← Chapters

ရိုက်ခွဲလိုက်လေ အားနာနေစရာမလိုဘူး

Vol. 1 Ch. 3

ရိုက်ခွဲလိုက်လေ အားနာနေစရာမလိုဘူး

Vol. 1 Ch. 3

ကျင်ခပ်ဥယျာဉ်ဆိုသည်မှာ မိုတုရှိ အဆင့်မြင့်လူနေအိမ်ရာတစ်ခုဖြစ်သည်။ ပုံမှန်ဆိုလျှင် သူ့ကားက အပြင်မှာသာ ဧည့်သည်များကို ရပ်စောင့်ခဲ့ရသည်။

လုံခြုံရေးဂိတ်ရှိ အိမ်ရာလုံခြုံရေးက တောက်ပြောင်လှသော ပြိုင်ကားတစ်စီး တဝေါဝေါမောင်းနှင်လာသည်ကို မြင်လိုက်ချိန်ဝယ် ချက်ချင်းဆိုသလို သတိကပ်သွားသည်။

ဤကဲ့သို့သော ဇိမ်ခံပြိုင်ကားတစ်စီးကို မောင်းနှင်လာသူမှာ တစ်မူထူးခြားသော နောက်ခံအသိုင်းအဝိုင်းတစ်ခု ရှိရပေမည်။

ယဲ့ချန် ကားရပ်လိုက်သည်နှင့် လုံခြုံရေးကလည်း ဘာတစ်ခုမှ မေးခွန်းမထုတ်ရဲဘဲ သတိစွဲလျက် အလေးပြုလိုက်၏။ ထို့နောက် အရံအတားကို မြှောက်တင်ရန် ခလုတ်နှိပ်လိုက်လေသည်။

အရံအတားလည်း အထက်သို့ မြောက်တက်သွားပေသည်။

ချမ်းသာခြင်းကား အံ့ဖွယ်ကောင်းလှသည်။ မည်သည့်နေရာကိုမဆို အတားအဆီးမရှိ သွားနိုင်ပေသည်။

ယဲ့ချန်လည်း အောက်ထပ်တွင် ကားရပ်ပြီး ဖုန်းနံပါတ်တစ်ခုကို ခေါ်ဆိုလိုက်၏။

"ဟယ်လို မိန်းကလေးလင်လား။ ကျွန်တော် အောက်ထပ်ကိုရောက်နေပါပြီ"

"ဒရိုင်ဘာအစ်ကိုရေ..ကျွန်မမှာ အရမ်းလေးတဲ့သေတ္တာတစ်လုံးပါလို့ ရှင် အပေါ်တက်လာပြီး ကူမပေးလို့ရမလား။ ကျွန်မက အလွှာ၂၀မှာပါ။ ရှင့်ကို အဆင့်သတ်မှတ်ချက်ကောင်းကောင်းလည်း ပေးပါ့မယ်"

"ကောင်းပါပြီ။ ကျွန်တော့်ကို ခဏစောင့်နေပါ။ အခုချက်ချင်း တက်လာခဲ့မယ်"

ဖုန်းတစ်ဖက်တွင်မူ လင်ရှန်းရှန်းခမျာ အံ့ဩမှင်တက်သွားရသည်။ ဤအစ်ကို၏အသံမှာ အလွန်သာယာနာပျော်ဖွယ်ကောင်းလှသည်။

ယဲ့ချန်လည်း ကားကို အောက်ထပ်မှာ ပါကင်ထိုးခဲ့လိုက်ပြီး ဓာတ်လှေကားစီးကာ ၂၀ထပ်မြောက်သို့ တက်လာခဲ့လိုက်၏။

ဝင်ပေါက်တွင် ကာတွန်းတီရှပ်ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက်က ကြီးမားလှသော သေတ္တာကြီးတစ်ခုရှေ့၌ မတ်တတ်ရပ်နေသည်ကို သူ မြင်လိုက်ရသည်။

ထိုမိန်းကလေးက ယဲ့ချန်ကိုမြင်သောအခါ ဝမ်းသာအားရဖြစ်သွားလေသည်။

ဤတက္ကစီဒရိုင်ဘာအစ်ကိုကြီးက အသံကောင်းရုံသာမက ရုပ်ရည်ပါ ချောမောလိမ့်မည်ဟု လုံးဝထင်မထားချေ။

ကြိုက်တယ် ကြိုက်တယ်..

ရုပ်ရည်ချောမောမှုကို သဘောကျသော လင်ရှန်းရှန်းကတော့ ဆွဲဆောင်မှုရှိပြီး ကြော့မော့ကာ တစ်မူထူးခြားလှသော သူ(မ)ရှေ့ရှိ ထိုအမျိုးသားထံမှ ချက်ချင်းဆွဲဆောင်ခံလိုက်ရလေတော့သည်။

"အစ်ကို ကျွန်မ ဒီနေ့ အားဖြည့်အချိုရည်နဲ့ ဂျယ်လီတွေစားထားတာတောင်မှ ရှင့်ကို မကြွေဘဲ မနေနိုင်ဘူး"

လင်ရှန်းရှန်းလည်း မျိုသိပ်မထားနိုင်ဘဲ ပြောချလိုက်၏။

ယဲ့ချန် တခစ်ခစ်ရယ်လိုက်မိသည်။

"လုပ်ရပ်က စကားလုံးတွေထက် ပိုထိရောက်တယ်တဲ့"

ဤသို့ဖြင့် ယဲ့ချန်က အရှေ့တိုး၍ လင်ရှန်းရှန်းကို ပွေ့ဖက်လိုက်သည်။

"ကောင်းပြီ။ ငါ မင်းကို ဖက်လိုက်တာက ဝါဝါမြင်တိုင်း ရွှေမဟုတ်ဘူးဆိုတာ သိစေချင်လို့။ ရုပ်ရည်ချောမောတဲ့ယောကျ်ားတော်တော်များများက လူယုတ်မာတွေ။ ဒီတော့ လွယ်လွယ်လေးနဲ့ ဖွင့်မပြောမိစေနဲ့။ မဟုတ်လို့ကတော့ လူယုတ်မာတစ်ကောင်နဲ့တွေ့ရင် မင်း ဒုက္ခရောက်လိမ့်မယ်"

ယဲ့ချန်က ငုံ့ကိုင်းကာ သေတ္တာကို ကောက်မလိုက်ပြီးနောက် ဓာတ်လှေကားထဲသို့ ဝင်သွားချေသည်။

ယဲ့ချန်ထံမှ ပွေ့ဖက်ခံလိုက်ရသောကြောင့် လင်ရှန်းရှန်းခမျာ အကြောင်သားဖြစ်သွားရှာသည်။

အချစ်ဆိုတာ ဒီလိုမျိုးလား…

ဓာတ်လှေကားတံခါး ပိတ်တော့မည်ကို မြင်သောအခါ လင်ရှန်းရှန်း အထဲသို့ ပြေးဝင်သွားလိုက်သည်။

"စိတ်မပူပါနဲ့ အစ်ကို.. ရှင်က လူယုတ်မာဆိုရင်တောင် ကျွန်မကတော့ အဆင်ပြေပါတယ်"

…

ယဲ့ချန်နှင့် လင်ရှန်းရှန်းတို့ ပင်မဝင်ပေါက်ဆီသို့ လျှောက်လာချိန်တွင် ရုတ်တရက်ဘရိတ်အုပ်သံတစ်သံနှင့်အတူ BMW740တစ်စီးက သူတို့ရှေ့တွင် ထိုးရပ်လိုက်လေသည်။

နိုင်ငံခြားဘရန်းတစ်ခုကို ဝတ်ဆင်ထားသော အရပ်ခပ်ပုပုနှင့် ဝဖိုင့်ဖိုင့်အမျိုးသားငယ်တစ်ယောက် ကားထဲမှထွက်လာပြီး လင်ရှန်းရှန်းကိုမြင်သွားချိန်ဝယ် သူ့မျက်ဝန်းများ တောက်ပသွား၏။

သူ့လက်ထဲတွင် နှင်းဆီပန်းစည်းတစ်ခုကို ကိုင်ထားရင်း လင်ရှန်းရှန်းအနားသို့ လျှောက်လာပြီး စိတ်ခံစားချက်အပြည့်ဖြင့် ပြောလိုက်လေသည်။

"ရှန်ရှန်.. ဒီကမ္ဘာပေါ်မှာ ကိုယ် နတ်ဘုရားတစ်ပါးတည်းကိုပဲ ယုံကြည်သက်ဝင်တယ်။ အဲဒါ မင်းရဲ့အကြည့်ပဲ"

လင်ရှန်းရှန်း မျက်မှောင်ကြုတ်လိုက်မိသည်။

"ဒါဆို ကျွန်မမှာ အသက်မဲ့တဲ့မျက်လုံးတွေပဲ ရှိချင်တော့တယ်"

"ရှန်ရှန် ကိုယ့်ချစ်သူဖြစ်ပေးပါ"

ထိုအမျိုးသားက စိတ်မပါစွာ ဆိုလိုက်လေသည်။

"ချန်သုန်း ကျွန်မတို့နှစ်ယောက် မဖြစ်နိုင်တဲ့အကြောင်း ကျွန်မ ရှင့်ကို ပြောပြီးပြီနော်"

"ဘာလို့လဲ"

ချန်သုန်းက ခဏမျှတွေခနဲဖြစ်သွားပြီး သူ့မျက်နှာထက်တွင်လည်း မလိုလားဟန်တို့ အပြည့်ပင်။

လင်ရှန်းရှန်းက သူ(မ)ဘေးရှိ ယဲ့ချန်ကို လှည့်ကြည့်လိုက်ပြီးနောက် သူ့လက်မောင်းကို ရုတ်တရက်ဆုပ်ကိုင်လိုက်ချေသည်။

"ဘာလို့လဲဆိုတော့ ကျွန်မမှာ ချစ်သူရှိပြီးသား။ သူက ကျွန်မချစ်သူပဲ"

ယဲ့ချန်ခမျာ အကြောင်သားဖြစ်သွားရလေသည်။

ငါက ဘယ်တုန်းက မင်းချစ်သူဖြစ်သွားရတာလဲ?

ယဲ့ချန်၏ ဒရိုင်ဘာဝတ်စုံကို မြင်သောအခါ ချန်သုန်းက သရော်လေတော့သည်။

"ရှန်ရှန် မင်း ကိုယ့်ကိုလှည့်စားလို့မရပါဘူး။ တက္ကစီဒရိုင်ဘာတစ်ယောက်က ဘယ်လိုလုပ်ပြီး မင်းရဲ့ချစ်သူဖြစ်နိုင်မှာလဲ"

ချန်သုန်းက ယဲ့ချန်ကို အေးတိအေးစက်ဟန်ဖြင့် စေ့စေ့စပ်စပ်ကြည့်ရှုလိုက်သည်။

ရုပ်ရည်က ကြည့်ကောင်းသော်လည်း တက္ကစီဒရိုင်ဘာဝတ်စုံကမူ အလွန်ပေါ်လွင်လှသည်။

"ချန်သုန်း.. ကျွန်မကို တွယ်ကပ်မနေနဲ့တော့။ ကျွန်မမှာ ချစ်သူရှိပြီးသား။ ဟုတ်တယ်။ ဒီတက္ကစီဒရိုင်ဘာက ကျွန်မချစ်သူပဲ"

လင်ရှန်းရှန်းက ပျော်ရွှင်ဝမ်းမြောက်စွာ ပြောလိုက်၏။

ချန်သုန်းကမူ ထိုစကားကိုကြားပြီးနောက် မျက်နှာထားခက်ထန်သွားပြီး အေးတိအေးစက်ပြောလိုက်လေသည်။

"ရှန်ရှန် သူ မင်းကိုထားသွားအောင် ကိုယ်လုပ်ပြမယ်"

ထိုသို့ပြောပြီးနောက် ချန်သုန်းက သူ့ကားထဲမှ တုတ်တစ်ချောင်းကို သွားယူလိုက်သည်။ ထို့နောက် အေးစက်စက်စကားဆိုလိုက်သည်။

"ကောင်လေး.. ငါ မင်းကို သုံးစက္ကန့်အချိန်ပေးမယ်။ မင်း ထွက်မသွားဘူးဆိုရင် ငါ မင်းရဲ့ကားကို ရိုက်ခွဲပစ်မှာ"

ချန်သုန်းဘက်က ကြမ်းရမ်းတော့မည့်ဟန်ပြလာသဖြင့် လင်ရှန်းရှန်း၏အမူအရာလည်း အနည်းငယ်ပြောင်းလဲသွားသည်။

"ချန်သုန်း စိတ်လိုက်မာန်ပါမလုပ်စမ်းနဲ့"

"စိတ်လိုက်မာန်ပါတဲ့လား။ ဟမ့်.. တက္ကစီဒရိုင်ဘာတစ်ယောက်က ချန်သုန်းဆီက မိန်းကလေးကို လုယူရဲတယ်ဆိုတော့ သူ အသက်ရှင်ရတာ ပင်ပန်းနေတာပဲဖြစ်မယ်"

ယဲ့ချန်ကတော့ လှောင်ပြုံးပြုံးလျက် သရော်လိုက်၏။

"ငါ့ကားကိုရိုက်ခွဲချင်တာ သေချာပြီလား"

"တက္ကစီဒရိုင်ဘာတစ်ယောက်က ဘယ်လိုကားမျိုး စီးနိုင်မှာမို့လို့လဲ။ ရိုက်ခွဲပစ်မယ်။ အဆိုးဆုံးဖြစ်လာခဲ့ရင်လည်း ငါ မင်းကို နောက်တစ်စီးပြန်လျော်နိုင်တယ်"

ယဲ့ချန် ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီလေ။ ဒါပေမဲ့ မှတ်ထားနော်။ မင်း ငါ့ကားကိုရိုက်မခွဲရဲလို့ကတော့ ငါကိုယ်တိုင် မင်းရဲ့ကားကို ရိုက်ခွဲမှာ"

ဤသို့ဖြင့် ယဲ့ချန်လည်း သူ့လက်ထဲရှိ ကားသော့ကို နှိပ်လိုက်လေသည်။

အနီးအနားရှိ ကားပါကင်တွင် တောက်ပြောင်လင်းလက်နေသော Paganiလေနတ်ဘုရားပြိုင်ကားတစ်စင်းက သူ့အတောင်ပံများကို ဖြည်းဖြည်းချင်းဖြန့်ကြက်လိုက်ချေသည်။

Paganiကြီးလား!

လင်ရှန်းရှန်း၏မျက်နှာထက်တွင် ဖော်ပြ၍မစွမ်းသာသော မယုံကြည်လေဟန် အမူအရာတစ်ခု ထင်ဟပ်နေပေသည်။

ရှားလီကားတစ်စီးဖြစ်နေရမှာမဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး Paganiဖြစ်နေတာလဲ…

ချန်သုန်းလည်း Paganiပြိုင်ကားကို အံ့ဩမှင်တက်စွာ ကြည့်နေမိသည်။

သန်းသုံးဆယ်ကျော်တန်သော Paganiပြိုင်ကားကို သူက မည်သို့ရိုက်ခွဲရဲမည်နည်း။

ထို့ပြင် Paganiပြိုင်ကားကိုစီးသော လူတစ်ယောက်မှာ သူ ရန်စသင့်သူတစ်ယောက်မဟုတ်ပေ။

ချန်သုန်းခမျာ တုတ်ကို ကိုးရိုးကားရားဟန်ဖြင့် ဆုပ်ကိုင်ထားမိတော့သည်။

ယဲ့ချန်က အားရပါးရပြုံးလိုက်၏။

"လုပ်လေ။ အားမနာပါနဲ့"

"ငါ.."

ချန်သုန်းခမျာ တုတ်ကိုကိုင်ထားသော်ငြား မြှောက်ရဲသည့်သတ္တိမျိုး မရှိပေ။

ချန်သုန်း မလုပ်ရဲသည်ကို သတိထားမိလိုက်ချိန်တွင် ယဲ့ချန်ကပင် သူ့လက်ထဲရှိ တုတ်ကို ဆွဲယူလိုက်လေတော့သည်။

"မင်း ရိုက်မခွဲရဲဘူးလား။ ငါကတော့ လုပ်ရဲတယ်"

ဘန်း ဘန်း ဘန်း!

ယဲ့ချန်ကမူ BMWကားကို တုတ်ဖြင့် အကြိမ်ပေါင်းများစွာ လွှဲရိုက်ပစ်လိုက်ပြီးနောက် တုတ်ကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်၏။ ထို့နောက် အနောက်သို့ ဟန်ပန်အပြည့်နှင့် လှည့်လိုက်ပြီး လင်ရှန်းရှန်း၏လက်ကိုဆွဲကာ Paganiပြိုင်ကားဆီသို့ ဦးတည်သွားလိုက်သည်။

ကားထဲသို့မဝင်ခင် ယဲ့ချန်က ချန်သုန်းကို စနောက်လေဟန်ဖြင့် ပြောခဲ့လိုက်သေးသည်။

"နောက်တစ်ခါ မင်း ကြွားချင်တယ်ဆိုရင် ပိုအထာကျတဲ့ကားတစ်စီးရှာခဲ့။ အဲဒီလိုမှမဟုတ်ရင် ရှက်ဖို့ကောင်းလွန်းလို့"

ချန်သုန်းခမျာ ပိန်ချိုင့်သွားသော BMWကားကိုယ်ထည်ကို ရင်နာနာဖြင့် စိုက်ကြည့်နေမိသည်။

သို့သော် ယဲ့ချန်၏သရုပ်မှန်ကို ကြောက်ရွံ့မိသောကြောင့် ဘာတစ်ခွန်းမှလည်း မပြောရဲပေ။

ဗရွန်း ဗရွန်း ဗရွန်း!

Paganiပြိုင်ကားမှာ ဟိန်းဟောက်သံနှင့်အတူ မောင်းထွက်သွားလေတော့သည်။

ချန်သုန်းကတော့ Paganiကား၏ ကားနောက်မီးကို အကြောင်သားငေးရင်း ကျန်ရစ်နေခဲ့ရှာသည်။

သေလိုက်ပါတော့ လာကြွားသွားတာပဲ!

ဘယ်လောက်ကြွားနေပါစေ အဲဒါကိုတော့ အနိုင်မယူနိုင်ဘူးပဲ။ လူချမ်းသာဒုတိယမျိုးဆက်က အငှားယာဉ်မောင်းနေသတဲ့…

သူ၏ ချစ်လှစွာသော အမျိုးသမီးလေးက အခြားသူ၏ကားထဲ၌ ပါသွားသည်ကို ကြည့်ရင်း ချန်သုန်း BMWကားတံခါးကို ဒေါသတကြီးဆောင့်ကန်ပစ်လိုက်သည်။

ဒုန်း!

BMWကားတံခါးမှာ ချက်ချင်းပင် ကျွံဝင်သွားချေသည်။

"ငါ့BMWကားလေး!"

ပုံပျက်ပန်းပျက်ဖြစ်နေရှာသော ကားတံခါးကိုကြည့်ရင်း ချန်သုန်းတစ်ယောက် နာကျင်စွာရေရွတ်လိုက်မိသည်။

…..

"ကျေးဇူးတင်ပါတယ်"

လင်ရှန်းရှန်းလည်း ပြိုင်ကားထဲတွင်ထိုင်ရင်း ရင်ခုန်သံမြန်နေချေသည်။

အစောပိုင်းတုန်းက မိမိုက်လှသော ယဲ့ချန်၏လုပ်ရပ်က ဤအလှပဂေးလေးကို အပြတ်အသတ်ဆွဲဆောင်လိုက်နိုင်လေသည်။

လင်ရှန်းရှန်းအား သွားလိုရာခရီးသို့ လိုက်ပို့ပေးရင်း ဟိုက်ထန်အရောင်းဌာနရုံးခန်းသို့ ရောက်လာခဲ့သည်။

"မင်းက ဒီမှာအလုပ်လုပ်တာလား"

ယဲ့ချန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်မိသည်။

"ဟုတ်တယ်"

"ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ပေးဖို့မမေ့နဲ့နော်"

လင်ရှန်းရှန်းက အော်ဒါပိတ်သိမ်းပြီးနောက် ယဲ့ချန်အား ကြယ်ငါးပွင့်ပေးလိုက်လေတော့သည်။

[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ ဒုတိယမြောက်ကြယ်ငါးပွင့်အဆင့်ဆုလာဘ် (၂/၅)ကို အသက်သွင်းပြီးပါပြီ။ ဆုလာဘ် : ယွမ်သန်းတစ်ရာ]

ယဲ့ချန်က လမ်းဘေးတွင် ကားထိုးရပ်လိုက်ပြီးနောက် ပြောလိုက်၏။

"ဖြစ်ချင်တော့ ငါလည်း အိမ်တစ်လုံးဝယ်ချင်နေတာ။ မင်း ငါ့ကို လိုက်ပြပေးနိုင်မလား"

"ရတာပေါ့။ ဒါပေမဲ့ ကျွန်မ.."

လင်ရှန်းရှန်းခမျာ ပြောမထွက်သဖြင့် တွေဝေနေပေသည်။

တကယ်တမ်းတွင် လုပ်ဆောင်ချက်ညံ့ဖျင်းမှုကြောင့် လင်ရှန်းရှန်း အလုပ်ထုတ်ခံခဲ့ရသည်။ ယခု ဤနေရာသို့ လာရသည့်အကြောင်းအရင်းမှာ သူ(မ)၏ပစ္စည်းများကို သိမ်းဆည်း၍ ထွက်ခွာရန် ပြင်ဆင်ဖို့ပင်။

"ဘာလို့လဲ။ ငါမဝယ်နိုင်မှာကို စိုးရိမ်နေတာတော့ မဟုတ်ဘူးမလား"

ယဲ့ချန် ဟာသလုပ်လိုက်၏။

"ဘယ်ဟုတ်မလဲ။ ဒါဆို ကျွန်မ နောက်ဆုံးအရောင်းအဝယ်ကိစ္စစီစဉ်ပြီးမှ ပြန်တော့မယ်"

လင်ရှန်းရှန်းမှာ အသက်ပြင်းပြင်းရှိုက်ရှူလိုက်ပြီးနောက် အရောင်းဌာနရုံးခန်းထဲသို့ ယဲ့ချန်အား ခေါ်သွားလိုက်သည်။

လင်ရှန်းရှန်းနှင့် ယဲ့ချန်တို့ ဧည့်ခန်းမထဲသို့ ဝင်လိုက်ချိန်မှာပင် စူးရှလှသောအသံတစ်သံ ထွက်ပေါ်လာလေသည်။

•••••••••••

All Chapters