တက္ကစီဒရိုင်ဘာအမျိုးသားနတ်ဘုရား
Vol. 1 Ch. 12
နောက်တစ်နေ့ ည၈နာရီ ဂရန်းယူနီဗာ့စ်ဟိုတယ်၌...
ဖုန်းထောင်က သူ အသစ်စက်စက်ဝယ်ထားသော BMW 5 Seriesဖြင့် ထျန်လိလိကိုခေါ်ပြီး ဟိုတယ်သို့ ရောက်ချလာသည်။
ဖုန်းထောင် ရောက်လာသည့်အခါ တံခါးဝတွင် စောင့်နေကြသော အတန်းဖော်များကလည်း အနားရောက်လာကြသည်။
"မန်နေဂျာဖုန်းထောင်.. အထင်ကြီးချင်စရာပဲ! BMWတောင် စီးနေပြီလား"
"မန်နေဂျာဖုန်းထောင် ပီသပါပေတယ်။ အထွေထွေမန်နေဂျာဖြစ်တာလည်းမြန်ပြီး အခုလည်း BMWစီးလာတယ်"
အသစ်စက်စက် BMWကားကြီးကို မြင်လိုက်ရသည့်အခါ အတန်းဖော်များလည်း မလေးစားဘဲ မနေနိုင်ချေ။
ဖုန်းထောင်ကတော့ တဟားဟားရယ်လိုက်လေသည်။
"ဟားဟား...ငါ့ကိုမြှောက်မနေကြစမ်းပါနဲ့။ ဒါက BMWလေးတစ်စီးပါကွာ။ ငါ့မိတ်ဆွေတွေဆိုရင် ဖယ်ရာရီပဲစီးကြတာ"
"စကားမစပ်...ငါတို့အတန်းထဲက ရွှေရောင်စုံတွဲ ဟယ်ကျားနဲ့ယဲ့ချန်တို့ ဘာလို့မရောက်သေးတာလဲ?"
အချို့အတန်းဖော်များက မေးကြသည်။
"ဟယ်ကျားက ပရောဂျက်တစ်ခုဆွေးနွေးစရာရှိလို့ နောက်ကျမယ်လို့ မက်ဆေ့ချ်ပို့ထားတယ်"
အတန်းဖော်မိန်းကလေးတစ်ယောက်က ဝင်ဖြေလိုက်သည်။
ဖုန်းထောင်က စကားစလိုက်၏။
"ငါ ဒီနေ့ မိုတုရဲ့ အဆင့်မြင့်ကြယ်ငါးပွင့်ဟိုတယ်မှာ ဘိုကင်တင်ထားတယ်။ အဲဒီက စားဖိုမှူးတွေက နာမည်ကြီးဟင်းလျာမျိုးစုံဖန်တီးတဲ့ ကြယ်ငါးပွင့်အဆင့်စားဖိုမှူးတွေလေ။ ပတ်ဝန်းကျင်ကလည်း ခမ်းနားသလားမမေးနဲ့။ ဒီညစာရဲ့ဈေးနှုန်းကတင် တစ်သောင်းကျော်တယ်"
"မန်နေဂျာဖုန်းထောင်ကတော့ ထင်ထားတဲ့အတိုင်းပါပဲ...အရမ်းချမ်းသာတာပဲ"
"ဟုတ်တယ်။ ဖုန်းထောင်က အခုဆိုရင် တစ်နှစ်ကို တစ်သန်းလောက် ဝင်နေလောက်ပြီ"
ထျန်လိလိက အားကျစွာ ပြောလိုက်မိသည်။
တစ်နှစ်ကို တစ်သန်း?
အတန်းဖော်များ၏ မျက်နှာထက်ရှိ အပြုံးရိပ်များမှာ တဖြည်းဖြည်း တောင့်တင်းသွားရလေသည်။
ဤနေရာရှိ အတန်းဖော်တော်တော်များများက အရစ်ကျချေးငွေအတွက် စိတ်ပူနေရချိန်မှာ သူကတော့ တစ်နှစ်ကို ဝင်ငွေတစ်သန်း ရနေပေသည်။
အားလုံး၏ မျက်နှာအမူအရာကို မြင်သောအခါ ဖုန်းထောင်၏စိတ်ထဲ ပီတိဖြာသွားရသည်။
ဟုတ်ပြီ!
အောင်အောင်မြင်မြင် ဟိတ်ဟန်ထုတ်ပြလိုက်နိုင်လေပြီ။
ခန်းမ၏ဝင်ပေါက်နားသို့ အတန်းဖော်များ တစ်စထက်တစ်စစုဝေးလာကြသဖြင့် သက်ဝင်လှုပ်ရှားနေလေတော့သည်။
သူတို့သည် နယ်ပယ်အသီးသီး၌ လုပ်ကိုင်နေကြသူများဖြစ်ပြီး ကျောင်းတုန်းက အမှတ်တရများကို ပြန်လည်အောက်မေ့နေခဲ့ကြသည်။ သို့သော် မကြာခင်မှာပင် စကားလမ်းကြောင်းမှာ ဖော်လံဖားသံများနှင့် ပြည့်နှက်သွားတော့သည်။
"ဝိုး...မန်နေဂျာဖုန်းထောင်က တော်တော်အံ့သြဖို့ကောင်းတာပဲ။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အထွေထွေမန်နေဂျာရာထူးကို ရောက်သွားပြီ"
"ငါ ခုနကပဲ မီနူးကို လှမ်းကြည့်လိုက်တာ...ဟင်းပွဲတစ်ပွဲစာက ငါ့လစာနီးနီးရှိတယ်"
"အထွေထွေမန်နေဂျာဖုန်းရေ တော်တော်အရည်အချင်းရှိတာပဲ။ နောက်နောင် အကျိုးအမြတ်များတဲ့ အခွင့်အလမ်းလေးတွေရှိရင် ငါတို့ကိုလည်း သတိရပေးပါဦးကွာ"
ဖုန်းထောင်၏ ဘေးနားတွင် ထိုင်နေသော ထျန်လိလိက ခပ်ပြုံးပြုံးဖြင့် ပြောလိုက်လေသည်။
"ဖုန်းထောင်က သူ့ကုမ္ပဏီမှာ ငါ့ကို အရောင်းဌာနခေါင်းဆောင်အနေနဲ့ အလုပ်ခန့်ပေးမယ်လို့ ပြောထားတယ်"
"ဟားဟား...ငါတို့က အတန်းဖော်တွေပဲ။ တစ်ယောက်ကိုတစ်ယောက် ကူညီရမှာပေါ့"
ဖုန်းထောင်က ဂုဏ်ယူဝင့်ကြွားဟန်အပြည့်ဖြင့် ပြန်ဖြေလိုက်၏။
ယခင်ကမူ ထျန်လိလိသည် ရုပ်ရည်အဆင့်၌ ဟယ်ကျားထက် နည်းနည်းနိမ့်လေသည်။ သို့သော် အမှတ်၈၀အထက်ရှိသော အလှပဂေးတစ်ယောက် ဖြစ်နေဆဲပင်။
ကျောင်းပြီးသည့်နောက် သူ(မ) ကြိုးကြိုးစားစားအလုပ်လုပ်ခဲ့သော်လည်း လူမှုအသိုင်းအဝိုင်းထဲတွင် ပိုမိုလှပပြီး စွမ်းဆောင်ရည်မြင့်မားသော အမျိုးသမီးများက အလွန်များပြားနေချေသည်။
ထျန်လိလိမှာ ကြိုးစားပါသည့်တိုင် သာမန်ဝန်ထမ်းတစ်ဦးသာ ဖြစ်နေခဲ့သည်။
နောက်ပိုင်းတွင် သူ(မ) ဖုန်းထောင်နှင့် ပြန်တွေ့ခဲ့သည်။ သူသည် ယခုအချိန်တွင် စာရင်းဝင်ကုမ္ပဏီတစ်ခု၏ ဌာနမန်နေဂျာဖြစ်နေကြောင်း သိခဲ့ရသည်။ ဤသို့ဖြင့် သူ(မ)လည်း သူနှင့် ချိတ်ဆက်မိသွားခြင်းပင်။
ကြိုးစားအားထုတ်မှုက အကျိုးမရှိပါက အလှတရားကိုအသုံးချ၍ ချမ်းသာပြီး ဩဇာလွှမ်းမိုးမှုရှိသည့် ယောက်ျားတစ်ယောက်ကို မှီခိုရန် ဘာကြောင့် မဖြစ်နိုင်ရမည်နည်း?
ဖုန်းထောင်လည်း သူ့အတန်းဖော်များကို လှည့်ပတ်ကြည့်လိုက်ပြီးနောက် ရုတ်တရက် တစ်ခုခုကိုသတိရသွားသည့်ဟန်ပြုလိုက်၏။
"ဟင်...ယဲ့ချန်က ဘာလို့မရောက်သေးတာလဲ?"
ယဲ့ချန်နှင့် ဟယ်ကျားတို့မှာ အတန်းထဲတွင် ရွှေရောင်စုံတွဲတစ်တွဲဖြစ်ပြီး မိန်းကလေးများအားလုံးကလည်း သူ့ကို တိတ်တခိုးသဘောကျခဲ့ကြသည်။
ထိုအချိန်တုန်းက ဖုန်းထောင် အလွန်ဒေါသထွက်ခဲ့ရသဖြင့် ယဲ့ချန်က တက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသည့်အခါ သူ့အား လက်စားချေရန် စီစဉ်ထားခဲ့သည်။ နှစ်သုံးဆယ်အကြာတွင် အနေအထားပြောင်းလဲသွားပုံကို တခမ်းတနားပြသပေတော့မည်။
"ဟုတ်သားပဲ။ ယဲ့ချန်က ဘာလို့မလာသေးတာလဲ?"
"ရွှေရောင်စုံတွဲ ဟယ်ကျားနဲ့ယဲ့ချန်တို့နှစ်ယောက်စလုံး မရှိဘူး"
"ငါ အရင်တုန်းက သူ့ကို ရည်းစားစာတစ်စောင်တောင် ရေးပေးဖူးတယ်"
"ဟုတ်တယ် သူ အခု ဘယ်လိုပြောင်းလဲသွားမလဲမသိဘူး...ပိုချောမောပြီး ပိုယောက်ျားဆန်လာမယ်ထင်တယ်"
မိန်းကလေးတချို့က ယဲ့ချန်အကြောင်းပြောရင်း မျက်လုံးများမှာ တဖျပ်ဖျပ်လင်းလက်တောက်ပနေပေသည်။
ယောက်ျားလေးများကတော့ မိန်းကလေးများ ထိုအကြောင်းအရာကို ဆွေးနွေးနေကြကြောင်း ကြားလိုက်ရသည့်အခါ အတန်ငယ် စိတ်ညစ်သွားကြသည်။
အထက်တန်းကျောင်းသားဘဝ သုံးနှစ်တာကာလအတွင်းမှာလည်း သူသည် မိန်းကလေးများအကြား ရေပန်းစားသည့် တစ်ခုတည်းသောအကြောင်းအရာဖြစ်ခဲ့ပြီး သူတို့ကတော့ ဇာတ်ပို့မျှသာ ဖြစ်ခဲ့ရသည်။
မိန်းကလေးတစ်သိုက် ဆွေးနွေးနေကြသော စကားများကို နားထောင်ရင်း ဖုန်းထောင်၏အမူအရာမှာ ပို၍ပင် အရောင်အသွေးစုံလင်လာသည်။
"တကယ်တော့...လိလိနဲ့ငါ ဟိုတစ်နေ့တုန်းက ကားဝယ်ဖို့သွားရင်း သူ့ကိုတွေ့ခဲ့သေးတယ်"
ဖုန်းထောင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"တကယ်လား။ သူ အခုဘယ်လိုအခြေအနေရှိလဲ"
"အရင်တုန်းက ထိပ်တန်းကျောင်းသားလည်းဖြစ်သလို ရုပ်ရည်လည်း ချောမောခန့်ညားတဲ့သူက.. အခုတော့ လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ စီအီးအိုတစ်ယောက် ဖြစ်နေရောပေါ့"
ထျန်လိလိက နှာခေါင်းရှုံ့လိုက်လေသည်။
"လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့စီအီးအို? နင်တို့တွေကတော့ ယုံနိုင်မှာမဟုတ်ဘူး...သူ အခု တက္ကစီမောင်းနေတယ်လေ"
"ဘာ? တက္ကစီမောင်းနေတာလား။ ယဲ့ချန်က ဒီလောက်တောင် နိမ့်ကျသွားတာ မယုံနိုင်ဘူး"
"ဟုတ်တယ်။ သူ ၉၈၅တက္ကသိုလ်တစ်ခုမှာ တက်ခဲ့ရတာမဟုတ်လား"
မိန်းကလေးများ၏ မျက်နှာထက်တွင် ထိတ်လန့်မှုများ အထင်းသားပင်။
ယဲ့ချန်က သူတို့၏ အမျိုးသားနတ်ဘုရားတစ်ပါးဖြစ်ခဲ့သည်။ သူသည် ပညာရေးနှင့် ရုပ်ရည်အရာ၌ နှစ်ခုစလုံးတွင် ထိပ်တန်းအဆင့် ဗိုလ်စွဲခဲ့သူဖြစ်၏။
အမျိုးသားနတ်ဘုရားဟောင်းက ယခုတော့ တက္ကစီဒရိုင်ဘာဖြစ်နေလေပြီ။
ဤကွာဟချက်ကြောင့် လူအများစုမှာ ယုံကြည်ရခက်နေကြသည်။
ဖုန်းထောင်လည်း သက်ပြင်းချလျက် ပြောလိုက်၏။
"အင်း...ငါလည်း ထင်မထားဘူး။ သူ့အမှတ်တွေက ဟယ်ကျားနဲ့တောင် လက်ရည်တူပဲလေ။ ဒါပေမဲ့ ကျောင်းပြီးတာနဲ့တော့ ကောင်းကင်နဲ့မြေကြီးလို ကွာခြားသွားတော့တာပဲ"
မိန်းကလေးများ၏ မျက်နှာထက်တွင် စိတ်ပျက်မှုများ ပေါ်ပေါက်လာသည်။
သူတို့၏အိုင်ဒေါ ယခုအချိန်တွင် အလွန်နိမ့်ကျသွားသည်ကို မြင်ရခြင်းမှာ လက်ခံရန် ခက်ခဲလှသည်။
"တောင်းပန်ပါတယ်။ ငါ နောက်ကျသွားတယ်"
ရွှင်လန်းတက်ကြွသော အသံတစ်သံက ခန်းမဝင်ပေါက်နားမှ ထွက်ပေါ်လာသည်။
ယဲ့ချန်က တက္ကစီဒရိုင်ဘာယူနီဖောင်းကို ဝတ်ဆင်ထားပြီး အထဲသို့ ဝင်လာလေသည်။
သူ့တက္ကစီဒရိုင်ဘာယူနီဖောင်းကို မြင်လိုက်ရသည့်အခါ အတန်းဖော်များမှာ အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်မိကြသည်။
မူလကတော့ ယဲ့ချန်တစ်ယောက် တက္ကစီမောင်းနေသည်ဆိုလျှင်ပင် ကျောင်းသားဟောင်းတွေ့ဆုံပွဲအတွက် သင့်တော်သော ဝတ်စုံတစ်ခုခုကို ဝတ်ဆင်လာလိမ့်မည်ဟု သူတို့ ထင်ထားကြသည်။
ထိုသို့ဆိုလျှင် သူတို့တွင်လည်း မျှော်လင့်ချက်အနည်းငယ်မျှ ရှိနေပေဦးမည်။
ထင်မှတ်မထားပါဘဲ ယဲ့ချန်က တက္ကစီဒရိုင်ဘာယူနီဖောင်းကိုဝတ်၍ ရောက်ချလာခဲ့သည်။
ဖုန်းထောင်က ယဲ့ချန်ကို မြင်သောအခါ တဟားဟားရယ်မောလိုက်၏။
"ယဲ့ချန် ဒီလောက်အရေးကြီးတဲ့နေ့မျိုးမှာ မင်းက အဝတ်အစားတောင် မလဲဘဲလာခဲ့တာလား။ ငါတို့အတန်းထဲက မိန်းကလေးတွေအကုန်လုံးက သူတို့ရဲ့နတ်ဘုရားဖြစ်တဲ့ မင်းကို စောင့်နေကြတာလေ"
ယဲ့ချန်လည်း ပြုံးလျက်သာ ပြန်ဖြေလိုက်သည်။
"ငါ ခုနကမှ ဒီနားမှာ တက္ကစီမောင်းလို့ပြီးသွားတာလေ။ အဲဒါနဲ့ပဲ ဒီကို တန်းလာလိုက်တာ"
"အိုး...အိုး! တက္ကစီမောင်းရတာ တော်တော်ပင်ပန်းတယ်။ တလောတုန်းကပဲ တက္ကစီဒရိုင်ဘာတစ်ယောက် ဓားပြတိုက်ခံရပြီး အသတ်ခံရတဲ့သတင်းကို ကြားလိုက်ရသေးတယ်။ အဲဒီအလုပ်က အန္တရာယ်လည်းများပြီး ဝင်ငွေလည်းမကောင်းဘူး။ ယဲ့ချန်.. မင်း ဘာလို့ ဒီအလုပ်ကို ရွေးခဲ့တာလဲ"
ဖုန်းထောင်က ယဲ့ချန်ကို ဂရုစိုက်ဟန်ပြနေသော်လည်း တကယ်တမ်းတွင်မူ သူ မည်မျှအဖြစ်ဆိုးနေသလဲဆိုသည်ကို အားလုံးသိသွားအောင် ပြသလိုခြင်းသာ ဖြစ်၏။
"ငါကတော့ ဒီအလုပ်ကို တော်တော်ကောင်းတယ်လို့ ထင်တာပဲ။ နည်းနည်းလောက်ဂရုစိုက်ဖို့ပဲလိုတာပါ"
ယဲ့ချန်က ဖုန်းထောင်၏အကြံအစည်များကို နားလည်ပေသည်။
သူ့ကို ချနင်းပြီး စိတ်ကျေနပ်မှုကို ရှာဖွေမလို့လား?
သူတော့ လူရွေးမှားသွားပြီပဲ!
••••••••••