နှိမ့်ချပါ
Vol. 1 Ch. 2
"သောက်ကျိုးနည်းဒရိုင်ဘာကများ ဝင်ရှုပ်ရဲတယ်ပေါ့။ မင်း ကိုယ့်အဆင့်ကိုယ်ရော သိလား"
ချန်းလိက ယဲ့ချန်ကို လက်ညှိုးတထိုးထိုးဖြင့် ဆဲရေးတိုင်းထွာလေသည်။
ယဲ့ချန် လှောင်ပြုံးပြုံးလိုက်၏။
"ငါ့အဆင့်အတန်းက ဘယ်လောက်ရှိတယ်လို့ မင်းထင်လဲ"
ချန်းလိမှာမူ မောက်မာဟန်ဖြင့် ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။ သူ့မျက်နှာထက်၌ သရော်လှောင်ပြောင်ရိပ်တို့လည်း သမ်းနေ၏။
"မင်းက ဆင်းရဲသားဒရိုင်ဘာတစ်ယောက်လေ။ မဟုတ်လို့လား"
"သြော် တကယ်လား။ မင်းက ရီတာ့အုပ်စုမှာ အလုပ်လုပ်နေတာမလား"
"ဟုတ်တယ်။ ငါက ရီတာ့အုပ်စုက ပရောဂျက်ဌာနရဲ့ အထွေထွေမန်နေဂျာပဲ"
"တိုက်ဆိုင်လိုက်တာ။ ငါလည်း ရီတာ့အုပ်စုမှာ အလုပ်လုပ်တာပဲ"
"မင်းက ရီတာ့အုပ်စုမှာအလုပ်လုပ်တယ်ပေါ့။ ဘယ်ဌာနကလဲ။ ငါ မင်းကို အခုချက်ချင်းအလုပ်ထုတ်ပစ်မယ်"
ချန်းလိက ခက်ထန်သောအမူအရာဖြင့် ဆိုလာလေသည်။
"မန်နေဂျာချန်း.. သူ့ကိုအလုပ်မထုတ်ပါနဲ့။ ကျွန်မ သောက်ပေးပါ့မယ်။ ဟုတ်ပြီလား"
သူ(မ)အတွက် ရပ်တည်ပေးခဲ့သော ယဲ့ချန်၏လုပ်ရပ်ကြောင့် စုဝမ်ယိ အလွန်စိတ်လှုပ်ရှားမိသည်။
သို့သော် သူ(မ)ကြောင့်နှင့် ယဲ့ချန် အလုပ်ထုတ်ခံရမည့်အရေးကိုတော့ မကြည့်ရက်ပေ။
စုဝမ်ယိ လက်လျှော့လိုက်သည်ကို မြင်သောအခါ ချန်းလိကလည်း မောက်မောက်မာမာဖြင့် ယဲ့ချန်ကို လက်ညှိုးငေါက်ငေါက်ထိုးလိုက်လေသည်။
"ချာတိတ်.. ချက်ချင်းလစ်လိုက်တော့။ ဝမ်ယိမျက်နှာကြောင့် ငါ ဒီကိစ္စကိုလျှော်ပေးလိုက်မယ်"
"မိန်းကလေးစု စိတ်မပူပါနဲ့။ သူ ကျွန်တော့်ကို အလုပ်ထုတ်လို့မရပါဘူး"
ယဲ့ချန်ကမူ အမှုမထားဟန်ဖြင့် ပြန်ပြောလိုက်၏။
ယဲ့ချန်က သူ(မ)ဘက်မှ ရပ်တည်ပေးနေသည်ဟုသာ စုဝမ်ယိထင်မိသောကြောင့် စနောက်ဟန်ဖြင့် ပြောလိုက်လေသည်။
"ရီတာ့အုပ်စုက သန်း၅၀၀တန်ဖိုးရှိတဲ့ ကုမ္ပဏီတစ်ခုနော်။ ကျွန်မကြောင့်နဲ့ ရှင် အလုပ်ထုတ်ခံရရင် ကျွန်မလည်း အပြစ်ရှိသလိုခံစားမိမှာ"
ချန်းလိခမျာ ယဲ့ချန်ကို ချောင်ပိတ်ထားလိုက်နိုင်ပြီဟု ထင်နေချေသည်။
"ဟမ့်! မင်းက ရီတာ့အုပ်စုရဲ့ အဆင့်နိမ့်ဝန်ထမ်းတစ်ယောက်မဟုတ်လား။ ဒါတောင် ငါ့ရှေ့မှာ သူရဲကောင်းကြီးလာလုပ်ပြရဲတယ်ပေါ့။ မင်းမှာ အဲဒီလိုလုပ်ဖို့ အရည်အချင်းရှိလို့လား။ ထွက်သွား.. မင်းကိုယ်မင်း အရှက်မခွဲမိစေနဲ့"
"ချန်းလိ.. ရှင်က ဘယ်သူ့ကို ထွက်သွားခိုင်းနေတာလဲ"
ထိုအခိုက်အတန့်၌ သီးသန့်ခန်းတံခါးမှာ တွန်းဖွင့်ခံလိုက်ရပြီး ရုံးဝန်ထမ်းဝတ်စုံကို ဝတ်ဆင်ပြီး ရွှေကိုင်းတပ်မျက်မှန်ကို တပ်ဆင်ထားသော အမျိုးသမီးတစ်ယောက်က အထဲသို့ ဝင်လာလေသည်။
"အတွင်းရေးမှူးလင်း? ခင်ဗျားက ဒီမှာဘာလုပ်နေတာလဲ"
အရှေ့ရှိ အလှပဂေးလေးကို မြင်လိုက်ရသည့်အခါ ချန်းလိခမျာ အံ့သြမှင်တက်သွားလေတော့သည်။
ထိုအလှလေးက ချန်းလိကို စူးစူးရဲရဲစိုက်ကြည့်ပြီးနောက် ယဲ့ချန်ဆီသို့ တန်းတန်းမတ်မတ်လျှောက်သွားလိုက်ပြီး အရိုအသေပေးလိုက်၏။
"ဥက္ကဋ္ဌယဲ့"
ချန်းလိခမျာ ကြက်သေသေသွားလေတော့သည်။
စုဝမ်ယိလည်း မှင်တက်သွားရသည်။
"အင်း"
ယဲ့ချန် ခေါင်းညိတ်ပြလိုက်၏။
"လင်းလိ ဟုတ်တယ်မလား။ ငါကဖြင့် ရုံးခန်းတောင် မရသေးဘူး။ တစ်စုံတစ်ယောက်ကတော့ ငါ့ကို အလုပ်ထုတ်ချင်နေပြီ"
ယဲ့ချန်က စိတ်မပါလက်မပါ ပြောလိုက်ပေသည်။
ထိုအခါမှသာ ချန်းလိလည်း အလွန်ထိတ်လန့်ပြီး ပါးစပ်အဟောင်းသားဖြစ်သွားလေတော့သည်။
ဥက္ကဋ္ဌယဲ့?
ရုတ်တရက်ပင် သူ သတိရလိုက်သည်။ ဥက္ကဋ္ဌက ကုမ္ပဏီရှယ်ယာ၄၀ရာခိုင်နှုန်းကို ယဲ့မျိုးရိုးလူငယ်လေးတစ်ယောက်ထံသို့ လွှဲပြောင်းလိုက်ကြောင်း ကုမ္ပဏီက ယနေ့ပင် ကြေညာချက်ထုတ်ထားသည်။
အဲဒါ သူများလား?
လင်းလိက ချန်းလိဘက်သို့ လှည့်ကြည့်၍ ပြောလိုက်၏။
"ဥက္ကဋ္ဌယဲ့ ရှင်က အခု ကုမ္ပဏီရဲ့ဥက္ကဋ္ဌဖြစ်သွားပြီဆိုတော့ ရီတာ့အုပ်စုထဲက ဘယ်သူ့ကိုမဆို စိတ်ကြိုက်အလုပ်ထုတ်လို့ရပါပြီ။ ကျွန်မအပါအဝင်ပေါ့"
ချန်းလိ၏ခန္ဓာကိုယ်ကား တုန်ယင်သွားရှာလေတော့သည်။ သူ့မျက်နှာကလည်း ဤစကားကိုကြားအပြီး၌ ချက်ချင်းဖြူဖျော့သွားပေသည်။
ဥက္ကဋ္ဌယဲ့တဲ့လား?
စုဝမ်ယိကလည်း ယဲ့ချန်ကို မယုံကြည်နိုင်လေဟန်ဖြင့် ကြည့်လိုက်မိသည်။
သူ(မ) လမ်းမပေါ်၌ တွေ့ခဲ့ရသည့် အငှားယာဉ်မောင်းသူတစ်ယောက်က ရီတာ့အုပ်စု၏ ဥက္ကဋ္ဌဖြစ်နေလိမ့်မည်ဟု လုံးဝထင်မထားပေ။
ခန့်ညားချောမောလှသော ထိုရှောင်ကောကောကို စုဝမ်ယိ နောက်ထပ်ဂုဏ်ပုဒ်တစ်ခု ထပ်ပေးလိုက်မိတော့သည်။
"ခပ်လျှိုလျှိုနေတတ်တဲ့ ဒဏ္ဍာရီလာလူချမ်းသာ"
အနှိုင်းမဲ့ဒဏ္ဍာရီလာနတ်ဘုရားပင်။
စုဝမ်ယိ၏စိတ်ထဲ၌ အမျိုးသားများမှာ သာမန်မျှသာဖြစ်သော်လည်း ယနေ့တွင်မူ ပထမဆုံးအကြိမ်အဖြစ် သူ(မ) ရင်ခုန်စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။
ယဲ့ချန်ကတော့ ချန်းလိကိုကြည့်ကာ ညစ်ကျယ်ကျယ်ပြုံးလိုက်မိသည်။
"ခုနကပဲ မင်း ငါ့ကို ထွက်သွားခိုင်းနေတာနော်။ ငါ့ကို အလုပ်ထုတ်ပစ်ချင်နေတာမဟုတ်လား"
ချန်းလိ၏ခြေထောက်အစုံကား သာခွေယိုင်ဖြစ်သွားပြီး ဒူးထောက်လျက် လဲကျသွားလေတော့သည်။
"ဥက္ကဋ္ဌယဲ့.. ဒါတွေအကုန်လုံး နားလည်မှုလွဲသွားတာပါ။ ကျွန်တော် အကန်းကြီးကန်းပြီး မိုက်မဲခဲ့မိပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ"
ချန်းလိခမျာ ငိုမိတော့မတတ်ပင်။
သိက္ခာရှိသော ရီတာ့အုပ်စု၏ဥက္ကဋ္ဌတစ်ယောက်က ဒရိုင်ဘာတစ်ယောက်နှယ် ဟန်ဆောင်နေသတဲ့လား?
အခုလိုအရူးလုပ်ရတာ ပျော်ရဲ့လား…
ယဲ့ချန်ကမူ ခေါင်းခါယမ်းလိုက်လေသည်။
"မင်းရဲ့အမှားက ငါ့ကိုစော်ကားမိလို့မဟုတ်ဘူး။ ကုမ္ပဏီရဲ့အာဏာကိုအသုံးချပြီး ပါတနာတွေကို ခြိမ်းခြောက်ခဲ့တာကြောင့်ပဲ။ မင်းလိုလူတစ်ယောက်ကို ကုမ္ပဏီထဲမှာဆက်ထားရင် အန္တရာယ်များတယ်"
"ဥက္ကဋ္ဌယဲ့ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ကျွန်တော် ထပ်မလုပ်ရဲတော့ပါဘူး"
ယဲ့ချန် အေးစက်စက်သရော်လိုက်၏။
"လစ်လိုက်တော့။ မင်းကို အလုပ်ထုတ်လိုက်ပြီ"
ချန်းလိခမျာ ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး ကြမ်းပြင်ပေါ်သို့ ပုံခနဲလဲကျသွားချေသည်။
နှစ်စဉ်လစာ ဒေါ်လာတစ်သန်းဝင်သော ရီတာ့အုပ်စု၏အထွေထွေမန်နေဂျာရာထူးသို့ တက်လှမ်းနိုင်ဖို့အတွက် သူ ဆယ်နှစ်ကျော်ခန့် ကြိုးစားခဲ့ရသည်။
သို့သော် ယခုတော့ ရာဂကို ရှေ့တန်းတင်မိသောကြောင့် သူ့အလုပ်ကို ဆုံးရှုံးလိုက်ရလေပြီ။
စုဝမ်ယိလည်း အလားတူပင် အံ့ဩနေပေသည်။
ယဲ့ချန်က ကျီစယ်လိုဟန်အပြုံးတစ်ပွင့်ဖြင့် ချန်းလိကို ကြည့်လိုက်၏။
"မင်းကို နှုတ်ဆက်စကားတစ်ခွန်းတော့ ပြောလိုက်မယ်။ ငါ့လို ခပ်လျှိုလျှိုပဲနေ နားလည်လား"
ချန်းလိ : "…"
ခပ်လျှိုလျှိုတဲ့လား?
ငါ့ဖင်ကို ခပ်လျှိုလျှိုနေပါ့လား…
စာရင်းဝင်အုပ်စုတစ်ခု၏ ဥက္ကဋ္ဌက ဒရိုင်ဘာအဖြစ် ဟန်ဆောင်နေသတဲ့။
မင်း ကောင်းကင်ဘုံကိုသာ တက်လှမ်းလိုက်ပါတော့လား?
"စာချုပ်ကိစ္စအတွက်တော့ အထွေထွေမန်နေဂျာလင်းကိုပဲ တိုက်ရိုက်ဆက်သွယ်လိုက်ပါ။ ငါ မင်းကို ကုမ္ပဏီဆီ ပြန်ပို့ပေးမယ်"
ယဲ့ချန်က ပြုံးလျက် စုဝမ်ယိကို ပြောလိုက်၏။
"ကောင်းပါပြီ"
စုဝမ်ယိကလည်း ရှက်ဝဲဝဲဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။
သဘောတူစာချုပ်ကို လက်မှတ်ထိုးပြီးနောက် ယဲ့ချန်နှင့် စုဝမ်ယိတို့လည်း ကားပါကင်သို့ ထွက်လာခဲ့လိုက်ကြသည်။
စုဝမ်ယိသည် ယဲ့ချန်၏ အနုပ်စုပ်ကုပ်စုပ် ရှားလိကားဆီသို့ လှမ်းသွားလိုက်၏။
ယဲ့ချန်မှာ သူ့လက်ထဲရှိ ကားသော့ကို နှိပ်လိုက်သည်။
"ကျွန်တော့်ကားထဲကိုဝင်လေ"
အငှားယာဉ်လား?
ရှားလိကား၏ ဘေးနားတွင် Paganiပြိုင်ကား၏ ရှေ့မီးအလင်းရောင်က တောက်ပလာချေသည်။
ထို့နောက် ကားတံခါးများမှာ အတောင်ပံများအလား ညင်သာစွာပွင့်သွားလေတော့သည်။
မျက်စိကျိန်းဖွယ်ကောင်းသော ပြိုင်ကားတစ်စီးကို မြင်လိုက်ရချိန်ဝယ် စုဝမ်ယိ ကြက်သေသေသွားရသည်။
Pagani၏ အကန့်အသတ်နှင့်ထုတ်သော လေနတ်ဘုရားပြိုင်ကားမှာ စုဝမ်ယိအနေနှင့် မဂ္ဂဇင်းများထဲတွင် မြင်ဖူးသည်။ ထိုကားမှာ တစ်နိုင်ငံလုံးတွင် တစ်စီးသာရှိပြီး တန်ဖိုးကလည်း သန်းသုံးဆယ်ကျော်ရှိ၏။
သို့သော် ယဲ့ချန်၏အဆင့်အတန်းကို ပြန်တွေးကြည့်လိုက်သောအခါ စုဝမ်ယိ စိတ်သက်သာရာရသွား၏။
ရီတာ့အုပ်စု၏ ဥက္ကဋ္ဌက သန်းသုံးဆယ်တန်ပြိုင်ကားကို စီးခြင်းမှာ သာမန်ပင်။
မူမမှန်သော အရာမှာကား ဤလူက အငှားယာဉ်ကို မောင်းနေခြင်းသာ ဖြစ်၏။
ယနေ့ခေတ်တွင် ဘီလျံနာများက ဤမျှအထိ အစအနောက်သန်နေကြပြီလား?
ယဲ့ချန်က Paganiကားထဲတွင် ဝင်ထိုင်လိုက်၏။ တန်ဖိုးကြီးပြီး မျက်စိဖမ်းစားဖွယ်ကောင်းကာ အလွန်သက်သောင့်သက်သာရှိလှသည်။
"ပြိုင်ကားတစ်စင်းနဲ့အလှလေးတစ်ယောက်ဆိုတာ ပြီးပြည့်စုံတဲ့ပေါင်းစပ်မှုပဲ"
ယဲ့ချန်လည်း ဟိတ်ဟန်တကြီးဖြင့် အငှားယာဉ်Appကို ဖွင့်လိုက်၏။
"ဥက္ကဋ္ဌစု.. ကျွန်တော့်ကိုအားပေးဖို့အတွက် အော်ဒါတင်လိုက်မယ်ဆိုရင်ရော ဘယ်လိုလဲ"
စုဝမ်ယိ တခစ်ခစ်ရယ်လိုက်မိသည်။
"ကောင်းပါပြီ။ ရီတာ့အုပ်စုရဲ့ဥက္ကဋ္ဌကို ကျွန်မရဲ့ဒရိုင်ဘာအဖြစ် ခေါ်ထားရတာက သိပ်ဂုဏ်ယူဖို့ကောင်းတဲ့ကိစ္စတစ်ခုပါပဲ"
စုဝမ်ယိလည်း အငှားယာဉ်Appကို ဖွင့်ပြီး အမှာစာတင်လိုက်လေသည်။
ယဲ့ချန်က လီဗာကိုဖိနင်းလိုက်လေရာ Paganiပြိုင်ကားလေးကလည်း စူးစူးရှရှဟိန်းဟောက်သံတစ်သံကို ထုတ်လွှတ်လိုက်၏။
သန်မာလှသော ပြန်ကန်အားကို ခံစားမိလိုက်သဖြင့် စုဝမ်ယိခမျာ ထိုင်ခုံခါးပတ်ကို အလိုလိုပတ်လိုက်မိလေတော့သည်။
သန်းသုံးဆယ်တန်Paganiပြိုင်ကားမှာ လမ်းမတစ်လျှောက် မောင်းနှင်နေလေရာ လမ်းမတစ်ခုလုံးပေါ်တွင် အမိမိုက်ဆုံးကား ဖြစ်သွားချေသည်။
"ဝိုး..အဲဒါက Paganiပြိုင်ကားလား။ အဲဒါက တစ်နိုင်ငံလုံးမှာ တစ်စင်းပဲရှိတယ်ထင်တာပဲ။ သန်းသုံးဆယ်တန်ကြီးကွ"
"ဘယ်လူချမ်းသာသခင်လေးကများ လမ်းမပေါ် ရွက်လွှင့်ဖို့ထွက်လာတာပါလိမ့်"
"ဘေးခုံက အလှပဂေးလေးကလည်း ချောချက်ကွာ"
"အာ..ကားတစ်စီးနဲ့အလှလေးတစ်ယောက်တဲ့။ ကားမောင်းနေတဲ့လူက ငါမဟုတ်တာတော့ အရမ်းဆိုးတာပဲ"
…
လူအုပ်ကြီးထံမှ လေးစားအားကျနေသော အကြည့်များအောက်မှာပင် ယဲ့ချန်လည်း စုဝမ်ယိကို သူ(မ)သွားလိုသည့်နေရာဆီသို့ လိုက်လံပို့ဆောင်ပေးခဲ့သည်။
"ကျွန်တော့်ကားကို လိုက်စီးပေးတဲ့အတွက် ကျေးဇူးပါပဲ။ နောက်တစ်ခါ ကားငှားဖို့လိုအပ်လာခဲ့ရင် အချိန်မရွေးအော်ဒါတင်နိုင်ပါတယ်"
"ကောင်းပါပြီရှင်။ စကားမစပ် ကျွန်မတို့ ဝီချက်အကောင့်ချင်း လဲလို့ရမလား"
စုဝမ်ယိ ပထမဆုံးအကြိမ်အဖြစ် ယောကျ်ားတစ်ယောက်ထံမှ ဝီချက်အကောင့် တောင်းလိုက်မိသည်။
"ရတယ်လေ"
ဝီချတ်အကောင့်ချင်း ဖလှယ်ပြီးနောက် ယဲ့ချန်လည်း မောင်းထွက်လာခဲ့လိုက်တော့သည်။
[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိလိုက်တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ ပထမဆုံးကြယ်ပွင့်(၁/၅)ကို အသက်သွင်းပြီး။ ဆုငွေယွမ်သန်းငါးဆယ်]
"ဝိုး"
"ယွမ်သန်းငါးဆယ်!"
ယခု ယဲ့ချန်တွင် စုငွေ သန်းခြောက်ဆယ်ကျော် ရှိနေလေပြီ။ ထို့ပြင် ရီတာ့အုပ်စု၏ ဥက္ကဋ္ဌရာထူးကိုလည်း ရထားသေးသည်။ သူ့ပိုင်ဆိုင်မှုများကိုသာ သိသွားပါက သူ့ကောင်မလေး မည်သို့များ တုံ့ပြန်မည်နည်း။
ယဲ့ချန် မျှော်လင့်စောင့်စားမိသည်။
တီတီ!
နောက်ထပ်အော်ဒါတစ်ခု ထပ်ဝင်လာပြန်လေပြီ။
ယဲ့ချန်လည်း ထိုအော်ဒါကို လက်ခံကြောင်း နှိပ်လိုက်ပြီးနောက် တည်နေရာကို တစ်ချက်ကြည့်လိုက်သည်။ ယဲ့ချန်နှင့် ၁.၂ကီလိုမီတာဝေးသော ကျင်ခပ်ဥယျာဉ်ပင်။
••••••••••••