ဝမ်မင်တဲ လာပြီဟေ့
Vol. 81-85 Ch. 1264
“ဒီကမောင်လေး၊ ငါ့မောင်က မင်းကို ရန်ရှာခဲ့မိသွားတယ်၊ ဒါက ငါ သွန်သင်ဖို့ လိုသွားခဲ့တာကြောင့်ပါ၊ ငါကပဲ သူ့အစား တောင်းပန်ပါတယ်”
လီဝေ့က လက်သီးနှစ်ဖက်ကိုဆုပ်၍ ယဲ့ဖန်အား တောင်းပန်လေသည်။ သူမက အမျိုးသမီး ဖြစ်သော်ငြားလည်း သူမတွင်လည်း အမျိုးသားတစ်ယောက်ကဲ့သို့သော စိတ်ထားနှင့် မာနရှိပေသည်။
သို့သော် ဤသည်က အခြားသူများအတွက် ရင်ဖိုစရာ ဖြစ်နိုင်သော်လည်း ယဲ့ဖန်ကမူ လှောင်သာ လှောင်ရယ် လိုက်မိသည်။ သူ လီဝေ့ကို စိုက်ကြည့်၍ လေသံမာမာဖြင့် ပြောလိုက်သည်။
“နောက်တစ်ခါ သူ ထပ်ကြိုးစားလို့ကတော့ သူလည်း သေရမယ်၊ မင်းတို့လည်း သေရမယ်”
သူ နောက်နေခြင်း မဟုတ်ပါ။ အစောပိုင်းက ပိုင်ရွှယ်သာ မတားခဲ့လျင် လီတုန် သေတာ ကြာနေလောက်ပြီ ဖြစ်သည်။
“ဟေ့ကောင် မင်း ဘာစကား ပြောတာလဲ”
လူတိုင်း အချင်းချင်း ပြန်ကြည့်ပြီးနောက် ယဲ့ဖန်ကို စူးစူးရဲရဲ စိုက်ကြည့်လာ၏။
*ဒီကောင်ကများ ငါတို့ကို ခြိမ်းခြောက်ရဲတယ်ပေါ့လေ၊ တော်တော် ဟုတ်လှချည်လား*
“ငါ့သခင်လေးကို ထိခိုက်အောင် လုပ်ခဲ့တာက ထားပါတော့၊ ဒါပေမဲ့ မင်းကများ ဒီလိုစကားမျိုး ပြောရဲနေ သေးတာလား၊ မင်း သေချင်နေပြီလား”
အခြားသူများ ချက်ချင်း ဒေါသထွက်လာကြသည်။
*ငါတို့ကို ရိုင်းရိုင်းစိုင်းစိုင်း ပြောလို့ ငြိမ်ခံနေရအောင် ငါတို့ကို ဥပုသ်သည်တွေများ မှတ်နေလား*
ပြီးခဲ့သည့် ရက်ပိုင်းက ဝမ်မင်တဲ ရောက်လာပြီး သူတို့ကို စိတ်ဆင်းရဲအောင် လုပ်ခဲ့သည်။ ယခု ဘယ်က လာမှန်း မသိသည့် လူငယ်လေးကပါ သူတို့ကို အထင်သေးစွာ ရန်စကား ပြောရဲနေပါတကား။
“ငါ့ရှေ့လာပြီး ချုံးဝူ လက်ဝှေ့ခန်းမကို ဖျက်ဆီးမယ်လို့ ပြောရဲတယ်ပေါ့လေ၊ မင်း သေချင်နေပြီနဲ့ တူတယ်”
ယန်ရန်က ယဲ့ဖန်ကို သတ်ချင်သော အကြည့်များဖြင့် ကြည့်လာသည်။
*မောက်မာလွန်းတယ်*
*ယဲ့ဖန်လိုပဲ*
*ဒီကောင်က သူ့ကိုယ်သူ ယဲ့ဖန်လို့ ထင်နေတာလား*
“ဟေ့ကောင် သူ ဘယ်သူလဲ မင်း သိလား၊ သူက နာမည်ကျော် ယဲ့ဖန်ကွ၊ သူ့ရှေ့မှာများ ပြဿနာ လာရှာရဲရတယ်လို့ မင်းကိုယ်မင်း ဘာထင်နေလဲ”
“ဟားဟားဟား အရူးပဲ၊ လူကြီးမင်းယဲ့ရှေ့မှာများ လာဟန်လုပ်နေတယ်၊ ဟိုက သူ့ကို လက်ချောင်းလေး တစ်ချောင်းနဲ့ တောက်လိုက်လို့တောင် ရတယ်”
“လုပ်လိုက်လေ၊ မင်း ငါတို့ကို ဘယ်လို သေအောင် လုပ်မလဲ ကြည့်ရသေးတာပေါ့”
လူတိုင်းက ဟာသတစ်ပုဒ်ကို ကြားရသကဲ့သို့ ရယ်မောကြလေသည်။ ယဲ့ဖန်က သူတို့ကို သတ်ပစ်မည်ဟူသော စကားကို အတည်မယူဘဲ စိတ်ကူးယဉ်နေခြင်းဟုသာ မှတ်ယူနေကြသည်။
“မလိုတာတွေ ပြောမနေနဲ့တော့၊ သူ့ကို တန်းရှင်းလိုက်ရအောင်၊ ငါတို့ ချုံးဝူ လက်ဝှေ့ခန်းမအစွမ်းကို သိအောင် ပြရမယ်၊ အဲ့အခါကျ သူ ဒီလို ဆက်ပြောရဲမလား ကြည့်ရသေးတာပေါ့”
လက်ဝှေ့သမားတစ်သိုက်က ချက်ချင်း အင်အားပြလာပြီး ယဲ့ဖန်အား မကောင်းသော ရည်ရွယ်ချက်ဖြင့် အန္တရာယ် ပြုလိုက်ဟန် ကြည့်နေကြသည်။ သူတို့ အတည် သတ်ချင်နေမှန်း သိသာလှသည်။
“အစ်မ မြင်တယ်မလား၊ ကျွန်တော် တမင်တကာ ပြဿနာ ရှာတာ မဟုတ်ဘူး၊ အဲ့ကောင်ကိုက မောက်မာ လွန်းနေတာ”
လီတုန်က ဤအခြေအနေကို အခွင့်ကောင်းယူ၍ ပြောလိုက်သည်။
“တော်လောက်ပြီ”
လီဝေ့က ဘာမှမပြောသော်လည်း မကျေနပ်သော အမူအရာ ပေါ်လွင်နေ၏။ ယဲ့ဖန်၏ အပြုအမူက သူမကိုလည်း မကျေမနပ် ဖြစ်စေသည်။
“နောက်တစ်ခါဆို ဒီအတိုင်း မထားဘူး”
လီဝေ့က ခပ်ပေါ့ပေါ့ ပြောလိုက်ပြီးနောက် ပိုင်ရွှယ်ဘက်ကို လှည့်ကြည့်လိုက်သည်။
“ပိုင်ရွှယ် အထဲဝင်ရအောင် ဒီနှစ်တွေထဲ ငါ့ညီမ ဘာတွေ ကြုံခဲ့ရသလဲ အစ်မကို ပြောပြပါဦး”
“အင်း”
ပိုင်ရွှယ် လေးတိလေးကန် ခေါင်းညိတ်၍ လီဝေ့အနောက်မှလိုက်ကာ အထဲဝင်သွားလေသည်။ သို့သော် လီဝေ့သည် ပြဿနာက တမင်တကာ ဖြစ်တာလား သို့မဟုတ် မတော်တဆ ဖြစ်သွားသလား မသိသော်လည်း ယဲ့ဖန်အား တံခါးဝ၌ တမင်ပင် ချန်ထားခဲ့လေသည်။
ယဲ့ဖန်ကမူ ရှက်ရွံ့သလို မခံစားရဘဲ ပေါ်ပေါ်တင်တင် အထဲဝင်လိုက်သည်။ လီတုန်သည် သူတို့နှစ်ယောက် ထွက်သွားသည့် ဘက်အား မုန်းတီးစိတ်များ ထိန်းချုပ်မရအောင် ပေါ်လွင်နေသည့် အကြည့်များဖြင့် ကြည့်နေ၏။
“မင်း ဒေါသထွက်နေတာလား၊ မပူနဲ့၊ ငါ မင်းအတွက် လက်စားချေပေးမယ်”
“တကယ်လား”
လီတုန် အပျော်လွန်သွားသည်။
“ဒါပေါ့ မင်းက ငါ့ယောက်ဖပဲကို”
ယန်ရန်က မကောင်းသော အရိပ်အယောင်များ ပါဝင်နေသည့် အကြည့်ဖြင့် ရယ်မောနေလိုက်သည်။ မူလက သူ၏ ပစ်မှတ်သည် လီဝေ့သာ ဖြစ်သော်လည်း ယခု ပိုင်ရွှယ်ကိုပါ လိုချင်လာ၏။
*ဒီလိုတောမြို့လေးမှာ ဒီလိုလှတဲ့ မိန်းကလေး နှစ်ယောက် ရှိနေလိမ့်မယ်လို့ ထင်မထားမိဘူး၊ ဘုရားသခင်က ငါ့အပေါ် ကြင်နာတာပဲ*
*ငါ ဆုံးဖြတ်လိုက်ပြီ၊ လီဝေ့ကို ငြင်းမရအောင် ချုပ်နှောင်ပြီးရင် ယဲ့ဖန်ကို သတ်မယ်၊ ပြီးရင်တော့ ပိုင်ရွှယ်ကို … ဟဲဟဲဟဲ …*
ယန်ရန်သည် နှစ်ယောက်တစ်ယောက် ပျော်ပါးရတော့မည်ဟု တွေးကာ စိတ်လှုပ်ရှားနေသည်။ ခန်းမထဲ၌ ပိုင်ရွှယ်သည် ချုံးဝူ လက်ဝှေ့ခန်းမ၏ လက်ရှိ အခြေအနေကို လီဝေ့ထံမှ သိလိုက်ရသဖြင့် သတိပေးနေသည်။
“ဒီရက်ပိုင်းအတွင်း ထောင်ဟွာမြို့က ထွက်သွားရင်ပါလား၊ ညီမ ဒီကိစ္စတွေ ပြီးသွားမှ ပြန်လာလေ”
သူမ ပိုင်ရွှယ်ပါ ဤကိစ္စထဲ ဆွဲထည့်ခံရမည်ကို စိုးရိမ်နေမိသည်။
“အစ်မ ညီမကို သိပ်ဂရုစိုက်ခဲ့တာ၊ အခု အစ်မ ဒုက္ခရောက်နေမှတော့ ညီမ ကူညီရမှာပေါ့”
ပိုင်ရွှယ် တောက်ပစွာ ပြုံးနေ၏။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန် ကယ်နိုင်စွမ်းရှိမှန်း ယုံကြည်နေသောကြောင့်ပင်။
“အရူးမလေး အဲ့စိတ်ကို ရင်ထဲမှာပဲ သိမ်းထားပါ၊ ဝမ်မင်တဲက နဂါးအသွင်ပြောင်းခြင်းအဆင့် ရောက်နေတဲ့လူ ပြီးတော့ သူ့မှာ လူမိုက်တွေလည်း ရှိသေးတယ်၊ နင့်လို ကလေးမလေးက ဘာလုပ်နိုင်မှာလဲ”
လီဝေ့က သူမရင်ဘတ်ကို လက်ညှိုးဖြင့် အသာထိုး၍ စနောက်လေသည်။
“ညီမ လုပ်နိုင်မယ်လို့ မယုံကြည်ပင်မယ့် ညီမမိတ်ဆွေကတော့ လုပ်နိုင်တယ်”
ပိုင်ရွှယ်က သူမဘေးမှ ယဲ့ဖန်ကို လက်ညှိုးထိုးလိုက်သည်။
* နဂါးအသွင်ပြောင်းခြင်းအဆင့်က သူ လေလည်ရုံနဲ့တင် သတ်နိုင်တယ်*
*ယဲ့ဖန်က သူတော်စင်သခင် တစ်ပိုင်းအဆင့်ကိုတောင် သတ်လာတာကို*
“မင်းမိတ်ဆွေလား၊ မင်းမိတ်ဆွေက အမှိုက်ကောင်ပဲ”
ယဲ့ဖန် ဘာမှမပြောနိုင်ခင်မှာပင် ယန်ရန်က မာန်ဝင့်၍ လျှောက်လာပြီး ယဲ့ဖန်အား အထင်သေးသလို ကြည့်လေသည်။
“နင် ဘာပြောလိုက်တယ်၊ နင်ကမှ အမှိုက်ကောင်”
ပိုင်ရွှယ် ယန်ရန်ကို ဒေါသတကြီး ကြည့်လိုက်သည်။ ဤလူလိမ်ကောင်အား သူမ မည်သို့မျှ ယဉ်ယဉ်ကျေးကျေး မပြောနိုင်ပါ။
*ယဲ့ဖန်အဖြစ် ဟန်ဆောင်တဲ့အပြင် အထက်စီးဆန်ချင်သလို လုပ်နေသေးတယ်၊ ရွံဖို့ကောင်းလိုက်တာ*
“ရှောင်ရွှယ် မရိုင်းနဲ့လေ”
လီဝေ့က စိတ်ဆိုးမာန်ဆိုး ပြောလေသည်.
“သူက နာမည်ကျော် ယဲ့ဘုရင်၊ ယဲ့ဖန်လေ၊ သူကပဲ အစ်မတို့ကို ကယ်နိုင်တာ”
*ယဲ့ဖန်က နတ်ဆိုးလို ကြမ်းတမ်းတာ၊ ပိုင်ရွှယ်သာ သူ့ကို ရန်စမိလို့ ဒေါသထွက်သွားပြီး အကုန်လုံးကို သတ်ရင် ဘယ်လိုလုပ်မလဲ*
ပိုင်ရွှယ် ဆက်လက်၍ ခနဲ့စကား မပြောတော့သော်လည်း သရော်ပြုံး ပြုံးနေလိုက်သည်။
“ဟေ့ကောင် ငါ တစ်ယောက်တည်းနဲ့ ဝမ်မင်တဲကို ရှင်းနိုင်တယ်၊ မင်း လူစွမ်းကောင်လုပ်ပြီး အသက် အသေမခံဖို့ အကြံပေးလိုက်မယ်၊ မင်းလို အမှိုက်ကောင်ကို လက်တစ်ဖက်တည်းနဲ့ ရှင်းလို့ရနေတာ”
ယန်ရန်က သရော်လေသည်။ သူ့စကားကို ကြားသော် ယဲ့ဖန်၏ မျက်လုံး၌ အေးစက်စက် အလင်းတန်း ဖြတ်ပြေး သွားပြီး သွေးဆာသလို ပြောလိုက်သည်။
“မင်း နောက်တစ်ခွန်း ထပ်ပြောတာနဲ့ နေရာမှာတင် သွေးအိုင်ပဲ ကျန်တော့အောင် ငါ သတ်ပစ်လိုက်မယ်ဆိုရင် မင်း ယုံမလား”
“နင် ရူးနေလား”
ယန်ရန် ဘာမှမပြောနိုင်ခင်မှာပင် လီဝေ့က ဒေါသတကြီး ငေါက်ငမ်းလာ၏။
*ယဲ့ဘုရင်ကို ခဏခဏ စော်ကားနေတာ၊ ဒီကောင် သူ့မှာ အသက် ဘယ်နှစ်ချောင်း ရှိတယ် ထင်နေတာလဲ*
“ပိုင်ရွှယ် နင့်မိတ်ဆွေက ဘာစကား ပြောတာလဲ၊ နင် ငါတို့ လက်ဝှေ့ခန်းမကို ပြန်လာရလို့ မပျော်ဘူးလား”
လီဝေ့ အလွန် စိတ်ပျက်နေ၏။
*ဒီကောင်က ကိုယ့်သေတွင်း ကိုယ်တူးရုံတင်မကဘဲ ငါတို့ ချုံးဝူ လက်ဝှေ့ခန်းမကိုပါ ဆွဲခေါ်ချင်နေတာလား*
ပိုင်ရွှယ် ရယ်ရမလား ငိုရမလား မသိတော့ချေ။ ယဲ့ဘုရင်အစစ်က ဤနေရာ၌ ရှိနေသော်လည်း လီဝေ့က သူ့ကို မသိသဖြင့် သူမ ဘာလုပ်နိုင်ဦးမည်နည်း။
“ကောင်းပြီလေ၊ ဒီလောက် နှစ်တွေထဲမှာ ငါ့ကို ဒီလို ပြောရဲတဲ့လူက မင်း ပထမဆုံးပဲ၊ မြို့တစ်ခုလုံးကို တစ်ယောက်တည်း သိမ်းခဲ့တဲ့ ငါ့ကို မြင်တာတောင် မင်းမှာ ဒီလို ပြောဆိုရဲတဲ့ သတ္တိ ရှိလိမ့်မယ်လို့ ငါ ထင်မထားဘူး၊ ငါ မင်းသတ္တိကို တကယ် လေးစားတယ်”
ယန်ရန်က ရယ်မောလိုက်ပြီးမှ ကြုံးဝါးလိုက်သည်။
“ဒီလိုဆိုမှတော့ မင်း သေရမှာပေါ့”
“လူကြီးမင်းယဲ့ ကျေးဇူးပြုပြီး စိတ်ထိန်းပါ”
လီဝေ့နှင့် အခြားသူများ ချွေးပြန်သွားပြီး လီဝေ့က ရှေ့တိုးလာကာ ပြောလိုက်သည်။
“လူကြီးမင်းယဲ့ ကျွန်မသူငယ်ချင်းရဲ့ မိတ်ဆွေက ဦးနှောက်ပိုင်းမှာ နည်းနည်း ပြဿနာ ရှိနေလို့ပါ၊ သူ့ကို ပုံမှန်လို့ မတွေးပါနဲ့”
ယန်ရန်က အေးစက်စွာ ခနဲ့သံပြုလိုက်ပြီး ဂုဏ်ယူသော မျက်နှာပေးဖြင့် ပြောလိုက်သည်။
“ငါ ထပ်ခါထပ်ခါ ရန်စခံရတာကို သည်းမခံနိုင်ဘူး၊ ငါဆိုတဲ့ ယဲ့ဖန်က ဘယ်တော့မှ စော်ကားမခံဘူး၊ အဲ့လို စော်ကားလာတဲ့လူတိုင်း သေကိုသေရမယ်”
“မမလေး အဲ့ကောင်က သူ့သေတွင်း သူတူးနေတာကို၊ သူ့ကိစ္စမှာ ဝင်မပါပါနဲ့တော့”
အခြားလက်ဝှေ့သမားများက လှောင်ရယ်လာ၏။
*ကိုယ့်သေတွင်းကိုယ်တူးတဲ့ အဲ့အမှိုက်ကောင် သေသင့်တယ်*
လီဝေ့သည်လည်း သည်အတိုင်း ကြည့်နေလိုက်ချင်ပါသည်။ သို့သော် သူသည် ပိုင်ရွှယ်၏ မိတ်ဆွေ ဖြစ်နေသဖြင့် သူ့မျက်နှာကို မထောက်ချင်လျင်တောင်မှ ပိုင်ရွှယ်၏ မျက်နှာက ရှိနေသေးသည်။
*သူ့ကိုသာ ဒီမှာ သေခွင့်ပေးလိုက်ရင် ပိုင်ရွှယ် ငါ့ကို သေမတတ် မုန်းသွားလောက်မယ် ထင်တယ်*
“လူကြီးမင်းယဲ့ သူ့အသက်ကို ချမ်းသာပေးဖို့ ကျွန်မ တောင်းဆိုပါရစေ၊ ဒီအတွက် ကျွန်မ ပြန်ကျေးဇူး ဆပ်ပါ့မယ်၊ အဆင်ပြေပါရဲ့လား”
လီဝေ့သည် အံကြိတ်၍ မသိမသာ အသနားခံသည့် လေသံဖြင့် ပြောလိုက်သည်။
*ငါ့ကို ကျေးဇူးပြန်ဆပ်မယ် ဟုတ်လား*
ယန်ရန်၏ မျက်လုံးတွင် ပျော်ရွှင်ဟန်များ ဖုံးဖိမရအောင် ပေါ်လာပြီး လီဝေ့အား စိုက်ကြည့်လိုက်သည်။
“ဒါ မင်း ပြောတာနော်”
ယန်ရန်၏ မျက်လုံးထဲမှ တောက်လောင်နေသော ရမ္မက်မီးကို လီဝေ့ သတိထားမိသွားပြီး မျက်နှာ နီရဲကာ ရှက်ရွံ့စွာ ခေါင်းငုံ့ထားမိသည်။ ဤသည်ကိုမြင်သော် ယဲ့ဖန် အထင်သေးသလို ပြုံးလိုက်ပြီး တစ်ကိုယ်တည်း တွေးနေသည်။
*အရူးမ*
လီဝေ့သည် မည်မျှ လှပပြီး ခန္ဓာကိုယ် အချိုးအစားက ဆွဲဆောင်မှုရှိကာ အသံက နားဝင်ချိုနေပါစေ၊ ယဲ့ဖန် သူမကို အစကတည်းက မုန်းသွားပြီဖြစ်သဖြင့် သူမ အခွင့်အရေးအားလုံးကို ဆုံးရှုံးလိုက်ရလေပြီ။
“ကောင်းပြီလေ၊ မင်း ပြောလို့ ငါ သူ့ကို မသတ်တော့ဘူး၊ ဒါပေမဲ့ …”
ယန်ရန်က စကားကို တစ်ဝက်တစ်ပြတ်ဖြင့် ရပ်လိုက်ပြီး စဉ်းလဲစွာ ပြောလိုက်သည်။
“သူ ငါ့ကို ဒူးထောက်ရမယ်”
*ဒူးထောက်ရမယ်*
ယဲ့ဖန် မျက်မှောင်ကြုတ်သွားပြီး အေးစက်စွာ ပြုံးလိုက်လေသည်။
*ငါ့ကို ဒူးထောက်ခိုင်းမယ် ဟုတ်လား*
*သိပ်ကောင်းတယ်*
“နင် ဘာလုပ်နေသေးတာလဲ၊ ဒူးမထောက်သေးဘူးလား၊ နင် တကယ် သေချင်နေတာလား”
လီဝေ့က ယဲ့ဖန်ကို ရွံရှာသလို ကြည့်လာ၏။
“ငါ ပြောလိုက်မယ်နော်၊ နင် ဒီအခွင့်အရေးကို အရမယူရင် ငါ နင့်ကို ထပ်မကူညီတော့ဘူး”
ထို့နောက် သူမက ပိုင်ရွှယ်ကို အနားသို့ ဆွဲခေါ်၍ ဆက်ကြိမ်းမောင်းလေသည်။
“ပြီးတော့ နင် သေချင်ရင် တစ်ယောက်တည်းသေ၊ ငါ ပိုင်ရွှယ်ကို နင်နဲ့အတူ အသေမခံခိုင်းနိုင်ဘူး”
“မင်း ပြောလို့ပြီးပြီလား”
ယဲ့ဖန် လီဝေ့ကို ကြည့်လိုက်သည်။ သူ့မျက်လုံးမှ ခက်ထန်ဟန်က ပိုမို ပြင်းထန်လာ၏။
“နင် … ဒါ ဘာအပြုအမူလဲ”
လီဝေ့ ဒေါသူပုန် ထသွားသည်။ သူမက ကြင်နာစွာဖြင့် ယဲ့ဖန်၏ အသက်ကို ကယ်ခဲ့သော်လည်း တစ်ဖက်လူက ကျေးဇူးတင်ပုံ မရချေ။
*သူက ကျေးဇူးတင်ရကောင်းမှန်း မသိတဲ့ မြည်းပဲ*
“မင်း ပြောလို့ပြီးရင် ထွက်သွားလိုက်တော့”
သို့သော် ယဲ့ဖန်က မည်သို့သော ကြင်နာမှုကိုမျှ မပြပေ။ သူ့စိတ်ထဲတွင် လီဝေ့နှင့် အခြားသူများသည် ပုရွက်ဆိတ် များသာ ဖြစ်လေသည်။ လီဝေ့က ပန်းပွင့်သဖွယ် လှပနေလျင်တောင်မှ သူ သတ်ချင်လျင် သတ်ပစ်မှာပင်။
“ကောင်းပြီလေ၊ နင်က တော်တော် ဘဝင်မြင့်နေတာပဲ၊ နင်က ဒီလောက် မောက်မာနေမှာတော့ သွားသေ လိုက်တော့”
လီဝေ့ လုံးဝ ဒေါသူပုန်ထကာ ယန်ရန်ကို ကြည့်လိုက်သည်။
“လူကြီးမင်းယဲ့ ဒီလူက ကျွန်မတို့ရဲ့ ရန်သူ ဖြစ်သွားပါပြီ၊ ချုံးဝူ လက်ဝှေ့ခန်းမက သူနဲ့ ဘာမှမဆိုင်ပါဘူး၊ လူကြီးမင်း သဘောပါပဲ”
“အစ်မ … နင် အဲ့လိုမလုပ်ပါနဲ့လား”
ပိုင်ရွှယ် စိုးရိမ်တကြီး ပြောလိုက်သည်။
“ပိုင်ရွှယ် နင်လည်း မြင်နေတာပဲ၊ ဒီအစ်မက သူ့ကို မကယ်ချင်လို့ မဟုတ်ဘူး၊ သူကိုက သေချင်နေတာ”
လီဝေ့က စိတ်ဆိုးမာန်ဆိုး ပြောလေသည်။
*သူ့လို တစ်ကိုယ်ကောင်းသမားက သေသင့်တယ်*
ပိုင်ရွှယ် အသာ သက်ပြင်းချ၍ တွေးနေမိသည်။
*ညီမ သူ့ကို ကယ်ပေးပါလို့ ပြောနေတာမှ မဟုတ်တာ၊ ညီမက ရှင့်မိတ်ဆွေကို ကယ်ဖို့ ပြောနေတာ*
*ယဲ့ဖန် ဒီလူလိမ်ကောင်ကို သတ်ဖို့ ဘယ်လောက် ကြာဦးမှာလဲ*
*တစ်စက္ကန့်လား*
*အသက်တစ်ကြိမ် ရှူစာလောက်လား*
*ဒါမှမဟုတ် ပွဲချင်းပြီးလား*
“ခွေးကောင် မင်း ဒူးထောက်ရင် အသက်ရှင်နိုင်ဦးမှာ၊ အခုတော့ မင်းက သေလမ်း ရှာနေတာပဲ”
ယန်ရန်သည်လည်း အလွန် ဒေါသထွက်ကာ ခက်ထန်သော မျက်လုံးများဖြင့် ကြုံးဝါးလိုက်သည်။
“ဒီလိုဖြစ်လာမှတော့ မင်း သေလိုက်တော့”
သူ ရှေ့တိုးလာပြီး ယဲ့ဖန်အား လက်သီးနှစ်ဖက်လုံးဖြင့် ထိုးနှက်ရန် ပြင်လေသည်။
“ဒုန်း”
သို့သော် သူ လှုပ်ရှားတော့မည့်အချိန်၌ ပြောင်းလဲမှု ဖြစ်ပေါ်လာသည်။ အပြင်ဘက်မှ တပည့် ခုနစ်ယောက်၊ ရှစ်ယောက် လွင့်ထွက်လာပြီး ကြမ်းပြင်ပေါ် ပြုတ်ကျလာ၏။ သူတို့၏ မျက်နှာတွင် နားဝေတိမ်တောင် ဖြစ်ဟန်များ ပေါ်နေကာ လည်ပင်းကျိုးနေကြသည်။ သူတို့ တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရခြင်းပင်။
“ဝမ်မင်တဲ ရောက်လာပြီဟေ့”