ဖားခုန်ခုန်ခြင်း
Vol. 1 Ch. 8
ယဲ့ချန်အိမ်ပြန်ရောက်လာပြီးနောက် ဝီချက်ကိုဖွင့်ကြည့်လိုက်သောအခါ မက်ဆေ့ချ်ပေါင်းများစွာ ဝင်နေသည်ကို တွေ့လိုက်ရသည်။
ယောင်လိလိက သူ့အား ဝီချက်မက်ဆေ့ချ် အစောင်လေးဆယ်ငါးဆယ်ခန့် ပို့ထားခြင်းပင်။
ယဲ့ချန်လည်း ထိုမက်ဆေ့ချ်များကို ဖတ်ကြည့်လိုက်သည်။
"ချန်းချန်း.. ကျွန်မတို့ ပထမဆုံးတွေ့ခဲ့တဲ့အချိန်ကို မှတ်မိသေးလား။ ကျွန်မ ရှင့်ကို မြင်မြင်ချင်းချစ်မိသွားတာလေ"
"ချန်းချန်း ကျွန်မတို့ကျောင်းအနောက်က ကစားကွင်းကို မှတ်မိလား။ ကျွန်မတို့ အဲဒီမှာ လက်ချင်းတွဲခဲ့ကြတယ်လေ"
"ချန်းချန်း ကျွန်မ ရှင့်ကိုချစ်တယ်။ ကျေးဇူးပြုပြီး ကျွန်မကို နောက်ထပ်အခွင့်အရေးတစ်ခုလောက် ပေးပါနော်"
…
ယဲ့ချန်လည်း ထိုမက်ဆေ့ချ်များကို သာမန်ကာလျှံကာဖတ်ပြီးနောက် ယောင်လိလိကို ဘလော့ပစ်လိုက်လေတော့သည်။
ဤကဲ့သို့ ခြယ်လှယ်ပြီး ငွေမက်သောမိန်းမမျိုးကို ယဲ့ချန် ရွံသာရွံမိသည်။
လင်ရှန်းရှန်းကလည်း မက်ဆေ့ချ်တစ်စောင် ပို့ထား၏။
"အစ်ကို.. ဒီနေ့ တကယ်ကျေးဇူးတင်ပါတယ်။ နောက်တစ်ခါကျရင် ကျွန်မ ရှင့်ကို တစ်ဝိုင်းဝယ်ကျွေးမယ်နော်"
ယဲ့ချန် စာပြန်လိုက်သည်။
"ကောင်းပြီလေ။ မင်းအားတဲ့အချိန် ငါ့ကို ဖုန်းခေါ်လိုက်လေ"
စုဝမ်ယိ၏ဝီချက်မက်ဆေ့ချ်ကတော့ အလွန်ရိုးရှင်းလှသည်။
"စာချုပ်မှာ လက်မှတ်ထိုးပြီးပြီ။ ကျေးဇူးတင်ပါတယ်"
ယဲ့ချန် ထိုမက်ဆေ့ချ်ကိုလည်း စာပြန်လိုက်၏။
"မင်းက ငါ့ကို ဘယ်လိုကျေးဇူးတင်မှာလဲ"
စုဝမ်ယိ ရေချိုးခန်းထဲမှ ထွက်လာခါစအချိန်၌ ယဲ့ချန်၏ပြန်စာကို မြင်လိုက်ရသဖြင့် သူ(မ)၏မျက်နှာထက်တွင် အပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်။
သူ(မ)အနားတွင် အောင်မြင်ကျော်ကြားသော အမျိုးသားများ ဝိုင်းနေသော်လည်း ယဲ့ချန်ကမူ မတူညီသော ခံစားချက်တစ်မျိုး ပေးစွမ်းလေသည်။ ခဏမျှတွေးပြီးနောက် စုဝမ်ယိ စာပြန်လိုက်သည်။
"ရှင် ပြောကြည့်လေ"
"မင်းကိုယ်မင်း ငါ့ဆီအပ်နှံလိုက်လေ"
ယဲ့ချန်က ပြုံးစစနှင့် နောက်လိုက်သည်။
"ကောင်းပြီလေ"
ထိုပြန်စာကို မြင်လိုက်ရချိန်ဝယ် ယဲ့ချန် အံ့ဩမှင်တက်သွားရသည်။ သို့သော် သိပ်မကြာခင်မှာပင် နောက်ထပ်စာတစ်စောင် ထပ်ဝင်လာသည်။
"ဟွားနိုင်ငံမှာ ရှင် အချမ်းသာဆုံးလူဖြစ်လာတဲ့အခါကျမှ"
ထိုမက်ဆေ့ချ်ကိုကြည့်၍ ယဲ့ချန် ရယ်ကာမောကာဖြင့် ပြန်ဖြေလိုက်သည်။
"ကောင်းပြီ"
ယခင်ကတော့ ယဲ့ချန် ဘာမှမစဉ်းစားနိုင်ခဲ့ပေ။ သို့သော် ယခုမူ စနစ်ရှိနေပြီဖြစ်သောကြောင့် အချမ်းသာဆုံးလူ ဖြစ်လာရန်မှာ သူ့အတွက် သိပ်မခက်ခဲတော့ပေ။
နောက်တစ်နေ့တွင်လည်း ယဲ့ချန် တက္ကစီမောင်းရန် ထွက်လာခဲ့လိုက်ပြန်သည်။
သူ ခရီးသည်အများကြီးကို လက်ခံခဲ့ရသော်လည်း စနစ်ထံမှ ဘာကြယ်ပွင့်သတ်မှတ်ချက်မှ မရခဲ့ပေ။ နောက်ထပ်ခရီးသည်တစ်ယောက်က ယဲ့ချန်၏ကားထဲသို့ ဝင်လာခဲ့သည်။
"မိန်းကလေး ကြိုဆိုပါတယ်"
"ယဲ့ချန်"
ရင်းနှီးနေသောအသံတစ်သံက အနောက်ဘက်မှ ရုတ်တရက်ပေါ်ပေါက်လာသည်။
ယဲ့ချန်လည်း အနောက်သို့လှည့်ကြည့်လိုက်လေရာ အံ့ဩသွားရသည်။
"ဟယ်ကျား"
"နင် တကယ် တက္ကစီမောင်းနေတာပဲ။ ဖုန်းထောင် ငါ့ကိုပြောပြတုန်းက မယုံခဲ့ဘူး"
ယဲ့ချန် ပြုံးလိုက်မိသည်။
"မင်းကတော့ အဆင်ပြေနေပုံပဲ"
"ငါလား.. ဟားဟား ကုမ္ပဏီသေးသေးလေးတစ်ခု ထောင်လိုက်ပြီလေ။ နည်းနည်းအောင်မြင်နေတယ်။ နင် ငါ့ဆီ လာလုပ်ပါ့လား။ ငါ နင့်ကို မန်နေဂျာရာထူးပေးမယ်။ နင် အဲဒီရာထူးကို ကျွမ်းကျင်လိမ့်မယ်ဆိုတာ ငါယုံတယ်"
ဟယ်ကျား၏စကားကို ကြားလိုက်ရသည့်အခါ ယဲ့ချန်၏စိတ်ထဲ နွေးထွေးသွားရသည်။
သူ တက္ကစီမောင်းနေကြောင်း သိလိုက်ရသောအခါ ဖုန်းထောင်က ကြွားလုံးထုတ်ခဲ့သော်လည်း ဟယ်ကျားကမူ သူ့အား ကူညီပေးရန် တွေးနေခဲ့သည်။
"ကျေးဇူးပဲ။ တက္ကစီမောင်းရတာက တော်တော်အဆင်ပြေတယ်။ အားလည်းအားတယ်။ ကန့်သတ်ချက်လည်းမရှိဘူးလေ"
ယဲ့ချန်က ပြုံးလျက် ပြောလိုက်၏။
အထက်တန်းကျောင်းတုန်းက ယဲ့ချန်နှင့် ဟယ်ကျားဆိုသည်မှာ လူတိုင်းအားကျရသည့် ရွှေရောင်စုံတွဲပင်။ ယဲ့ချန်က စာမေးပွဲတွင် အမြဲ ပထမအဆင့်သာရပြီး ဟယ်ကျားကမူ ဒုတိယနေရာရလေ့ရှိသည်။
ဟယ်ကျားတွင် ယဲ့ချန်ကို ကျော်တက်မည်ဟူသော စိတ်အားထက်သန်မှုမျိုး ရှိခဲ့သော်ငြား ကျောင်းပြီးသည်အထိ မလုပ်နိုင်ခဲ့ပေ။
သူ့ကို သူ(မ) ကျော်မတက်နိုင်ခဲ့သောကြောင့်လည်း သူ့ကို အမြဲမှတ်မိနေခဲ့သည်။ ကျောင်းမပြီးခင်ကပင် ဟယ်ကျားမှာ ယဲ့ချန်ကို တိတ်တခိုးဝန်ခံဖွင့်ပြောခဲ့သေးသည်။
ယဲ့ချန် ပြောလိုက်လေသည်။
"ငါတို့နှစ်ယောက်သာ ဟွားချင်းမှာတွေ့ဖြစ်ခဲ့ရင် တွဲဖြစ်ကြဦးမှာ"
ဟယ်ကျားက သူ(မ)ဆန္ဒရှိခဲ့သည့်အတိုင်း ဟွားချင်းတက္ကသိုလ်သို့ ဝင်ရောက်ခွင့်ရခဲ့သော်ငြား ယဲ့ချန်ကတော့ အကြောင်းပြချက်တချို့ကြောင့် သာမန်တက္ကသိုလ်တစ်ခုကိုသာ ဝင်နိုင်ခဲ့သည်။
နောက်ပိုင်းတွင် သူတို့လည်း တဖြည်းဖြည်းအဆက်အသွယ်ပြတ်တောက်ပြီး ဝေးခဲ့ရသည်။
ယဲ့ချန် တက္ကစီမောင်းနေကြောင်း ကြားလိုက်ရသည့်အချိန်တုန်းက သူ(မ)၏စိတ်ထဲ အနည်းငယ်ဗလာကျင်းသွားရသည်။ ထိုအမျိုးသားမှာ အမြဲတမ်း သူ(မ)၏ပန်းတိုင် ဖြစ်ခဲ့သည်သာ။
သို့သော် ယဲ့ချန် အလွန်လွတ်လပ်ပေါ့ပါးနေသည်ကို မြင်လိုက်ရချိန်ဝယ် ဟယ်ကျား ရုတ်တရက်ဆိုသလို အားကျမိပြန်သည်။
"နင် အကူအညီလိုတဲ့အချိန်တိုင်း ငါ့ကိုဖုန်းဆက်လိုက်နော်။ ဒါနဲ့ မနက်ဖြန်ကျရင် ကျောင်းသားဟောင်းတွေ့ဆုံပွဲရှိတယ်။ နင် လာခဲ့ရမယ်နော်။ အဲဒီပွဲကို ဂရန်းယူနီဗာ့ဟိုတယ်မှာ လုပ်မှာ"
ယဲ့ချန် ခေါင်းညိတ်ပြလိုက်သည်။
"ရတယ်လေ။ ငါအားရင် သေချာပေါက်လာခဲ့မယ်"
ထိုအချိန် ဟယ်ကျား၏ဖုန်းက ထမြည်လာသည်။
"ဘာ? ငါတို့ပရောဂျက် ပယ်ဖျက်ခံလိုက်ရတာလား? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"အဖတ်ဆည်ဖို့ရမဲ့နည်းလမ်းများရှိလား"
"ကောင်းပြီ။ ငါနားလည်ပြီ"
ဖုန်းချပြီးနောက် ဟယ်ကျားခမျာ ပူပင်သောကရောက်သွားလေဟန်ရှိသည်။
"ဘာဖြစ်လို့လဲ။ ပြဿနာတစ်ခုခုရှိလို့လား"
ဟယ်ကျားခမျာ သုန်မှုန်သွားလေသည်။
"ငါတို့ တစ်နှစ်လောက်ပြင်ဆင်ထားတဲ့ ပရောဂျက်က လက်မှတ်ထိုးခါနီးကျမှ ပူးပေါင်းမဲ့ကုမ္ပဏီဘက်က ပရောဂျက်မန်နေဂျာက အလုပ်ထုတ်ခံလိုက်ရတယ်လေ။ ဒီတော့ ငါတို့ပရောဂျက်လည်း ငြိစွန်းသွားပြီး လက်မှတ်ထိုးမပေးနိုင်တော့ဘူးတဲ့"
ပရောဂျက်မန်နေဂျာက အလုပ်ထုတ်ခံလိုက်ရတာလား?
ယဲ့ချန် ခဏမျှကြက်သေသေသွားရပြီးနောက် မေးကြည့်လိုက်သည်။
"နင်တို့ပါတနာက ရီတာ့တော့မဟုတ်ဘူးမလား"
"နင် ဘယ်လိုလုပ်သိတာလဲ။ ငါတို့က ဒီပရောဂျက်မှာ လူအင်အားရော အရင်းအမြစ်တွေပါ အများကြီးရင်းနှီးမြှုပ်နှံထားတာ။ ဘဏ်ကနေတောင် ငါ ချေးငွေယူခဲ့ရသေးတယ်။ အခုတော့ ရုတ်တရက်ကြီး ပြဿနာပေါ်လာတော့ ငါတို့နှစ်ရှည်လများကြိုးစားထားရတဲ့ အားထုတ်မှုတွေလည်း အလကားဖြစ်သွားပြီ။ ကုမ္ပဏီလည်း ဒေဝါလီခံရတော့မှာ"
ဟယ်ကျားခမျာ ခါးသီးစွာ ဆိုလာလေသည်။
"နင် ရီတာ့ကုမ္ပဏီကိုသွားပြီး အထွေထွေမန်နေဂျာလင်းကို အခြေအနေရှင်းပြလိုက်လေ"
ဟယ်ကျားကမူ ခေါင်းခါပြလေသည်။
"ရီတာ့အုပ်စုက ဟွားနိုင်ငံမှာ ထိပ်တန်းလုပ်ငန်းစုဆယ်ခုထဲက တစ်ခုလေ။ သူတို့ရဲ့အထွေထွေမန်နေဂျာက ငါတို့လို ကုမ္ပဏီသေးသေးလေးက လူတစ်ယောက်ကို ဘာလို့တွေ့ပေးမှာတဲ့လဲ"
ယဲ့ချန်က အခြေအနေကို ပေါ့သေးသေးမှတ်နေခြင်းပင်။
သူ(မ)၏ကုမ္ပဏီက သန်းသုံးဆယ်ကျော်သာ တန်ဖိုးရှိသော်လည်း ရီတာ့အုပ်စုကမူ ဘီလျံနှင့်ချီ၍ တန်ဖိုးရှိသော ကော်ပိုရေးရှင်းကြီးတစ်ခုဖြစ်၏။
သူ(မ)တွင် ရီတာ့အုပ်စု၏ မန်နေဂျာလင်းနှင့် တွေ့ဆုံနိုင်မည့် အရည်အချင်းမျိုးပင် မရှိပေ။
ယဲ့ချန်က တခစ်ခစ်ရယ်လိုက်မိသည်။
"မကြိုးစားကြည့်ဘဲနဲ့ ဘယ်လိုလုပ်သိမှာလဲ။ မင်းပုံစံက ဒီလိုမှမဟုတ်တာ။ ငါမှတ်မိတဲ့ ဟယ်ကျားဆိုတာ ဖြူကောင်လေးတစ်ကောင်လိုပဲ အမြဲတမ်း အကြောက်တရားကင်းတယ်"
ဟယ်ကျား အံ့ဩမှင်တက်သွားရလေသည်။ ယဲ့ချန်ကိုကြည့်ရင်း အသက်ပြင်းပြင်းရှူရှိုက်လိုက်၏။
"ကောင်းပြီလေ။ ဒါဆို ရီတာ့အုပ်စုကို သွားကြတာပေါ့။ ဒါပေမဲ့ စကားပြောကြည့်လို့ အဆင်မပြေရင် လျော်ကြေးပေးတဲ့အနေနဲ့ နင် ငါ့တက္ကစီခကို လျှော့ပေးရမယ်နော်"
"အဆင်ပြေခဲ့ရင်ရော"
ယဲ့ချန်လည်း ရယ်လိုက်မိသည်။
"အဆင်ပြေခဲ့ရင် ငါ နင့်ကို ပွဲအကြီးတစ်ဝိုင်းပြုစုမယ်"
"ဟင့်အင်း ပွဲကြီးတစ်ဝိုင်းက အရမ်းပျင်းဖို့ကောင်းတယ်"
"ဒါဆို နင်ဘာလိုချင်တာလဲ"
ယဲ့ချန်နှင့် စကားပြောပြီးနောက် သုန်မှုန်နေခဲ့သော သူ(မ)၏ စိတ်ခံစားချက်များမှာ သိသိသာသာတိုးတက်သွားသလို ခံစားလိုက်ရသည်။
"စကားပြောကြည့်ခဲ့လို့ အဆင်ပြေခဲ့ရင် စည်းမျဉ်းဟောင်းအတိုင်း..ဖားခုန်ဆယ်ခါခုန်ရမယ်"
"ဖားခုန်ခုန်ရမှာလား"
ဟယ်ကျားနှင့် ယဲ့ချန်တို့သည် စာမေးပွဲတစ်ခုချင်းစီ၌ လောင်းကြေးထပ်ခဲ့ကြသည်။ ရှုံးသူက ဖားခုန်ဆယ်ခါခုန်ရခြင်းပင်။
ထိုစဉ်တုန်းက ဟယ်ကျားကသာ အမြဲရှုံးခဲ့သောကြောင့် စာမေးပွဲတစ်ခုပြီးတိုင်း ကစားကွင်းသို့သွားကာ ယဲ့ချန်အတွက် ဖားခုန်ဆယ်ခါခုန်ပေးခဲ့ရသည်။
သို့သော် ၎င်းမှာ သူ(မ) ငယ်ငယ်တုန်းက အကြောင်းအရာများပင်။ ယခု ဟယ်ကျားမှာ စီအီးအိုအလှလေးတစ်ယောက် ဖြစ်နေလေပြီ။
ဖားခုန်ခုန်ရမည်မှာ နည်းနည်းတော့..!
"ဟားဟား.. နင်မခုန်ဘူးဆိုရင် ဘာအံ့ဖွယ်ဖြစ်ရပ်မှ ရှိမှာမဟုတ်ဘူး"
ယဲ့ချန်လည်း မရယ်ဘဲ မနေနိုင်တော့ချေ။
ဟယ်ကျားလည်း နှုတ်ခမ်းကိုက်ထားမိသည်။ ယခုခေတ် တိုက်ရိုက်ထုတ်လွှင့်သူများပင် ထိုင်ထလုပ်နေကြသည်ဖြစ်ရာ ဖားခုန်ခုန်ခြင်းမှာ ဘာများအပန်းကြီးမည်နည်း။
တကယ်တမ်းတွင် ဟယ်ကျားအနေနှင့် ယဲ့ချန်၏အကြံပြုချက်ကို ဆန့်ကျင်စရာ အကြောင်းမရှိချေ။
ရီတာ့အုပ်စု၏ အထွေထွေမန်နေဂျာနှင့် တွေ့ဆုံခြင်းကား သူ(မ) မလုပ်နိုင်သည့်ကိစ္စလည်း မဟုတ်ပေ။
ယဲ့ချန်သာ သူ(မ)ကို နှစ်သိမ့်မပေးခဲ့ပါက သူ(မ) ကြိုးစားကြည့်ရဲမည်မဟုတ်။
ဖားခုန်ခုန်ဖို့အတွက်မူ သူ(မ) မရှုံးနိုင်ကြောင်း သေချာနေသည့်အတွက် ကြောက်စရာမလိုပေ။
သိပ်မကြာခင်မှာပင် ယဲ့ချန်၏ကားက ရီတာ့ကုမ္ပဏီရှေ့တွင် ထိုးရပ်လိုက်သည်။
တန်ဖိုးကြီးမားလှသော မိုးမျှော်တိုက်ကြီးကို ကြည့်ရင်း ယဲ့ချန် နေရခက်မိသည်။
ဤကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်နေပါသည့်တိုင် သူ့ကုမ္ပဏီကို သူ တစ်ခါမှမမြင်ဖူးပေ။
ကားကို ပါကင်ထိုးပြီးနောက် နှစ်ယောက်သား ရီတာ့အုပ်စုထဲကို ဝင်လာခဲ့လိုက်ကြသည်။
ဧည့်ကြိုဌာနတွင် ဟယ်ကျားက ဧည့်ကြိုအမျိုးသမီးကို ပြောလိုက်၏။
"မင်္ဂလာပါ ကျွန်မက ဟယ်ကျားအုပ်စုရဲ့ဥက္ကဋ္ဌ ဟယ်ကျားပါ။ ကျွန်မ အထွေထွေမန်နေဂျာလင်းနဲ့ တွေ့ချင်လို့ပါ"
ဧည့်ကြိုအမျိုးသမီးကလည်း ခပ်မြန်မြန်ပင် အကြောင်းပြန်လာသည်။
"မင်္ဂလာပါ ဥက္ကဋ္ဌဟယ်.. အစည်းအဝေးခန်းထဲကို ကျွန်မနောက်က လိုက်ခဲ့ပေးပါ။ ကျွန်မ အထွေထွေမန်နေဂျာလင်းကို ချက်ချင်းလာခဲ့ဖို့ အကြောင်းကြားပေးပါ့မယ်"
ဟယ်ကျားခမျာ အတန်ငယ်ကြောင်အသွားရသည်။
ရီတာ့အုပ်စုရဲ့ အထွေထွေမန်နေဂျာနဲ့တွေ့ဖို့က ဒီလောက်တောင် လွယ်လား?
ယခင်တုန်းကဆိုလျှင် လင်းလိနှင့်တွေ့ဖို့ ကြိုးစားလိုက်တိုင်း သူ(မ) သုံးရက်ကြိုပြီး ရက်ချိန်းယူရသည်။
သူတို့နှစ်ယောက် အစည်းအဝေးခန်းမထဲရှိ ဆိုဖာပေါ်တွင် ထိုင်စောင့်နေချိန်၌ တစ်စုံတစ်ယောက်က ခပ်မြန်မြန်ပင် ကော်ဖီလာချပေးသည်။
ဤကဲ့သို့ နွေးထွေးလှသော ဧည့်ခံမှုကြောင့် ဟယ်ကျားခမျာ အနည်းငယ်မနေတတ်မထိုင်တတ်ဖြစ်သွားရသည်။
ရီတာ့အုပ်စုကို အကြိမ်ပေါင်းများစွာ ရောက်ဖူးသည့်တိုင် ယခင်က သူ(မ) ဤကဲ့သို့ ဆက်ဆံမခံရဖူးချေ။
••••••••••••••••