← Chapters

အံ့ဖွယ်ဖြစ်ရပ်

Vol. 1 Ch. 9

အံ့ဖွယ်ဖြစ်ရပ်

Vol. 1 Ch. 9

ဟယ်ကျား နားမလည်နိုင်ဖြစ်သွားရသည်။ ယခုတစ်ခေါက်တွင် အနေအထားက ယခင်ကနှင့် လုံးဝမတူကြောင်း သူ(မ) ခံစားလိုက်ရသည်။

ဟယ်ကျား တွေဝေငေးငိုင်နေစဉ်မှာပင် လင်းလိ ရောက်ချလာသည်။

"မင်္ဂလာပါ ဥက္ကဋ္ဌဟယ်"

လင်းလိက ဟယ်ကျားကို ယဉ်ယဉ်ကျေးကျေးလက်ဆွဲနှုတ်ဆက်လိုက်၏။

ဟယ်ကျားလည်း ပြုံးပြရင်း..

"မင်္ဂလာပါ အထွေထွေမန်နေဂျာလင်း.. ကျွန်မ အရင်တစ်ခေါက်က စာချုပ်ကိစ္စကြောင့် လာခဲ့တာပါ"

"ဪ.. ကျွန်မတို့ရဲ့ကုမ္ပဏီအချက်အလက်တွေကို ကြည့်ပြီးသွားပြီ။ တကယ်တော့ အဲဒါက ကျွန်မတို့အမှားပါ။ ကျွန်မတို့ကုမ္ပဏီရဲ့စွမ်းဆောင်ရည်က ဒီပရောဂျက်ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီပါတယ်။ ကျွန်မတို့ စာချုပ်မှာ ချက်ချင်းလက်မှတ်ထိုးလို့ရပါပြီ"

"အာ..!"

ဟယ်ကျားခမျာ လုံးဝမှင်တက်သွားရလေတော့သည်။

ယဲ့ချန်ပြောသည့် အံ့ဖွယ်ဖြစ်ရပ်က တကယ်ဖြစ်လာလိမ့်မည်ဟု သူ(မ) လုံးဝမျှော်လင့်မထားပေ။ ထို့ပြင် တစ်ဖက်လူက ဘာသတ်မှတ်ချက်မှလည်း မချပေ။

လင်းလိက ခပ်ပြုံးပြုံးပင် စာချုပ်ကိုယူ၍ ပြောလိုက်၏။

"ဥက္ကဋ္ဌဟယ် တစ်ချက်ကြည့်ကြည့်လိုက်ပါဦး။ ဘာပြဿနာမှမရှိဘူးဆိုရင် ကျွန်မတို့ ချက်ချင်းလက်မှတ်ထိုးလို့ရပါပြီ"

ဟယ်ကျားလည်း ကြောင်အသွားရချေသည်။

"ကောင်းပါပြီ"

စာချုပ်ကို တစ်ချက်မျှကြည့်ပြီးနောက် စာချုပ်ပါအကြောင်းအရာများကြောင့် ဟယ်ကျား ပို၍ပင်နားမလည်နိုင်ဖြစ်သွားရသည်။

စာချုပ်ပါသတ်မှတ်ချက်များမှာ ယခင်ကထက် ပိုကောင်းလေသည်။

ယခင်က အမြတ်ငွေခွဲဝေမှုနှုန်းမှာ ၄၀ရာခိုင်နှုန်းဖြစ်ခဲ့သော်လည်း ယခုမူ ရီတာ့ဘက်က အမြတ်ငွေသုံးဆယ်ရာခိုင်နှုန်းသာ ယူထားပြီး ၁၀ရာခိုင်နှုန်းလျှော့ပေးထားသည်။

ဤကဲ့သို့သော စာချုပ်မျိုးမှာ သူတို့ကုမ္ပဏီအနေနှင့် လုံးဝအိပ်မက်မမက်ရဲသော အရာတစ်ခုပင်။

သူ(မ) ယဲ့ချန်ကိုကြည့်လိုက်မိသည်။

သူက တကယ်ပဲ ငါ့ရဲ့ကံကောင်းစေတဲ့ကြယ်လေးများလား? ငါ အခု ငါ့ကံကြမ္မာကို ပြောင်းပြန်လှန်လိုက်နိုင်တာလား?

"ကျေးဇူးတင်ပါတယ် အထွေထွေမန်နေဂျာလင်း.. သဘောတူစာချုပ်က ကျွန်မတို့ကို ဂရုစိုက်ပေးထားမှန်း သိသာပါတယ်"

ဟယ်ကျား တအံ့တဩမပြောဘဲ မနေနိုင်ပေ။

လင်းလိကမူ ခပ်ဖွဖွပြုံးပြလေသည်။

"ဒါ ဘာမှမဟုတ်ပါဘူး။ ကျွန်မတို့ နောင်အနာဂတ်မှာလည်း ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့ မျှော်လင့်ပါတယ်"

ထိုသို့ပြောရင်း လင်းလိက ယဲ့ချန်ကို လှမ်းကြည့်လိုက်၏။

ယခုမူ ယဲ့ချန်က သူတို့ဘော့စ်ဖြစ်နေလေပြီ။ ထို့ကြောင့် ယဲ့ချန်ကို စိတ်ကျေနပ်အောင်လုပ်ပေးရန်မှာ အရေးကြီးဆုံးကိစ္စပင်။

ယဲ့ချန်၏မျက်နှာထက်တွင်လည်း အပြုံးတစ်ပွင့် ထင်ဟပ်နေခဲ့သည်။ ထိုအပြုံးက လင်းလိ၏လုပ်ဆောင်ချက်ကို အလွန်စိတ်တိုင်းကျနေကြောင်း ပြသနေ၏။

ဤနေရာသို့ မလာခင်ကပင် ယဲ့ချန် လင်းလိဆီသို့ မက်ဆေ့ချ်တစ်စောင် တိတ်တိတ်လေးပို့ပြီး ပူးပေါင်းဆောင်ရွက်ပေးဖို့ မှာကြားထားခဲ့သည်။

ထက်မြက်သော လင်းလိကလည်း ယဲ့ချန်၏ရည်ရွယ်ချက်ကို ချက်ချင်းသဘောပေါက်လိုက်သည်။

လက်မှတ်ထိုးပြီးနောက် လင်းလိကိုယ်တိုင် ယဲ့ချန်နှင့် ဟယ်ကျားတို့ကို ကုမ္ပဏီအပြင်ဘက်အထိ လိုက်လံပို့ဆောင်ပေးခဲ့သည်။ သူတို့နှစ်ယောက် ကားထဲဝင်သွားသည်ကို စောင့်ကြည့်ရင်း အဆုံးမှာတော့ လင်းလိ စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်လေသည်။

သူ(မ)ဘေးရှိ အတွင်းရေးမှူး ရှောင်ရွှီကမူ ပဟေဠိဖြစ်နေချေသည်။

"အထွေထွေမန်နေဂျာလင်း.. ဒီသဘောတူစာချုပ်က ကျွန်မတို့အတွက် ဘာမှအကျိုးမရှိဘူးလေ"

လင်းလိလည်း ထိုအတွင်းရေးမှူးကြောင့် မျက်ဆန်လည်လိုက်မိသည်။

"ဥက္ကဋ္ဌယဲ့က အဲဒီမိန်းမကိုခေါ်လာခဲ့တာလေ။ အကျိုးမရှိဘူးဆိုရင်တောင် လက်မှတ်ထိုးပေးရမှာပဲ။ ဥက္ကဋ္ဌယဲ့သာ ဒေါသထွက်သွားရင် မင်းရောငါရော အထုပ်ပြင်ပြီး ထွက်သွားရလိမ့်မယ်။ နားလည်လား"

ရီတာ့အုပ်စုမှ ထွက်လာခဲ့ပြီးသည့်တိုင် ဟယ်ကျား ယုံရခက်နေဆဲပင်။

ယဲ့ချန်ကမူ ခပ်ဖွဖွပြုံးနေလေသည်။

"ဘယ်လိုလဲ။ အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်လာပါလိမ့်မယ်လို့ မပြောခဲ့ဘူးလား"

ဟစ်!

ဟယ်ကျား ကိုယ့်ကိုယ်ကိုယ်ဆိတ်ကြည့်လိုက်တော့မှသာ နာကျင်မှုကို ခံစားရသဖြင့် အိပ်မက်မက်နေခြင်းမဟုတ်ကြောင်း သိလိုက်ရသည်။

"ယဲ့ချန် ဘာတွေဖြစ်ကုန်တာလဲ။ ရီတာ့အုပ်စုက ငါတို့ကို ဘာလို့ ဒီလောက်အမြတ်ငွေအများကြီးပေးရတာလဲ"

"ငါလည်း ဘယ်သိမလဲ။ နင် ငါ့ကိုပါခေါ်လာလိုက်တော့ သူတို့လည်း ငါက အရမ်းချောတာပဲလို့ ထင်သွားပြီး စာချုပ်ကိုပြင်ပေးလိုက်တာဖြစ်မှာပေါ့"

ဟယ်ကျားလည်း ယဲ့ချန်ကို မျက်ဆန်သာလည်ပြလိုက်သည်။

"နင်က အရမ်းစိတ်ကြီးဝင်နေတာပဲ။ ငါကြားထားတာတော့ သူတို့ကုမ္ပဏီမှာ ဥက္ကဋ္ဌအသစ်ပြောင်းသွားလို့တဲ့။ သူတို့ရဲ့ဥက္ကဋ္ဌအသစ်နဲ့များ ဆိုင်မလား"

ယဲ့ချန်လည်း စကားလမ်းကြောင်းကို မြန်မြန်ပြောင်းလိုက်ရသည်။

"ဒါနဲ့ ငါတို့ လောင်းကြေးထပ်ထားတယ်နော်။ ကြည့်ရတာတော့ နင် ရှုံးသွားတယ်ထင်တာပဲ။ ဒီတော့ ဖားခုန်ခုန်ရတော့မယ်မလား"

ထိုအခါမှသာ ဟယ်ကျားလည်း ပြန်အမှတ်ရသွားပြီး ရှက်သွေးဖြာသွားလေတော့သည်။

အစကမူ စာချုပ်တွင် လက်မှတ်ထိုးနိုင်ရန်မှာ မဖြစ်နိုင်ဘူးဟု ထင်ထားသောကြောင့် ဖားခုန်ခုန်ရမည်ဟူသော အလောင်းအစားကို သဘောတူခဲ့ခြင်းဖြစ်၏။

ရီတာ့အုပ်စုဘက်က စာချုပ်ကိစ္စ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း သူတို့အား အကြောင်းကြားထားပြီးဖြစ်လေရာ ရုတ်တရက်ကြီး မည်သို့နှယ် ပြောင်းလဲသွားနိုင်မည်နည်း။

သို့သော် တစ်ဖက်လူက တကယ်လက်မှတ်ထိုးပေးပြီး စာချုပ်ပါအချက်အလက်များကိုပင် ပြင်ထားလိမ့်မယ်လို့ သူ(မ) လုံးဝမျှော်လင့်မထားပေ။

"ယဲ့ချန်.. ငါတို့ အပြစ်ပေးနည်းကို ပြောင်းလို့မရဘူးလား"

ဟယ်ကျား ရှက်ရွံ့စွာပြောလိုက်လေသည်။

"မရဘူး။ ဒါမှမဟုတ် နင် ကတိဖျက်ချင်လို့လား"

ယဲ့ချန်ကို ဟယ်ကျား စိန်းစိန်းဝါးဝါးစိုက်ကြည့်လိုက်၏။

"ဟမ့်! ခုန်မယ်။ ဒါပေမဲ့ ဒီမှာတော့မဟုတ်ဘူး။ ငါ့အိမ်ကိုသွားကြမယ်"

"နင့်အိမ်လား"

ယဲ့ချန် အံ့ဩသွားရသည်။

"ဟုတ်တယ်လေ။ နင် ငါ့ကို လမ်းလယ်ခေါင်ကြီးမှာ ဖားခုန်ခုန်ခိုင်းလို့တော့ မရဘူးလေ။ အရမ်းရှက်ဖို့ကောင်းတယ်"

ဟယ်ကျားတစ်ယောက် ရှက်သွေးဖြာလျက် ပြောလိုက်သည်။

"ဒါဆိုလည်း ကောင်းပြီလေ။ အင်တင်တင်နဲ့ပဲ နင့်အိမ်ကိုသွားကြတာပေါ့"

"အင်တင်တင်နဲ့? ငါ့အိမ်ကိုလာဖို့ ယောကျ်ားတစ်ယောက်ကို တစ်ခါမှမဖိတ်ဖူးဘူးနော်။ အဲဒါကို နင်က နစ်နာပြနေတယ်ပေါ့။ ကောင်းပြီလေ။ မသွားနဲ့တော့။ ငါလည်း မခုန်တော့ဘူး"

ဟယ်ကျား စိတ်ဆိုးဆိုးနှင့် ပြောလိုက်၏။

"ဟားဟား နင့်အိမ်ကို အဖိတ်ခံရတဲ့ ပထမဆုံးယောကျ်ားဖြစ်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်ဗျာ။ ရပြီလား"

ယဲ့ချန်မှာ ရယ်ကာမောကာဖြင့် ပြောလိုက်သည်။

"အတန်းဖော်ဟောင်းရေ အခုပဲ စာချုပ်ချုပ်လာနိုင်ခဲ့တာဆိုတော့ အော်ဒါလေး အရင်တင်သင့်တယ်မဟုတ်လား"

ယဲ့ချန် ရယ်လိုက်မိသည်။

"အော်ဒါတင်ရမှာလား"

ဟယ်ကျား ကြောင်အသွားရလေသည်။

"ဟေး.. နင် အခုပဲ သန်းပေါင်းများစွာတန်တဲ့အလုပ်တစ်ခုကို ရလာခဲ့တာလေ။ ငါ့မှာတော့ စားဝတ်နေရေးအတွက် တက္ကစီကိုပဲ အားကိုးနေရတယ်"

ယဲ့ချန် ထိုသို့ဆိုလိုက်၏။

ဟယ်ကျားကမူ ယဲ့ချန်အား မျက်ဆန်လည်ပြပြန်သည်။

"ကောင်းပြီလေ။ ဒါဆို နင် ငါ့အတွက် ဆားဗစ်ကောင်းကောင်းပေးမှဖြစ်မယ်"

ယဲ့ချန် ဟယ်ကျား၏အမှာစာကို ကြည့်ပြီးနောက် တဒင်္ဂမျှကြက်သေသေသွားရသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ဟယ်ကျား၏အိမ်ကလည်း မြစ်ကမ်းဘေးဗီလာမှာပင် ရှိ၏။ ယဲ့ချန်က H18တွင်နေပြီး သူ(မ)ကတော့ H16ဖြစ်၏။ သူတို့က အိမ်နီးချင်းများပင်။

ဤသည်မှာ ကံကြမ္မာပင်။

ယဲ့ချန်လည်း ဟယ်ကျား၏အော်ဒါကို ခပ်မြန်မြန်လက်ခံလိုက်ပြီးနောက် လီဗာဖိနင်းလိုက်လေရာ ရှားလိကားဟောင်းလေးမှာ မြစ်ကမ်းဘေးဗီလာဘက်သို့ အပြင်းနှင်လေတော့သည်။

"ယဲ့ချန်.. တကယ်ပြောတာနော်။ နင် ငါ့ကုမ္ပဏီမှာ လာလုပ်ပါ့လား။ နင့်အရည်အချင်းနဲ့ တက္ကစီမောင်းနေတာက အစွမ်းအစကို သက်သက်ဖြုန်းတီးနေသလိုပဲ"

"မလိုပါဘူး.. ငါ လွတ်လပ်တာကို သဘောကျတယ်"

ယဲ့ချန် ပြုံးလိုက်မိသည်။

"နင်ကတော့ တကယ်ခေါင်းမာတာပဲ"

ဟယ်ကျား သက်ပြင်းချလိုက်မိတော့သည်။

ဟယ်ကျား၏အမြင်တွင်မူ သူ(မ)၏ကုမ္ပဏီတွင် ယဲ့ချန် လာမလုပ်ရသည့်အကြောင်းအရင်းမှာ မာနကြောင့်ဟု ထင်နေချေသည်။ သို့သော် ယဲ့ချန်နှင့် ယခုလိုပတ်သက်ဆက်ဆံရသည့် ခံစားချက်ကိုလည်း သူ(မ) သဘောကျမိသည်။

တစ်နေ့နေ့ ယဲ့ချန်သာ ကုမ္ပဏီတွင် အလုပ်ဝင်ခဲ့ပါက သူတို့နှစ်ယောက်က တွဲဖက်အထက်လူကြီးဆက်ဆံရေးမျိုး ရှိကြလိမ့်မည်သာ။

ရာထူးအပြောင်းအလဲဖြစ်သွားလျှင် သူတို့လည်း ယခုလိုမျိုး သက်သောင့်သက်သာစကားပြောနိုင်တော့မည်မဟုတ်ချေ။

ယဲ့ချန်က ရပ်ကွက်ဝင်ပေါက်သို့ မောင်းဝင်လာခဲ့လိုက်သည်။ ယဲ့ချန်၏ကားက အလွန်သာမန်ဆန်နေသောကြောင့် ဟယ်ကျားလည်း စိုးရိမ်မိသဖြင့် လုံခြုံရေးဝန်ထမ်းအား နှုတ်ဆက်ရန်ဟန်ပြင်လိုက်သည်။

သို့သော် အကာအရံကား အထက်သို့ မြောက်တက်သွားခဲ့သည်။

ဟယ်ကျားကို ပိုအံ့အားသင့်စေသော အရာမှာ လုံခြုံရေးအစောင့်က ခပ်မတ်မတ်ရပ်လျက် စုတ်တီးစုတ်ပဲ့ရှားလိကားလေး အထဲသို့ဝင်သွားသည်ကို ကြည့်နေချေသည်။

မရင်းနှီးသောကားတစ်စီး ခြံဝင်းထဲသို့ တန်းဝင်သွားခြင်းကို ခွင့်ပြုပေးရလောက်သည်အထိ လုံခြုံရေးစနစ်က ဘယ်တုန်းကများ လျော့ရဲသွားရလေသလဲ။

တကယ်တမ်းတွင်မူ လုံခြုံရေးအစောင့်က ယဲ့ချန်၏ရှားလိကားကို မှတ်မိနေသောကြောင့်ပင်။

"ဒုတိယမျိုးဆက်လူကုံထံတွေက ဘယ်လိုကစားရမလဲဆိုတာကို သိကြသားပဲ။ သန်းပေါင်းများစွာတန်ဖိုးရှိတဲ့ ပြိုင်ကားတွေရှိနေတာတောင်မှ ခပ်စုတ်စုတ်ရှားလိကားကိုပဲ မောင်းနေတာ"

သို့သော် ခပ်စုတ်စုတ်ရှားလိကားထဲတွင် ရုပ်ရည်အဆင့်၉၅မှတ်နှင့်အထက်ရှိသော အလှပဂေးလေးများသာ ထိုင်ကြသည်။

လုံခြုံရေးအစောင့်လည်း အံ့ဩမှင်တက်စွာဖြင့် ခေါင်းသာ ခါယမ်းလိုက်မိသည်။ ရုတ်တရက်ဆိုသလိုပင် ထိုလုံခြုံရေးအစောင့်လည်း တစ်စုံတစ်ခုကို သတိရသွား၏။

ထိုအလှပဂေးလေးကလည်း ဤအိမ်ရာထဲ၌ နေထိုင်သူတစ်ယောက်ဖြစ်ဟန်တူသည်။

ဪ နားလည်ပြီ.. ဒုတိယမျိုးဆက်လူကုံထံလေးက အလှလေးကိုလိုက်ပိုးဖို့အတွက် ဘေးကပ်ရက်က ဗီလာကို ဝယ်လိုက်တာပဲ…

‌မိန်းကလေးတစ်ယောက်အား လိုက်ပိုးရန်အတွက် ဒေါ်လာဘီလျံချီတန်သော ဗီလာတစ်လုံးကို ဝယ်လိုက်သတဲ့။ လူကုံထံများ၏ကမ္ဘာကား စင်စစ်နားလည်ရခက်လှသည်။

ယဲ့ချန်လည်း သူ့ကားကို Paganiပြိုင်ကား၏ ဘေးနားတွင် ထိုးရပ်၍ ရယ်မောလိုက်မိသည်။

"အတန်းဖော်ဟောင်းရေ.. ငါ့ကို ကြယ်ငါးပွင့်ပေးဖို့ မမေ့နဲ့နော်"

ဟယ်ကျားက ခေါင်းညိတ်ပြပြီးနောက် ငွေချေကာ ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက် ပေးလိုက်လေတော့သည်။

[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိလိုက်တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ လေးခုမြောက်ကြယ်ပွင့် (၄/၅)ကို အသက်သွင်းလိုက်ပါပြီ။ ဆုလာဘ် : အခြေခံဆေးဝါးစွမ်းရည်၊ ဂရန်းယူနီဗာ့စ်ဟိုတယ်ရဲ့ ရှယ်ယာ၂၀ရာခိုင်နှုန်း!]

ရုတ်ခြည်းပင် အချက်အလက်လှိုင်းလုံးတစ်ခုက ယဲ့ချန်၏စိတ်အာရုံထဲသို့ ဝင်ရောက်လာခဲ့သည်။

အခြေခံဆေးဝါးစွမ်းရည်ဆိုသည်မှာ ထိခိုက်ရှနာဒဏ်ရာနှင့် အပေါ်ယံအရေပြားထိခိုက်မှုများကို အပ်စိုက်ကုထုံးဖြင့် ကုသနိုင်စွမ်းပင်။

နိုင်ငံတစ်ဝှမ်းရှိ ထိပ်တန်းမြို့များတွင် ရုံးခွဲပေါင်းတစ်ရာနီးနီးရှိသော ဂရန်းယူနီဗာ့စ်ဟိုတယ်မှာ ဘီလျံရာပေါင်းများစွာ တန်ဖိုးရှိ၏။

ရှယ်ယာနှစ်ဆယ်ရာခိုင်နှုန်း၏ နှစ်စဉ်အမြတ်ငွေမှာ နှစ်ဘီလျံကျော် ရှိသည်။

ဤဆုလာဘ်ကား စင်စစ် ထိုက်တန်လှပေသည်။

ဟယ်ကျား၏အိမ်သို့ ရောက်လာသောအခါ ယဲ့ချန်လည်း ဆိုဖာပေါ်တွင် ခြေချိတ်၍ထိုင်ချလိုက်ပြီးနောက် ကလူကျီစယ်လေဟန်ဖြင့် ပြောလိုက်သည်။

"လုပ်လေ.. ဖားခုန်ခုန်ရတော့မယ်။ ဆယ်ခါထက်လျော့လို့မရဘူးနော်"

••••••••••••

All Chapters