အူတိုင်
Vol. 19 Ch. 249
သိပ်မကြာမီက ရောဂါတစ်မျိုး ပျံ့နှံ့လာခဲ့၏။ ၎င်းသည် ဗိုင်းရပ်စ်အမျိုးအစား အသစ်တစ်ခုဖြစ်ကာ အလွန်အန္တရာယ်များကာ ကူးစက်တတ်သည်။ ဤဗိုင်းရပ်စ်ကူးစက် ခံရသူသည် သေဆုံးရန် (၅၀) ရာခိုင်နှုန်း သေချာသည်။
ရောဂါ၏ အစောပိုင်းအဆင့်တွင် ရောဂါကူးစက်ခံရသူ၏ ခန္ဓာကိုယ်ပေါ်တွင် အညိုအမဲများနှင့် အနီရောင် အစက်လေးများ ပေါ်လာမည် ဖြစ်သည်။ ဤသို့ဖြင့် ရက်အနည်းငယ် ကြာပြီးနောက် ၎င်းအညိုအမဲများနှင့် အနီရောင် အစက်လေးများသည် တဖြည်းဖြည်းနှင့် အနာအဖြစ်ပြောင်းသွားကာ ပြည်တည်စ ပြုလာမည် ဖြစ်သည်။
တဖြည်းဖြည်း ၎င်းအနာများသည် ပုပ်ဆွေးစပြုလာကာ အရိုးသာ ကျန်တော့သည့်အထိ ခန္ဓာကိုယ်တွင် ပျံ့နှံ့သွားမည်ဖြစ်သည်။ ဤအချိန်အတောအတွင်း ရောဂါကူးစက်ခံရသူသည် စိတ်ကူးဖြင့်ပင် မတွေးမိဖူးသော နာကျင်မှုအား ခံစားရမည်ဖြစ်သည်။ နောက်ဆုံးတွင် ခန္ဓာကိုယ်တစ်ခုလုံး ပုပ်ဆွေးသွားသည်အထိ ကူးစက်ခံရသူသည် ကြီးစွာသော ဝေဒနာကို ခံစားရမည်ဖြစ်သည်။
၎င်းအား RR ဗိုင်းရပ်စ်ဟု အမည်ပေးထားသည်။ ၎င်းသည် ဆယ်ရက်အတွင်း ကမ္ဘာ့တိုက်ကြီးအားလုံးသို့ ပျံ့နှံ့သွားကာ လူပေါင်းသောင်းနှင့်ချီ သေဆုံးစေခဲ့သည်။
ဤအရေအတွက်သည် သိပ်မများပုံပေါ်သော်လည်း သိထားရမည်က ၎င်းသည် ပထမဆုံး ကူးစက်ခံရသူကို ရှာဖွေတွေ့ရှိသည့်အချိန်မှစ၍ တစ်ပတ်ကျော်သာ ရှိသေးခြင်း ဖြစ်သည်။
နိုင်ငံများစွာက ဤဗိုင်းရပ်စ်ပျံ့နှံ့ခြင်းအား ကာကွယ်ရန်အတွက် အစီအမံများ ပြုလုပ်ထားသော်လည်း ကူးစက်ခံရသူ အရေအတွက်က အဆမတန် ဆက်လက်မြင့်တက်နေဆဲ ဖြစ်သည်။
ယခုအချိန်တွင် ဤဗိုင်းရပ်စ်ကို သုတ်သင်နိုင်သော ပဋိဆေးဝါး မရှိသေးသောကြောင့် ၎င်းရောဂါအား ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။ ထိုကြောင့် ဤဗိုင်းရပ်စ် ကူးစက်ခံသူများသည် နာကျင်စွာဖြင့် သေဆုံးနေကြရသည်။
သက်ဆိုင်ရာ ကျွမ်းကျင်သူများ၏ သုတေသနများအရ ဤဗိုင်းရပ်စ်သည် ချွေးနှင့် တံတွေးကဲ့သို့ ခန္ဓာကိုယ်ရှိ အရည်များဆီက ကူးစပ်တတ်သည်။ ထိုကြောင့်ပင် ၎င်း၏ ကူးစက်နိုင်စွမ်းက အလွန်အားကောင်းကာ တစ်ပတ်အတွင်းမှာပင် ကူးစက်ခံရသူအရေအတွက်က အလွန်များပြားနေခြင်း ဖြစ်သည်။
ဖန့်ရန်သည် ဤRR ဗိုင်းရပ်စ်အကြောင်း သိရှိခဲ့ရသည်။ သူသည် အင်တာနက်ကို အသုံးပြုနိုင်ပြီ ဖြစ်သောကြောင့် ၎င်းသတင်းအား သိရှိသည်က သဘာဝပင် ဖြစ်သည်။ သို့သော် ဤဖြစ်ရပ်အား သိရှိခဲ့သော အချိန်တွင် ၎င်းရောဂါ ဖြစ်ပွားခဲ့သည်က စ၍ သုံးလကြာမြင့်ခဲ့ပြီ ဖြစ်သည်။
အစိုးရသည် ကူးစပ်ခံရသော ပထမဆုံးလကလွဲ၍ နောက်ပိုင်းတွင် ကူးစက်ခံရသူ အရေအတွက်အား သတင်းထုတ်ပြန်ခြင်းက ရပ်ဆိုင်းခဲ့သည်။ ၎င်းနောက်ဆုံး ဖော်ပြခဲ့သော သေဆုံးသူ အရေအတွက်က (၄၀၀၀၀) ဖြစ်သည်။
ဤကိစ္စနှင့် ပတ်သတ်၍ အင်တာနက်ပေါ်တွင် ငြင်းခုံမှုများစွာ ရှိနေခဲ့၏။ ၎င်းတို့ထဲတွင် လူအချို့က သေဆုံးသူ အရေအတွက်သည် (၁) သန်းရှိကြောင်း ပြောကြပြီး အခြားလူအချို့က သေဆုံးသူ အရေအတွက်သည် (၁၀) သန်း ရှိသည်ဟု ဆိုကြသည်။
ဖန့်ရန်သည် ဤဖြစ်ရပ်က သူနှင့် မသက်ဆိုင်မှန်း သိနေသော်လည်း လူသားများ၏ ဤကပ်ဘေးကို ကျော်လွှားမည့်နည်းကို အနည်းငယ် စိတ်ဝင်စားနေခဲ့သည်။
ဂြိုလ်သားတွေ၏ နည်းဗျူဟာ အသစ်က အလွန်အောင်မြင်သည်ဟု ဆိုရမည်။ ၎င်းတို့သည် လူသားများအား ပြန်ပေးဆွဲကာ ၎င်းတို့၏ ခန္ဓာကိုယ်ထဲသို့ အန္တရာယ်များသည် ၎င်းဗိုင်းရပ်စ်များ ထည့်သွင်းပေးကာ ပြန်လည်လွှတ်ပေးခဲ့သည်။ ထို့အပြင် အပြင်ကလည်း ဆက်လက်တိုက်ခိုက်နေသေးသည်။
ဤသည်က လူ့အဖွဲ့အစည်းအား ပညာရှိနည်းဖြင့် အတွင်းနှင့်အပြင် ဖျက်စီးနေခြင်း ဖြစ်သည်။
ဗိုင်းရပ်စ်ပျံ့နှံ့နေစဉ် ကိုင်းဂျူး သားရဲ၊ ရှေးဟောင်း သားရဲနှင့် သန္ဓေပြောင်း သားရဲများသည် လူသားမြို့များကို ပို၍ပင် ပြင်းပြင်းထန်ထန် တိုက်ခိုက်လာကြသည်။
ကမ္ဘာ့နိုင်ငံများ၏ အစိုးရများသည် ဗိုင်းရပ်စ်နှင့် သေစေနိုင်သော ဓာတ်ငွေ့အပြင် ကိုင်းဂျူးသားရဲနှင့် ရှေးဟောင်း သားရဲ၊ သန္ဓေပြောင်း သားရဲများ၏ တိုက်ခိုက်မှုကို ဖြေရှင်းရန်အတွက် ၎င်းတို့၏ အင်အားကို ခွဲဝေခဲ့ရသည်။
ဤသည်က လူသားများကို အမှန်တကယ် ပင်ပန်းနွမ်းနယ်စေခဲ့၏။ လူသားများသည် အလွန်ဆိုးရွားသော အခြေအနေတွင် ရှိနေသည်ကိုလည်း သတင်းများမှတဆင့် ဖန့်ရန် သိခဲ့ရသည်။
လူသားများသည် အဆက်မပြတ် ဆုတ်ခွာရန် တွန်းအားပေးခံနေရပြီး ၎င်းတို့၏ နယ်နိမိတ်သည် တဖြည်းဖြည်း ပို၍ ကျုံလာခဲ့သည်။ ၎င်းသည် ကမ္ဘာ့နိုင်ငံအားလုံးတွင် အလားတူ ဖြစ်ပျက်နေခြင်း ဖြစ်သည်။
...
ဖန့်ရန်သည် ပင်လယ်ထဲတွင် လှည့်လည်နေခဲ့သည်။ သူသည် သားကောင် ရှာဖွေရန်အတွက် အသံလှိုင်းများဖြင့် သူ့အနားက ဧရိယာကို စစ်ဆေးနေသည်။ သုံးမိနစ်ခန့်အကြာတွင် သူသည် မီတာ (၃၀၀) ကျော်ရှည်လျားသည့် ဧရာမသားရဲကြီး တစ်ကောင်အား တွေ့လိုက်ရသည်။
ဤသည်က ဖန့်ရန်ကို အလွန်ပျော်ရွှင်စေခဲ့၏။ သူသည် မျှော်လင့်တကြီးဖြင့် ထိုသားရဲကြီး ရှိရာအရပ်ဆီသို့ အလျင်အမြန် ပြေးသွားလိုက်သည်။
သို့သော် ထိုနေရာသို့ ရောက်ရှိသွားသောအခါတွင် ဖန့်ရန် အံ့အားသင့်သွားခဲ့ရသည်။ သားကောင်အဖြစ် သူမှတ်ယူခဲ့သော ထိုသားရဲကြီးက သူအချိန်အတော်ကြာ မတွေ့ခဲ့ရသော ဧရာမလိပ်ကြီး ဖြစ်နေသည်။
ဧရာမလိပ်ကြီးသည် ယခင်ကထက် အဆမတန်ကြီးထွားလာခဲ့သည်။ အခွံထူထဲသော ဧရာမလိပ်ကြီးသည် ယခုအခါတွင် မီတာ (၄၀၀) နီးပါးရှိနေကာ ၎င်း၏ ဦးခေါင်းနှင့် ခြေလက်များသည် အမှန်တကယ် ဧရာမဖြစ်နေခဲ့ပြီ ဖြစ်သည်။
သာမန်ဘောလုံးကွင်းတစ်ခု၏ အကျယ်သည် မီတာ (၁၀၀) ဖြစ်သည်။ ဤသည်က အကယ်၍ ဧရာမလိပ်ကြီး၏ ကျောပေါ်တွင် ယခုအခါ ယခုအခါ၌ ဘောလုံးကွင်းလေးကွင်းကို ဆက်စပ်ထားမည် ဆိုလျှင်ပင် ပြဿနာ မရှိဟု ဆိုလိုနေသည်။
ဖန့်ရန်ကို တစ်ဖန် မြင်တွေ့လိုက်ရသော ဧရာမလိပ်ကြီးသည် အလွန်ပျော်ရွှင်သွားခဲ့၏။ ၎င်းသည် ဖန့်ရန်အား ရှေးယခင်ကကဲ့သို့ အဆက်မပြတ် လှည့်ပတ်နေပြီး သူ၏ ပျော်ရွင်မှုအား ပြသရန်အတွက် တစ်ချက်တစ်ချက်တွင် သူ့အား ညင်သာစွာ တွန်းထိုးနေလေတော့သည်။
ယခင်အတိုင်းပင် ဧရာမလိပ်ကြီး၏ အနောက်တွင် ရှေးဟောင်း သားရဲနှင့် သန္ဓေပြောင်းသားရဲများ အများအပြား ရှိနေခဲ့သည်။
ဖန့်ရန်သည် စိတ်လှုပ်ရှားကာ ပျော်ရွှင်နေခဲ့သည်။ နောက်ဆုံးတော့ သူသည် ယခင်ပျင်းရိဖွယ်ကောင်းသော နေ့ရက်များသို့ ပြန်သွားနိုင်တော့မည် ဖြစ်သည်။
သူသည် ပျင်းရိစွာ လှဲလျောင်းနေလျှင်ပင် ဧရာမလိပ်ကြီး၏ အနားတွင် လာရောက်စုရုံတတ်သော သန္ဓေပြောင်းသားရဲနှင့် ရှေးဟောင်း သားရဲများကို စားသုံးရန် လိုအပ်ပြီး သူ၏ စနစ်အမှတ်စုဆောင်းမှုနှုန်းသည် ဒုံးပျံလွှတ်လိုက်သလို အရှိန်အဟုန်ဖြင့် မြင့်တက်လာမည် ဖြစ်သည်။
ဤသို့ဖြင့် တစ်လတာ ကုန်လွန်သွားပြီးနောက် ဖန့်ရန်သည် ဆင့်ကဲဖြစ်စဉ်အတွက် လိုအပ်သော စနစ်အမှတ်ကို စုဆောင်းနိုင်ခဲ့သည်။
သူသည် ဧရာမလိပ်ကြီး၏ ကျောပေါ်တွင် လဲလျောင်းနေရင်းဖြင့် သူ၏ ဆင့်ကဲဖြစ်စဉ်ကို စတင်ခဲ့သည်။
သူသည် ဤဆင့်ကဲပြောင်းလဲခြင်း ဖြစ်စဉ်တွင် အိပ်ပျော်ခြင်း မရှိသလို အိပ်ငိုက်ခြင်းပင် မရှိခဲ့ပေ။ ဤတိုတောက်သည့် ဆင့်ကဲဖြစ်စဉ်သည် နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့သည်။
"ကောင်းလိုက်တာ... နောက်တစ်ဆင့် တက်သွားပြီ"
ဆင့်ကဲဖြစ်စဉ် အပြီးတွင် သူ၏ အဆင့်သည် အဆင့် (၃၀) ဖြစ်သွားခဲ့သည်။ ဆင့်ကဲဖြစ်စဉ် အပြီးတွင် သူ၏ ခန္ဓာကိုယ် အရှည်က မီတာ (၃၅၀) ဖြစ်သွားကာ အချင်းသည် (၁၂) မီတာသို့ ရောက်ရှိခဲ့၏။ ၎င်းအချင်းသည်ပင် အဆောင်အဦးတစ်ခု၏ အထပ်လေးထပ်နှင့် ညီမျှသည်ဟု ဆိုနိုင်သည်။
ထို့အပြင် ဂုဏ်သတ္တိကဏ္ဍန့်ကလည်း တိုးတက်လာခဲ့သည်။ သူ၏ ခွန်အားဂုဏ်သတ္တိက (၄၀၀၀၀) ခန့်ဖြစ်ကာ အခြားသော ဂုဏ်သတ္တိအားလုံးက ၂၀၀၀ ကျော် ဖြစ်သည်။
ဤဆင့်ကဲဖြစ်စဉ်ပြီးနောက် ဆုလာဘ်အဖြစ် ကျွမ်းကျင်မှုရမှတ် (၂၉) မှတ် ရရှိခဲ့သည်။ ယခင်ကျန်ရှိသည်နှင့် ပေါင်းလိုက်လျှင် စုစုပေါင်း ကျွမ်းကျင်မှုရမှတ် (၃၅) မှတ် ဖြစ်သည်။
အနည်းငယ် တွေးတောပြီးနောက် ဖန့်ရန်သည် စွမ်းအင်ရောင်ခြည်ကို အဆင့်မြှင့်တင်လိုက်သည်။ (စွမ်းအင်ရောင်ခြည်နဲ့ လေဆာတန်းက အတူတူပါပဲ ခင်ဗျာ။)
အဆင့် (၂) သို့ ရောက်ရှိသွားသော စွမ်းအင်ရောင်ခြည်၏ အမြန်နှုန်းသည် မက်ခ် (၈) ဖြစ်ကာ ဖျက်ဆီးနိုင်စွမ်းနှင့် အကွာအဝေးသည် ယခင်ကအဆင့် (၁) ထက် များစွာသာလွန်သည်။
ဖန့်ရန်သည် သူ၏ ခွန်အားတိုးပွားလာခြင်းကြောင့် ပျော်ရွင်နေစဉ် ဂြိုလ်သားများ၏ တိုက်ခိုက်မှုက ပိုမို အားကောင်းလာခြင်းကြောင့် ဟွာရှနှင့် အမေရိကန်တို့သည် ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
၎င်းတို့သည် ၎င်းတို့ရင်ဆိုင်နေရသော ဖိအားနှင့် အကျပ်အတည်းများကြောင့် သတင်းအချက်အလက်နှင့် နည်းပညာအချို့ကို ဖလှယ်ကာ အသုံးပြုကြဖို့ အတည်ပြု ဆုံးဖြတ်ခဲ့သည်။
ဤတွင် ဟွာရှက လူထိန်းချုပ်နိုင်သော ကိုင်းဂျူးသားရဲကို ရရှိခဲ့ပြီး အမေရိကန်က လေဆာမစ်ဇိုင်းများကို ရရှိခဲ့သည်။
စူပါအင်အားကြီးနိုင်ငံ နှစ်နိုင်ငံသည် ၎င်းတို့၏ စစ်တပ်တွင် လက်နက်များအား အလျင်အမြန် တပ်ဆင်ခဲ့သည်။ ၎င်းတို့သည် ဂြိုလ်သားတွေ၏ တိုက်ခိုက်မှုများကို ညိမ်ခံနေရမည်ထက် ၎င်းတို့၏ အသိုက်ကို တိုက်စစ်ဆင်ရန် ဆုံးဖြတ်ခဲ့သည်။ (အသိုက်-မွေးရပ်မြေ)
ကမ္ဘာတစ်ဝှမ်းတွင် စွမ်းအင်စားပိုးကောင်၊ သတ္တုစားပိုးကောင်များက အဆုံးမရှိ ဖြစ်နေသည်။ ပိုးကောင်များသည် ဂြိုလ်သားများ ထိန်းချုပ်ထားသော ကိုင်းဂျူးသားရဲများနှင့် အခြားဧရာမသားရဲများ၏ မျိုးပွားခြင်းနှင့် ကြီးထွားမှုအတွက် စွမ်းအင်များ ဝေမျှနေသည်။
ဤသည်က ဂြိုလ်သားများ၏ ကိုင်းဂျူး သားရဲစစ်တပ်သည် ဤအပြာရောင်ဂြိုလ်၏ သဘာဝစွမ်းအင် မကုန်ဆုံးမီအထိ အဆုံးမရှိ တိုက်ခိုက်နေမည်ဟု ဆိုလိုနေသည်။
တိုက်ပွဲအခြေအနေကို သုံးသပ်ကြည့်ကြသော် ဂြိုလ်သားတွေ၏ စစ်ရေးအင်အားက အလွန်အစွမ်းထက်ပုံ မပေါ်ပေ။ လူသားများသည် နည်းပညာအားကိုးဖြင့် အဆင့် (၆) ကိုင်းဂျူးသားရဲမှ လွဲ၍ အခြားအဆင့် သားရဲများကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်သည်။
စူပါအင်အားကြီးနိုင်ငံ နှစ်ခုသည် ခဏတာမျှ ဆွေးနွေးခဲ့ကြပြီးနောက် အနာဂတ်အတွက် သုံးသပ်ခဲ့ကြသည်။ မူလအစက တိုက်ပွဲများအကြောင်း ဖြစ်သော်လည်း နောက်ပိုင်းတွင် အခြားအကြောင်းအရာများလည်း ပါဝင်လာသည်။
သို့သော်လည်း မကြာသေးမီက နောက်ထက် ရှာဖွေတွေ့ရှိမှုတစ်ခုက ၎င်းတို့၏ ဆွေးနွေးမှုအရှိန်ကို မြှင့်တင်ပေးခဲ့သည်။
၎င်းတို့သည် ဂြိုလ်၏ အူတိုင်က အရှိန်အဟုန်ဖြင့် အေးခဲလာသည်ကို ကျွမ်းကျင်သူများကြောင့် သိရှိခဲ့ရသည်။
အင်္ဂါဂြိုလ်သည် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက လူသားများ နေထိုင်နိုင်သော ဂြိုလ်တစ်ခုဟု ယူဆခဲ့ကြသည်။ သို့သော် ၎င်း၏ အူတိုင် အေးခဲသွားခြင်းကြောင့် သံလိုက်စက်ကွင်းသည် ပျောက်ကွယ်သွားခဲ့ပြီး ဂြိုလ်တစ်ခုလုံးကို အာကာသ၏ အအေးဓာတ်နှင့် နေအပူချိန်က ပျက်စီးစေခဲ့သည်။
အကယ်၍ အပြာရောင်ဂြိုလ်၏ အူတိုင်သာ အေးခဲသွားခဲ့ပါက ၎င်းသည် အင်္ဂါဂြိုလ်နှင့် ဆင်တူသော အခြေအနေနှင့် ရင်ဆိုင်ရပေလိမ့်မည်။
ထိုအခါ အာကာသ၏ အအေးဓာတ်နှင့် နေအပူချိန်က အပြာရောင်ဂြိုလ်၏ လေထုကို ရက်ရက်စက်စက် ဖျက်ဆီးပစ်လိမ့်မည် ဖြစ်သည်။
လေထုအပူချိန်သည် အာကာသ၏ အအေးဓာတ်ကြောင့် ပျောက်ဆုံးသွားပြီ သမုဒ္ဒရာများသည် အာကာသသို့ မြင့်တက်ကာ နေအပူချိန်ကြောင့် အငွေ့ပျံသွားပြီး အပြာရောင်ဂြိုလ်ပေါ်က သက်ရှိများသည် သေဆုံးကုန်ကာ အပြာရောင်ဂြိုလ်က ဂြိုလ်သေတစ်လုံး ဖြစ်သွားမည် ဖြစ်သည်။
သို့သော် ဤသည်က အပြာရောင်ဂြိုလ်၏ အူတိုင်က လျင်မြန်စွာ အေးခဲလာသော်လည်း ကမ္ဘာကြီးသည် မနက်ဖြန်တွင် အဆုံးသတ်သွားမည်ဟု မဆိုလိုပေ။ ဤအပြာရောင်ဂြိုလ်သည် ဂြိုလ်သေတစ်လုံး ဖြစ်လာရန် ဆယ်စုနှစ်များစွာမှ နှစ်ပေါင်း (၁၀၀) အထိ ကြာမြင့်အုံးမည် ဖြစ်သည်။
ဤသို့ဖြစ်နေလျှင်ပင် ၎င်းအား ဖြေရှင်းရန် လိုအပ်သည်။ လူသားခေါင်းဆောင်များသည် ဤစစ်ပွဲအား တတ်နိုင်သမျှ အမြန်ဆုံးအဆုံးသတ်ပြီး အူတိုင် ပြဿနာအား ဖြေရှင်းနိုင်မည့် နည်းလမ်းကို အလျင်အမြန် ရှာဖွေရမည် ဖြစ်သည်။
ဤအူတိုင် ပြဿနာသည် ဂြိုလ်သားများနှင့် အထူးသက်ဆိုင်နေပြီး အပြာရောင်ဂြိုလ်၏ အနက်ရှိုင်းဆုံး အပိုင်းတွင်တော့ သတ္တုစားပိုးကောင်၊ စွမ်းအင်စားပိုးကောင်နှင့် ဆင်တူသော ပိုးကောင်များသည် ကမ္ဘာမြေ အူတိုင်အား အပူစွမ်းအင်ပေးနေသော ဓာတ်ရောင်ခြည် ဒြပ်စင်များကို မျိုချနေကြသည်။
(နားမလည်မှာစိုးလို့ တချို့ဟာတွေကို နားလည်လွယ်တဲ့ စကားလုံးနဲ့ ရေးပေးထားပါတယ်)
......