နှိမ့်ချခြင်း
Vol. 160 Ch. 2267
အမျိုးမျိုးသော ဘုံများက ထိပ်သီးပုဂ္ဂိုလ်များသည် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကာ တောင်တန်းဘုံမှ လူများလည်း ပါဝင်ပေသည်။ ရီဖူရှင်းသည် တောင်တန်းဘုံမှ ထိပ်သီးပုဂ္ဂိုလ်များကိုလည်း ကျောင်းတော်သို့ လာရောက်ရန် ဖိတ်ခေါ်ခဲ့သည်။
သူတို့အပြင် ဘုံကိုးဘုံတစ်ခွင်ရှိ ထိပ်သီးအဆင့် အင်အားစုများမှ မဟုတ်သည့် ကျင့်ကြံသူများစွာလည်း ကောင်းကင်အာဏာစက်ကျောင်းတော်သို့ လာရောက်လည်ပတ်ကြသည်။
ဘုံကိုးဘုံမှ ထိပ်သီးပုဂ္ဂိုလ်များသည် ယနေ့မှစကာ ဘုံကိုးဘုံ၏ ဖွဲ့စည်းပုံက အပြည့်အဝ ပြောင်းလဲသွားတော့မည် ဖြစ်ကြောင်း ခံစားမိကြပေသည်။
ထိုအချိန်တွင် ပြင်ပမှ ကျူးကျော်ခံရခြင်းကြောင့် ကောင်းကင်ဒေသ၏ အင်အားစုများသည် မူလဘုံမှ လူများနှင့် အလွန် ရင်းနှီးခြင်း မရှိကြပေ။ သူတို့၏ စိတ်များထဲတွင် တစ်ယောက်နှင့် တစ်ယောက် ဆန့်ကျင်ရန် ရည်ရွယ်ချက်များနှင့် ပြည့်နေခဲ့သည်။ သူတို့သည် မူလဘုံကို ကျူးကျော်ကာ တန်ဖိုးရှိသည့် အရာများအားလုံးကို ရယူရန် တွေးထားခဲ့ကြသည်။ ထိုတိုက်ပွဲပြီးနောက် မူလဘုံမှ အင်အားစုများသည် ကောင်းကင်ဒေသ၏ ရှန်ကလန်၊ နေမင်းနတ်နန်းတော်၊ နတ်ဘုရားမာန်ဟုန်ဘုံကျောင်းနှင့် အခြားအင်အားစုများစွာ၏ ထိန်းချုပ်မှုအောက် ရောက်ရှိသွားခဲ့သည်။
ထိုတိုက်ပွဲသာ မဖြစ်ပွားခဲ့လျှင် မူလဘုံသည် အနှေးနှင့်အမြန် အပြည့်အဝ ဝါးမြိုခံလိုက်ရမည် ဖြစ်သည်။ မှော်နက်လောကနှင့် နတ္ထိဘုံဖြစ်စေ ကောင်းကင်ဒေသမှ အင်အားစုများဖြစ်စေ သူတို့သည် မူလဘုံကို တဖြေးဖြေး ဝါးမြိုချင်နေကြခြင်း ဖြစ်သည်။
သို့သော် ထိုတိုက်ပွဲက အရေးကိစ္စများ၏ အခြေအနေအား ပြောင်းပြန်ပြောင်းလဲသွားစေခဲ့သည်။ ၎င်းတိုက်ပွဲ၏ အရေးပါမှုက အံ့မခန်းပင်။ ၎င်းက မူလဘုံ၏ အနာဂတ်ကိုပင် တိုက်ရိုက်ဆုံးဖြတ်နိုင်စွမ်း ရှိခဲ့သည်။
ယခု ရီဖူရှင်းသည် ဒဏ်ရာများမှ သက်သာလာပြီး ဘုံကိုးဘုံမှ အင်အားစုများကို စုဝေးစေကာ မူလဘုံ၌ ဖြစ်ပေါ်နေသည့် ပြင်းထန်သော အပြောင်းအလဲများအား လးအများကို သတိပြုမိစေသည်။
ထို့ကြောင့် အဓိကကျင့်ကြံခြင်းအင်အားစုများမှ မဟုတ်သော ကျင့်ကြံသူများစွာသည် ကောင်းကင်အာဏာစက်ကျောင်းတော်သို့ လာရောက်လည်ပတ်ကြသည်။
ထို့နောက် ကောင်းကင်အာဏာစက်ကျောင်းတော်သည် အင်အားစုအသီးသီးမှ ထိပ်သီးပုဂ္ဂိုလ်များကို ကျောင်းတော်သို့ ဝင်ရောက်ရန် ဖိတ်ခေါ်လိုက်သည်။ ချက်ချင်းပင် အစွမ်းထက်ပုဂ္ဂိုလ် အသင်္ချေက ကောင်းကင်အာဏာစက်ကျောင်းတော်အတွင်း စုဝေးလာသည်။ အစွမ်းထက်ပုဂ္ဂိုလ်များသည် ကျောင်းတော်၏ မဟာခန်းမရှေ့တွင် ရပ်နေကာ လှေကားဆင့်များ၏ အထက်၌ ရပ်နေသော အဖြူရောင်ဆံပင်နှင့် လူငယ်လေးအား ကြည့်လိုက်သည်။ ထိုသူသည် လွန်ခဲ့သော နှစ်များက မူလဘုံ၏ အကျော်ကြားဆုံးဖြစ်ခဲ့သည့် ပုဂ္ဂိုလ်မှလွဲ၍ အခြားမဟုတ်ပေ။
ထိပ်သီးအင်အားစုများမှ မဟုတ်သော ထိပ်သီးပုဂ္ဂိုလ်များသည်လည်း ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ဖိတ်ခေါ်ခံခဲ့ရသည်။ ဆန့်ကျင်ဘက်အနေနှင့် ထျန်းရှန်းကျောင်းတော်နှင့် သိုင်းနတ်ဘုရားကလန်ကဲ့သို့သော ထိပ်သီးအင်အားစုများမှ ပုဂ္ဂိုလ်များက ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ဝင်ခွင့်မရခဲ့ဘဲ အပြင်ဘက်၌သာ စောင့်ဆိုင်းနေခဲ့ရသည်။ ၎င်းက အနည်းငယ် ကမောက်ကမ နိုင်ပေသည်။
ထိုသည်ကို တစ်စုံတစ်ယောက်က စော်ကားခံရခြင်းအဖြစ် သတ်မှတ်နိုင်သည်။ သို့သော် သူတို့သည် အတိတ်ကာလ၌ ရီဖူရှင်းအား မရေတွက်နိုင်အောင် သတ်ဖြတ်ရန် ကြိုးစားခဲ့သည်နှင့် နှိုင်းယှဥ်လျှင် ဤကဲ့သို့သော စော်ကားခြင်းက ပေါ့ပေါ့ပါးပါးသာ ရှိသေးသည်။ အဆုံးမှာတော့ သူတို့ကြားမှ အမုန်းတရားက သေခြင်းရှင်ခြင်း ပြဿနာပင် ဖြစ်လေသည်။
ပို၍ များပြားသော အစွမ်းထက်ပုဂ္ဂိုလ်များ ရောက်ရှိလာပြီး ကောင်းကင်အာဏာစက်ကျောင်းတော်အတွင်း၌ အလွန် သက်ဝင်လှုပ်ရှားနေခဲ့သည်။ မရေတွက်နိုင်သော ပုဂ္ဂိုလ်များသည် ကြီးကျယ်ခမ်းနားသည့် အခမ်းအနား၌ ပါဝင်ဆင်နွှဲရန် ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ရောက်ရှိနေခဲ့သည်။
ခန်းမ၏ အထက်တွင် ရီဖူရှင်းက ထျန်းရှန်းဘုံကျောင်း၏ ထင်ရှားကျော်ကြားသော ဘုန်းတော်ကြီး ဆရာတော်ပုတောက်ကိုလည်း ဖိတ်ကြားခဲ့သည်။ တောင်တန်းဘုံသည် အထက်ဘုံ၏ ဗုဒ္ဓလမ်းစဥ်အင်အားစုနှင့် ဆက်စပ်နေပြီး တစ်ခါ အရှင်ဒွန်ဟောင်သည် ထိုနေရာ၌ ကျင့်ကြံခဲ့ဖူးသည်ဟူသော ကောလာဟလများလည်း ရှိသေးသည်။
"ဆရာတော်ပုတောက်။" ရီဖူရှင်းက ထျန်းရှန်းဘုံကျောင်း၏ ဆရာတော်ပုတောက်ကို အရိုအသေပေးလိုက်သည်။ ဆရာတော်ပုတောက်က လက်အုပ်ချီရင်း ပြောလိုက်၏။ "မင်း ရရှိခဲ့တဲ့ အောင်မြင်မှုတွေကြောင့် အံ့သြမိပါတယ်။"
ယခင်က သူသည် ရီချင်းယောင်နှင့် အဖြစ်အပျက်ကြောင့် ရီဖူရှင်းနှင့် ကတောက်ကဆအချို့ ရှိခဲ့သည်။ သူသည် ရီချင်းယောင်က အနာဂတ်၌ ကြီးမားသော ကပ်ဘေးဒုက္ခကို ယူဆောင်လာလိမ့်မည်ဟု ခံစားမိသော်လည်း ရီဖူရှင်းက သူမကို ကာကွယ်ခဲ့သည်။ ထို့ကြောင့် နှစ်ဖက်လူများက တိုက်ခိုက်လုဆဲဆဲ ဖြစ်သွားခဲ့ရပေသည်။
သို့သော် သူတို့သည် ထိုစဥ်က ကိုယ်ပိုင်ရပ်တည်မှုများသာ ရှိခဲ့ကြပြီး နှစ်ဖက်လုံးက အမုန်းတရားများကို သိမ်းဆည်းမထားခဲ့ပေ။ ထို့ပြင် သူတို့၏ စိတ်သဘောထားများနှင့် သူတို့သည် ထိုပြဿနာကို လေးနက်စွာ မှတ်ယူလိမ့်မည် မဟုတ်ပါချေ။
"မူလဘုံက ပရမ်းပတာတွေ ဖြစ်ခဲ့တယ်။ အဲဒါနဲ့ ပတ်သတ်ပြီး ဆရာတော်ရော ဘယ်လိုတွေးထားလဲ။" ရီဖူရှင်းက ဆရာတော်ပုတောက်ကို မေးလိုက်သည်။
"ဘုံကိုးဘုံရဲ့ အင်အားစုတွေကို စုစည်းဖို့ မင်းမှာ အစီအစဥ်ရှိပြီးသားမလား။" ဆရာတော်ပုတောက်က စိတ်ထဲ၌ ခန့်မှန်းချက်အချို့ ရှိပြီးသား ဖြစ်သည့်အတွက် ပြန်ဖြေလိုက်သည်။
ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။ ဤတစ်ကြိမ်၌ သူသည် ထိုအင်အားစုများကို အဆုံးသတ်ချင်ရုံသာမက သူက ရန်ကြွေးများကိုလည်း ရှင်းလင်းလိုခဲ့သည်။ တစ်ချိန်တည်းတွင် သူက မူလဘုံ၏ နယ်မြေများ ဤမုန်တိုင်းကြောင့် ပြားပြားဝပ် ဖျက်ဆီးမခံရစေရန် မျှော်လင့်မိသည်။ လျှို့ဝှက်နယ်မြေဘုံနှင့် စီဝေ့ဘုံမှ ကိစ္စများသည်ပငိ အတော်လေး ကြေကွဲဖွယ် ဖြစ်နေပြီး ဖြစ်သည်။
"အသေးစိတ်ကို ကြားချင်မိတယ်။" ဆရာတော်ပုတောက်က ပြောလိုက်သည်။
"ကျုပ်က ပြင်ပရန်သူတွေကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် မူလဘုံက အင်အားစုတွေကို စုစည်းသွားဖို့ စီစဥ်ထားတယ်။ ဆရာတော်ရော ဘယ်လိုမြင်ပါလဲ။" ရီဖူရှင်းက မေးလိုက်သည်။ မူလဘုံမှ အင်အားစုများက ပြင်ပဘုံများမှ ထိပ်သီးအင်အားစုများကို ဆန့်ကျင်ရင်ဆိုင်ခဲ့လျှင် တကွဲတပြားစီဖြစ်နေသည့်အတွက် ပြင်ပဘုံများမှ အများအပြားရောက်ရှိလာသည့် သူများကြောင့် အားနည်းလှသည့် အဆုံးသတ်ကို တွေ့ကြုံရပေလိမ့်မည်။
သို့သော် မူလဘုံမှ အင်အားစုများအားလုံး၏ စွမ်းအားများကို စုစည်းကာ ကောင်းကင်အာဏာစက်ကျောင်းတော်၏ လက်ရှိအင်အားနှင့် ပေါင်းစည်းလိုက်လျှင် သူတို့သည် စွမ်းအားကြီးသည့် အင်အားစုအဖြစ် ကျိန်းသေ ပြောင်းလဲလိုက်နိုင်ပေလိမ့်မည်။ သူတို့သည် နတ်ဘုရားကပ်ဘေး ဒုတိယအဆင့်အား ဖြတ်ကျော်နိုင်သူနှင့် တွေ့ဆုံခဲ့ရလျှင်ပင် သူတို့၏ အဆင့်အတန်းက ကျောက်စိုင်ကျောက်သားကဲ့သို့ ခိုင်မာနေလိမ့်မည် ဖြစ်သည်။
ထို့ပြင် ရီဖူရှင်းကို ကျောထောက်နောက်ခံပြုပေးနေသည့် မဟာအင်ပါယာအဆင့်ဟု ယူဆရသော ဒဏ္ဍာရီဆန်ဆန် ပုဂ္ဂိုလ်တစ်ဦး ရှိသေးသည်။ ထို့ကြောင့် ပြင်ပဘုံမှ အင်အားစုများက အလျင်စလို ပြုမူလှုပ်ရှားရဲလိမ့်မည် မဟုတ်ပေ။
"ကောင်းတယ်။" ဆရာတော်ပုတောက်က လက်အုပ်ချီလိုက်သည်။ "မင်း အဲဒီလို လုပ်ဖို့ ဆန္ဒရှိတယ်ဆိုရင် ဆက်လုပ်ပါ။ ထျန်းရှန်းဘုံကျောင်းက မင်းရဲ့ ဆုံးဖြတ်ချက်ကို အပြည့်အဝ ထောက်ခံပေးပါ့မယ်။"
"ကျေးဇူးတင်ပါတယ် ဆရာတော်။" ရီဖူရှင်းက ပြောလိုက်သည်။ ထို့နောက် သူက အောက်ဘက်ရှိ လူများကို ကြည့်လိုက်သည်။ တောင်တန်းဘုံမှ ရှန်းရှင်းကလန်၏ ထိပ်သီးပုဂ္ဂိုလ်များ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုအင်အားစုသည် အတိတ်က ရင်းနှီးမှုမရှိခဲ့ပေ။ အခြားအင်အားစုများကဲ့သို့ သူတို့သည်လည်း တောင်းပန်ရန် လာရောက်ခြင်း ဖြစ်သည်။
"တခြားလူတွေ အခု ဝင်လာလို့ ရပါပြီ။" ရီဖူရှင်း၏ အသံထွက်ပေါ်လာသည်။ ချက်ချင်းပင် ပြင်ပဘုံများမှ အင်အားစုတို့က ကောင်းကင်အာဏာစက်ကျောင်းတော်အတွင်းသို့ ခြေချလာခဲ့ကြသည်။ နတ်ဘုရား၏ အမိန့်ကို လက်ခံရရှိသကဲ့သို့ သူတို့က အလွန် ကျိုးနွံနေခဲ့သည်။ အချို့သော ထိပ်သီးအင်အားစုများသည် ယခုအခါတွင် မည်သည့် ဒေါသမှပင် ရှိမနေခဲ့ပေ။
လက်ရှိအခြေအနေတွင် သူတို့က ရွေးချယ်စရာမရှိဘဲ ခေါင်းကို ငုံ့ထားရန်သာ တတ်နိုင်သည်။
ထိပ်သီးအင်အားစုများက လျှောက်လာသောအခါ အမျိုးမျိုးသော အင်အားစုများမှ လူများက သူတို့အတွက် လမ်းဖယ်ပေးလိုက်ကြသည်။ လူတိုင်းက သူတို့ကို ကြည့်နေကြပြီး ၎င်းသည် ထိုအင်အားစုများမှ ကျင့်ကြံသူများကို အလွန် စိတ်မသက်မသာ ဖြစ်စေသည်။ သို့သော် သူတို့သည် သတ္တိမွေးကာ ရှေ့ဆက်သွားရန်သာ တတ်နိုင်ပေသည်။ သူတို့သည် အဆုံးအဖြတ်ကို စောင့်ဆိုင်းနေရမည့် အပြစ်သားများသာလျှင် ဖြစ်သည်ဟု ခံစားနေကြရသည်။ ရီဖူရှင်းထံမှ စကားတစ်ခွန်းက သူတို့၏ ကံကြမ္မာများကို အဆုံးအဖြတ်ပေးနိုင်ရန် လုံလောက်ပေသည်။
ကျန်းအော့သည်လည်း ထိုနေရာ၌ ရှိနေခဲ့သည်။ သူက ရှေ့သို့ ကြည့်လိုက်ပြီး ရီဖူရှင်းနှင့် အခြားလူများကလည်း သူတို့ဘက်သို့ ကြည့်နေသည်ကို မြင်လိုက်ရသည်။ သူက ရီဖူရှင်း၏ အပြုအမူများ အပြောင်းအလဲတစ်စုံတစ်ရာ ရှိမရှိ စစ်ဆေးကြည့်လိုက်သည်။ ရီဖူရှင်းက အဆင့်တက်သွားပုံရလေသည်။ ဤသည်က ကျန်းအော့ကို ဆွံ့အသွားစေသလို ခံစားမိစေသည်။ သူသည် တစ်ချိန်က ရီဖူရှင်းကို သတ်ချင်ခဲ့ပြီး ကျန်းချင်းကျူအတွက် လမ်းဖောက်ပေးစေလိုခဲ့သည်။
အဆုံးမှာတော့ ရီဖူရှင်း ထွက်ပေါ်မလာခင် ကျန်းချင်းကျူ၊ ရှန်ဟောက်နှင့် အခြားသူအနည်းငယ်က မူလဘုံ၌ အရည်အချင်းအရှိဆုံး လူများ ဖြစ်ကြသည်။ ကျန်းချင်းကျူက အခြားသူများအထက်၌ပင် ရှိနေခဲ့သူ ဖြစ်သည်။
သို့သော် ထိုအခိုက်အတန့်တွင် မည်သည့်နေရာမှ ထွက်ပေါ်လာမှန်း မသိသည့် ရီဖူရှင်းက မည်သူမှ ဆန့်ကျင်တွန်းလှန်၍ မရနိုင်သော လူတစ်ယောက် ဖြစ်လာခဲ့သည်။ မူလဘုံမှ မည်မျှ အရည်အချင်းရှိသော သူဖြစ်ပါစေ သူတို့သည် ရီဖူရှင်း၏ အရည်အချင်းနှင့် ယှဥ်လျှင် မှေးမှိန်နေဆဲ ဖြစ်သည်။ ထို့ပြင် ကျန်းအော့သည် အင်ပါယာနန်းတော်မှ မင်းသမီးဒွန်ဟောင်က ရီဖူရှင်းအပေါ် မြင့်မားသော ထင်မြင်ချက်ရှိသည်ကို သိရှိထားသည်။ သူမသည် ယခင်တစ်ကြိမ် တိုက်ပွဲ၌ ရီဖူရှင်းအား အသက်ရှင်စေရန် လုပ်ဆောင်ပေးခဲ့သည်။ မဟုတ်လျှင် ရီဖူရှင်းက သေဆုံးခဲ့ပြီး ဖြစ်နေပေလိမ့်မည်။ ထို့ပြင် ရီဖူရှင်း၏ အသက်ကို ကယ်ဆယ်ရန် မင်းသမီးက ရတနာတစ်မျိုး ပေးလိုက်ခြင်းသာ ဖြစ်နိုင်ပေသည်။
ကျန်းအော့သည် အတွင်းစိတ်၌ မနှစ်မြို့မှုကို ခံစားနေရသော်လည်း ရီဖူရှင်းက သူတို့ကို ဆင့်ခေါ်ခဲ့ခြင်းမှာ သတ်ဖြတ်ပွဲကြီး ကျင်းပရန် မဟုတ်ကြောင်း ခန့်မှန်းမိပေသည်။ သူက အမှန်တကယ် ထိုသို့ လုပ်ခဲ့လျှင် မူလဘုံတစ်ခုလုံးမှ အင်အားစုများကို သွေးလွှမ်းသွားစေခြင်းနှင့် ညီမျှပေလိမ့်မည်။ သူက ထိုသို့ လုပ်လိမ့်မည် မဟုတ်ပေ။ မဟုတ်လျှင် အင်အားစုများအား စုဝေးရန်အစား ချက်ချင်း သွားရောက် သတ်ဖြတ်ပေလိမ့်မည်။
ရီဖူရှင်းသည် အလွန် မောက်မာသော လူမျိုး ဖြစ်သည်။ သူ၏ မောက်မာမှုက သူ့စိတ်ထဲတွင် မူလဘုံမှ ထိပ်သီးအင်အားစုများ မရှိတော့သည်အထိ ကြီးမားလာသည်။ သူ၏ တွေးခေါ်မှုလမ်းကြောင်းက ထိုအတိုင်းအတာထက် ကျော်လွန်နေပေလိမ့်မည်။
ထို့ကြောင့် အစော်ကားခံရလျှင်ပင် သူက လာရောက်ရခြင်း ဖြစ်ပေသည်။
အင်အားစုများက ရှေ့သို့ တစ်လှမ်းပြီး တစ်လှမ်း လျှောက်လာကာ အနီးမှ လူအများက သူတို့ သွားလာရန် လမ်းကြောင်း လုံလောက်အောင် နောက်ဆုတ်သွားပေးခဲ့သည်။ တစ်ချိန်က ကိုယ့်ကိုယ်ကိုယ် ဘဝင်မြင့်နေခဲ့ကြသော ထိပ်သီးပုဂ္ဂိုလ်များက အရိုအသေပေးကာ ပြောလိုက်သည်။ "ကျုပ်တို့ ရန်ဟောင်ရီကို တောင်းပန်ဖို့ ကောင်းကင်အာဏာစက်ကျောင်းတော်ကို ရောက်လာပါတယ်။"
ယနေ့တွင် မူလဘုံမှ ထိပ်သီးပုဂ္ဂိုလ်များက ကောင်းကင်အာဏာစက်ကျောင်းတော်၌ ခေါင်းများကို ငုံ့ထားကြရပေသည်။