← Chapters

ငါတို့ရဲ့စရိုက်ရှစ်မျိုးက လုံးဝကိုက်ညီတယ်

Vol. 1 Ch. 5

ငါတို့ရဲ့စရိုက်ရှစ်မျိုးက လုံးဝကိုက်ညီတယ်

Vol. 1 Ch. 5

ယခင်က ယောင်လိလိကို ယဲ့ချန် ခံစားချက်ရှိခဲ့သည်ဆိုလျှင်ပင် ယခုအခိုက်အတန့်လေး၌ ငွေမျက်နှာတစ်ခုတည်းကိုကြည့်သော သူ(မ)၏မျက်နှာကို မြင်လိုက်ရသည့်အခါ သူ့စိတ်ထဲ ဘာခံစားချက်မှမရှိတော့ပေ။

ယောင်လိလိကလည်း ယဲ့ချန်၏အမူအရာကို သတိထားမိလိုက်ပြီး သူ့အားနည်းချက်ကို သူ(မ) ထိုးနှက်လိုက်နိုင်ပြီဟု ထင်မှတ်မှားကာ ပို၍ပင် ဘဝင်ခိုက်သွားလေသည်။

"ယဲ့ချန်..ယောကျ်ားတစ်ယောက်ဆိုတာ ရည်မှန်းချက်တွေရှိသင့်တယ်။ အဲဒီလိုမှမဟုတ်ရင် ကိုယ့်ကိုယ်ကိုယ် ယောကျ်ားလို့ ဘယ်ခေါ်လို့ရမှာလဲ"

သူ(မ)က သူတို့ဘေးနားရှိ မြစ်ကမ်းဘေးဗီလာကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။

"ဒါကိုတွေ့လား။ ငါ့ချစ်သူက ငါ့ကိုပေးထားတာလေ။ ဒါမှ တကယ့်ယောကျ်ားအစစ်"

"ဒီဗီလာက မင်းရဲ့ကောင်လေး ပိုင်တာတဲ့လား"

ယဲ့ချန် တဒင်္ဂမျှ အံ့သြသွားရသည်။

"ဒါပေါ့။ ဗီလာတင်မဟုတ်ဘူးနော်။ ဒီPaganiပြိုင်ကားကလည်း ငါ့ဟာပဲ"

ယောင်လိလိက ဘဝင်ခိုက်နေလေဟန် အကြည့်မျိုးဖြင့် ဗီလာဘေးတွင်ရပ်ထားသော Paganiပြိုင်ကားကို လက်ညှိုးထိုးပြလိုက်၏။

စိတ်ဝင်စားဖို့တော့ ကောင်းလာလေပြီ။

ယဲ့ချန်၏နှုတ်ခမ်းအစုံကား ကော့ညွတ်သွားရပြီးနောက် ကားသော့ကိုထုတ်ကာ အသာအယာနှိပ်လိုက်လေသည်။

ထိုအခါ Paganiကားတံခါးများကလည်း ပွင့်ဟသွားချေတော့သည်။

ယောင်လိလိခမျာ ချက်ချင်း ကြောင်အသွားရှာလေ၏။

မဖြစ်နိုင်တာ.. သူ့မှာ Paganiကားသော့ ဘာလို့ရှိနေရတာလဲ?

အစကမူ ယောင်လိလိအနေနှင့် ဟန်ဆောင်ချင်ခဲ့ပါသော်ငြား ယဲ့ချန်က ကားတံခါးများကို ဖွင့်လိုက်လိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးပေ။

သူက တက္ကစီဒရိုင်ဘာမဟုတ်ဘူးလား?

သူက Paganiကားကို ဘယ်လိုလုပ်ပြီး စီးနိုင်မှာလဲ?

ယဲ့ချန်က ဘဝအတွေ့အကြုံရဖို့ တက္ကစီမောင်းနေတဲ့ လူကုံထံမိသားစုက အမွေဆက်ခံသူတစ်ယောက်များလား?

ဟုတ်တယ်။ တီဗီထဲမှာတော့ အဲဒီလိုပြကြတာပဲ...

ယဲ့ချန်ကလည်း ကားထဲမှ ပိုင်ဆိုင်မှုစာချုပ်ကို ထုတ်ပြီးနောက် စစ်ဆေးကြည့်လိုက်သည်။

"ဆောရီး ဒီအိမ်က ငါ့အိမ်"

"ရှင့်အိမ်လား"

ယောင်လိလိခမျာ ရုတ်ခြည်း ထိတ်လန့်သွားရလေတော့သည်။

ဗီလာကလည်း ယဲ့ချန်၏ပိုင်ဆိုင်မှုပင်။ မေးခွန်းထပ်ထုတ်စရာမလိုတော့ပေ။

ပြိုင်ကားတစ်စီး၊ ဇိမ်ခံအိမ်တစ်လုံး...

ယဲ့ချန်က ဘီလျံနာတစ်ယောက်ပင် ဖြစ်ရမည်။

ထိုအခိုက်အတန့်လေးတွင် လင်ရှန်းရှန်းကလည်း စာရွက်စာတမ်းကိစ္စကို လက်စသတ်ပြီးသွားသဖြင့် ရောက်ချလာလေသည်။

"မစ္စတာယဲ့.. အိမ်အတွက် စာရင်းသွင်းတဲ့လုပ်ငန်းစဉ်တွေ ပြီးစီးသွားပါပြီ။ လက်ဗွေစနစ်လည်း တပ်ဆင်ပြီးပါပြီ။ ရှင် အခု ပြောင်းလာလို့ရပါပြီ"

ယဲ့ချန် ခေါင်းညိတ်ပြလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

ထိုသို့ပြောပြီးနောက် ယဲ့ချန်က ဗီလာတံခါးနားသို့ လျှောက်သွားလိုက်ပြီး လင်ရှန်းရှန်း၏အကူအညီဖြင့် လက်ဗွေထည့်သွင်းကာ တံခါးဖွင့်လိုက်လေသည်။

ယောင်လိလိမှာမူ လုံးဝအံ့သြမှင်တက်နေရသည်။

မည်သို့ဖြစ်နိုင်မည်နည်း။ ယောင်လိလိသည် ယခုလေးတင် ဗီလာရှေ့၌ မတ်တတ်ရပ်ရင်း ဒေါ်လာဘီလျံနှင့်ချီသော ဤအိမ်တော်ကြီးသာ သူ(မ)အပိုင်ဖြစ်လာလျှင် ဘယ်လောက်ကောင်းလိုက်လေမလဲဟု စိတ်ကူးယဉ်နေခဲ့မိသည်။

ထင်မှတ်မထားပါဘဲ တစ်ချိန်တုန်းက သူ(မ) ဤအိမ်တော်ကြီးကို ပိုင်ဆိုင်ရဖို့ နီးစပ်ခဲ့ပေသည်။

လျှပ်တစ်ပြက်အတွင်းမှာပင် ယောင်လိလိသည် မိတ်လိုက်ချင်နေသော ကြောင်တစ်ကောင်အလား ယဲ့ချန်ကိုကြည့်နေပြီး သူ(မ)၏အကြည့်မှာ မီးဟုန်းဟုန်းတောက်နေသည်။

ထို့နောက် ယဲ့ချန်ရှေ့သို့ အပြေးသွားကာ သူ့လက်မောင်းကို ကိုင်ထားလိုက်သည်။

"ရှောင်ချန်း.. ကျွန်မ ရှင့်တစ်ယောက်တည်းကိုပဲ စိတ်ဝင်စားခဲ့တာပါ။ အဲဒါကြောင့် ရှင့်ရဲ့သရုပ်မှန်ကိုသိရဖို့အတွက် ရှင်နဲ့ လမ်းခွဲချင်ယောင်ဆောင်ခဲ့တာ။ ရှင်ကတကယ်တော့ ဘီလျံနာတစ်ယောက်ပဲ"

ယဲ့ချန်ခမျာ ဆွံ့အသွားရလေသည်။

အရင်တုန်းကရော မင်း ငါ့တစ်ယောက်တည်းကိုပဲ စိတ်ဝင်စားခဲ့တာလား?

မင်းပဲ ငါ့ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး အရှုံးသမားလို့ခေါ်ခဲ့တာမဟုတ်ဘူးလား?

"ယဲ့ချန်.. ဒါက ရှင့်အတွင်းရေးမှူးလား။ စိတ်မပူနဲ့။ သူ့ကို အလုပ်ထုတ်ပစ်လိုက်။ ကျွန်မက ရှင့်ချစ်သူလည်း လုပ်ပေးမယ်။ အချိန်ပိုင်းအတွင်းရေးမှူးလည်း လုပ်ပေးမယ်"

ယဲ့ချန် : "..."

သူ့ဘေးရှိ ရုပ်ရည်အဆင့် ၉၅မှတ်ရှိသော လင်ရှန်းရှန်းကို တစ်ချက်ကြည့်၍ ယဲ့ချန်လည်း ယောင်လိလိ၏လက်ကို ခါချကာ ပြောလိုက်လေသည်။

"တောင်းပန်ပါတယ်။ ဒါပေမဲ့ ငါတို့က မလိုက်ဖက်ဘူး"

"ဟင့်အင်း။ လိုက်ဖက်တယ်! ကျွန်မတို့ရဲ့ကိုက်ညီမှုကို တွက်ချက်ထားတယ်။ အဲဒါက ကောင်းလွန်းလို့ တစ်ဖက်ကမ်းတောင် ကျော်နေသေးတယ်"

ယဲ့ချန် : "..."

ယောင်လိလိခမျာ နောင်တများ တပွေ့တပိုက်ဖြစ်နေရရှာသည်။

အရန်လူအဖြစ် သူ(မ) သတ်မှတ်ထားခဲ့သော အမျိုးသားက Paganiစီးပြီး အိမ်တော်တစ်လုံးပိုင်ဆိုင်သည့် လူကုံထံတစ်ယောက်ဖြစ်နေလိမ့်မည်ဟု သူ(မ) ထင်မထားပေ။

ယဲ့ချန်နှင့်ယှဉ်လိုက်လျှင် BMWစီးသော အမျိုးသားမှာ အရှုံးသမားစစ်စစ်တစ်ယောက်ပင်။

မကြာခင် သူ(မ) ဇိမ်ခံကားကိုစီးပြီး မြစ်ကမ်းဘေးဗီလာတွင် နေထိုင်ရတော့မည်ဟု တွေးလိုက်မိသောအခါ ယောင်လိလိ စိတ်လှုပ်ရှားသွားရသည်။

ငါ့ကံက တယ်ကောင်းပါလား။ ငါ လူကုံထံယောကျ်ားတစ်ယောက်ကို အပိုင်ဖမ်းလိုက်နိုင်ပြီ!

"ဆောရီး.. ငါ့မှာ ချစ်သူရှိပြီးသား။ ဒီကမိန်းကလေးပဲ"

ယဲ့ချန်က သူ့ဘေးရှိ မိန်းကလေးကို လက်ညှိုးထိုးပြလိုက်လေသည်။

"ဘာ? သူလား.. မဟုတ်..မဟုတ်ဘူးနော် ယဲ့ချန်.. ကျွန်မကမှ ရှင့်ချစ်သူလေ"

"ဟုတ်တယ်။ တိတိကျကျပြောရရင် မင်းက ငါ့ရည်းစားဟောင်းပါ။ မင်းပဲ ငါ့ကို လမ်းခွဲဖို့ ဖုန်းဆက်ခဲ့တာလေ"

ယဲ့ချန် အေးတိအေးစက် ပြန်ပြောပစ်လိုက်သည်။

"မဟုတ်ပါဘူး။ ကျွန်မက ရှင့်ကိုစနေရုံပါ။ ကျွန်မ ရှင့်ကိုချစ်တယ်လေ။ ဒီတစ်သက် ရှင့်တစ်ယောက်တည်းကိုပဲ ချစ်သွားမှာ။ ချန်းချန်း.. ကျွန်မကို ထားမသွားပါနဲ့နော်"

ရုတ်တရက်ပင် ယဲ့ချန် ရယ်လိုက်မိ၏။

"သူ့ရုပ်ရည်နဲ့ ခန္ဓာကိုယ်က မင်းထက် အဆတစ်ရာလောက် သာတယ်။ ငါက မင်းလို သိုက်တူးသမားတစ်ယောက်ကို ဘာလို့ရွေးရမှာလဲ"

လင်ရှန်းရှန်းခမျာ ရှက်သွေးဖြာသွားချေသည်။

အာ! ဘုရားရေ ငါက သူ့ချစ်သူလို့ သူပြောလိုက်တာလား? ငါ သူ့ကိုသိတာ နာရီဝက်ပဲရှိသေးတယ်လေ။ ငါတို့က တရားဝင်ဖြစ်သွားပြီလား?

ပျော်ရွှင်မှုက ရုတ်တရက်ဆန်ဆန် ရောက်ချလာခဲ့သည်။

"ယဲ့ချန် ရှင် ကျွန်မတို့ရဲ့ကတိတွေကို မေ့သွားပြီလား"

"ယောင်လိလိ မင်းဖုန်းခေါ်လိုက်တဲ့ အချိန်ကစပြီး ငါတို့ကြားမှာ ဘာပတ်သက်မှုမှမရှိတော့ဘူး။ ကျေးဇူးပြုပြီး ဘေးဖယ်ပေးပါ။ ငါ သွားတော့မယ်"

ယဲ့ချန်လည်း သူ(မ)နှင့် စကားများဖို့ပင် ပျင်းနေသဖြင့် ထွက်သွားရန် တစ်ဖက်သို့လှည့်လိုက်၏။

"ဒုန်း"

သူ(မ)ကမူ ယဲ့ချန်ရှေ့တွင် ဒူးထောက်ချလိုက်လေသည်။

လူကုံထံတစ်ယောက်နှင့် လက်ထပ်ရဖို့အရေး ယောင်လိလိတစ်ယောက် ကြံမိကြံရာစွတ်လုပ်နေ၏။

"ယဲ့ချန် ကျွန်မကိုထားမသွားပါနဲ့။ ဒီတစ်သက် ရှင်က ကျွန်မရဲ့တစ်ဦးတည်းသောချစ်သူပါ"

"ယောင်လိလိ မင်းဘာလုပ်နေတာလဲ"

အမျိုးသားတစ်ယောက်၏ အသံက အနောက်နားမှ ရုတ်တရက်ထွက်ပေါ်လာသည်။

ရောက်လာသူကား အခြားသူမဟုတ်ချေ။ အရောင်းဌာန၏မန်နေဂျာ ချန်ရှန်းပင်။

ချန်ရှန်းက ယောင်လိလိ၏ချစ်သူ ဖြစ်နေခဲ့သည်။

ယောင်လိလိကို ချစ်သူရေကန်ကျွန်းသို့ လည်ပတ်ကြည့်ရှုရန် သူခေါ်လာခဲ့ခြင်းပင်။ ထို့နောက် မြစ်ကမ်းဘေးဗီလာက ရောင်းထွက်သွားပြီဟု သတင်းရလိုက်သဖြင့် စာရွက်စာတမ်းကိစ္စကို အပြီးသတ်ရန်အတွက် အမြန်ပြန်ပြေးခဲ့ရသည်။

လက်စသတ်ပြီးနောက် သူပြန်လာချိန်ဝယ် သူ့ချစ်သူက သူစိမ်းယောကျ်ားတစ်ယောက်၏လက်ကို ကိုင်ထားပြီး မြေကြီးပေါ် ဒူးထောက်ချကာ ထိုလူ၏ချစ်သူဖြစ်ရရေးအတွက် တောင်းပန်နေကြောင်း မြင်လိုက်ရ၏။

သေလိုက်ပါတော့!

ယောင်လိလိက သူ့အား တောင်တန်းများနှင့် ပင်လယ်များလောက် ချစ်သည်ဟု ကတိပေးထားခဲ့သော်လည်း ယခုတော့ ခဏလေးအတွင်း သူ့အား ဦးထုပ်စိမ်းဆောင်းပေးလိုက်လေပြီ။

"ယောင်လိလိ မကောင်းတဲ့မိန်းမ.. မင်း ဒါက ဘာအဓိပ္ပာယ်လဲ။ ငါ့ရှေ့မှာတင် ဖောက်ပြန်နေတာပေါ့လေ"

"ကျွန်မ..!"

ယောင်လိလိ အလွန်စိတ်ဆိုးမိသောကြောင့် ယဲ့ချန်ကို စိတ်လှုပ်သွားအောင် အတိတ်တုန်းက ချစ်ခဲ့ဖူးသည့် အကြောင်းအရာများကို ပြန်ပြောပြချင်ခဲ့သော်လည်း သူ့ချစ်သူအစစ် ရောက်လာလိမ့်မည်ဟု ထင်မထားချေ။

သူ(မ) ခေါင်းမော့ကြည့်လိုက်လေရာ ယဲ့ချန်မှာ အစောကြီးကတည်းက ထွက်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။

ချန်ရှန်းကမူ အေးတိအေးစက်သရော်လေသည်။

"ကြည့်မနေနဲ့တော့။ သူကဖြင့် ထွက်သွားတာ ကြာလှနေပြီ"

ယောင်လိလိ၏အမူအရာလည်း အနည်းငယ်ပျက်ယွင်းသွားပြီး ချန်ရှန်းကို ကပျာကယာစကားဆိုလိုက်၏။

"ရှောင်ရှန်း.. ကျွန်မရှင်းပြတာကို နားထောင်ပါဦး"

"လစ်လိုက်တော့ လူယုတ်မာမ.. သိုက်တူးသမား... မင်းက ချမ်းသာတဲ့အသိုင်းအဝိုင်းထဲကို ဝင်ချင်ခဲ့တာမလား။ သွားလေ။ ဒါပေမဲ့ မင်းကိုယ်မင်း မှန်ထဲ ပြန်ကြည့်လိုက်ဦး။ လက်ထပ်ပြီး အထက်ကိုတွယ်တက်ချင်နေတာ။ ထားပါတော့.. ငါတို့ပြတ်ပြီ"

ချန်ရှန်းက သူ့အင်္ကျီလက်အနားစကို ခါယမ်းကာ လှည့်ထွက်သွားလေတော့သည်။

ယဲ့ချန်က ထွက်သွားချေပြီ။ သူ့ချစ်သူကိုလည်း ဆုံးရှုံးလိုက်ရသည်။

ဘာမှမကျန်တော့သည့် ယောင်လိလိခမျာ ကိုယ့်ပါးကိုယ်သာ ခပ်နာနာလေး ရိုက်ပစ်ချင်မိသည်။

အရင်က သူ(မ) ဘာလို့များ စုံလုံးကန်းခဲ့မိတာလဲ။ ခန့်ညားချောမောတဲ့ အမွေဆက်ခံသူကို သူ(မ) ဘာကြောင့် လက်လွှတ်ခံခဲ့ရတာလဲ?

ယောင်လိလိခမျာ မြေပြင်ပေါ်သို့ ဒူးထောက်ချလျက် အကျယ်ကြီးအော်ငိုလိုက်လေသည်။

ယဲ့ချန်ကမူ လင်ရှန်းရှန်းအား အိမ်သို့ ကားမောင်းပို့ပေးလိုက်သည်။ အရောင်းအဝယ်အကြီးကြီးဖြစ်ထားသည့်အတွက် လင်ရှန်းရှန်းလည်း အလုပ်ထုတ်မခံရတော့သည့်အပြင် နားရက်တစ်ပတ်နှင့်အတူ အထွေထွေလက်ထောက်မန်နေဂျာအဖြစ် ရာထူးတိုးခံလိုက်ရ၏။

"မစ္စတာယဲ့.. ကျွန်မက အဲဒီမိန်းမကို ဒီအတိုင်းပြန်ခံပြောခဲ့ရုံပါ။ ကျွန်မက အဲဒီလိုလူစားမျိုးမဟုတ်ပါဘူး"

လင်ရှန်းရှန်းလည်း ရှက်ရွံ့စွာ ဆိုလိုက်သည်။

"အိုး..အဲဒါက ဘာအဓိပ္ပာယ်လဲ"

ယဲ့ချန်ကမူ ရူးချင်ယောင်ဆောင်နေသည်။

လင်ရှန်းရှန်း၏ ရှက်ရွံ့နေဟန်အမူအရာကို မြင်လိုက်ရသောအခါ ယဲ့ချန်လည်း မရယ်ဘဲ မနေနိုင်တော့ပေ။

သို့သော် ဖြူစင်ပြီး ချစ်ဖို့ကောင်းသော သူ(မ)၏ဟန်ပန်လေးက ယောင်လိလိနှင့် ယှဉ်မရပေ။

"စိတ်မပူပါနဲ့။ ငါ မင်းကို သင်ပေးလို့ရပါတယ်"

ယဲ့ချန်က ကောက်ကျစ်စဉ်းလဲလေဟန် အပြုံးမျိုးဖြင့် ခွန်းတုံ့ပြန်လိုက်သည်။

"ဟမ့်! ဘယ်သူက ရှင်သင်ပေးတာကို လိုအပ်နေလို့လဲ"

လင်ရှန်းရှန်းခမျာ သူ(မ) လွှမ်းမိုးခံလိုက်ရသည်ကို သိသောကြောင့် ယဲ့ချန်၏လက်ကို ရိုက်လိုက်မိတော့သည်။

ကားထဲမှထွက်ပြီးနောက် ယဲ့ချန်က ရယ်မောလိုက်လေသည်။

"ငါ့ကို ကြယ်ငါးပွင့်ပေးဖို့ မမေ့နဲ့နော်"

လင်ရှန်းရှန်းကမူ စူပုတ်နေ၏။

"ရှင် ကျွန်မကို ဝီချက်မှာမအပ်ရင် ဘာကြယ်မှမရဘူးပဲ"

ယဲ့ချန်လည်း ခေါင်းညိတ်ပြလိုက်သည်။

"ကိစ္စမရှိပါဘူး"

ဝီချက်အကောင့်ချင်း ဖလှယ်ပြီးနောက် လင်ရှန်းရှန်းက ယဲ့ချန်အား ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်တစ်ခု ပေးလိုက်သည်။

[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ရရှိခဲ့တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ မှတ်ချက်ရဲ့ တတိယမြောက်ကြယ်(၃/၅)ကို အသက်သွင်းလိုက်ပါပြီ။ ဆုလာဘ်ကတော့ ယွမ်တစ်ဘီလျံပါ]

••••••••••••••

All Chapters