← Chapters

အငှားယာဉ်ရွေးချယ်ရေးစနစ်

Vol. 1 Ch. 1

အငှားယာဉ်ရွေးချယ်ရေးစနစ်

Vol. 1 Ch. 1

"ယဲ့ချန် လမ်းခွဲရအောင်"

ဖုန်းတစ်ဖက်မှ သူ့ချစ်သူယောင်လိလိ၏အသံ ထွက်ပေါ်လာသည်။

"ဘာလို့လမ်းခွဲမှာလဲ"

ယဲ့ချန်လည်း တဒင်္ဂမျှ အံ့ဩမှင်တက်သွားရလေသည်။

"ကိုယ် မင်းကို နေ့တိုင်း အလုပ်လာကြိုတယ်လေ။ တက္ကစီမောင်းပြီး ရလာတဲ့ပိုက်ဆံနဲ့လည်း မင်းအတွက် ဇိမ်ခံပစ္စည်းတွေဝယ်ပေးတာပဲ။ ကိုယ် ဘာအမှားလုပ်မိလို့လဲ"

"ရှင် ဘာအမှားမှမလုပ်ထားပါဘူး။ ကျွန်မက ရှားလိကားကိုမောင်းတဲ့ တက္ကစီဒရိုင်ဘာတစ်ယောက်ကို ရည်းစားမတော်ချင်တော့ရုံပါ။ ရှားလိကားထဲမှာ ရယ်နေရမဲ့အစား BMWထဲမှာပဲ ငိုနေလိုက်တော့မယ်။ နှုတ်ဆက်ပါတယ်"

ဖုန်းခေါ်ဆိုမှု ပြတ်တောက်သွားလေပြီ။

ဆိုရှယ်မီဒီယာတွင် ယောင်လိလိ နောက်ဆုံးတင်ထားခဲ့သောပို့စ်တွင် နောက်ခံ၌ BMWကားတစ်စီးရှိနေပြီး ဓာတ်ပုံထဲတွင်မူ အမျိုးသားတစ်ယောက်၏လက်က သူ့ခါးကို ဆုပ်ကိုင်ထားပေသည်။

သေလိုက်ပါတော့.. ရှားလိကားထဲမှာ ရယ်နေရမဲ့အစား BMWကားထဲမှာပဲ ငိုနေလိုက်မယ်တဲ့.. ဒါပေမဲ့ လူချမ်းသာဒုတိယမျိုးဆက် အမွေဆက်ခံသူတစ်ယောက်အတွက်နဲ့ ငါ့ကိုပစ်သွားတာ အသိသာကြီးကို..

ယဲ့ချန်သည် လွန်ခဲ့သည့်ဆယ်နှစ်ကပင် အပြိုင်ကမ္ဘာတစ်ခုသို့ ကူးပြောင်းလာခဲ့ခြင်းပင်။ မူလတုန်းကတော့ လစာတစ်သောင်းဝင်သည့် ရုံးဝန်ထမ်းတစ်ယောက် ဖြစ်ခဲ့သော်လည်း လုပ်ဆောင်ရည်ကောင်းသော လုပ်ဖော်ကိုင်ဖက်တစ်ဦးထံတွင် အကွက်ဆင်ခံခဲ့ရသောကြောင့် အလုပ်ပြုတ်ခဲ့ရ၏။ ထို့ကြောင့် အငှားယာဉ် မောင်းနေရခြင်းပင်။

ကောင်းမွန်စွာ အခြေချမည်ဟူသော မျှော်လင့်ချက်ဖြင့် ရည်းစားတစ်ယောက်ထားခဲ့သော်ငြား သူ၏အားတက်သရောကြိုးပမ်းမှုများမှာ အချည်းနှီးဖြစ်ခဲ့ရသည်။

ကမ္ဘာကူးပြောင်းလာကြသော အခြားသူများမှာမူ သူတို့ကို ကူညီပံ့ပိုးပေးမည့် စနစ်များ ရှိကြပြီး သူတို့ကိုယ်တိုင်ကလည်း ထူးချွန်ကြလေသည်။ သို့သော် ယဲ့ချန်ကမူ ကံဆိုးမိုးမှောင်ကျခြင်းကလွဲပြီး အခြားမရှိပေ။

လမ်းတစ်ဖက်ခြမ်း၌ အနက်ရောင်အနောက်တိုင်းဝတ်စုံကိုဝတ်၍ ဒေါက်ဖိနပ်အမြင့်ကို စီးထားသော အမျိုးသမီးတစ်ယောက်က ယဲ့ချန်အား လက်ယမ်းပြနေပေသည်။

ထိုအလှပဂေးလေးတွင် ဆွဲဆောင်မှုတန်ဖိုး ၉၅မှတ်နှင့်အထက် ပိုင်ဆိုင်ထားသော်လည်း အေးစက်စက်နိုင်သော မောက်မာမှုအနည်းငယ်ကိုလည်း သယ်ဆောင်ထားပြန်သည်။

ယဲ့ချန်လည်း ကားကို လမ်းဘေးသို့ ထိုးရပ်လိုက်လေရာ ထိုအလှလေးက ကားတံခါးကို ဆွဲဖွင့်၍ အနောက်ခုံတွင် ဝင်ထိုင်လိုက်၏။

ကိုယ့်ကိုယ်ကိုယ်စိတ်ငြိမ်အောင် ထားပြီးနောက် ပရော်ဖက်ရှင်နယ်ဆန်သော အပြုံးတစ်ပွင့်ကို ထိုအလှပဂေးလေးအား ယဲ့ချန် လှစ်ဟပြလိုက်သည်။

"ပရီမီယမ်တက္ကစီမှ ကြိုဆိုပါတယ်"

အလှပဂေးလေးကမူ တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းညိတ်သည်ဆိုရုံလေးသာ ညိတ်ပြချေသည်။

ယဲ့ချန်လည်း ကားစက်နှိုး၍ လိပ်စာအတိုင်း မောင်းလိုက်တော့သည်။ သာယာနာပျော်ဖွယ်ကောင်းသော ဖုန်းဝင်သံတစ်သံက ထိုအလှလေး၏ဖုန်းမှ မြည်လာသည့်အခါ သူ(မ)ကလည်း ပြန်ဖြေလိုက်၏။

"မန်နေဂျာချန်း..ရီတာ့အုပ်စုနဲ့လုပ်တဲ့ သဘောတူစာချုပ်က အကုန်ပြီးပြတ်သွားပြီမဟုတ်ဘူးလား။ ဘာလို့ရုပ်သိမ်းရတာလဲ"

"ဥက္ကဋ္ဌစု.. ကျုပ်တို့ဘက်က စာချုပ်မှာ လက်မှတ်ထိုးပေးလို့တော့ ရပါတယ်။ ဒါပေမဲ့ ခင်ဗျား ဒီည ဒီကိုလာပြီး ကျုပ်နဲ့ သောက်ပေးမှဖြစ်မယ်။ ကျုပ် စိတ်အခြေအနေကောင်းရင် လက်မှတ်ထိုးမဲ့အစီအစဉ်ကလည်း သူ့အလိုလိုဖြစ်လာမှာပေါ့"

"ဒါက.."

စုဝမ်ယိ မျက်မှောင်ကြုတ်လိုက်မိသော်လည်း အံတင်းတင်းကြိတ်၍ ပြောလိုက်၏။

"ကောင်းပြီလေ။ ကျွန်မ အခု ဟိုတယ်ကိုလာခဲ့လိုက်မယ်"

စုဝမ်ယိဆိုသည်မှာ မိုတုစီးပွားရေးလောက၏ နတ်ဘုရားမတစ်ပါးပင်။

ထူးခြားလှသော ဆွဲဆောင်မှု၊ ထက်မြက်သော စီးပွားရေးအမြင်နှင့် တက်ကြွသွက်လက်သော စရိုက်တို့ဖြင့် မရေမတွက်နိုင်သော အမျိုးသားပေါင်းများစွာကို သူ(မ)က ဖမ်းစားထားပေသည်။

သို့သော် အောင်မြင်မှု၏နောက်ကွယ်တွင် အခက်အခဲများ ရှိစမြဲပင်။ စီးပွားရေးလောကတွင် အမျိုးသမီးတစ်ယောက်အနေနှင့် ရှင်သန်ရပ်တည်နိုင်ရန် ခက်ခဲကြမ်းတမ်းလွန်းလှသည်။

စုဝမ်ယိက ထက်မြက်သည်။ သူ(မ)ကို အရက်လာသောက်ခိုင်းသည့် မန်နေဂျာချန်း၏ရည်ရွယ်ချက်က အန္တရာယ်ရှိကြောင်း သိသော်ငြား သဘောတူစာချုပ်ကလည်း လက်လွှတ်ခံလိုက်ရန် မဖြစ်နိုင်လောက်အောင် အရေးကြီးနေပေသည်။

[တင်! အငှားယာဉ်ရွေးချယ်ရေးစနစ်ကို အသက်သွင်းလိုက်ပါပြီ။ အပတ်တိုင်းမှာ ထူးခြားတဲ့ပင်ကိုအရည်အချင်းရှိသူ ခရီးသည်တစ်ယောက်နဲ့ ကျပန်းတွေ့ကြုံရပါလိမ့်မယ်။ ရွေးချယ်ရေးတာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်ပြီး ဆုလာဘ်ကို ရယူနိုင်ရင် ပိုင်ရှင်အနေနဲ့ ကမ္ဘာ့ထိပ်သီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာဖို့ အထောက်အပံ့ရမှာပါ]

[ခရီးသည်၏အလုပ်အကိုင် : စီအီးအို]

[ရွေးချယ်စရာ ၁ : အလှပဂေးစီအီးအိုကို နှစ်သိမ့်ပြီး ကျွမ်းကျင်ပြောင်မြောက်တဲ့ မျက်နှာချိုသွေးခြင်းစွမ်းရည်၊ မြှောက်လုံးပင့်လုံး +၁၀နဲ့ အလှပဂေးစီအီးအိုဘောက်ဆူး၁သန်းကို ရယူလိုက်ပါ]

[ရွေးချယ်စရာ ၂ : အလှပဂေးစီအီးအိုကို ရက်စက်တဲ့အမှန်တရားတွေအကြောင်း ပြောပြပြီး အဆိပ်ပြင်းလျှာစွမ်းရည်၊ ခက်ထန်မှု +၁၀နဲ့ ပေါ်တိလဲ့မျက်နှာတန်ဖိုး ကြံ့ခိုင်မှုကတ်တစ်သိန်းကို ရယူလိုက်ပါ]

[ရွေးချယ်စရာ ၃ : အမျိုးသမီးစီအီးအိုကို ပြဿာနာတွေ ကူဖြေရှင်းပေးပြီး အကန့်အသတ်နဲ့ထုတ်ထားတဲ့ ဇိမ်ခံကားတစ်စီး၊ ဆွဲဆောင်မှုတန်ဖိုး +၁၀နဲ့ ထရီလီယံတန်ဖိုးရှိတဲ့ အုပ်စုတစ်ခုရဲ့ ဆက်ခံသူစီအီးအိုနေရာကို အရယူလိုက်ပါ]

ဝိုး!

သူ့စိတ်အာရုံထဲရှိ ရွေးချယ်စရာများကို မြင်လိုက်ရသောအခါ ယဲ့ချန် ကြက်သေသေသွားရ၏။

ဒဏ္ဍာရီလာစနစ်ကား သူ့ဆီကို ရောက်လာလေပြီ။

ပထမတာဝန်မှာ လုပ်ဆောင်ရန် အလွယ်ကူဆုံးဖြစ်ပြီး ဆုလာဘ်ကလည်း အသင့်အတင့်သာ ဖြစ်၏။

ရွေးချယ်စရာနံပါတ်နှစ်ကိုမူ ယဲ့ချန် လျစ်လျူရှုထားလိုက်သည်။ တစ်စုံတစ်ယောက်၏ ပြဿနာကို အခွင့်ကောင်းယူခြင်းမှာ သူ့စတိုင်လ်မဟုတ်ချေ။

ရွေးချယ်စရာနံပါတ်သုံးမှာ ခက်ခဲသော်လည်း ဆုလာဘ်များက ရက်ရောလှပေသည်။

ထိုအချိန်၌ ယဲ့ချန်လည်း စိတ်ထဲမှာပင် တိတ်တိတ်လေးပြန်ပြောလိုက်၏။

"စနစ်.. ငါ နံပါတ်သုံးကိုရွေးတယ်"

[တင်! ရွေးချယ်မှုအောင်မြင်တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ ဆုလာဘ်ကတော့ စာအိတ်နီဆယ်သန်းပါ]

[တင်! အကန့်အသတ်နဲ့ထုတ်ထားတဲ့ Paganiပြိုင်ကားကို ရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ ကားကတော့ သတ်မှတ်ထားတဲ့ ကားပါကင်မှာ ရှိပါတယ်]

[တင်! ဆွဲဆောင်မှုတန်ဖိုး +၁၀မှတ် ရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ အမျိုးသမီးတွေအပေါ် သင့်ရဲ့ဆွဲဆောင်နိုင်စွမ်းက နှစ်ဆမြင့်တက်သွားပါပြီ]

[တင်! ရီတာ့အုပ်စုရဲ့စီအီးအိုဖြစ်သွားတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်]

[တင်! တစ်ပတ်အတွင်း ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရမယ်ဆိုရင် ပိုင်ရှင်အနေနဲ့ ခရီးသည်ရွေးချယ်မှုအထူးတာဝန်အသစ်ကို ဖွင့်နိုင်မှာပါ]

စုဝမ်ယိ ဖုန်းချလိုက်ပြီးနောက် မော့ကြည့်လိုက်ချိန်ဝယ် ယဲ့ချန်၏ ဘေးတိုက်မျက်နှာအနေအထားကြောင့် ရုတ်တရက်မှင်တက်သွားရချေသည်။

"ဒီတက္ကစီဒရိုင်ဘာက တော်တော်ခန့်ညားသားပဲ"

စုဝမ်ယိမှာ ကားထဲသို့ ဝင်လာကတည်းက ယဲ့ချန်ကို သိပ်အာရုံမစိုက်ခဲ့မိပေ။

ယခုမူ အနောက်ခုံတွင်ထိုင်ရင်း စုဝမ်ယိခမျာ ယဲ့ချန်ကို မငေးဘဲ မနေနိုင်တော့ပေ။ စိတ်လှုပ်ရှားမှုကလည်း တိုးသည်ထက် တိုးလာလေသည်။

ရုတ်ခြည်းပင် သူ(မ) ပြောင်မြောက်သောအကြံတစ်ခု ရလိုက်၏။

"တက္ကစီဒရိုင်ဘာအစ်ကို… ကျွန်မကို တစ်ခုလောက်ကူညီပေးလို့ရမလား"

"ဘယ်လိုအကူအညီမျိုးလဲ"

ယဲ့ချန် ပြန်မေးလိုက်သည်။

"ကျွန်မနဲ့အတူ ပွဲတစ်ခုတက်ပေးပါ့လား။ ကျွန်မ အရက်မူးသွားခဲ့ရင် ယာရှီကုမ္ပဏီကို ပြန်ပို့ပေးရမယ်။ ရှင့်ကို အလကားမခိုင်းပါဘူး။ ကျွန်မ ပိုက်ဆံပေးနိုင်ပါတယ်"

ထိုအခမ်းအနားသို့ တက်ရောက်ပြီး အရက်မူးသွားခဲ့လျှင် အလွန်အန္တရာယ်များလိမ့်မည်ဖြစ်ကြောင်း စုဝမ်ယိ ကောင်းကောင်းသိသည်။

ယဲ့ချန်သာ အတူလိုက်လာခဲ့လျှင် အခြေအနေကား ကွဲပြားသွားလိမ့်မည်။ အနည်းဆုံးတော့ သူ(မ)ဘေးနားတွင် အမျိုးသားတစ်ယောက် အဖော်ရှိနေမည်ဖြစ်သောကြောင့် တစ်ဖက်လူလည်း ရဲရဲတင်းတင်းပြုမူရဲမည်မဟုတ်ပေ။

"ဟင့်အင်း။ ကျွန်တော် တက္ကစီမောင်းရဦးမယ်"

"တစ်သောင်းပေးမယ်လေ။ အဲဒီလောက်ဆိုရင် ရှင့်ဝင်ငွေတစ်နှစ်စာအတွက် လုံလောက်တာထက်တောင် ပိုပါသေးတယ်"

"ကောင်းပြီလေ။ သဘောတူတယ်"

အစကတည်းက ယဲ့ချန်သည် စုဝမ်ယိကို ကူညီချင်နေခဲ့ပြီးသားပင်။ သို့သော် သူ့ငြင်းဆိုမှုမှာ လှည့်ကွက်ထုတ်လိုက်ခြင်းမျှသာဖြစ်၏။ အလျင်လိုလျှင် သံသယအဝင်ခံရနိုင်လေသည်။

Marriottဂရန်းဟိုတယ်၏ ကားပါကင်တွင် ပါကင်ထိုးလိုက်ပြီးနောက် စုဝမ်ယိက ကားထဲမှထွက်လိုက်သည်။ ထိုအခိုက် ယဲ့ချန်၏ဖုန်းက ထမြည်လာ၏။

"ဟယ်လို ဥက္ကဋ္ဌယဲ့လား။ ကျွန်မက ရီတာ့အုပ်စုရဲ့အထွေထွေမန်နေဂျာ လင်းလီပါ။ ရှင်က ရီတာ့အုပ်စုရဲ့ရှယ်ယာ၄၀ရာခိုင်နှုန်းကို ရလိုက်ပြီမို့ ကုမ္ပဏီရဲ့စီအီးအိုဖြစ်သွားပါပြီ။ ရှယ်ယာလွှဲပြောင်းရေးစာချုပ်မှာ ရှင် လက်မှတ်ထိုးပေးဖို့လိုပါတယ်"

"အိုး.. ကျွန်တော်က အခု Marriottဂရန်းဟိုတယ်မှာ။ ဒီကိုသာ လာခဲ့လိုက်ပါ"

ယဲ့ချန် ပြန်ဖြေလိုက်သည်။

"ကောင်းပါပြီ။ ကျွန်မ အခုချက်ချင်းလာခဲ့ပါ့မယ်"

ဖုန်းချလိုက်ပြီးနောက် ယဲ့ချန်နှင့် စုဝမ်ယိတို့နှစ်ယောက်သား ဟိုတယ်ထဲသို့ အတူဝင်သွားလိုက်သည်။

စုဝမ်ယိ သီးသန့်ခန်းထဲသို့ ဝင်သွားလိုက်သောအခါ အသက်ငါးဆယ်အရွယ်ရှိသော ထိပ်ပြောင်အမျိုးသားတစ်ယောက်က မတ်တတ်ထရပ်လိုက်ချေသည်။

"ဥက္ကဋ္ဌစု.. ခင်ဗျားကိုဖိတ်ဖို့ တကယ်ခက်တာပဲဗျာ"

ချန်းလိမှာ ဘေးနားတွင် ရပ်နေသော ယဲ့ချန်ကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်မိသည်။

"ဒါက ဘယ်သူလဲ"

ချန်းလိက ယဲ့ချန်ကို လက်ညှိုးထိုးပြလိုက်လေသည်။

"သူက ကျွန်မရဲ့ဒရိုင်ဘာယဲ့ချန်ပါ"

"ဪ ဒရိုင်ဘာကိုး"

ချန်းလိလည်း သရော်ပြုံးပြုံးလျက် ယဲ့ချန်ကို တည့်တိုးသာ လျစ်လျူရှုထားလိုက်တော့သည်။

သုံးယောက်သား နေရာတွင် ထိုင်ချလိုက်ပြီးနောက် ဝိုင်နှင့် ဟင်းပွဲများလည်း ရောက်လာလေသည်။

စုဝမ်ယိခမျာ စိုးရိမ်တကြီးမေးခွန်းထုတ်လိုက်မိသည်။

"မန်နေဂျာချန်း.. ကျွန်မတို့ရဲ့သဘောတူစာချုပ်ကရော ဘယ်လိုအခြေအနေရှိလဲ"

"သဘောတူစာချုပ်က အလျင်မလိုပါဘူးဗျာ။ အရင်သောက်ကြတာပေါ့"

ထိုသို့ပြောပြီးနောက် ချန်းလိက စုဝမ်ယိအား ဝိုင်ခွက်တစ်ခွက်အပြည့် လောင်းထည့်ပေးလိုက်သည်။

"ဥက္ကဋ္ဌစု..ကျုပ်မပြောဘူးလား။ ကျုပ်ကိုအဖော်လုပ်ပြီး အရက်သောက်ပေးမယ်ဆိုရင် ကျုပ်လည်း သဘောတူစာချုပ်မှာ ချက်ချင်း လက်မှတ်ထိုးပေးမယ်လို့"

စုဝမ်ယိကမူ ပြည့်လျှံနေသော ဝိုင်ခွက်ကိုကြည့်၍ မျက်မှောင်ကြုတ်လိုက်လေသည်။

သူ(မ)သာ ဤဝိုင်ခွက်ကို တစ်ချီတည်းမော့လိုက်ပါက ယနေ့အဖို့ သေချာပေါက် မူးသွားမည်ဖြစ်၏။

"ဥက္ကဋ္ဌစု.. ကျုပ်အနေနဲ့ကတော့ ခင်ဗျားနဲ့ပဲဖြစ်ဖြစ် တခြားလူတစ်ယောက်ယောက်နဲ့ပဲဖြစ်ဖြစ် သဘောတူစာချုပ်မှာ လက်မှတ်ထိုးလိုက်နိုင်တယ်နော်။ အလုပ်ဖြစ်မဖြစ်ဆိုတာ ဒီနေ့ ခင်ဗျားရဲ့လုပ်ဆောင်ချက်အပေါ်ပဲ မူတည်တယ်"

ချန်းလိက ညှို့အားပြင်းသော စုဝမ်ယိ၏ခန္ဓာကိုယ်ကို အာသာငမ်းငမ်းငေးကြည့်ရင်း ပြောလိုက်သည်။

ယနေ့အဖို့ ဤဝိုင်ခွက်ကိုမသောက်လျှင် သဘောတူစာချုပ်တွင် လက်မှတ်ထိုးဖို့ မဖြစ်နိုင်ကြောင်း စုဝမ်ယိ ကောင်းကောင်းသိလိုက်ပေသည်။

သူ(မ)မူးသွားခဲ့လျှင် အားကိုးရနိုင်မည်ဟု မျှော်လင့်လျက် ယဲ့ချန်ကို လှည့်ကြည့်လိုက်မိသည်။

ထို့နောက် စုဝမ်ယိ အသက်ပြင်းပြင်းရှိုက်ရှူလိုက်၏။

"ကောင်းပါပြီ"

ဤသို့ဖြင့် စုဝမ်ယိ ဝိုင်ခွက်ကို ကောက်ကိုင်ရန် ပြင်လိုက်သည်။

"တစ်ဆိတ်လောက်ပါ.. ဥက္ကဋ္ဌစုက အရက်မသောက်ပါဘူး"

ယဲ့ချန်က ဤသို့ဆိုရင်း စုဝမ်ယိရှေ့ရှိ ဝိုင်ခွက်ကို ကောက်ကိုင်ကာ ကြမ်းပြင်ပေါ်သို့ သွန်ချပစ်လိုက်လေတော့သည်။

ဝိုင်များကို သွန်ပစ်လိုက်သည့် သူ့လုပ်ရပ်ကြောင့် စုဝမ်ယိခမျာ ကြက်သေသေသွားရပြီး ယဲ့ချန်ကို လှည့်ကြည့်လိုက်မိသည်။

ချန်းလိလည်း အံ့ဩမှင်တက်သွားပေသည်။ ထို့နောက် ဒေါသူပုန်ထကာ မာန်ဖီပြလေတော့သည်။

သာမန်ဒရိုင်ဘာတစ်ယောက်က သူ့အရက်ကို သွန်ချရဲသတဲ့။

••••••••••••

All Chapters