ညံ့ဖျင်းမှု
Vol. 1 Ch. 6
ယဲ့ချန်၏ပြိုင်ကားက လူနှစ်ယောက်သာ ဆံ့သောကြောင့် တစ်ခါတစ်ရံတွင် ခရီးသည်အများကြီးတင်ရန် အဆင်မပြေပေ။ ထို့ကြောင့် သူ့ကားအဟောင်းရှားလိကိုသာ ပြန်ပြောင်းလိုက်ရသည်။
အော်ဒါအနည်းငယ်မျှ ထပ်လက်ခံပြီးနောက် ခရီးသည်အားလုံးက ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ပေးခဲ့သော်ငြား ထိုအဆင့်သတ်မှတ်ချက်များမှာ စနစ်၏ ကြယ်ပွင့်များကို မတိုးစေခဲ့ချေ။
ကြယ်ပွင့်များရရှိခြင်းတွင်လည်း ဖြစ်နိုင်ခြေတစ်ခု ရှိဟန်ပင်။
သူ အပြင်ထွက်လာလိုက်သည်နှင့် နောက်ထပ်အော်ဒါတစ်ခု ထပ်ရလိုက်သည်။ ဤတစ်ခေါက်အတွက် တည်နေရာကား BMW 4Sအရောင်းဆိုင်ပင်။
လမ်းဆုံနားသို့ သူ့ရှားလိကားကို မောင်းလာလိုက်သောအခါ စုံတွဲတစ်တွဲက ကားထဲသို့ ဝင်လာကြသည်။
အထဲသို့ဝင်လာပြီးနောက် အမျိုးသားဖြစ်သူက ယဲ့ချန်ကိုကြည့်၍ အော်ခေါ်လိုက်သည်။
"ယဲ့ချန်"
ယဲ့ချန်လည်း ခေါင်းလှည့်ကြည့်လိုက်လေရာ အံ့ဩမှင်တက်သွားရ၏။
တိုက်ဆိုင်လိုက်တာ…
ကားနောက်ခန်းထဲရှိ လူနှစ်ယောက်မှာ သူ့အတန်းဖော်ဟောင်းများပင်။
"ယဲ့ချန်.. တကယ်ကြီး မင်းဖြစ်နေလိမ့်မယ်လို့ မထင်ဘူးကွာ"
ဖုန်းထောင်က ပြုံးလျက် စိတ်လှုပ်ရှားနေသောလေသံဖြင့် ပြောလိုက်သည်။
ဖုန်းထောင်၏နံဘေးရှိ မိန်းကလေးကလည်း မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
"ယဲ့ချန်.. နင်က ဘာလို့ တက္ကစီမောင်းနေတာလဲ"
ယဲ့ချန် ပြုံးလိုက်မိသည်။
"တက္ကစီမောင်းရတာက တော်တော်ကောင်းပါတယ်။ အချိန်ကလည်း အဆင်ပြေပြီး ပိုက်ဆံလည်း တော်တော်များများရတယ်လေ"
ဖန်းထောင်ကလည်း ခေါင်းတညိတ်ညိတ်လုပ်နေလေသည်။
"အမှန်ပဲ။ လက်ရှိစီးပွားရေးပျက်ကပ်ကြောင့် အလုပ်ရှာရတာ သိပ်ခက်တာလေ။ ငါ့ကိုပဲကြည့်… နှစ်ပေါင်းများစွာကြာအောင် အလုပ်ကြိုးစားနေတာတောင် စာရင်းဝင်ကုမ္ပဏီတစ်ခုမှာ ဌာနမန်နေဂျာအဆင့်ပဲ ရှိသေးတယ်။ ခက်ခဲလွန်းပါတယ်ကွာ"
ယဲ့ချန်ကမူ ဖုန်းထောင်၏ညည်းညူသံကို အာစေးမိနေဟန်ဖြင့် နားထောင်နေမိသည်။
ဖုန်းထောင်က ခက်ခဲကြမ်းတမ်းလှတဲ့ ဘဝအတွက် တကယ်ညည်းညူနေတာလား? ဒါ သူ သက်သက်ကြွားနေတာအသိသာကြီးမဟုတ်လား?
ဖုန်းထောင်က သက်ပြင်းချလျက် ဆက်ပြောလိုက်ပြန်သည်။
"ငါ မိုတုမှာ နှစ်နည်းနည်းလောက်ရုန်းကန်ခဲ့ရတယ်။ ဒါတောင် မြို့လယ်ခေါင်က စတုရန်းမီတာတစ်ရာကျယ်တဲ့ အိမ်တစ်လုံးကိုပဲ ဝယ်နိုင်ခဲ့တယ်။ ချေးငွေတောင် ယူခဲ့ရသေးတယ်။ ဒီနေ့လည်း လိလိကိုခေါ်လာပြီး BMWတစ်စင်းလာဝယ်တာ။ 7 seriesထဲက မဝယ်နိုင်တော့ 5 seriesထဲကပဲ ဝယ်မလို့။ ဆင်းရဲချက်ကတော့ကွာ"
ယဲ့ချန်ခမျာ ကားမောင်းရင်း ဖုန်းထောင်၏ကြွားဝါစကားများကို နားထောင်နေရသော်လည်း ဘာတစ်ခွန်းမှမပြောပါဘဲ ပြုံးသာပြုံးနေလိုက်သည်။
သူ့ဘေးနားရှိ ထျန်းလိလိက ဆိုလာလေသည်။
"ဖုန်းထောင်.. ရှင်ကတော့ တကယ်ပါပဲ။ ထိပ်တန်းကျောင်းသားဟောင်းက တက္ကစီမောင်းနေရတဲ့အချိန်မှာ ရှင့်လို ငပျင်းကတော့ မန်နေဂျာတောင် ဖြစ်လာလိုက်သေးတယ်"
ထိုသို့ပြောပြီးနောက် ထျန်းလိလိက ကိုးရိုးကားရားအပြုံးတစ်ပွင့်ကို တမင်တကာပြုံးလိုက်လေသည်။
"ယဲ့ချန်.. ငါ ပါးစပ်သရမ်းမိသွားတာကို ဗွေမယူပါနဲ့ဟာ။ ငါ ဘာသဘောနဲ့မှပြောတာမဟုတ်ပါဘူး"
ယဲ့ချန်ကတော့ ပြုံးပြလိုက်၏။
"ရပါတယ်"
မကြာခင်မှာပင် ကားက လိုရာခရီးကို ရောက်လာသည်။
ဖုန်းထောင်က ရယ်မောလိုက်၏။
"ယဲ့ချန်.. ငါ့ကို ကားတစ်စီးလောက် ကူရွေးပြီး BMWကားတစ်စီးရဲ့အရသာကို ခံစားကြည့်လိုက်လေ"
ယဲ့ချန်ကမူ ခပ်ပြုံးပြုံးပင်။
"တော်ပါပြီ။ ငါ အော်ဒါနည်းနည်းလောက် ထပ်လက်ခံလိုက်ဦးမယ်။ ဪ.. ငါ့ကို ရီဗျူးကောင်းကောင်းပေးဖို့ မမေ့နဲ့နော်"
ဖုန်းထောင် ခေါင်းညိတ်ပြလိုက်သည်။
"ရီဗျူးကောင်းကောင်းကတော့ သေချာပေါက်ပေးရမှာပေါ့။ ဪ မေ့တော့မလို့.. သန်ဘက်ခါကျရင် ကျောင်းသားဟောင်းတွေ့ဆုံပွဲရှိတယ်။ ငါ ဝယ်ကျွေးမှာလေ။ ဂရန်းယူနီဗာ့ဟိုတယ်မှာ။ မင်း လာခဲ့ရမယ်နော်"
"ရတယ်လေ။ ငါအားရင် သေချာပေါက်လာခဲ့မယ်"
ဖုန်းထောင်က သူ့အား အဆက်မပြတ်ကြွားလုံးထုတ်နေကြောင်း ယဲ့ချန် သတိထားမိသော်လည်း သူ့အမြင်တွင်တော့ ဖုန်းထောင်၏ဝင့်ကြွားမှုမှာ တုံးအခြင်းနှင့် မခြားပေ။
ငါ့ရှေ့မှာ ဆောင့်ကြွားဆောင့်ကြွားလုပ်ပြနေတယ်ပေါ့?
မင်းက ငါ့ဖိနပ်သယ်ဖို့တောင် အရည်အချင်းမရှိဘူး…
ယဲ့ချန် ကားမောင်း၍ ထွက်ခွာသွားသည်ကိုကြည့်ရင်း ထျန်းလိလိ သက်ပြင်းချလိုက်လေသည်။
"အမလေး.. ငါ့ခရက်ရှ်က ဒီလောက်အထိ ဆင်းရဲသွားလိမ့်မယ်လို့ ထင်မထားဘူး"
ဖုန်းထောင်လည်း လှောင်ပြောင်သရော်လိုက်သည်။
"ဟုတ်တယ်။ ငါတို့အတန်းဖော်ကောင်မလေးတွေသာ ယဲ့ချန် တက္ကစီမောင်းနေတယ်ဆိုတာသိသွားရင် ဘယ်လိုနေမလဲမသိဘူး"
ထျန်းလိလိက ဖုန်းထောင်၏လက်မောင်းကို ဖက်ထားလိုက်သည်။
"ကျွန်မတို့အစ်ကိုထောင်ကမှ အရည်အချင်းရှိတာ။ ယဲ့ချန်က ချောမောပြီး ကျောင်းသားကောင်းတစ်ယောက်ဖြစ်တော့ရော ဘာအရေးလဲ။ သူ တက္ကစီမောင်းနေရတဲ့အချိန်မှာ ရှင်က BMWမောင်းနေရတယ်လေ"
ဖုန်းထောင်လည်း ရှက်ရွံ့လေဟန်ဖြင့် ရယ်လိုက်လေသည်။
"ဟားဟား.. အမှန်အတိုင်းပြောရရင် ကိုယ်က အဆင်ပြေတယ်ဆိုရုံလေးပါ"
ယဲ့ချန်၏ဖုန်းဝင်သံ ထွက်ပေါ်လာချိန်မှာ ခြောက်နာရီကျော်လေပြီ။ ခေါ်ဆိုသူကား သူ့အမေပင်။
"ယဲ့ချန်.. အမေတို့ဆွေမျိုးတွေက ဒီနေ့ ဖန်ရွှမ်အဆောက်အအုံ အခန်း၈၀၈မှာ တွေ့ဆုံပွဲလုပ်ကြမှာ။ အခုချက်ချင်းလာခဲ့နော်"
"ဟုတ်ကဲ့"
ယဲ့ချန် အနည်းငယ်မျက်မှောင်ကြုတ်လျက် ဖုန်းချလိုက်သည်။
ဤမိသားစုတွေ့ဆုံပွဲများကို သူ သဘောမကျပေ။
အခေါက်တိုင်း သူ့ဦးလေးက မန်နေဂျာဖြစ်သွားသော သူ့သားအကြောင်းသာ ကြွားဝါနေပြီး စားပွဲတစ်ခုလုံးရှိ လူကြီးများကလည်း တက္ကစီမောင်းသော ယဲ့ချန်အား ဝေဖန်စကားတစ်ပုံတစ်ပင်ကြီးကို ပြောလာကြပေလိမ့်မည်။ သူ့အား ရည်မှန်းချက်မရှိသည့် အရှုံးသမားတစ်ယောက်ဟု သမုတ်ကြသည်။
သူ့မိဘများကို မျက်နှာမပျက်စေချင်သောကြောင့်သာ မဟုတ်ပါက ထိုနေရာသို့ သွားမည်မဟုတ်ချေ။
ယဲ့ချန်လည်း အိမ်ပြန်ပြီးနောက် သူ့Paganiကားကို သွားယူပြီးမှ ဟိုတယ်သို့သွားရန် ပြင်လိုက်၏။
သို့သော် အလုပ်ဆင်းချိန်ဖြစ်သည့်အတွက် လမ်းက ပြည့်ကျပ်နေချေသည်။
ယဲ့ချန် မျက်မှောင်ကြုတ်လိုက်မိသည်။ သူတော့ ထိုဆွေမျိုးများထံမှ နောက်တစ်ခါဝေဖန်ခံရဦးပေမည်။
မြစ်ကမ်းဘေးဗီလာသို့ ပြန်ရောက်သည့်အခါ အဝတ်အစားလဲပြီး Paganiကားဖြင့် ဖန်ရွှမ်ဟိုတယ်သို့ ထွက်လာခဲ့လိုက်သည်။
ယဲ့ချန်၏ဇိမ်ခံကားကြီးကို မြင်သောအခါ လုံခြုံရေးအစောင့်က သူ့အား အမြန်လာနှုတ်ဆက်လေသည်။
"လူကြီးမင်း.. ဒီနှစ်နေရာကြားမှာ ကားရပ်ပေးပါဗျ"
ယဲ့ချန်လည်း တဒင်္ဂမျှတွေဝေသွားရသည်။
"ကျွန်တော် တစ်နေရာတည်းယူလည်းဖြစ်ပါတယ်"
ဇိမ်ခံကားတစ်စီးကို မောင်းနေသည့်တိုင် အများပြည်သူအရင်းအမြစ်များကို ယဲ့ချန် အပိုင်မသိမ်းထားချင်ပေ။
"မဟုတ်ပါဘူး လူကြီးမင်း.. ခင်ဗျားရဲ့ကားက အရမ်းဈေးကြီးတယ်လေ။ ဒီတော့ ပါကင်နှစ်နေရာယူလိုက်တာက ပိုကောင်းပါတယ်။ တကယ်လို့ ခြစ်မိသွားခဲ့ရင် ကျွန်တော်တို့လည်း မလျော်နိုင်ဘူးလေ"
လုံခြုံရေး၏အခြေအနေကို နားလည်လိုက်သဖြင့် ယဲ့ချန်လည်း ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူတို့၏လမ်းညွှန်မှုဖြင့် နေရာလွတ်တွင် ပါကင်ထိုးလိုက်၏။
"ကျေးဇူးတင်ပါတယ်"
"ဒါ ကျွန်တော်တို့တာဝန်ပါ"
ယဲ့ချန် စားသောက်ဆိုင်ထဲသို့ ဝင်သွားချိန်တွင် လုံခြုံရေးခေါင်းဆောင်က အခြားလုံခြုံရေးဝန်ထမ်းများကို ပြောလိုက်သည်။
"အဲဒီကားကို သေချာစောင့်ကြည့်ထား။ ဒီကားမှာ ခြစ်ရာတစ်ခုလေး ထိသွားခဲ့ရင် ငါတို့ တစ်သက်လုံးအလုပ်လုပ်လုပ်ရင်တောင် ပြန်လျော်နိုင်မှာမဟုတ်ဘူး"
…
ယဲ့ချန် စားသောက်ဆိုင်ထဲသို့ ဝင်သွားလိုက်သောအခါ ဆွေမျိုးများအားလုံးက ရောက်နေကြပြီဖြစ်၏။
"တောင်းပန်ပါတယ်။ ကျွန်တော်နောက်ကျသွားတယ်"
"ဟမ့်! အမြဲစိတ်မပါလက်မပါနဲ့။ စားသောက်ပွဲလေးတစ်ခုတောင် အချိန်မီမတက်နိုင်ဘူး။ ယဉ်ကျေးမှုကို မရှိဘူး"
သူ့ဦးလေး အေးတိအေးစက်ပြောလာလေသည်။
"အစ်ကို.. ရှောင်ချန်းဘက်ကလည်း တွေးပေးဦးမှပေါ့။ တက္ကစီမောင်းတာက ပိုက်ဆံနည်းနည်းပဲရတော့ အလုပ်ပိုလုပ်မှ စားဝတ်နေရေးအဆင်ပြေမှာလေ"
သူ့ဒုတိယအဒေါ်က လှောင်ပြောင်ထေ့ငေါ့ဟန်ဖြင့် ဝင်ပြောချေသည်။
"တက္ကစီမောင်းတာက ငါတို့ယဲ့မိသားစုအတွက်တော့ သိက္ခာကျတာပဲ"
သူ့ဦးလေးက ယဲ့ချန်အား စက်ဆုပ်ရွံရှာဟန်ဖြင့် ကဲ့ရဲ့လိုက်သည်။
ယခင်လိုသာဆိုလျှင် ယဲ့ချန် ဒေါသထွက်မိမည်ဖြစ်သော်ငြား ဤတစ်ခေါက်မှာတော့ စိတ်မတိုပေ။ ထိုအစား ခပ်ပြုံးပြုံးဖြင့် ခုံတစ်လုံး၌ ဝင်ထိုင်လိုက်သည်။
သူ့အဖေယဲ့ကျန့်လည်း စင်စစ်တွင် သူ့အစ်ကိုက သူ့သားကို ဆူပူနေခြင်းကို ဘဝင်မကျပါသော်လည်း ဘာမှဝင်မပြောခဲ့ပေ။
သူ့အမေလီရှို့ယင်ကမူ ကြင်ကြင်နာနာစကားဆိုလာသည်။
"ရှောင်ချန်းက ကားပိတ်နေလို့ဖြစ်မှာပါ။ ရှောင်ထောင်လည်း မရောက်သေးဘူးမို့လား"
ထိုအခါ သူ့ဦးလေးက နှာခေါင်းရှုံ့လိုက်၏။
"မင်းတို့ယဲ့ချန်က ရှောင်ထောင်နဲ့ လာယှဉ်လို့ရမလား။ ငါတို့ရှောင်ထောင်က စာရင်းဝင်ကုမ္ပဏီတစ်ခုမှာ ဌာနမန်နေဂျာတစ်ယောက်လေ။ ဝင်ငွေက တစ်လကို နှစ်သောင်းဝင်တာ။ ဒီတော့ သူက အလုပ်များတယ်။ နောက်ကျတာတော့ ကျိန်းသေပဲပေါ့"
"တောင်းပန်ပါတယ်။ ကျွန်တော်နောက်ကျသွားတယ်"
ထိုအခိုက်မှာပင် နောက်ထပ်လူငယ်လေးတစ်ယောက်က လှပချောမောသော ကောင်မလေးတစ်ယောက်နှင့်အတူ ရောက်ချလာသည်။ သူ(မ)၏ရုပ်ရည်အဆင့်မှာ ၈၀မှတ်ရှိ၏။
သူ့ကိုမြင်သောအခါ ဆွေမျိုးများလည်း အမူအရာပြောင်းသွားကြသည်။ မတ်တတ်ပင် ရပ်လိုက်ကြသေးသည်။
"ရှောင်ထောင် ရောက်လာပြီ။ အာ.. ဒါက မင်းရဲ့ကောင်မလေးလား။ လှလိုက်တာ"
"ရှောင်ထောင်က မန်နေဂျာဖြစ်သွားတာတောင် မိသားစုတွေ့ဆုံပွဲအတွက် အချိန်ပေးနိုင်သေးတယ်နော်။ ဒီလိုလူစားမျိုးက သိပ်ရှားတာ"
သူ့ဆွေမျိုးများ ခယမြှောက်ပင့်နေကြသည်ကို မြင်သောအခါ ယဲ့ချန်လည်း စိတ်ထဲမှ လှောင်ပြုံးပြုံးမိသည်။
ယခင်ကဆိုလျှင် သူ အတန်ငယ်စိတ်ရှုပ်မိမည်ဖြစ်၏။ သို့သော် ယခုမှာတော့ လစာနှစ်သောင်းဆိုသည်မှာ သူ့အတွက်မူ သူတောင်းစားတစ်ယောက်နှင့် မခြားပေ။
ယဲ့ထောင်နှင့် သူ့ကောင်မလေးက နေရာယူလိုက်ကြပြီးနောက် လူစုံသွားပြီဖြစ်ရာ စားသောက်ပွဲလည်း စတင်ပါတော့သည်။
စားသောက်နေစဉ်အတောအတွင်း ဆွေမျိုးများအားလုံးက ယဲ့ထောင်ကို ခွက်မြှောက်ဂုဏ်ပြုပေးနေကြလေရာ သူ့ကို အနုပညာရှင်တစ်ယောက်အလား ဆက်ဆံနေကြသည်။
သူ့အမေလီရှို့ယင်က သူ့အား တံတောင်ဖြင့်တွက်၍ တီးတိုးပြောလိုက်သည်။
"ရှောင်ချန်း ရှောင်ထောင်ကို ဂုဏ်ပြုပေးလိုက်ဦးလေ။ အခု သူက ဌာနမန်နေဂျာဖြစ်သွားပြီဆိုတော့ သူ့ကုမ္ပဏီထဲကို မင်းကို အလုပ်သွင်းပေးချင် သွင်းပေးမှာပေါ့"
"အမေ အဲဒီလိုလုပ်ဖို့ မလိုပါဘူး။ တက္ကစီမောင်းတာက အဆင်ပြေပါတယ်"
ယဲ့ချန်က အသံမတိုးဘဲ ပြောလိုက်သဖြင့် စားပွဲရှိ လူတိုင်း ကြားသွားလေသည်။
"ဘန်း!"
သူ့ဦးလေးက စားပွဲကို ဒေါသတကြီးရိုက်ချလိုက်၏။
"ယဲ့ချန်.. ရှောင်ထောင်ကိုကြည့်စမ်း။ ပြီးရင် မင်းကိုယ်မင်းပြန်ကြည့်လိုက်။ တက္ကသိုလ်ဘွဲ့ရချင်းအတူတူပဲကို။ ဘာလို့ ဒီလောက်တောင်ကွာခြားနေရတာလဲ။ တက္ကစီမောင်းမယ်ပေါ့လေ? တက္ကစီမောင်းလို့ ဘာအနာဂတ်ရှိမှာလဲ"
"ဟုတ်တယ်။ ရှောင်ချန်း.. မင်း အလုပ်ကောင်းကောင်းတစ်ခုရှာတွေ့ရင် မိသားစုလည်း မျက်နှာမငယ်ရတော့ဘူးပေါ့။ မင်း တက္ကစီမောင်းနေတာကိုသာ ငါတို့မိတ်ဆွေတွေမြင်သွားရင် ရှက်ဖို့ကောင်းတယ်"
သူ့ဒုတိယဦးလေးက ပြစ်တင်ဆုံးမလာချေသည်။
"ဘာရှက်စရာရှိလို့လဲ။ ကျွန်တော်က သမာအာဇီဝလုပ်ငန်းနဲ့ ငွေရှာနေတာလေ။ ခိုးနေတာလည်းမဟုတ်ဘူး။ လုယက်နေတာလည်းမဟုတ်ဘူး"
ယဲ့ချန်လည်း ပြန်ခံပြောလိုက်လေတော့သည်။
"မင်း..မင်း.. အခု မင်းက ပြန်ခံပြောနေပြီပေါ့?"
သူ့ဦးလေးခမျာ ဒေါသကြောင့် တဆတ်ဆတ်တုန်ယင်နေရှာသည်။
"လောင်စန်း.. မင်းရဲ့သားဆိုးသားမိုက်ကို မင်း ဘယ်လိုပျိုးထောင်ထားတာလဲ"
သူ့ဦးလေးက စိတ်ပျက်လေဟန်ဖြင့် ခေါင်းတခါခါလုပ်လိုက်သည်။
•••••••••••••••