ထောင်ချောက်
Vol. 12 Ch. 173
အမျိုးမျိုးသော နာကျင်မှုများကို တွေ့ကြုံခံစားရပြီးနောက်တွင်ပင် ယိုလျန်းနှလုံးသားနှင့်အတူရှိသော အရာများသည် မပြောင်းလဲခဲ့ပေ။အကယ်၍ သူ့နေရာတွင် အခြားသရဲနီများဖြစ်ပါက သူတို့သည် အစုအပြုံလိုက် စတင်သတ်ဖြတ်ကြမည်ဖြစ်သည်။သူတို့သည် သေမင်းအမိန့်တစ်ခုကို မေးမြန်းလိမ့်မည်မဟုတ်ချေ။
"ကျုပ်အတန်းဖော်တွေထဲမှာ ဘယ်သူက အသတ်ခံရဖို့ အထိုက်တန်ဆုံးလဲဆိုတာ ခင်ဗျားရှာစေချင်လို့လား "
ကောင်းမင်သည် နေရာတွင် ရပ်ကာ စဉ်းစားနေသည်။
"ဘာဖြစ်လို့လဲ ၊ အဲ့ဒါက အရမ်းရက်စက်လို့လား "
ယိုလျန်း၏ခန္ဓာကိုယ်သည် အရိပ်များနှင့်အတူ တွားထွက်လာခြင်းဖြစ်သည်။
"ငါက ငါ့ကိုယ်ငါ ကယ်တင်ဖို့ ကြိုးစားရုံပါပဲ "
"အဲ့ဒါက ရက်စက်တယ်လို့တော့ မထင်ပါဘူး ၊ ကျုပ်က ခင်ဗျားကို အကြံတစ်ခုပေးချင်ရုံပါပဲ ၊ ခင်ဗျား ဘာလို့ ကျိုးကျွင်းကနေ မစရတာလဲ "
ကောင်းမင်သည် ကျိုးကျွင်းကို ဖယ်ရှားချင်နေသည်မှာ အတော်ကြာပြီဖြစ်သည်။စီတုအန်းကို သတိပေးမိမည်ကို သူစိုးရွံ့ခြင်းဖြစ်သည်။
"အဲဒီလူက အန္တရာယ်များပြီး ပါးနပ်တယ် ၊ သူက တစ်တန်းလုံးကို လှည့်စားပြီး စီတုအန်းအတွက် အလုပ်လုပ်နေတာ "
ကောင်းမင်က သူ့ကို မငြင်းပယ်ရုံသာမက ကိုယ်စားလှယ်ရွေးပေး၍ ကူညီပေးမည်ကို ယိုလျန်းမမျှော်လင့်ခဲ့ချေ။
"မင်းအတန်းဖော်တွေကြားက ဆက်ဆံရေးက မကောင်းမွန်တဲ့ပုံပဲ "
"အဆိုးဝါးကြီးတော့မဟုတ်ပါဘူး ၊ တစ်ခါတစ်လေ တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်ချင်ရုံပါပဲ "
နှစ်ယောက်သား ကျောင်းမှ ထွက်လာကြသည်။သွေးမြူများသည် အိမ်မက်ဆိုးမြို့တော်ကို သိမ်းပိုက်ထား၏။ဒေါသထွက်နေသော လူစုလူဝေးများက နေရာအနှံ့ပင်။
"ငါမင်းကို လက်တွေ့ကမ္ဘာထဲ ပြန်လွတ်လိုက်ရင် ဟန်ဟိုင်းလည်း ဒီလိုဖြစ်လာလိမ့်မယ် ၊ အရိပ်ကမ္ဘာက မင်းတို့တစ်ယောက်ချင်းစီမှာ သူ့မျိုးစေ့တွေ စိုက်ပျိုးခဲ့တာ "
ယိုလျန်း၏စကားများက ကောင်းမင်အား တစ်စုံတစ်ခုကို အမှတ်ရသွားစေသည်။တစ်ချိန်က သူသည် ကျောက်ရှီနေထိုင်ခဲ့သည့် နေရာတစ်ခုလုံးကို အရိပ်ကမ္ဘာထဲသို့ ဆွဲထည့်ရန် အနက်ရောင်သေမင်းဓာတ်ပုံကို အသုံးပြုခဲ့သည်။ မူလက သူသည် ရွှမ်ဝမ်ပြောခဲ့သော ကမ္ဘာနှစ်ခုကို ဆက်သွယ်ပေးနိုင်မည့် အခရာဟု ထင်ခဲ့သည်။ သို့သော် ယခုတွင် အခန်း ၁၃ရှိ လူအားလုံးသည် တူညီသောစွမ်းအားရှိကြမည်ဖြစ်ကြောင်း သူနားလည်လိုက်သည်။
"ငါ ဒါကို စမ်းကြည့်သင့်တယ်"
ကောင်းမင်က ခွေးကြီးကို ဆင့်ခေါ်လိုက်ပြီး ချင်ကျွင်းရန်ကို ထွေးထုတ်ခိုင်းလိုက်သည်။
ကျောင်းသားတော်တော်များများသည် သူ့ကိုသတိထားနေသောကြောင့် သူက အတန်းဖော်များကို ဆက်သွယ်ရန် ချင်ကျွင်းရန်၏ ဖုန်းကို အသုံးပြုချင်လိုခြင်းဖြစ်သည်။ချင်ကျွင်းရန်သည် တုန်လှုပ်ခြောက်ခြားစွာဖြင့် မြေပြင်ပေါ်တွင် ထိုင်လိုက်သည်။သူသည် ကောင်းမင်ကို ထပ်မြင်လိုက်သောအခါ ကြောက်ရွံ့မှုအပြည့်ဖြင့် အော်ဟစ်လိုက်သည်။
"ငါ့ကို မင်းဖုန်းငှားပါဦး "
ကောင်းမင်သည် ချင်ကျွင်းရန်၏အိုင်ဒီကိုသုံး၍ စကားပြောဂရုထဲဝင်လိုက်သည်။သူ မျက်မှောင်ကြုံ့လိုက်သည်။ထိုလူသည် ကောင်းမင်၏နောက်ကွယ်တွင် ဂရု ခုနှစ်ခုထောင်ထားခဲ့ခြင်းဖြစ်သည်။သူသည် ဝမ်ကျားနှင့်ကောင်းမင်တို့အကြောင်းကို ရက်စက်ယုတ်မာသော ကောလဟလများ ဖြန့်ခဲ့သည်။သူသည် ကောင်းမင်ကိုပင် ဖမ်းဆီးချင်နေပြီး အကာအကွယ်အတွက် လဲလှယ်ရန် သူ့အား စုံစမ်းစစ်ဆေးရေးဌာနကို ပို့ချင်နေလေသည်။သူ့အတန်းဖော်များနှင့် ယှဉ်ပါက ကျိုးကျွင်းသည် ဌာနကို ပိုပြီးယုံကြည်လေသည်။အကြောင်းမှာ သူသည် ကျိုးကျွင်းကို မဆန့်ကျင်ခဲ့သောကြောင့်ဖြစ်သည်။ အစောပိုင်းမရဏမဲဆန္ဒပြုပွဲတွင် သူသည် ကျိုးကျွင်းကို မဲမပေးရန် တခြားသူများကိုလည်း စည်းရုံးခဲ့သေးသည်။
ကောင်းမင်က သူ့ဖုန်းကို ယူသွားသည့်အတွက် ချင်ကျွင်းရန်၏ အမူအရာသည် ခါးသီးနေ၏။သူသည် ဖြည်းညှင်းစွာ မတ်တပ်ထရပ်လိုက်ရင်း သူ့မျက်လုံးများတွင် တွေဝေမှုများဖြစ်ပေါ်လာ၏။
"မင်း ငါ့မက်ဆေ့တွေ ကြည့်လို့ရတယ် ပြီးရင် တခြားသူတွေကို လှည့်စားဖို့ ငါမင်းကို ကူညီပေးနိုင်တယ် ဒါပေမယ့် ...ငါ့ browser history ကိုတော့ မကြည့်ပါနဲ့ကွာ "
ချင်ကျွင်းရန်က သူ့ဖုန်းကို ပြန်လိုချင်ခဲ့သည်။ ကောင်းမင်သည် ထိုလူက အများအားဖြင့် အင်တာနက်ပေါ်တွင် ဘာရှာဖွေကြည့်သည်ကို မသိပေ။
"မင်းရဲ့ ကိုယ်ပိုင်ဘဝကို ငါစိတ်မဝင်စားဘူး "
ကောင်းမင်သည် စကားပြောဂရုများကိုသုံး၍ အခြားကျောင်းသားများ၏တည်နေရာကို အတည်ပြုလိုက်သည်။သူသည် ကောင်းယန်နှင့်အတူ အတိတ်ကို ပြန်အမှတ်ရနေချိန်တွင် သူ့အတန်းဖော်များက အိပ်မက်ဆိုးကို ဖယ်ရှားရန် စုရုံးခဲ့ကြသည်။သူတို့သည်လည်း သွေးမြူပြဿနာကို သတိပြုမိကြသည်။လူတိုင်းသည် ထိုအရာအပေါ် ကွဲပြားစွာတုန့်ပြန်ခဲ့ကြသည်။
တချို့လူများက သရဲများကို ခုခံနိုင်မည့်စွမ်းအားကို ရရှိရန် မည်သည့်တန်ကြေးမဆို ပေးနိုင်ကြသည်။သူတို့သည် သွေးမြူများကို တက်ကြွစွာစုပ်ယူခဲ့ကြသည်။အချို့က ခုခံရန် တိုက်တွန်းကြသည်။သူတို့သည် မကောင်းဆိုးဝါးမဖြစ်ချင်ကြပေ။ အများစုသည် ကြားနေအဖြစ်ကျန်ရစ်ခဲ့ပြီး နောက်ဆုံးအခိုက်အတန့်အထိ ဆုံးဖြတ်ချက်မချနိုင်ခဲ့ကြပေ။
"ကျုပ်အတန်းဖော်တွေက မြို့တော်ရဲ့ တစ်ခုတည်းသော ဘတ်စ်ကားဂိတ်မှာ စုဝေးနေကြတယ် "
ယင်းသည် တိုင်ဆိုင်မှုတစ်ခုဖြစ်ပုံရသည်။အခန်း ၁၃ ၏ကံကြမ္မာပန်းတိုင်သည် ဘတ်စ်ကားများဖြင့် ဆက်နွယ်နေမြဲဖြစ်သည်။
"ဘတ်စ်ကားဂိတ်လား "
ယိုလျန်းက မြို့တော်၏အစွန်းကို ကြည့်ရှုလိုက်သည်။
"အဲဒီ့မှာ အိပ်မက်ဆိုး ပြိုကျတာအများဆုံးပဲ "
"ကျုပ်အတန်းဖော်တွေက အသုံးမဝင်ဘူးလို့ထင်ရပေမယ့် ရက်စက်ကြမ်းကြုတ်မှုအရတော့ သူတို့အရှုံးပေးမှာ မဟုတ်ဘူး "
ကောင်းမင်သည် ယိုလျန်းအား အမှုမဲ့အမှတ်မဲ့ မလုပ်မိရန်မျှော်လင့်သည်။
"သူတို့ထဲက တချို့က ကျောင်းသားကောင်စီကပဲ ၊ တချို့က စုံစမ်းစစ်ဆေးရေးဌာနအတွက် အလုပ်လုပ်ကြတယ် ၊ သူတို့ ဘာမဆိုလုပ်နိုင်တယ် "
အခန်း ၁၃ ကျောင်းထဲဝင်လာသည်မှာ ရက်အနည်းငယ်သာရှိသေးသည်ကို ယိုလျန်းမှတ်မိသည်။ထို ကျောင်းသားအုပ်စုသည် အလွန်မြန်မြန်ဆန်ဆန်ကြီးထွားလာခဲ့သည်။
ယိုလျန်းသည် ကောင်းမင်နှင့်စကားပြောနေရင်း အချိန်မဖြုန်းဝံ့ပေ။သူ့ပုံရိပ်သည် ဝေဝါးသွားသည်။သူ့အသိစိတ်များသည် ဖြတ်သွားဖြတ်လာများကြား ခုန်ထွက်သွားပြီး ဘတ်စ်ကားဂိတ်ဆီသို့ ပြေးလွှားလိုက်သည်။
ယိုလျန်းထွက်သွားပြီးနောက် ချင်ကျွင်းရန်က ဂရုတစိုက်ပြောလိုက်သည်။
"ကောင်းမင် ငါ့ဖုန်းကို ပြန်ပေးနိုင်မလား ၊ ငါမင်းနဲ့ ပူးပေါင်းပါ့မယ် ၊ တကယ်တော့ ငါတို့မှာ ပဋိပက္ခတွေ မရှိဘူးလေ ၊ ငါတို့နှစ်ယောက်လုံး လျိုယီကိုကြိုက်တယ်ဆိုရင်တောင် ဒါက အတိတ်မှာကျန်ခဲ့ပြီလေ "
သို့တောင်မှ ချင်ကျွင်းရန်၏ မျက်လုံးများတွင် မုန်းတီးမှုများ ရှိနေဆဲပင်။
"မင်းအရိပ်ထဲကိုပြန်သွားပြီး အဲ့ဒီမှာနေရမယ် ၊ မင်းက ငါထိန်းချုပ်ထားတဲ့စမ်းသပ်ရေးကိရိယာ ဖြစ်လာဖို့လိုတယ် "
ကောင်းမင်က ခွေးကြီးအား ချင်ကျွင်းရန်ကို ထပ်မံမြိုချခိုင်းလိုက်သည်။သွေးမြူများ ကျဆင်းလာချိန်တွင် ချင်ကျွင်းရန်သည် ခွေးကြီး၏ဗိုက်ထဲတွင် ရှိနေခဲ့သည်။ထို့ကြောင့် သူသည် သွေးမြူများ၏ သက်ရောက်မှုကိုမခံခဲ့ရသည့် တစ်ဦးတည်းသော သူဖြစ်သည်။
"ရပ်လိုက် ! "
ဌာနမှ လူများအပြေးအလွှားရောက်လာကြသည်။သွေးနီရောင်ဆက်သွယ်ရေးစက်ဖြင့် စုံစမ်းရေးမှူးနှစ်ယောက်သည် သူတို့လျှို့ဝှက်လက်နက်များကို ထုတ်ဖော်ထားသော်လည်း ကောင်းမင်က ထွက်ပြေးချင်ရုံသာဖြစ်သည်။ယင်းက သူတို့အား အနှောက်အယှက်ဖြစ်စေသည်။ကောင်းမင်သည် လုံခြုံရေးများ၏စွမ်းအားကို စိတ်မဝင်စားပေ။သူ့အား ခွေးကြီးကို မြိုချခိုင်းလိုက်ပြီး ယိုလျန်းနောက် ပြေးလိုက်သွားလိုက်သည်။
အိမ်မက်ဆိုးထဲတွင် မြို့တော်သည် ၎င်း၏မူလအရောင်အသွေးမရှိတော့ပေ။သွေးမြူမှုန်များက လူတိုင်းကို စွဲလန်းစေခဲ့သည်။ အရာရာတိုင်းသည် အဓိပ္ပါယ်မဲ့ပြီး အန္တရာယ်ဖြစ်လာလေ၏။
ဘတ်စ်ကားဂိတ်တွင် ကျောင်းသားများသည် အုပ်စုခြောက်ခု ခွဲထွက်နေကြသည်။အံ့အားသင့်စရာက အစည်းလုံးဆုံးအုပ်စုသည် အစားထိုးသရဲအုပ်စုပင်ဖြစ်သည်။သူတို့သည် ရုတ်တရက် ဇာတ်လမ်းထဲရှိ လူကောင်းများအဖြစ်ခံစားလိုက်ရသည်။
အိမ်မက်ဆိုးအစွန်းအနီးရှိ နံရံများ စတင်အက်ကွဲလာနေကြသည်။အက်ကွဲကြောင်း၏အလယ်တွင် သွေးရောင်မိုးကာအင်္ကျီတစ်ထည်ရှိနေလေသည်။
မိုးကာအင်္ကျီသည် ဌာန၏ဒုတိယစစ်ကူဘတ်စ်ကားမှ ကျောင်းထဲဝင်ရောက်လာခြင်းဖြစ်သည်။မိုးကာအင်္ကျီ၏အောက်တွင် မည်သည့်အရာပုန်းကွယ်နေမှန်း ဘယ်သူမှ မသိကြပေ။ထိုအချိန်တွင် မိုးကာအင်္ကျီသည် သူ့လမ်းကြောင်းကိုအိပ်မက်ဆိုးထဲသို့ တွန်းပို့ရန် အမိန့်တစ်ခု ရရှိခဲ့သည်။
ကျိုးကျွင်းသည် ဌာနမှ ဒီဇိုင်းထုတ်ထားသော ဓားတစ်ချောင်းကို ကိုင်ထားပြီး အက်ကွဲကြောင်းများ၏တည်နေရာအား စောင့်ကြပ်နေလေသည်။သူ့ကြွက်သားများက ဖုထစ်နေပြီး သွေးမြူများ၏ လွှမ်းမိုးမှုအောက်တွင် သူပိုသန်မာလာလေသည်။သူ့ဆန့်ကျင်ဘက်တွင် ရှိသူမှာ လျိုယီဖြစ်သည်။လျိုယီ၏နောက်တွင် မျက်နှာတွင်မွေးရာပါအမှတ်ကြီးတစ်ခုရှိသော ပိန်ပါးသည့် အမျိုးသမီးတစ်ယောက်ရှိသည်။
"အနားကပ်မလာကြနဲ့ ! ဌာနရဲ့အစီအစဉ်ကို နှောက်ယှက်တဲ့ ဘယ်လှုပ်ရှားမှုမဆို မင်းတို့ကို ဆွဲချသွားလိမ့်မယ် ! "
ကျိုးကျွင်းက အံကြိတ်လိုက်သည်။သူ့နောက်ကျောတွင် ကုတ်ခြစ်ရာများ ထွက်ပေါ်လာ၏။
"သွေးမြူတွေကို ရှူရှိုက်မိရင် ကိုယ့်ကိုယ်ကို ဆုံးရှုံးစေလိမ့်မယ် ၊ အဲ့ဒါတွေကို လက်မခံနဲ့ ! "
သွေးမြူများ၏ ဖြစ်တည်မှုကို မျှခြေကို ပျက်စီးစေသည်။ကျိုးကျွင်းသည် ထိန်းချုပ်မှုလွတ်နေသောအခြေအနေကို ခံစားနိုင်၏။
"မင်း ကြောက်နေပြီလား "
ယွမ်ဟွေ့၏အသံသည် အလွန်ကြောက်မက်ဖွယ်ကောင်းနေ၏။သွေးမြူမှုန်များကို ရှူရှိုက်ရင်း သူ့ခန္ဓာကိုယ်သည် ကားထွက်လာပြီး ပျက်စီးလာသည်။ သူသည် လူလည်းမဟုတ် သရဲလည်းမဟုတ်ပေ။
"မင်းက ငါ့အချစ်ရဆုံးသူနှစ်ယောက် ကိုသတ်ပစ်ခဲ့တယ် ၊ ကျိုးကျွင်း ! "
"မင်းက မင်းမိန်းမရဲ့နောက်ကွယ်မှာ မယားငယ်တစ်ယောက်ထားနေတာလေ ဒါကြောင့် ဒီမှာ မြင့်မြတ်သလို သရုပ်ဆောင်မနေနဲ့ ! "
ကျိုးကျွင်းက သွေးတစ်ချို့ ထွေးထုတ်လိုက်သည်။
"မင်းကို နောက်ထပ်လျှို့ဝှက်ချက်တစ်ခုပြောပြမယ် ၊ တကယ်တော့ မင်းမိန်းမနဲ့ မင်းချစ်သူက မင်းကို ချစ်တောင်မချစ်ဘူး ၊ ကလေးနှစ်ယောက်လုံးကလည်း မင်းကလေးမဟုတ်ဘူး "
"အဲ့သလိုပြောဖို့ မင်းသူတို့ကို ဖိအားပေးခဲ့တာပဲ ! "
ယွမ်ဟွေ့သည် ကျိုးကျွင်းကို ထပ်မံတိုက်ခိုက်လိုက်သည်။အခြားကျောင်းသားများတွင်လည်း ကိုယ်ပိုင်အစီအစဉ်များ ရှိနေကြသည်။
အသွေးအသားများသည် ဘတ်စ်ကားဂိတ်တွင် လွင့်ပျံနေ၏။ ဖန်သားပြင်သည် ဘတ်စ်ကားစီးရမည့်အချိန်ကို မကြေညာသော်လည်း ဘတ်စ်ကားဂိတ်ရှိ ရက်စက်ကြမ်းကြုတ်မှုကို ထင်ဟပ်စေသည်။
ယိုလျန်းသည် အမြန်ဆုံးနူန်းဖြင့် ဘတ်စ်ကားဂိတ်သို့ ရောက်လာခဲ့သည်။သူဘာမှ မလုပ်ရသေးခင် အခန်း၁၃သည် အချင်းချင်းတိုက်ခိုက်နေကြကြောင်း သူမြင်လိုက်ရသည်။
ထူးဆန်းသည်မှာ အခန်း ၁၃ ကျောင်းသားများကြားရှိ သတ်ဖြတ်ပွဲသည် ရက်စက်သော်လည်း မည်သူမှ မသေဆုံးကြပေ။ထို့အစား ယိုလျန်းခန္ဓာကိုယ်ပေါ်မှ အရိပ်သည် ဆက်လက်ပြန့်ကားလာလေ၏။
"သူတို့က ငါ့အတွက် ပြင်ဆင်နေကြတာလား "