← Chapters

ယဲ့ချန်၏သြဇာတိက္ကမ

Vol. 1 Ch. 7

ယဲ့ချန်၏သြဇာတိက္ကမ

Vol. 1 Ch. 7

ယဲ့ထောင်က ဘေးနားမှ ဆိုလာလေသည်။

"အဖေ ဒေါသမထွက်ပါနဲ့။ ကျွန်တော်တို့ကုမ္ပဏီက စံနှုန်းသတ်မှတ်ချက်မြင့်တယ်။ အနည်းဆုံးဘွဲ့ရမှဖြစ်မှာ။ ရှောင်ချန်းရဲ့ပညာရေးက တစ်ပိုင်းတစ်စကြီးဖြစ်နေတော့ သူ ကျွန်တော်တို့ကုမ္ပဏီကိုဝင်ဖို့ အရည်အချင်းမပြည့်မီဘူး"

"ဟုတ်တယ် ရှောင်ထောင်လို အရည်အချင်းရှိတဲ့လူတွေက အများကြီးမရှိဘူး။ တစ်လကို ဒေါ်လာနှစ်ထောင်.. တစ်နှစ်ကို နှစ်သောင်းကျော်တယ်"

ဒုတိယအဒေါ်ကလည်း ဘေးနားမှ မြှောက်ပင့်နေချေသည်။

"ငါတို့ရှောင်ထောင်က မြို့ထဲက အိပ်ခန်းနှစ်ခန်းပါတဲ့ ၈၀စတုရန်းမီတာတိုက်ခန်းတစ်ခန်းကိုလည်း ဒေါ်လာသုံးထောင်ကျော်ပေးပြီး ဝယ်ထားသေးတာ။ မကြာသေးခင်ကပဲ Toyotaကားတစ်စီး ဝယ်ထားသေးတယ်"

အဒေါ်က ကြွားလုံးထုတ်နေလေသည်။

ဒုတိယဦးလေးကမူ အားကျနေဟန်ပင်။

"ရှောင်ထောင်ကိုကြည့်စမ်း။ သူ့မှာ ကားတစ်စီးနဲ့ တိုက်ခန်းတစ်လုံးရှိတယ်။ သူ့ကောင်မလေးကလည်း အရမ်းလှတာ။ သူက ကုမ္ပဏီဝန်ထမ်းတစ်ယောက်ပဲ ဖြစ်မယ်။ ရှောင်ချန်း.. မင်း ရှောင်ထောင်ဆီက သင်ယူသင့်တယ်"

ဦးလေးက ယဲ့ချန်ကိုလက်ညှိုးတထိုးထိုးလုပ်နေတော့သည်။

"ယဲ့ချန် ကြည့်စမ်း။ မင်းတို့တွေက သက်တူရွယ်တူတွေလေ။ မင်းတို့ကြားက ကွာခြားချက်က ဘာလို့ ဒီလောက်ကြီးရတာလဲ"

ထိုအချိန်မှာပင် တံခါးခေါက်သံကား နောက်တစ်ကြိမ်ထွက်ပေါ်လာသည်။

အနက်ရောင်အနောက်တိုင်းဝတ်စုံ ဝတ်စားထားသော မိန်းမလှလေးတစ်ယောက်က အထဲသို့ ဝင်လာ၏။

ဝတ်စုံပြည့်ဝတ်ဆင်ထားသော ထိုအမျိုးသမီးက အထဲသို့ရောက်လာသည်နှင့် ယဲ့မိသားစုဝင်အားလုံးလည်း တအံ့တသြဖြစ်ကုန်ကြသည်။

ဤအမျိုးသမီးမှာ အလွန်တရာလှပချေသည်။

ရှည်လျားလှသော အရပ်အမောင်းနှင့်အတူ သူ(မ)၏ သိမ်မွေ့ပြီး ဆွဲဆောင်မှုရှိသောမျက်နှာမှာ အနုစိတ်ထုဆစ်ထားသည့်အလား ထင်မှတ်မှားစေသည်။ အစောပိုင်းကပင် ဂုဏ်ယူဝင့်ကြွားနေသော ရှောင်ထောင်၏ချစ်သူပင် သူ(မ)နှင့်ယှဉ်ကြည့်လိုက်လျှင် ရှက်သွားလောက်သည်။

စုဝမ်ယိကို မြင်သောအခါ ယဲ့ထောင်က စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် မတ်တတ်ထရပ်လိုက်သည်။

"ဥက္ကဋ္ဌစု ဒီကို ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ"

စုဝမ်ယိက ယဲ့ထောင်ကို တစ်ချက်လှည့်ကြည့်ပြီး တုံ့ခနဲဖြစ်သွားသည်။

"ရှင်က ဘယ်သူလဲ"

"ကျွန်တော်က ရုံးခွဲမှာရှိတဲ့ မားကတ်တင်းဌာနက ယဲ့ထောင်ပါ။ ကျွန်တော် ခင်ဗျားကို အစည်းအဝေးတွေမှာ တွေ့ဖူးတယ်"

"သြော်!"

စုဝမ်ယိကလည်း အသာအယာခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် စုမိသားစုဝင်များလည်း ထိုအမျိုးသမီးက ယဲ့ချန်ဆီသို့ ကြော့ကြော့မော့မော့လေး လျှောက်သွားသည်ကို မြင်လိုက်ရ၏။

"ဥက္ကဋ္ဌယဲ့.. ကျွန်မတို့ ထပ်တွေ့ကြပြန်ပြီနော်"

"ဥက္ကဋ္ဌယဲ့?"

ယဲ့မိသားစုခမျာ အံ့သြမှင်တက်သွားကြသည်။

ယဲ့ချန်က တက္ကစီဒရိုင်ဘာမဟုတ်ဘူးလား? ဘယ်လိုလုပ်ပြီး ဥက္ကဋ္ဌယဲ့ဖြစ်နိုင်မှာလဲ?

ယဲ့ချန်ကိုယ်တိုင်လည်း အံ့သြသွားရသည်။ စုဝမ်ယိ ဤနေရာသို့ ရောက်လာလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

စုဝမ်ယိက ယဲ့ချန်နှင့် အလွန်ရင်းနှီးနေသည်ကို မြင်သောအခါ ဦးလေးနှင့်အဒေါ်တို့လည်း မသက်မသာဖြစ်နေကြချေသည်။

စုဝမ်ယိ၏ရုပ်ရည်နှင့် ပုံပန်းသွင်ပြင်မှာ သူတို့ချွေးမထက်ပင် အပြတ်အသတ်သာပေသည်။

စုဝမ်ယိနှင့်ယှဉ်လိုက်ပါက ယဲ့ထောင်၏ချစ်သူမှာ ဖီးနစ်ငှက်နှင့် ယှဉ်နေရသည့် ကြက်ပေါက်တစ်ကောင်အလားပင်။

စုဝမ်ယိကမူ နေရခက်စွာ ပြုံးလိုက်သည်။

"အဲဒီနေ့က ရှင့်ကျေးဇူးကြောင့် ကျွန်မတို့ သဘောတူစာချုပ် ချုပ်နိုင်ခဲ့တာ။ ကျွန်မတို့ကုမ္ပဏီက ဒီနားမှာ ဂုဏ်ပြုပွဲလုပ်နေတာနဲ့ ရှင့်ကို လာတွေ့လိုက်တာ"

"စကားမစပ် ကျွန်မတို့ကုမ္ပဏီရဲ့ အမှုဆောင်တွေကလည်း ရှင့်ကိုဂုဏ်ပြုပေးဖို့ လာကြလိမ့်မယ်"

"ဟားဟား ယဉ်ကျေးနေစရာမလိုပါဘူးဗျာ"

ထိုအချိန်တွင် လူအမြောက်အများ အထဲကိုရောက်လာကြသည်။

ယဲ့ထောင်ခမျာ အံ့သြသွားရသည်။ အထဲကို ဝင်လာကြသူများအားလုံးမှာ ကုမ္ပဏီအမှုဆောင်များပင်။

သူ့ဝမ်းကွဲက အလွန်အထင်ကြီးဖို့ကောင်းသောကြောင့် ကုမ္ပဏီ၏ ထိပ်တန်းအမှုဆောင်များက သူ့အား လာရောက်ဂုဏ်ပြုပေးရသည်ဟု သူ မယုံနိုင်ပေ။

ယဲ့ထောင်မှာ စိတ်လှုပ်ရှားပြီး နေရခက်နေဟန်ဖြင့် မတ်တတ်ထရပ်လိုက်သည်။

သို့သော် ယဲ့ချန်ကမူ တည်တည်ငြိမ်ငြိမ်သာ ထိုင်နေပြီး ထိပ်သီးပုဂ္ဂိုလ်များထံမှ ဂုဏ်ပြုမှုများကို လက်ခံနေပေသည်။

"ဥက္ကဋ္ဌယဲ့ နောင်အနာဂတ်မှာလည်း ကျွန်တော်တို့ကို စောင့်ရှောက်ပေးပါဦး"

"ဥက္ကဋ္ဌယဲ့ ဒီတစ်ခေါက် ကျွန်တော်တို့ ခင်ဗျားကို အကြွေးတင်သွားပြီ"

"ဥက္ကဋ္ဌယဲ့ ကျွန်တော် အရက်ကုန်အောင်သောက်လိုက်ပါ့မယ်။ ခင်ဗျားကတော့ အဆင်ပြေသလို လုပ်နိုင်ပါတယ်"

…

ကုမ္ပဏီအမှုဆောင်များမှာ တလေးတစား ခွက်မြှောက်ဂုဏ်ပြုပေးပြီးနောက် ထွက်ခွာသွားကြလေတော့သည်။

သူ့ဦးလေးခမျာ အကြောင်သားဖြစ်သွားလေသည်။ ဒုတိယဦးလေးကတော့ ထိတ်လန့်သွား၏။ ယဲ့မိသားစု၏ ဆွေမျိုးများအားလုံးကမူ စိတ်ရှုပ်ထွေးကုန်ကြသည်။

ဥက္ကဋ္ဌယဲ့?

ယဲ့ချန်က တက္ကစီဒရိုင်ဘာတစ်ယောက်မဟုတ်ဘူးလား?

သီးသန့်အခန်းတံခါးမှာ တစ်ဖန်တွန်းဖွင့်ခံလိုက်ရပြန်သည်။

Marriottဟိုတယ်မန်နေဂျာကိုယ်တိုင် တရုတ်ရိုးရာဂါဝန်ကို ဝတ်ဆင်ထားသော ခပ်ချောချော စားပွဲထိုးမိန်းကလေးသုံးယောက်ကို ခေါ်လာလေသည်။

"ဥက္ကဋ္ဌယဲ့ ခင်ဗျား ကျွန်တော်တို့ဟိုတယ်ကို ရောက်နေတယ်လို့ ကြားတာနဲ့ ကျွန်တော်တို့လည်း ခင်ဗျားအတွက် အထူးဟင်းလျာတွေကို သီးသန့်ထပ်ဖြည့်ပေးထားပါတယ်"

စားပွဲထိုးမလေးများ ဟင်းပွဲများကို စားပွဲပေါ်သို့ လာချပေးသောအခါ ယဲ့မိသားစုလည်း အံ့အားသင့်သွားရလေတော့သည်။

ငါးမန်းဆူးတောင်၊ ဂုံးကောင်နှင့် ဧရာမဂဏန်း...

အမယ်တစ်မျိုးချင်းစီတိုင်းက ဈေးမပေါလှပေ။

ထို့ပြင် စားပွဲထိုးမလေးက ဝိုင်နီတစ်ပုလင်းကိုပါ လာချပေးသွားသည်။

ဝိုင်ပုလင်းကို မြင်လိုက်ရသောအခါ ယဲ့ထောင် ချက်ချင်းလန့်ဖျပ်သွားရသည်။

"ဘုရားရေ.. ဒါက 82 Lafiteပဲ! တစ်ပုလင်းကို ဒေါ်လာတစ်သောင်းပေးရတယ်မလား"

ယဲ့ထောင်ခမျာ အော်မပြောဘဲ မနေနိုင်တော့ပေ။

ယခင်က သူ့သူဌေးသည် ထိုဝိုင်အကြောင်း ညစာစားပွဲတွင် ယဲ့ထောင်အား ပြောပြခဲ့ဖူးသည်။ 82 Lafiteတစ်ပုလင်းကို ဒေါ်လာတစ်သောင်းပေးရသည်။

ဦးလေးဖြစ်သူမှာ စားပွဲပေါ်ရှိ အစားအသောက်များနှင့် ဝိုင်ပုလင်းကိုကြည့်ရင်း ကြက်သေသေနေချေသည်။

"စားပွဲထိုး.. ငါတို့ ဒါတွေကိုမမှာထားဘူးနော်"

လာနောက်နေတာလား?

ဤစားပွဲပေါ်ရှိ ဟင်းလျာများနှင့် ဝိုင်ပုလင်းမှာ ဒေါ်လာသောင်းဂဏန်း ကျသင့်သည်။ သူတို့ မမှာနိုင်ပေ။

"စိတ်မပူပါနဲ့ လူကြီးမင်း။ ကျွန်တော်တို့Marriottအုပ်စုကို ရီတာ့အုပ်စုက ပိုင်တာပါ။ ဥက္ကဋ္ဌယဲ့က ဒီအုပ်စုရဲ့ ဥက္ကဋ္ဌဆိုတော့ ဒီနေ့ စားသောက်ပွဲက လုံးဝအခမဲ့တည်ခင်းပေးတာပါ"

"အခမဲ့လား"

ဦးလေး၊ အဒေါ်၊ ဒုတိယဦးလေး၊ ဒုတိယအဒေါ်နှင့် ယဲ့မိသားစုဆွေမျိုးများအားလုံး အကြောင်သားဖြစ်သွားကြသည်။

ယဲ့ချန်က ရီတာ့အုပ်စုရဲ့ဥက္ကဋ္ဌလား? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

ယဲ့မိသားစုမှာ လုံးဝအံ့သြသွားကြသည်။ ရီတာ့အုပ်စုဆိုသည်မှာ ဟွားနိုင်ငံတွင် အကြီးဆုံးလုပ်ငန်းစုကြီးဖြစ်၏။ ကုန်တိုက်များ၊ ဟိုတယ်များနှင့် အိမ်ခြံမြေများ တစ်ရာနီးပါးရှိပြီး တန်ဖိုးအားဖြင့် ဘီလျံနှင့်ချီသည်။

ယဲ့ချန်က ရီတာ့အုပ်စုရဲ့ဥက္ကဋ္ဌလား?

"အင်း"

ယဲ့ချန်ကတော့ အံ့သြသွားခြင်းမရှိသည့်အပြင် အလွန်တည်ငြိမ်နေပေသည်။

"ကျေးဇူးတင်ပါတယ်"

မန်နေဂျာကလည်း အသာအယာဦးညွှတ်လိုက်သည်။

"ဥက္ကဋ္ဌယဲ့ တခြားညွှန်ကြားစရာများရှိသေးလားဗျ"

"မရှိပါဘူး"

"ကောင်းပါပြီ အားလုံးပဲ.. သုံးဆောင်ကြပါဦး။ ဥက္ကဋ္ဌယဲ့ တစ်ခုခုလိုအပ်ရင် ကျွန်တော့်ကို အချိန်မရွေးလှမ်းခေါ်လိုက်ပါနော်"

ထို့နောက် မန်နေဂျာလည်း ထွက်သွားလေတော့သည်။

သီးသန့်အခန်းထဲတွင်မူ ပကတိတိတ်ဆိတ်သွားလေတော့သည်။ ယဲ့မိသားစုဆွေမျိုးများအားလုံးက ယဲ့ချန်ကို စူးစူးစိုက်စိုက် ငေးနေကြသည်။

အမလေး! ယဲ့ချန်က ရီတာ့အုပ်စုရဲ့ ဥက္ကဋ္ဌတဲ့။

ထိုသို့ဆိုလျှင် ပိုင်ဆိုင်မှုတန်ဖိုးမှာ ဒေါ်လာတစ်ဘီလျံရှိသည်ဟူသော သဘောလေလား။

ယဲ့ထောင်၏ကောင်မလေးကပင် ယဲ့ချန်အား စိတ်လှုပ်ရှားနေသော အကြည့်မျိုးဖြင့် ကြည့်နေလေ၏။

ဒါက ဒဏ္ဍာရီလာဒုတိယမျိုးဆက်လူကုံထံများလား?

ယဲ့ထောင်မှာ ယဲ့ချန်နှင့် ယှဉ်၍ပင်မရချေ။ သူ(မ)သာ ယဲ့ချန်နှင့် ပတ်သက်နိုင်မည့် အခွင့်အရေးတစ်ခုခုရခဲ့ပါက လူကုံထံမိသားစုတစ်စု၏ ဇနီးတစ်ယောက် ဖြစ်လာလိမ့်မည်။

ဤအကြောင်းကို တွေးမိသောအခါ ယဲ့ထောင်၏ကောင်မလေးလည်း မျက်ဝန်းများ မီးဟုန်းဟုန်းတောက်သွားရသည်။

ဦးလေး၊ အဒေါ်၊ ဒုတိယဦးလေး၊ ဒုတိယအဒေါ်နှင့် ယဲ့ထောင်ပင် လုံးဝအံ့သြသွားရသည်။

သိပ်မကြာသေးခင်ကပင် သူတို့ ယဲ့ထောင်၏ထူးချွန်မှုနှင့် ပြောင်မြောက်မှုတို့ကို ကြွားလုံးထုတ်နေချိန် ယဲ့ချန်ကမူ တိတ်ဆိတ်နေခဲ့သည်။

ယဲ့ထောင်၏အောင်မြင်မှုများမှာ ယဲ့ချန်အတွက်တော့ အသေးအဖွဲမျှသာ။

"ချန်းချန်း.. မင်း ဒီလောက်အောင်မြင်နေမယ်လို့ ငါထင်မထားဘူး"

"လောင်စန်း မင်းက သားလိမ္မာလေးတစ်ယောက်ကို ပျိုးထောင်ထားတာပဲ"

"ထောင်ထောင်.. မင်းရဲ့ဝမ်းကွဲကို ဂုဏ်ပြုပေးလိုက်ဦးလေ"

"ဟုတ်တယ်။ ချန်းချန်းကိုကြည့်စမ်း။ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ကုမ္ပဏီဥက္ကဋ္ဌဖြစ်နေပြီ။ မင်း သူ့ဆီက သင်ယူသင့်တယ်"

ယဲ့ချန်၏မိဘများမှာ အံ့သြနေဆဲပင်။ သူတို့သားက ရုတ်တရက်ကြီး ဘယ်လိုလုပ်ပြီး ဥက္ကဋ္ဌဖြစ်သွားသလဲ။

ဤသည်မှာ အလွန်ရုတ်တရက်ဆန်လွန်းသည်။

ဦးလေး၏မိသားစုနှင့် ယဲ့ထောင်ကတော့ ဘဝင်မကျချေ။သူတို့သည် ယဲ့ချန်ကို အထင်သေးနေကျဖြစ်၏။ ယခုမူ သူတို့လည်း အားလုံးနည်းတူ ကိုးရိုးကားရားပြုံးလျက် ခွက်မြှောက်ဂုဏ်ပြုလိုက်ရသည်။

အစောပိုင်းက ယဲ့ချန်အား လှောင်ပြောင်ကဲ့ရဲ့ခဲ့ကြသော ဆွေမျိုးများလည်း အရှက်ကြီးရှက်ကုန်ကြသည်။

စားသောက်နေစဉ်တစ်လျှောက်လုံး ထိုဆွေမျိုးများမှာ ယဲ့ချန်ကို အဆက်မပြတ်ဂုဏ်ပြုပေးခဲ့ကြသော်လည်း ယဲ့ချန်ကတော့ ဖျော်ရည်နည်းနည်းသာသောက်၍ တက္ကစီမောင်းရဦးမည်ဟု ဆင်ခြေပေးပြီး ထွက်လာခဲ့လိုက်သည်။

ဆွေမျိုးများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။

သေလိုက်ပါတော့.. ရီတာ့အုပ်စုရဲ့ဥက္ကဋ္ဌက တက္ကစီမောင်းဖို့ လိုသေးတယ်လား?

ယခင်ကသာဆိုပါက ထိုဆွေမျိုးများက ရိုင်းပျသည်ဟုဆိုကာ ယဲ့ချန်အား ဝေဖန်ပြစ်တင်ကြပေလိမ့်မည်။ သို့သော် ယနေ့မှာတော့ သူတို့အားလုံး တလေးတစားသာ ဆက်ဆံကြသည်။

စားသောက်ပြီးနောက် လူတိုင်းက ယဲ့ချန်အား ဟိုတယ်အပြင်ဘက်သို့ တလေးတစားလိုက်ပို့ပေးခဲ့ကြသည်။

ဆွေမျိုးများထံမှ အဖတ်လုပ်မခံခဲ့ရသော ယဲ့ချန်၏မိဘများမှာ ယနေ့ အလွန်စိတ်အားထက်သန်နေကြချေသည်။

Marriottဟိုတယ်မန်နေဂျာက ဝင်ပေါက်၌ မတ်တတ်ရပ်နေလေသည်။

"ဥက္ကဋ္ဌယဲ့.. ခင်ဗျားအတွက် ကားပြင်ပေးထားပြီးပါပြီ"

ဘန်ထလေကားတစ်စီးက ဟိုတယ်ဝင်ပေါက်၌ စောင့်နေပေသည်။

ယဲ့ချန် ခေါင်းညိတ်ပြလိုက်၏။

"ငါ ဒီကိုကားမောင်းလာတာ။ ဒီကားကို ငါ့မိဘတွေပဲ စီးသွားလိမ့်မယ်"

သူ့မိဘများအား မြစ်ကမ်းဘေးဗီလာတွင် နေထိုင်ခိုင်းရန် ယဲ့ချန် ဆုံးဖြတ်ချက်ချထားသည်။

တစ်သက်လုံး ပင်ပင်ပန်းပန်းအလုပ်လုပ်လာခဲ့ရသော သက်ကြီးစုံတွဲနှစ်ယောက်အဖို့ ဤမျှတော့ ခံစားဖို့ ထိုက်တန်ပေသည်။

Paganiကားတံခါးကိုဖွင့်၍ ယဲ့ချန် ကားမောင်းသူနေရာတွင် ဝင်ထိုင်လိုက်သည်။

ယဲ့ထောင်မှာမူ အလွန်အံ့သြထိတ်လန့်ရသဖြင့် မျက်လုံး ကျွတ်ကျမတတ်ပင်။

သန်းသုံးဆယ်တန် Paganiကားတဲ့လား။ ယဲ့ချန်က ဘယ်တုန်းကများ ဒီလောက်ချမ်းသာသွားရတာလဲ?

ယဲ့ချန်ထွက်ခွာသွားသည်ကို စောင့်ကြည့်ရင်း သူ့ဦးလေးက သက်ပြင်းချလိုက်လေသည်။

"ရှောင်ထောင်.. လက်ဆောင်နည်းနည်းဝယ်ပြီး မင်းရဲ့တတိယဦးလေးဆီကို မကြာမကြာအလည်သွားလိုက်။ နောင်အနာဂတ်မှာ မင်းကို ရှောင်ချန်းက စောင့်ရှောက်ပေးလိမ့်မယ်"

ထိုအချက်ကို ဝန်မခံချင်သော်လည်း ယခင်က ယဲ့ထောင်သည် ယဲ့မိသားစု၏ဂုဏ်ဆောင်ဖြစ်ခဲ့သော်လည်း ယနေ့ကစ၍ ယဲ့ချန်ကသာ ယဲ့မိသားစု၏ ဂုဏ်ဆောင်စစ်စစ် ဖြစ်သွားလေပြီ။

••••••••••••••

All Chapters