ဂြိုလ်သားများ
Vol. 19 Ch. 245
ဖန့်ရန်၏ မျက်လုံးများသည် ကောင်းကင်ယံရှိ နဂါးအသွင် ကိုင်းဂျူး သားရဲ၏ အထက်တိမ်တိုက်များထက်သို့ စိုက်ကြည့်လိုက်သည်။ မိုးတိမ်များထဲမှ ဝေဟင်တွင် ပျံဝဲနိုင်သော သားရဲများစွာ ထွက်ပေါ်လာသည်။
၎င်းသားရဲအားလုံးသည် နဂါးအသွင် ကိုင်းဂျူး သားရဲနှင့် အသွင်အပြင်အားဖြင့် တူညီကြသည်။
သို့သော် ၎င်းတို့၏ ခန္ဓာကိုယ်သည် ပိုမိုကျစ်လစ်ပြီး အကြေးခွံ အရောင်သည် အပြာရောင်ရှိကာ အစက်အပြောက်များစွာ ပါရှိ၏။
၎င်းသားရဲများ၏ အများစုသည် အနောက်တိုင်း နဂါးများနှင့်ဆင်တူကာ အရွယ်အစား အမျိုးမျိုးရှိသည်။ အသေးဆုံး သားရဲသည် မီတာ သုံးဆယ်ခန့်ရှိကာ နဂါးအသွင် ကိုင်းဂျူး သားရဲထက် သေးငယ်ပြီး ၎င်းအရေအတွက်က များပြားလှ၏။
အခြားတစ်ဖက်က အကြီးဆုံး သားရဲသည်တော့ မီတာ နှစ်ရာခန့်ရှိကာ အရေအတွက်မှာ အလွန်နည်းပါးသည်။
ဖန့်ရန်သည် နဂါးကဲ့သို့ သားရဲများစွာကို တအံ့တသြ ငေးကြည့်နေမိသည်။ ၎င်းသားရဲများ၏ အရေအတွက်သည် ရာဂဏန်းခန့်ရှိကာ ကောင်းကင်ယံကို အမှောင်ဖုံးထားစေခဲ့၏။ သို့သော် ၎င်းက သူ့အား အံ့သြတသင့် ဖြစ်စေခဲ့သော အရာ မဟုတ်ပေ။
သူ့အား အမှန်တကယ် အံ့အားသင့်စေခဲ့သည်က ၎င်းသားရဲတွေ၏ ကျောပေါ်တွင် ရပ်နေကြသော လူသားသဏ္ဍာန်ရှိသည့် သတ္တဝါများပင် ဖြစ်သည်။
"Avatar ရုပ်ရှင်ထဲက နာဗီတွေလား.... မဟုတ်သေးဘူး။ သူတို့နဲ့ မတူဘူး"
ဖန့်ရန်သည် ထိုသတ္တဝါများအား အံ့အားသင့်စွာ စိုက်ကြည့်နေခဲ့သည်။ ထိုသတ္တဝါများသည် Avatar ရုပ်ရှင်ထဲက နာဗီလူမျိုးများနှင့် အလွန်ဆင်တူသော်လည်း ကွဲပြားမှုအချို့ ရှိ၏။
Avatar ရုပ်ရှင်ထဲက နာဗီလူမျိုးများသည် အရပ်ရှည်ကာ အမြီး၊ ကျစ်ဆံမှီးသဖွယ် ဆံပင်၊ မျက်လုံးကြီးများနှင့် အပြာရောင် အသားအရေ ရှိသည်။ သို့သော် ထိုသတ္တဝါများသည် အရပ်ရှည်သော်လည်း ၎င်းတို့၏ အသားအရေသည် ရောင်ပြန်နေသည့် အနက်ရောင် ဖြစ်သည်။
ထို့အပြင် ၎င်းတို့သည် ခန္ဓာကိုယ်သွယ်လျသော နာဗီများနှင့် မတူဘဲ ၎င်းတို့၏ ခန္ဓာကိုယ်သည် ကြီးမားကြံခိုင်ကာ ကြွက်သားများလည်း ရှိ၏။ ထို့အပြင် ၎င်းတို့၏ ဦးခေါင်းတွင် နားရွက်နှင့် နှာခေါင်းမရှိဘဲ ပါးစပ်နှင့် မျက်လုံးနှစ်လုံးသာ ရှိပေသည်။
ထိုမျက်လုံးတွေကလည်း အနည်းငယ် ထူးဆန်းပြီး သူငယ်အိမ် မရှိဘဲ ကျောက်မျက်ရတနာနှစ်ခုကို တပ်ဆင်ထားသကဲ့သို့ ဖြစ်ကာ ဂြိုလ်သား ရုပ်ရှင်တွေထဲက ဂြိုလ်သားများနှင့်ပင် ဆင်တူနေတော့၏။
အထူးအဖြစ် ၎င်းသတ္တဝါများ၏ ကြောက်မက်ဖွယ်ရာအကောင်းဆုံး အချက်မှာ ၎င်းတို့၏ လွှာသွားသဖွယ် ထက်ရှသော သွားများပင် ဖြစ်သည်။
ဖန့်ရန်သည် ထူးဆန်းသော လူသားသဏ္ဍာန်ရှိသည့် သတ္တဝါများကို ကြည့်ရင်းဖြင့် ၎င်းတို့သည် "ဗီနွံ" နှင့် အလွန်ဆင်တူသည်ဟု ခံစားလိုက်ရသည်။
(Spider Man 3 (2007). ထဲမှာ ဗီနွံ (Venom) ပါဝင်ပါတယ်။ ဗီနွံက အရည်သက်ရှိဂြိုလ်သားဖြစ်ပြီး အိမ်ရှင်ရဲ့ စရိုက်ကို ကြီးစိုးနိုင်ပါတယ်)
လူသားသဏ္ဍာန်ရှိသည့် သတ္တဝါများသည် ၎င်းတို့၏ ကျယ်လောင်သော ပါးစပ်ကိုဟကာ ရှည်လျားသော လျှာများကို ထုတ်ထားသည်။ ၎င်းတို့သည် လျှာများကို ပျို့အန်ချင်စိတ် ဖြစ်ပေါ်စေမည့် ပုံစံဖြင့် လိမ်ယှက်နေကြသည်။
ထိုသတ္တဝါများ၏ ရုတ်တရက် ပေါ်လာခြင်းသည် စခန်းအတွင်းရှိ အသက်ရှင်ကျန်ရစ်သူများကို ထိတ်လန့်တုန်လှုပ်စေခဲ့၏။
"ဂြိုလ်သားတွေလား"
လော်ယန်၊ ရှောင်လန်နှင့် စခန်းအတွင်းရှိ အသက်ရှင်ကျန်ရစ်သူများသည် လူသားသဏ္ဍာန်ရှိသည့် သတ္တဝါများကို ကြောက်ရွံ့မှုများဖြင့် စိုက်ကြည့်နေခဲ့သည်။
လွန်ခဲ့သော နှစ်အနည်းငယ်က ဂြိုလ်သား ကောလဟာလသည် အင်တာနက်ပေါ်တွင် အလွန်ရေပန်းစားခဲ့ပြီး၊ ကိုင်းဂျူး သားရဲများနှင့် သန္ဓေပြောင်း သားရဲများသည် ဂြိုလ်သားများ၏ ရှေ့ပြေးတပ်သားများ ဖြစ်ရမည်ဟု ဆိုခဲ့ကြသည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ ထိုကောလဟာလနှင့် သီအိုရီသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။ ဤသို့ဖြင့် ကိုင်းဂျူး သားရဲများနှင့် သန္ဓေပြောင်း သားရဲများ ပျောက်ကွယ်သွားချိန်တွင် ထိုကောလဟာလက ပို၍ပင် ငြမ်သက်သွားခဲ့သည်။
ထိုကြောင့်ပင် ဂြိုလ်သားတွေက အမှန်တကယ်ပေါ်လာလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ပေ။ ထို့အပြင် ၎င်းတို့သည် မမျှော်လင့်ထားသော ဤပုံစံဖြင့် ရုတ်တရက် ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ဖန့်ရန်သည် ဗီနွံက ၎င်း၏ သက်ရှိ အိမ်ရှင်နှင့် အတူယှဉ်တွဲနေထိုင်တတ်သော အရည်သက်ရှိဂြိုလ်သား ဖြစ်သည်ကို မှတ်မိလိုက်သည်။
ဒီသတ္တဝါတွေက ဗီနွံတွေပဲလား။ ဒါမှမဟုတ် ဗီနွံတွေကို လက်ခံထားတဲ့ အိမ်ရှင်တွေပဲလား။
ဖန့်ရန်က တွေးတောနေစဉ် ကောင်းကင်ယံရှိ လူသားသဏ္ဍာန်ရှိသည့် သတ္တဝါများသည် ၎င်းတို့၏ မျက်လုံးများမှ အနီရောင် အလင်းတန်းတစ်ခုကို ထုတ်လွှင့်ကာ မြေပြင်စခန်းရှိ လူတွေအား စစ်ဆေးခြင်း ပြုခဲ့သည်။
"အား..."
ဂြိုလ်သားများ၏ အနီရောင်အလင်းတန်းကို မြင်သောအခါ စခန်းအတွင်းရှိ လူများသည် တိုက်ခိုက်လာသည်ဟု ထင်ကာ ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည်။
သို့သော်လည်း ခဏအကြာတွင် ထိုအနီရောင်အလင်းတန်းများတွင် ဖျက်စီးနိုင်စွမ်း မပါဝင်သည်ကို လူတိုင်းက သတိထားမိလိုက်ကြသည်။
ဖန့်ရန်သည် ထိုသတ္တဝါများမှ ထုတ်လွှတ်လိုက်သော လျှပ်စစ်သံလိုက်လှိုင်းများကို အာရုံခံမိလိုက်သည်။ ကြည့်ရသည်မှာ ၎င်းတို့သည် တစ်ယောက်နှင့် တစ်ယောက် ဆက်သွယ်နေကြပုံရသည်။
ထိုအခိုက်အတန့်မှာပင် အနီရောင်အလင်းတန်းအချို့သည် သူ့ကိုယ်ပေါ်တွင် လှည့်ပတ်သွားခဲ့၏။ ဖန့်ရန်သည် ၎င်းအား ရှောင်တိမ်းခြင်း မပြုခဲ့ပေ။ သူသည် ထိုသတ္တဝါများ လုပ်နေသည့်အရာတိုင်းကို အာရုံစိုက်၍သာ ကြည့်နေခဲ့သည်။
သို့သော် နောက်တစ်ခဏတွင် ဖြစ်ပျက်လာသည်က ဖန့်ရန်ကို အံ့အားသင့်စေခဲ့သည်။
အနီရောင်အလင်းတန်းအချို့ သူ့ကိုယ်ပေါ်က ဖြတ်သန်းသွားပြီးနောက် စခန်းအထက် ဝေဟင်တွင် ပျံဝဲနေသော သားရဲများသည် သူ့ဆီသို့ ထိုးဆင်လာခဲ့၏။ ၎င်းတို့ထဲတွင် နဂါးအသွင် ကိုင်းဂျူး သားရဲနှင့် အခြားသော နဂါးအသွင် သားရဲများသည်လည်း ဂြိုလ်သားများနှင့်အတူ ပါဝင်နေခဲ့သည်။
ဖန့်ရန်အား သားရဲများစွာသည် တိုက်ခိုက်လာခဲ့၏။ သူ့အား ပထမဆုံး တိုက်ခိုက်လာသည့် သားရဲက နဂါးအသွင် ကိုင်းဂျူး သားရဲပင် ဖြစ်သည်။ ၎င်းသည် ဖန့်ရန်ဆီသို့ ထိုးဆင်းလာပြီး ၎င်း၏ ထက်ရှသော ခြေသည်းများဖြင့် ဖမ်းဆုပ်ရန် ကြံစည်ခဲ့သည်။
သို့သော် ဖန့်ရန်သည် နဂါးအသွင် ကိုင်းဂျူး သားရဲ၏ ထိုးသုတ်ခြင်းကို ညိမ်ခံနေရန် အစီအစဉ်မရှိသောကြောင့် သူသည် မိုးကြိုးဒိုမိန်ကို ချက်ချင်းပင် အသက်သွင်းလိုက်ပြီး သူ့ခန္ဓာကိုယ်အား လျှပ်စီးများဖြင့် လွှမ်းခြုံလိုက်သည်။
ထိုနောက် သူသည် နဂါးအသွင် ကိုင်းဂျူး သားရဲကို တုံ့ပြန်ရန် အခွင့်အရေးပင် မပေးဘဲ လျှပ်စီးကြောင်းတစ်ခုကို ၎င်းဆီသို့ ပစ်လွှတ်လိုက်သည်။
"ဂရား..."
နဂါးအသွင် ကိုင်းဂျူး သားရဲသည် နာကျင်စွာ အော်ဟစ်လိုက်၏။ ၎င်းသည် လျှပ်စီးကြောင်းရန်က လွတ်ကင်းရန်အတွက် ၎င်း၏ အတောင်ပံများကို ခတ်လိုက်သည်။ သို့သော် ဖန့်ရန်သည် ၎င်းကို ထိုသို့ပြုလုပ်ရန် အခွင့်အရေးပေးမည် မဟုတ်ပေ။
သူသည် စနစ်၏ အသိပေးချက်ကနေ နဂါးအသွင် ကိုင်းဂျူး သားရဲသည် စနစ်အမှတ် တစ်သန်း တန်ဖိုးရှိမှန်း သိခဲ့ရသည်။ ၎င်းသည် မကြုံစဖူး အခွင့်အရေးပင် ဖြစ်သည်။
သူသည် အိုဗာကလော့ တုန်ခါမှုကို အသက်သွင်းလိုက်ပြီး နဂါးအသွင် ကိုင်းဂျူး သားရဲ၏ နှလုံးသားဆီသို့ ချိန်ရွယ်ကာ ၎င်းအား ထိုးဖောက်ဝင်ရောက်ရန်အတွက် အသံလှိုင်းများ ဖန်တီးကာ ပို့လွှတ်လိုက်သည်။
နဂါးအသွင် ကိုင်းဂျူး သားရဲသည် ကောင်းကင်ယံတွင် ခဏတာမျှ ရပ်တန့်သွားပြီးနောက် တုန်ယင်စပြုလာသည်။ ၎င်းသည် ၎င်း၏ ခန္ဓာကိုယ်ကို ထိန်းချုပ်မှုပြန်လည်ရရှိရန်အတွက် စက္ကန့်အနည်းငယ်သာ ကြာမြင့်ခဲ့သော်လည်း ဖန့်ရန်အတွက် ၎င်းအချိန်လေးကပင် လုံလောက်ခဲ့၏။
သူသည် စွမ်းအင်ရောင်ခြည်ကို အသုံးပြုလိုက်သည်။
ဝှစ်...
သုံးမီတာ အထူရှိသော လေဆာတန်းတစ်ခုသည် ဖန့်ရန်၏ ပါးစပ်မှ ထွက်လာကာ တစ်ကီလိုမီတာကျော် အကွာအဝေးကို ချက်ချင်းပင် ဖြတ်သန်း၍ နဂါးအသွင် ကိုင်းဂျူး သားရဲ၏ ရင်ဘတ်ပေါ်ကို ထိုးဖောက်သွားသည်။
နဂါးအသွင် ကိုင်းဂျူး သားရဲ၏ ရင်ဘတ်တွင် အပေါက်ကြီးတစ်ခု ဖြစ်သွားကာ သွေးများစွာသည် အငွေ့ပျံ၍ ထူထဲသော မီးခိုးငွေ့များ ထွက်ပေါ်လာခဲ့၏။
"ဂရား..."
နဂါးအသွင် ကိုင်းဂျူး သားရဲသည် ကျယ်လောင်စွာ ဟိန်းဟောင်လိုက်ပြီး ၎င်း၏ အတောင်ပံများကို အပြင်းအထန်ခတ်ကာ အဝေးသို့ ထွက်ပြေးတော့သည်။
ဖန့်ရန်သည် အဝေးသို့ ထွက်ပြေးနေသော နဂါးအသွင် ကိုင်းဂျူး သားရဲကို နောင်တအချို့ဖြင့် ကြည့်လိုက်သည်။ ယခုအခါမှာတော့ ထိုကိုင်းဂျူးသည် သူနှင့် ငါးကီလိုမီတာကျော် အကွာအဝေးသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
လေဆာတန်း (စွမ်းအင်ရောင်ခြည်) မှလွဲ၍ သူ၏ အခြားသော စွမ်းရည်များသည် ထိုအကွာအဝေးသို့ လက်လှမ်းမမှီပေ။
ကံဆိုးစွာဖြင့် လေဆာတန်းသည် ယခုအချိန်၌ အဆင့်တစ်သာ ရှိသေးပြီး ၎င်း၏ ဖျက်ဆီးနိုင်စွမ်းက အကန့်အသတ်ရှိနေသည်။ ထိုကြောင့် ၎င်းဖြင့် နဂါးအသွင် ကိုင်းဂျူး သားရဲကို တစ်ချက်တည်းဖြင့် အသေမသတ်နိုင်ပေ။
နဂါးအသွင် ကိုင်းဂျူး သားရဲသည် အသိဉာဏ်ရှိသည့် ပုံပေါ်၏။ ၎င်းသည် ဖန့်ရန်၏ စွမ်းအင်အလင်းတန်း ပစ်လွှတ်ရာတွင် အခြေခံလိုအပ်ချက်ဖြစ်သော ပစ်မှတ်ထား လော့ချမထားနိုင်စေရန်အတွက် ကောင်းကင်ယံတွင် အဆက်မပြတ် လှည့်ပတ်ပျံသန်းနေသည်။
အကယ်၍ သူသာ ပျံသန်းနိုင်ခဲ့လျှင် ထိုစနစ်အမှတ် တစ်သန်းတန်သော သက်ရှိကို ထွက်ပြေးခွင့်ပေးမည် မဟုတ်ပေ။
ဖန့်ရန်သည် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်ပြီး၊ သူ၏ မျက်လုံးများက အခြားနဂါးအသွင် သားရဲများနှင့် ဂြိုလ်သားများဆီသို့ ရွှေ့လျားသွားသည်။
နောက်အခိုက်အတန့်တွင် ဖန့်ရန်သည် ၎င်းတို့အား ပစ်ခတ်ရန်အတွက် စွမ်းအင်အလင်းတန်းကို စုစည်းခြင်း ပြုလိုက်ပြီး ရုတ်တရက်ဆန်စွာ လေဆာတန်းများကို ပစ်လွှတ်လိုက်သည်။
"ဂါး.."
ရုတ်တရက်ဆန်သော တိုက်ခိုက်မှုကြောင့် ဂြိုလ်သားများသည် ကျယ်လောင်စွာ ဟစ်အော်လိုက်ကြ၏။ ၎င်းတို့သည် ဖန့်ရန်၏ လေဆာတန်းများ ပစ်လွှတ်သည့် အခိုက်အတန့်တွင် ငှက်အုပ်တစ်အုပ်ကဲ့သို့ အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးခဲ့ရသည်။
သို့သော် ၎င်းတို့သည် အဝေးသို့ မပြေးနိုင်မီ ဖန့်ရန်သည် သားရဲတစ်ဒါဇင်ခန့်အား ပစ်ချနိုင်ခဲ့သည်။
ဖန့်ရန်သည် လွတ်မြောက်သွားသော ဂြိုလ်သားများကို တစ်ချက်ကြည့်ကာ လေဆာတန်းဖြင့် သူပစ်ချခဲ့သော နဂါး သားရဲများ၏ ခန္ဓာကိုယ်ဆီသို့ ချည်းကပ်သွားခဲ့သည်။
"ဂလု"
စခန်းအတွင်းမှ အသက်ရှင်ကျန်ရစ်သူများသည် ထိုအဖြစ်အပျက်အား မျက်လုံးအပြူးသားဖြင့် ကြည့်နေခဲ့ကြသည်။ ၎င်းတို့သည် ဤသားရဲတွေ၏ တိုက်ပွဲတွင် မည်သည့်အရာမှ မလုပ်နိုင်ပေ။ ၎င်းတို့သည် ၎င်းတို့၏ အသက်ရှင်ရေးအတွက်သာ တွေးပူနေရသည်။
ဧရာမမြွေကြီး အလွယ်တကူ အနိုင်ရသွားသည်ကို မြင်သည့်အခါမှသာ လူတိုင်းက သက်ပြင်းချနိုင်ခဲ့၏။
"ငါတို့ အသက်ရှင်ပြီ"
လော်ယန်နှင့် ယန်ဖေ့တို့သည် ဧရာမမြွေကြီး၏ ဂြိုလ်သားများကို မောင်းထုတ်ခြင်းကြောင့် စိတ်သက်သာရာ ရသွားခဲ့သည်။ ထိုအချိန်မှာတော့ လီဇီ တစ်ယောက်သာ ဂြိုလ်သားများ ထွက်ပြေးသွားသော ဦးတည်ချက်ဆီသို့ တွေးတေဟန်ဖြင့် စိုက်ကြည့်နေခဲ့သည်။
သူသည် ငြိမ်းချမ်းသော နှစ်များက ကုန်ဆုံးကာ စစ်ပွဲတစ်ခုက ရောက်ရှိလာတော့မည်ကို သိနေခဲ့သည်။ ဤစစ်ပွဲတွင် လူသားများနှင့် ကျူးကျော်မှုနောက်ကွယ်က ကြိုးကိုင်သူတို့ တိုက်ခိုက်ကြမည် ဖြစ်သည်။
စခန်းအတွင်းရှိ အသက်ရှင်ကျန်ရစ်သူများက စိတ်သက်သာရာရနေချိန်တွင် ဖန့်ရန်သည် နောက်ဆုံး နဂါး သားရဲ၏ ခန္ဓာကိုယ်ကို စားသောက်၍ ပြီးသွားခဲ့သည်။ သူသည် စခန်းရှိ အသက်ရှင်ကျန်ရစ်သူများကို နောက်ဆုံးအနေဖြင့် တစ်ချက် ကြည့်လိုက်ပြီး နောက်လှည့်ကာ ပင်လယ်ကမ်းခြေသို့ ပြန်လည်ထွက်ခွာလာခဲ့သည်။
ဂြိုလ်သားများ၏ ကျူးကျော်မှုကို သူကြိုတင်မျှော်လင့်ထားပြီး ဖြစ်သော်လည်း ၎င်းတို့သည် မိခင်သင်္ဘောသုံးစင်းနှင့် မတူညီကွဲပြားသော နည်းလမ်းဖြင့် ထွက်ပေါ်လာခဲ့၏။
ဖန့်ရန်ကို စိတ်ရှုပ်ထွေးစေခဲ့သည်က ဂြိုလ်သားများသည် အနီရောင်အလင်းတန်းဖြင့် သူ့အား ခွဲခြမ်းစိတ်ဖြာပြီးနောက် နဂါးအသွင် ကိုင်းဂျူး သားရဲကို သူ့ကို တိုက်ခိုက်ရန်အတွက် အမိန့်ပေးခဲ့သည့် အချက်ပင် ဖြစ်သည်။
ဂြိုလ်သားများသည် အနာဂတ်တွင် သူ့အား သေချာပေါက် ပစ်မှတ်ထားလိမ့်မည်ဟု ခံစားမိသည်။
......