဖြင့် ၎င်းနှစ်စင်းသည် စခန်းဆီသို့ မကျရောက်ခဲ့ပေ။ ထိုကြောင့်ပင် အသက်ဆုံးရှုံးမှုများစွာကို လွတ်ကင်းစေခဲ့သည်။

သို့သော်လည်း စခန်းအတွင်းရှိ အသက်ရှင်ကျန်ရစ်သူများသည် ပျော်ရွှင်သွားခြင်း မရှိပေ။ ၎င်းတို့သည် အပျက်အစီးများကို မျှော်လင့်ချက်မဲ့စွာ ငေးကြည့်နေကြပြီး အချို့သည်တော့ ငိုယိုအော်ဟစ်နေကြ၏။

"ပြီးသွားပြီ၊ အားလုံးသေသွားပြီး၊ ဒီတစ်ကြိမ်တော့ တကယ် ပြီးပြီ"

ထိုအချိန်မှာပင် ကံဆိုးလှသော ဤလူတို့ဆီသို့ နောက်ထက်ကံဆိုးမှုတစ်ခုက ချည်းကပ်လာခဲ့တော့၏။ အထက်မိုးကောင်းကင်ရှိ မိုးတိမ်များထက်မှ နောက်ထက် ဧရာမအရိပ်မဲများသည် တည့်မတ်စွာ ထိုးဆင်းလာခဲ့သည်။

.....

All Chapters