← Chapters

ရည်းစားဟောင်း၏လှောင်ပြောင်မှု

Vol. 1 Ch. 4

ရည်းစားဟောင်း၏လှောင်ပြောင်မှု

Vol. 1 Ch. 4

"ဒါက ရှန်းရှန်းမဟုတ်လား။ အမလေး နင့်ကိုအလုပ်ထုတ်လိုက်ပြီဆိုတာ ငါမေ့သွားတယ်။ လုပ်ဆောင်ရည်အဆိုးဝါးဆုံးအရောင်းအေးဂျင့်တဲ့။ နင်က အလုပ်ထုတ်ခံရသင့်ပါတယ်လေ"

အရောင်းအေးဂျင့်ယန်ထောင်က လှောင်ပြောင်သရော်လေသည်။

လင်ရှန်းရှန်းလည်း စိတ်ထိခိုက်သွားရသော်ငြား ဘာမှပြန်မပြောလိုက်ပေ။

တကယ်တမ်းတွင် သူ(မ)က အရောင်းစွမ်းရည်ချို့တဲ့နေခြင်းမျိုး မဟုတ်ပေ။ ကုမ္ပဏီထဲရှိ ဝန်ထမ်းဟောင်းများက လူသစ်ဖြစ်သော သူ(မ)ကို အနိုင်ကျင့်ပြီး ဝယ်သူများနှင့် ပြောဆိုဆက်သွယ်ခွင့် လုံးဝမပေးခဲ့သောကြောင့်ဖြစ်၏။

သူ(မ)မှာ နေ့တိုင်းနေ့တိုင်း တောက်တိုမည်ရအလုပ်များကိုသာ လုပ်ခဲ့ရပြီး ဝယ်သူများအတွက် မိတ္တူများလုပ်ဖို့ ပြေးလွှားခဲ့ရသည်။

တကယ်တမ်းတော့ သူ(မ)သည် ကုမ္ပဏီထဲတွင် အလုပ်အများဆုံးလုပ်ရသူ ဖြစ်၏။ သို့သော် လစဉ်အကဲဖြတ်ချက်ကမူ ရောင်းအားကိုသာ အဓိကအသားပေးဖော်ပြခြင်းပင်။

ရောင်းအားအဆင့်နောက်ဆုံးသို့ ရောက်နေသည့်အတွက် သူ(မ)လည်း အလုပ်ထုတ်ပယ်ခံလိုက်ရတော့သည်။

"ကျွန်မ နောက်ဆုံးအရောင်းအဝယ်လုပ်ပြီးတာနဲ့ ထွက်သွားမှာပါ"

"ဒါက နင့်ရဲ့ဝယ်သူလား"

ယန်ထောင်က ယဲ့ချန်ကို ခပ်မြူးမြူးကြည့်လိုက်လေသည်။

ယဲ့ချန်၏ ဒရိုင်ဘာဝတ်စုံကို မြင်လိုက်ချိန်တွင်မူ သူ(မ) ရယ်ချင်စိတ်ကို မထိန်းထားနိုင်တော့ပေ။

"ဟားဟား လင်ရှန်းရှန်း.. နင် ဟာသလာလုပ်နေတာလား။ တက္ကစီဒရိုင်ဘာတစ်ယောက်ကို အိမ်ဝယ်ဖို့‌ ခေါ်လာတယ်ပေါ့လေ"

ယန်ထောင်က လှောင်ပြောင်သရော်နေပေသည်။

"အမှန်ပဲ။ သူက အိမ်သာတစ်လုံးစာတောင် တတ်နိုင်လို့လား"

"ရှန်းရှန်း.. နင်က အဖတ်ဆည်ရတာကို သဘောကျမှန်းတော့ ငါသိပါတယ်။ ဒါပေမဲ့ တက္ကစီဒရိုင်ဘာတစ်ယောက်ကို ဗန်းပြလို့တော့ မရဘူးလေ ဟုတ်တယ်မလား"

အခြားအရောင်းအေးဂျင့်တစ်ယောက်ကလည်း ယဲ့ချန်၏ ဒရိုင်ဘာဝတ်စုံကို စက်ဆုပ်ရွံရှာဟန်ဖြင့် ကြည့်လာလေသည်။

ဤရုံးခန်းထဲရှိ လင်ရှန်းရှန်း၏ အခြေအနေကို ယဲ့ချန် အတန်ငယ်နားလည်သဘောပေါက်လိုက်သဖြင့် အားရပါးရပြုံးလိုက်ချေသည်။

"ရှန်းရှန်း မင်း ငါ့ကို ဒီမှာရှိတဲ့ ဈေးအကြီးဆုံးအိမ်ကို လိုက်ပြပါ့လား"

"ဈေးအကြီးဆုံးအိမ်တဲ့လား

ယဲ့ချန်၏စကားကို ကြားလိုက်ရသည့်အခါ ယန်ထောင်နှင့် အခြားအရောင်းအေးဂျင့်များမှာ ကြက်သေသေသွားကြသည်။

ထို့နောက် ယန်ထောင်က အေးတိအေးစက်ပြောလိုက်ပြန်သည်။

"တက္ကစီဒရိုင်ဘာတစ်ယောက်က ဈေးအကြီးဆုံးအိမ်ကို ဘာလို့မေးနေတာလဲ။ ဝယ်နိုင်လို့လား။ ငါပြောမယ်နော်။ ဒီနေရာမှာရှိတဲ့ အိမ်တွေက တစ်စတုရန်းမီတာကို ငါးသောင်းပေးရတယ်။ မင်း အိမ်သာတစ်လုံးစာတောင် တတ်နိုင်မှာမဟုတ်ဘူး။ ဘာတွေလာဟန်ဆောင်ပြနေတာလဲ"

လင်ရှန်းရှန်းကမူ ခပ်တိုးတိုးဆိုလာလေသည်။

"အစ်ကိုချန်း ထားလိုက်ပါ"

ယဲ့ချန်က သူ(မ)အတွက် ခုခံပြောဆိုပေးရန် ကြိုးစားနေကြောင်း သူ(မ)နားလည်သော်ငြား ဤနေရာရှိ ဗီလာများမှာ စင်စစ်ပင် ဈေးကြီးလွန်းလှသည်။

ဈေးအကြီးဆုံးဗီလာမှာ သန်းနှစ်ရာနီးပါးရှိသည်ဖြစ်ရာ လင်ရှန်းရှန်းလည်း ယဲ့ချန်အား သူ(မ)အတွက်နှင့် ဤမျှများပြားသော ငွေပမာဏအများကြီးကို မည်သို့သုံးခိုင်းရဲမည်နည်း။

လင်ရှန်းရှန်း၏ စကားအဆုံး၌ ယန်ထောင်၏စိတ်ထဲဝယ် ထိုဗီလာကို ယဲ့ချန်မဝယ်နိုင်ကြောင်း သေချာသွားသဖြင့် လှောင်ပြောင်သရော်လေတော့သည်။

"ဟုတ်တယ်။ တက္ကစီဒရိုင်ဘာတစ်ယောက်က မြို့ဆင်ခြေဖုံးက ခိုအိမ်အကန့်လေးတစ်လုံးလောက်ပဲ ဝယ်နိုင်တာလေ။ ဒီနေရာမှာ ကိုယ့်ကိုယ်ကိုယ်အရှက်လာခွဲမနေနဲ့"

ယဲ့ချန်ကမူ မျက်ခုံးပင့်လိုက်လေသည်။

"မြစ်ကမ်းဘေးဗီလာက မင်းတို့ရဲ့ ဈေးအကြီးဆုံးဗီလာမလား။ ငါ အဲဒါကိုဝယ်မယ်"

ဘာရယ်?

ချက်ချင်းဆိုသလိုပင် ရုံးခန်းတစ်ခုလုံး တိတ်ဆိတ်သွားလေတော့သည်။ အရောင်းအေးဂျင့်များအားလုံးလည်း အံ့ဩမှင်တက်ကုန်ကြသည်။

ထိုဗီလာမှာ သန်း၁၆၀တန်ဖိုး ရှိလေရာ ဤနယ်မြေထဲတွင် ဈေးအမြင့်ဆုံးပင်။

ဤတက္ကစီဒရိုင်ဘာက ထိုအိမ်ကို ဝယ်မည်ဟု ပြောလိုက်သတဲ့လား။

ယန်ထောင်လည်း အကြောင်သားဖြစ်သွားရ၏။ အခြားအရောင်းအေးဂျင့်များခမျာ ထိတ်လန့်မှုကြောင့် မျက်လုံးအပြူးသားဖြစ်နေလေသည်။

လင်ရှန်းရှန်းလည်း အံ့ဩတကြီးဖြင့် သတိကြီးကြီးထားလျက် မေးလိုက်သည်။

"အစ်ကိုချန်း.. မြစ်ကမ်းဘေးဗီလာကို ဝယ်ချင်တာလား"

ယဲ့ချန် ခပ်ပြုံးပြုံးသာ ခေါင်းညိတ်လိုက်၏။

"အင်း ဟုတ်တယ်။ မင်းက ဒီရုံးခန်းက ဝန်ထမ်းတစ်ယောက်ဆိုတော့ ငါ့ကို ဒစ်စကောင့်ချပေးလို့ရနိုင်လား"

"အာ! ရပါတယ်။ ကျွန်မ မန်နေဂျာကို ချက်ချင်းဆက်သွယ်ပေးမယ်"

လင်ရှန်းရှန်းခမျာ စိတ်လှုပ်ရှားစွာဖြင့်‌‌ ပြောလိုက်မိသည်။ ထို့နောက် နံပါတ်တစ်ခုကို ဖုန်းခေါ်လိုက်လေရာ သိပ်မကြာခင် အနောက်တိုင်းဝတ်စုံ ဝတ်ထားသော မန်နေဂျာတစ်ယောက်က ချွေးတရွှဲရွှဲဖြင့် အပြေးအလွှားရောက်ချလာသည်။

"ရှန်းရှန်း.. နင် သန်း၁၆၀တန်ဗီလာကို တကယ်ရောင်းလိုက်တာလား"

ယန်ထောင်ခမျာ ကိုယ့်နားကိုယ်ပင် မယုံနိုင်ချေ။

အစောပိုင်းကပင် သူ(မ) ယဲ့ချန်အား မြို့ဆင်ခြေဖုံးရှိ ခိုအိမ်တစ်လုံးကိုသာ ဝယ်နိုင်သည်ဟု လှောင်ပြောင်သရော်ခဲ့မိသည်။ ယခုမူ သူသည် သန်း၁၆၀တန်ဗီလာကို တန်းဝယ်ပစ်လိုက်လေပြီ။

မန်နေဂျာချန်းက ဂရုတစိုက်မေးလိုက်သည်။

"မစ္စတာယဲ့ ဒီဗီလာရဲ့မူရင်းဈေးက သန်း၁၆၀ပါ။ ခင်ဗျားက ရှန်းရှန်းရဲ့သူငယ်ချင်းဆိုတော့ ကျွန်တော်တို့ ခင်ဗျားကို ၂၀ရာခိုင်နှုန်းလျှော့ဈေးနဲ့ ပေးလိုက်ပါ့မယ်။ ၁၂၈သန်းဆိုရင် အဆင်ပြေလားဗျ"

"ကိစ္စမရှိပါဘူး။ ကတ်ဖြတ်လိုက်တော့"

ယဲ့ချန် ခေါင်းညိတ်ပြလိုက်သည်။

"အဲဒါ အတုကြီးပဲ။ အတုကြီးပဲ ဖြစ်ရမယ်"

ယန်ထောင်ခမျာ စိတ်ထဲတွင် တိတ်တိတ်လေးဆုတောင်းနေမိသည်။ အကြောင်းမှာ လင်ရှန်းရှန်း၏လုပ်ဆောင်ရည်က အဆိုးဆုံးဖြစ်ပြီး သူ(မ)ကမူ ဒုတိယအဆိုးဆုံးဖြစ်နေသောကြောင့်ပင်။

လင်ရှန်းရှန်းသာ ဤဗီလာကို တကယ်ရောင်းနိုင်ခဲ့ပါက အထုပ်ဆွဲပြီး ထွက်သွားရမည့်လူမှာ သူ(မ) ဖြစ်သွားပေလိမ့်မည်။

ယဲ့ချန်က ဘဏ်ကတ်တစ်ကတ်ကို ထုတ်၍ လင်ရှန်းရှန်းအား ပေးလိုက်၏။

"ကောင်းပြီ။ ကတ်ဖြတ်ပြီး စာရွက်စာတမ်းကိစ္စကို ဆက်လုပ်လိုက်ရအောင်"

ယန်ထောင်က လင်ရှန်းရှန်းနှင့်အတူ ကတ်ဖြတ်စက်နားသို့ လိုက်လာခဲ့သည်။

ငွေပေးချေမှုအောင်မြင်သွားကြောင်း မြင်လိုက်ရချိန်မှာမူ ယန်ထောင်ခမျာ ကြက်သေသေသွားချေသည်။

ဤတက္ကစီဒရိုင်ဘာက အမှန်တကယ်ပင် လူကုံထံတစ်ယောက်ဖြစ်နေလေသည်။

"မစ္စတာယဲ့… မြစ်ကမ်းဘေးဗီလာရဲ့ပိုင်ရှင်ဖြစ်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်။ အိမ်ရာပိုင်ဆိုင်မှုလုပ်ငန်းစဉ်တွေကို ကျွန်တော် စီစဉ်ပေးပါ့မယ်"

မန်နေဂျာချန်းက စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် ပြောလိုက်၏။

ယဲ့ချန်ကလည်း ခေါင်းညိတ်လျက် ခွန်းတုံ့ပြန်လိုက်သည်။

"စကားမစပ် ခင်ဗျားရဲ့ဝန်ထမ်းတချို့က အပြုအမူပိုင်းဆိုင်ရာမှာ တော်တော်ဆိုးဝါးတာပဲ။ ကျွန်တော်က တက္ကစီဒရိုင်ဘာဆိုတော့ရော ဘာဖြစ်လဲ။ တက္ကစီဒရိုင်ဘာကရော တန်ဖိုးကြီးအိမ်တွေကို မဝယ်နိုင်တော့ဘူးတဲ့လား။ ကျွန်တော်က တက္ကစီမောင်းဖို့ Paganiကားနဲ့ လာတာ။ အဲဒါက အဆင်မပြေဘူးလား။ ရှန်းရှန်းကြောင့်သာမဟုတ်ရင် ကျွန်တော် ဒီဗီလာကို ဝယ်လိုက်ရမှာမဟုတ်ဘူး"

ထိုအချိန်မှသာ အရောင်းအေးဂျင့်များလည်း ဝင်ပေါက်တွင် ရပ်ထားသော Paganiပြိုင်ကားကို သတိထားမိသွားကြသည်။

သူတို့ လုံးဝအံ့ဩကုန်ကြလေတော့သည်။

ဤသည်မှာ ဝတ္ထုတစ်ပုဒ်အလားပင်။ ဒဏ္ဍာရီလာအတွေ့အကြုံရှာဖွေသူဒုတိယလူကုံထံမျိုးဆက်က သူတို့ရှေ့သို့ ရောက်နေချေပြီ။

ထိုသို့ပင် ဖြစ်ရမည်။ ဤတက္ကစီဒရိုင်ဘာက အလွန်ချမ်းသာသော ဒုတိယမျိုးဆက်တစ်ယောက်ပင်။ တက္ကစီမောင်းခြင်းမှာ အတွေ့အကြုံယူရုံသက်သက်သာ။

ယဲ့ချန် တခစ်ခစ်ရယ်လိုက်မိသည်။

"ဒါနဲ့ ခင်ဗျား ကျွန်တော့်ကို အိမ်လိုက်ပြပေးနိုင်မလား"

ချန်ရှန်းက ခေါင်းညိတ်ပြလျက် လင်ရှန်းရှန်းကို လှည့်ကြည့်လိုက်သည်။

"မင်းက ဘာရပ်လုပ်နေတာလဲ။ မစ္စတာယဲ့ကို အိမ်လိုက်ပြလိုက်လေ"

လင်ရှန်းရှန်းမှာ အံ့ဩတကြီးခေါင်းညိတ်လိုက်ပြီးနောက် ယဲ့ချန်ကို ပြောလိုက်သည်။

"မစ္စတာယဲ့.. ကျွန်မနောက်က လိုက်ခဲ့ပါ။ ကျွန်မ ရှင့်ကို အိမ်လိုက်ပြပေးပါ့မယ်"

ယဲ့ချန်နှင့် လင်ရှန်းရှန်းတို့ ထွက်ခွာသွားသည်ကိုကြည့်ရင်း ရုံးခန်းထဲရှိ မိန်းကလေးများအားလုံး မနာလိုဖြစ်နေကြပေသည်။

"ရှန်းရှန်းက လူကုံထံဒုတိယမျိုးဆက်ကို အမိဖမ်းနိုင်တာ အရမ်းကံကောင်းတာပဲ"

"အမှန်ပဲ။ ရှန်းရှန်းကြောင့်သာ အဲဒီဒုတိယမျိုးဆက်လူကုံထံက ဒီမှာ ဗီလာဝယ်သွားတာ"

"ကိုယ့်ကောင်မလေးအတွက် စည်းစိမ်အကုန်ထုတ်သုံးတာတဲ့။ ငါ့မှာ အဲဒီလိုကောင်လေးမျိုး ဘာလို့မရှိရတာလဲ"

ချန်ရှန်းကမူ ယန်ထောင်ကို အေးစက်စက်စိုက်ကြည့်လိုက်သည်။

"ယန်ထောင်.. မင်း ခုနက ငါတို့ရဲ့အထူးဧည့်သည်တော်ကို အရှက်ခွဲခဲ့တယ်။ မင်းသိလား။ ငါတို့စီးပွားရေးက မင်းကြောင့် ပျက်စီးတော့မလို့"

"မန်နေဂျာချန် ကျွန်မ…"

ချန်ရှန်းကတော့ လက်သာယမ်းပြလေသည်။

"ကဲ တော်သင့်ပြီ။ မင်းကို အလုပ်ထုတ်လိုက်ပြီ။ လစာကိစ္စရှင်းပြီးတာနဲ့ ချက်ချင်းထွက်သွားတော့"

ယန်ထောင်၏မျက်နှာကား ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး ကြမ်းပြင်ပေါ်သို့ ပုံခနဲလဲကျသွားသည်။

လင်ရှန်းရှန်းကို သူ(မ) လှောင်ပြောင်ခဲ့မိသော်လည်း သိပ်မကြာခင်မှာပင် သူ(မ)ကိုယ်တိုင် ဤကံကြမ္မာမျိုးနှင့် ကြုံရလိမ့်မည်ဟု ထင်မထားပေ။

ရပ်ကွက်လမ်းတစ်လျှောက် ငါးမိနစ်ကြာအောင် ကားမောင်းပြီးနောက် မြစ်ကမ်းဘေးဗီလာဆီသို့ ယဲ့ချန် ရောက်လာခဲ့သည်။ ဗီလာနံဘေးတွင် ကားရပ်ထားခဲ့ပြီး ယဲ့ချန်နှင့် လင်ရှန်းရှန်းတို့နှစ်ယောက်စလုံး ကားထဲမှ ထွက်လာခဲ့လိုက်သည်။

ဗီလာကို ကျွန်းတစ်ကျွန်းပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ပတ်ပတ်လည်တွင် မြစ်တစ်စင်းဝန်းရံထားလေရာ ရင်သပ်ရှုမောဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို ဖန်တီးပေးနေချေသည်။

လင်ရှန်းရှန်းက ပြောလိုက်သည်။

"မစ္စတာယဲ့ လှည့်ပတ်ကြည့်လိုက်ပါဦး။ ဒီအိမ်ကို ရှင်က အခုမှဝယ်လိုက်တာဖြစ်တဲ့အတွက် ရှင့်ရဲ့အချက်အလက်တွေကို အိမ်ရာစီမံခန့်ခွဲရေးဆီ ပေးရဦးမယ်"

"ကောင်းပြီလေ"

ယဲ့ချန် ခေါင်းညိတ်ပြလိုက်၏။

ထို့နောက် မြစ်ကမ်းဘေးသို့ ယဲ့ချန်လျှောက်လာလိုက်သည်။ ခပ်လှမ်းလှမ်းရှိ မြစ်ရေကား တလက်လက်တောက်ပနေပြီး လေပြည်လေညင်းထဲတွင်လည်း ပန်းရနံ့ခပ်ဖျော့ဖျော့ သင်းနေပေသည်။

မြေတစ်လက်မချင်းစီတိုင်းက ရွှေအလား တန်ဖိုးရှိသော မိုတုမြို့တွင် ဤမျှသာယာဖွယ်ကောင်းသော ဗီလာတစ်လုံး ရှိနေလိမ့်မည်ဟု သူ ထင်မထားချေ။

"ယဲ့ချန် ရှင်က ဒီမှာဘာလုပ်နေတာလဲ"

ရုတ်တရက်ပင် အမျိုးသမီးတစ်ယောက်၏အသံက အနောက်ဘက်မှ ထွက်ပေါ်လာသည်။

သူ့အနောက်ရှိ အမျိုးသမီးကို မြင်လိုက်ရသောအခါ ယဲ့ချန် တဒင်္ဂမျှတွေဝေတုံ့ဆိုင်းသွားရသည်။

ဤသည်မှာ သူ့ရည်းစားဟောင်းယောင်လိလိပင်။

ဒရိုင်ဘာဝတ်စုံဝတ်ဆင်ထားသော ယဲ့ချန်အား မြင်လိုက်ရသည့်အခါ ယောင်လိလိ၏ မျက်နှာထက်၌ ခပ်မြူးမြူးအမူအရာတစ်ခု ပေါ်ပေါက်လာသည်။

"ယဲ့ချန်.. ရှင် ဒီနေရာအထိ ကျွန်မနောက်က လိုက်လာခဲ့တာပဲ။ ကျွန်မတို့က မဖြစ်နိုင်ဘူးလို့ ပြောခဲ့ပြီးသားလေ။ ကျွန်မ တက္ကစီဒရိုင်ဘာတစ်ယောက်ကို လုံးဝတွဲမှာမဟုတ်ဘူး"

"တောင်းပန်ပါတယ်။ ငါ မင်းကိုလာရှာတာမဟုတ်ဘူး။ အိမ်ကြည့်ဖို့ ရောက်လာတာ"

ယဲ့ချန်ကတော့ တည်တည်ငြိမ်ငြိမ်သာ ပြန်ပြောလိုက်သည်။

ယောင်လိလိ ရယ်မောလိုက်လေသည်။

"အိမ်ကြည့်ဖို့လား။ ရှင့်လို တက္ကစီဒရိုင်ဘာတစ်ယောက်က အိမ်ကြည့်ဖို့ ရောက်လာတာပေါ့။ ဒီအိမ်တွေက စတုရန်းတစ်မီတာကို ဘယ်လောက်ပေးရလဲဆိုတာ သိလား။ ရှင့်တစ်သက်လုံး တက္ကစီမောင်းရင်တောင် ဒီအိမ်ကို မဝယ်နိုင်ဘူး"

••••••••••••

All Chapters