← Chapters

ဧကရာဇ်ခန်းမ

Vol. 1 Ch. 13

ဧကရာဇ်ခန်းမ

Vol. 1 Ch. 13

"တက္ကစီမောင်းတော့ရော ဘာဖြစ်လို့လဲ။ ငါကတော့ ကောင်းတယ်ထင်တာပဲ။ ငါကျတော့ ဘာလို့ ဒီလိုဒရိုင်ဘာချောချောလေးနဲ့ မတွေ့ရတာလဲ"

"ယဲ့ချန် ဒီလောက်နှစ်တွေအများကြီးကြာသွားတာတောင် နင်ကတော့ မပြောင်းလဲသွားဘူး။ အရင်ကလို ချောမောနေတုန်းပဲ"

"ဟုတ်တယ်။ ဒီနေ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲလေ။ ငါတို့က ခံစားချက်တွေအကြောင်း ပြောနေကြတာလေ။ ဘာအလုပ်လုပ်လဲဆိုတာ အရေးမကြီးပါဘူး"

"ငါ့ဘေးမှာလာထိုင်လေ ငါ့မြင်းဖြူရှင်မင်းသားလေးရဲ့"

ယဲ့ချန်က တက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်ကြောင်း သိသွားကြသော်လည်း သူသည် အတန်းထဲရှိ မိန်းကလေးများအကြား ရေပန်းအစားဆုံးလူငယ်လေး ဖြစ်နေဆဲပင်။

ဖုန်းထောင်ကမူ အားရပါးရပြုံးလိုက်မိသည်။ အကြောင်းမှာ ထိုမိန်းကလေးများ၏ မျက်လုံးထဲရှိ စိတ်ပျက်မှုကို သူ မြင်ထားသောကြောင့်ပင်။

ထိုမိန်းကလေးများမှာ ယဲ့ချန် မရှက်ရလေအောင် ဤသို့ပြုမူနေခြင်းသာဖြစ်၏။

ထိုအချိန်တွင် အရပ်ခပ်ရှည်ရှည် မိန်းကလေးလှလေးတစ်ယောက် ဟိုတယ်ထဲသို့ ဝင်လာလေသည်။

လျှပ်တစ်ပြက်ဆိုသလို အတန်းထဲရှိ ယောကျ်ားများအားလုံး၏ မျက်လုံးများက ထိုမိန်းမလှလေးဆီသို့ ဆိုက်ရောက်သွားလေတော့သည်။

ထိုအလှလေး၏ ခန္ဓာကိုယ်မှာ ကောက်ကြောင်းလှပြီး သိမ်မွေ့နူးညံ့လှသော သူ(မ)၏မျက်နှာလေးကလည်း ကမ္ဘာမြေနှင့် လားလားမှမအပ်စပ်သည့် နတ်သမီးတစ်ပါးနှယ်။ အနက်ရောင်ဝတ်စုံနှင့်ပါ တွဲဖက်လိုက်သောအခါ သူ(မ)၏အလှတရားမှာ အသက်ရှူမဝချင်စရာပင်။

"ဝိုး ဒီအလှလေးက အံ့သြဖို့ကောင်းလိုက်တာ"

"သူ့ရဲရုပ်ရည် သူ့ရဲ့ဖြစ်တည်မှု?"

သူ(မ)သည် ကောင်းကင်ဘုံက ဆင်းသက်လာသော နတ်သမီးတစ်ပါးပင်။

"ဒီအလှလေးရဲ့ အရှိန်အဝါက ငါတို့အတန်းထဲက ပန်းလေး ဟယ်ကျားထက် မလျော့ဘူးပဲ။ သူက တကယ်ပဲ ဘယ်သူပါလိမ့်"

ထိုအလှလေးကို မြင်လိုက်ရသောအခါ ယောကျ်ားအားလုံးဟာ သူ(မ)ကိုသာ ငေးမောနေကြတော့သည်။

အစတုန်းက ထျန်လိလိမှာ အလွန်ကျေနပ်နေသော်လည်း ထိုအမျိုးသမီးကို မြင်လိုက်ရချိန်တွင်မူ ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်မိသည်။

ထိုအလှလေးမှာ အလွန်လှပချေသည်။ အထူးသဖြင့် မျက်စိဖမ်းစားဖွယ်ကောင်းသော သူ(မ)၏ခြေတံရှည်များပင်။ အသားကပ်ခြေအိတ်နှင့် စကတ်တိုတိုလေးကိုပါ ပေါင်းစပ်လိုက်သောအခါ ပုရိသအားလုံး ပါးစပ်အဟောင်းသားဖြစ်သွားရသည်။

အားလုံးအတွက် ယုံရခက်သည့်အချက်မှာ ထိုအလှလေးက သူတို့ဘက်သို့ လှမ်းလာနေခြင်းပင်။

အမလေး.. ဒီအလှပဂေးလေးက သူတို့ထဲက တစ်ယောက်ယောက်နဲ့ သိလို့များလား?

ဖုန်းထောင်လည်း ခဏမျှအံ့အားသင့်သွားပြီးနောက် မကြာခင်မှာပင် သူ(မ)သည် စီအီးအိုမိန်းမလှလေးစုဝမ်ယိဖြစ်ကြောင်း သဘောပေါက်သွားလေသည်။

သူတို့နှစ်ဦးမှာ တစ်ခါတုန်းက ကော့တေးပါတီတစ်ခုတွင် ဆုံဖူးကြသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် စုဝမ်ယိကသာ သူ့ကို လာနှုတ်ဆက်မည်ဆိုပါက အတော်အတန်မျက်နှာသာရလိမ့်မည်။

ဖုန်းထောင်လည်း သူ့နက်ခ်တိုင်ကို ညှိလိုက်ပြီးနောက် ဂုဏ်ယူဝင့်ကြွားနေဟန် အပြုံးတစ်ပွင့်ဖြင့် လက်ကို ဆန့်ထုတ်လိုက်သည်။

သို့သော် စုဝမ်ယိကမူ သူ့ကိုကျော်တက်သွားပြီး ယဲ့ချန်ဆီသို့ လျှောက်သွားလေသည်။

"တိုက်ဆိုင်လိုက်တာ.. ကျွန်မတို့ ဒီမှာပြန်တွေ့လိမ့်မယ်လို့ မထင်ထားဘူး"

ဘုရားရေ... ဒီအလှလေးက ယဲ့ချန်ဆီကို လာတာပဲ။

အလှလေး၏ စိတ်အားထက်သန်နေသော အမူအရာကို ကြည့်ပြီး လူတိုင်း၏စိတ်ထဲတွင် အမျိုးမျိုးတွေးတောနေမိကြသည်။

နတ်သမီးအလား လှပသော ဤအလှပဂေးလေးနှင့် ယဲ့ချန်တို့ကြားမှာ ထူးခြားသောပတ်သက်မှုတစ်ခုခုများ ရှိနေလေသလား။

ယဲ့ချန်လည်း စုဝမ်ယိနှင့် ဤကဲ့သို့ ကြုံတွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားပေ။

"ဟုတ်ပါရဲ့။ တိုက်ဆိုင်လိုက်တာ။ ပြန်တွေ့ရတာ ဝမ်းသာပါတယ်ဗျာ"

ယဲ့ချန်က စုဝမ်ယိ၏ နူးညံ့သိမ်မွေ့သော လက်လေးကိုဆွဲ၍ နှုတ်ဆက်လိုက်သည်။

အနားတွင်ရပ်နေသော ဖုန်းထောင်ခမျာ အနည်းငယ် အံ့အားသင့်သွားလေသည်။ အတန်းဖော်အများအပြားက ဆန့်ထုတ်ထားသော သူ့လက်ကို မြင်လိုက်ကြသော်လည်း စုဝမ်ယိကတော့ သူ့အား လေလို လျစ်လျူရှုသွားပေသည်။

ထျန်လိလိသည်လည်း ယဲ့ချန်နှင့်အတူရှိနေသော အလှလေးကို မြင်ပြီးနောက် စိတ်ထဲတွင် မကျေမနပ်ဖြစ်နေသည်။

စုဝမ်ယိနှင့် ယှဉ်လိုက်လျှင် သူ(မ)အဖြစ်မှာ ကြက်မတစ်ကောင်က ဖီးနစ်ငှက်တစ်ကောင်ကို သွားယှဉ်နေသည့်အလားပင်။

ဘယ်လိုမှမထင်ရှားနိုင်ပေ။

အစက ထျန်လိလိကို လှသည်ဟုထင်ခဲ့သော ဖုန်းထောင်ပင် ယခုမူ သူ(မ)အပေါ် စိတ်ဝင်စားမှု လုံးဝမရှိတော့ပေ။

"ယဲ့ချန် ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ကျွန်မ ရှင့်ကို ဝီချက်မှာ ညစာစားဖို့ဖိတ်ထားတာတောင် ပြန်မဖြေဘူးနော်"

စုဝမ်ယိက အနည်းငယ်ဒေါသထွက်နေဟန်ဖြင့် ပြောလိုက်လေသည်။

သေစမ်း!

ပတ်ပတ်လည်ရှိ ယောက်ျားများမှာ ရူးသွပ်သွားတော့မတတ်ပင်။

ဤမျှလှပသော မိန်းမလှလေးက ဝီချက်မှတစ်ဆင့် တက်တက်ကြွကြွမက်ဆေ့ချ်ပို့ပြီး ညစာစားဖို့ဖိတ်နေသည့်တိုင် သူကတော့ လျစ်လျူရှာထားသတဲ့။

သူတို့သာဆိုလျှင် ဖုန်းကို လက်ထဲကိုင်ပြီး သူ(မ)ကို ဘယ်လိုပိုးပန်းစကားပြောရမလဲဆိုသည်ကို တွေးနေမိမည်ဖြစ်၏။

သို့သော် ယဲ့ချန်ကတော့ သူ(မ)ကို လျစ်လျူရှုခဲ့သည်။

ဤသည်မှာ နှမြောဖို့ကောင်းလှပေသည်။

"အခုတလော ကျွန်တော် အလုပ်တွေများနေလို့ ဝီချက်ကို မစစ်ဖြစ်လိုက်ဘူး။ တောင်းပန်ပါတယ်"

ယဲ့ချန်ကမူ ပြုံးပြုံးလေးသာ တောင်းပန်လိုက်သည်။

အနားရှိ မိန်းကလေးများမှာ သက်ပြင်းမချဘဲ မနေနိုင်ပေ။

သူသည် မြင်းဖြူရှင်မင်းသားလေးတစ်ပါးဖြစ်နေသည်မှာ အံ့ဩစရာမရှိပေ။ တက္ကစီဒရိုင်ဘာတစ်ယောက် ဖြစ်နေသော်လည်း သူ့အနားတွင်ဝိုင်းနေသော မိန်းမများမှာ နတ်ဘုရားအဆင့် မိန်းမလှများပင်။

စုဝမ်ယိက ယဲ့ချန်နှင့် စကားအနည်းငယ်ပြောပြီးနောက် ထွက်ခွာသွားလေသည်။

"ယဲ့ချန် ခုနတုန်းက အလှလေးက ဘယ်သူလဲ။ မင်းရည်းစားလား"

"ယဲ့ချန် အံ့သြဖို့ကောင်းလိုက်တာကွာ။ ဒီလောက်လှတဲ့အမျိုးသမီးတစ်ယောက်က မင်းကို ညစာစားဖို့ဖိတ်တယ်ပေါ့"

"မင်းတို့တွေ တက္ကစီငှားရင်း တွေ့ကြတာလား။ ငါလည်း တက္ကစီစမ်းမောင်းကြည့်မှပဲ"

ဖုန်းထောင်၏အမူအရာမှာ လုံးဝသုန်မှုန်သွားချေသည်။ အစမှ အဆုံးထိတိုင် စုဝမ်ယိသည် သူ့အား လှည့်ပင်မကြည့်သွားသည့်အပြင် အရေးလည်းလုပ်ဟန်မတူပေ။

သို့သော် ယဲ့ချန်နှင့်မူ အလွန်ရင်းနှီးနေသောကြောင့် ဖုန်းထောင် အလွန်ဒေါသထွက်မိသည်။

ထိုအချိန်တွင် ဝတ်စုံပြည့်ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်က အနားသို့ လျှောက်လာလေသည်။

ထိုအမျိုးသားကို မြင်သောအခါ ဖုန်းထောင် ဝမ်းသာအားရဖြစ်သွားသည်။ ယခု သူ ဝင့်ကြွားရမည့်အချိန်ကို ရောက်လာလေပြီ။

"မန်နေဂျာစုန့် ကျုပ်တို့ ကျောင်းသားဟောင်းတွေ့ဆုံပွဲ လုပ်နေတာလေ။ ခင်ဗျား ကျုပ်တို့ကို အခန်းခပ်ကြီးကြီးတစ်ခန်း ပေးရမယ်နော်"

ဖုန်းထောင်က ခပ်ပြုံးပြုးဖြင့် ပြောလိုက်လေသည်။

"ဟားဟား.. အထွေထွေမန်နေဂျာဖုန်း ခင်ဗျား ဒီကိုလာစားမှတော့ ကျုပ်လည်း ရအောင်စီစဉ်ပေးမှာပေါ့။ ဘယ်အခန်းက ပိုကြီးလဲဆိုတာ ကြည့်လိုက်ဦးမယ်"

"ကျေးဇူးပဲဗျာ"

ဖုန်းထောင်၏မျက်နှာထက်ဝယ် ဂုဏ်ယူဝင့်ကြွားနေဟန် အပြုံးတစ်ပွင့်ရှိ၏။

"အထွေထွေမန်နေဂျာဖုန်းက အထင်ကြီးဖို့ကောင်းလိုက်တာ။ ဟိုတယ်မန်နေဂျာကတောင် ဒီလိုဂရုစိုက်ပေးရတယ်"

"အထွေထွေမန်နေဂျာဖုန်းက လူမှုရေးကွန်ရက် တော်တော်ကျယ်ပြန့်တယ်နော်။ နေရာတိုင်းမှာ မိတ်ဆွေတွေချည်းပဲ"

ဖုန်းထောင်က ဟိုတယ်မန်နေဂျာနှင့် ရင်းနှီးနေကြောင်း မြင်သောအခါ အတန်းဖော်များအားလုံးက စတင်ချီးကျူးကြလေတော့သည်။

ဖုန်းထောင်ကတော့ ဂုဏ်ယူဝင့်ကြွားနေသော အမူအရာတစ်ခုကို လှစ်ဟပြနေချေသည်။

"မဟုတ်ပါဘူး။ ငါက ဒီကို မကြာခဏလာစားဖြစ်လို့ပါ။ ခဏနေရင် မင်းတို့လည်း ဟိုတယ်မန်နေဂျာနဲ့ ရင်းနှီးသွားလိမ့်မယ်"

"ဟားဟား တကယ့်ဘောစိပါပဲကွာ။ ငါကတော့ ဒီလိုနေရာမျိုးမှာ မစားနိုင်ပါဘူး"

"အမှန်ပဲ။ အထွေထွေမန်နေဂျာဖြစ်တဲ့ မင်းကပဲ ဒီလိုအဆင့်မြင့်နေရာတွေမှာ စားနိုင်တာ"

"ဟုတ်ပါပြီကွာ။ ငါ့ကိုမြှောက်မနေကြနဲ့တော့။ ငါက ဒီကို အလုပ်ကိစ္စအတွက်နဲ့ပဲ ညစာလာစားဖြစ်တာ"

ဖုန်းထောင်မှာ အပေါ်ယံတွင် နှိမ့်ချနေဟန်တူသော်ငြား စိတ်ထဲတွင်မူ ကျိတ်ဝမ်းသာနေမိသည်။ ထို့ပြင် သူသည် ယဲ့ချန်ကို ရန်စချင်ဟန်ဖြင့် လှမ်းကြည့်လိုက်သေးသည်။

မင်းလို တက္ကစီဒရိုင်ဘာတစ်ယောက်က ဒီလိုစားသောက်ဆိုင်မျိုးမှာ စားနိုင်လား?

သူ့ဘေးနားရှိ ထျန်းလိလိ၏မျက်လုံးထဲတွင်မူ လေးစားအားကျမှုများဖြင့် ပြည့်နှက်နေသည်။

ယနေ့ကျောင်းသားဟောင်းတွေ့ဆုံပွဲပြီးလျှင် အတန်းထဲရှိ ဒုတိယအလှဆုံးမိန်းကလေးကို သူ သေချာပေါက် အရယူမည်ဟု ဖန်းထောင် အစီအစဉ်ချထားလေသည်။

မကြာခင်မှာပင် မန်နေဂျာစုန့် ပြန်ရောက်လာသည်။

ဖုန်းထောင်ကလည်း ဟန်တစ်လုံးပန်တစ်လုံးဖြင့် အနားသို့ ချဉ်းကပ်သွားလိုက်သည်။

"အထွေထွေမန်နေဂျာဖုန်း ကျုပ် တကယ်စိတ်မကောင်းပါဘူး။ ကျုပ်တို့ရဲ့ အခန်းကျယ်တွေအားလုံးက ဘိုကင်ပြည့်နေပါပြီ။ ဖြစ်နိုင်ရင် ခင်ဗျားတို့ အခန်းနှစ်ခန်းခွဲသုံးကြပါလား"

"ဟင်? ကျုပ် ခင်ဗျားကို ကြိုပြောထားတယ်လေ။ ကျုပ်တို့က ကျောင်းသားဟောင်းတွေ့ဆုံပွဲကို အခန်းနှစ်ခန်းခွဲပြီး လုပ်ရမှာလား"

ဖုန်းထောင်လည်း မကျေမနပ်ဖြစ်ဟန်ဖြင့် ပြန်ပြောလိုက်သည်။

"တကယ်စိတ်မကောင်းပါဘူးဗျာ။ ကျုပ်တို့မှာ အခန်းကျယ်တစ်ခန်းတော့ရှိပါတယ်။ ဒါပေမဲ့ တခြားအရေးကြီးဧည့်သည်တစ်ယောက်က ယူထားလို့ပါ"

မန်နေဂျာစုန့်ခမျာ တောင်းတောင်းပန်ပန်ဖြင့် ပြောလိုက်လေသည်။

"ကျုပ်က ခင်ဗျားတို့ရဲ့ ဗီအိုင်ပီဧည့်သည်လေ။ ခင်ဗျားတို့က ဧည့်သည်တွေကို ဒီလိုပဲဆက်ဆံတာလား"

မန်နေဂျာစုန့်ခမျာ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်ရသည်။

"တကယ်တောင်းပန်ပါတယ်ဗျာ။ ဒါပေမဲ့ အခန်းကျယ်တွေက တကယ် မရနိုင်တော့လို့ပါ"

"ခင်ဗျား..."

ဖုန်းထောင်၏မျက်နှာကား နီရဲသွားချေသည်။ သူ့မှာ အစောကပင် ဟိတ်ဟန်ထုတ်၍ ကြွားဝါထားသော်လည်း ယခုတော့ အရှက်ကွဲရလေပြီ။

"တခြားနည်းလမ်းတစ်ခုခုများရှိလား။ ကျုပ်တို့အတန်းဖော်တွေက မတွေ့ရတာ ခြောက်နှစ်ခုနစ်နှစ်လောက်ရှိပြီ"

ယဲ့ချန်က ရုတ်တရက် မတ်တတ်ထရပ်ပြီး မန်နေဂျာစုန့်ကို ပြောလိုက်လေသည်။

ယဲ့ချန် စကားဝင်ပြောလာသည်ကို ကြားသောအခါ ဖုန်းထောင်က စက်ဆုပ်ရွံရှာဟန်ဖြင့် သရော်လိုက်၏။

"ငါတောင် မစီစဉ်နိုင်မှတော့ တက္ကစီဒရိုင်ဘာတစ်ယောက်က ဘယ်လိုလုပ်နိုင်မှာလဲ"

ယဲ့ချန်ကို မြင်သောအခါ စုန့်မင်၏အမူအရာလည်း ရုတ်တရက် ပြောင်းလဲသွားရသည်။

အစောပိုင်းတုန်းက ယဲ့ချန်သည် အနောက်နားတွင် ရှိနေသောကြောင့် စုန့်မင် မမြင်ခဲ့ပေ။

ပြီးခဲ့သည့်တစ်ခေါက် ဟယ်ကျား၏အိမ်မှ ပြန်လာခဲ့ပြီးနောက် တစ်ခုခုဖြစ်လာလေမလားဟု သူ စိုးရိမ်နေခဲ့ရသည်။ သို့သော် ယဲ့ချန်ကို ဤမျှမြန်မြန်ဆန်ဆန် ပြန်တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားပေ။

ထိပ်တန်းလုပ်ငန်းရှင်တစ်ယောက်နှင့် ရင်ဆိုင်ရာတွင် စုန့်မင်လည်း ပေါ့ပေါ့တန်တန် မဆက်ဆံရဲပေ။

သူ တစ်ခုခုပြောရန်ဟန်ပြင်လိုက်သော်ငြား ယဲ့ချန်က သူ့သရုပ်မှန်ကို မဖော်ထုတ်ရန် အကြည့်တစ်ချက်ဖြင့် သတိပေးနေချေသည်။

အတွေ့အကြုံရှိသောကျွမ်းကျင်သူ စုန့်မင်လည်း ယဲ့ချန်၏ အကြည့်က သူ့အား မဖော်ထုတ်ရန် သတိပေးနေကြောင်း သဘောပေါက်သဖြင့် အမြန်ပြန်ပြောလိုက်သည်။

"ဟုတ်ကဲ့။ ကျွန်တော်တို့မှာ ဧကရာဇ်ခန်းမတစ်ခုတော့ အားပါတယ်။ အဲဒါကို အသုံးပြုခွင့်ပေးပါ့မယ်ဗျ"

"ဧကရာဇ်ခန်းမ?"

စုန့်မင်၏စကားကို ကြားသောအခါ လူတိုင်း အံ့အားသင့်သွားကြလေသည်။

ဟွမ်းယွီဟိုတယ်၏ ဧကရာဇ်ခန်းမမှ မိုတုမြို့တွင် ထာဝရဒဏ္ဍာရီတစ်ခုဖြစ်ခဲ့ပေသည်။

အကြောင်းမှာ ထိုခန်းမကို သာမန်ဧည့်သည်များအတွက် ဖွင့်မပေးသောကြောင့်ပင်။ လူကုံထံများပင် ထိုအခန်းကို ကြိုတင်မှာယူ၍မရနိုင်ပေ။

ဧကရာဇ်ခန်းမမှာ မိုတုမြို့ရှိ ဒဏ္ဍာရီဆန်သောပုဂ္ဂိုလ်များအတွက် အထူးပြင်ဆင်ထားခြင်းဖြစ်၏။ သို့ဖြစ်လေရာ မန်နေဂျာစုန့်က ထိုအခန်းကို ဖွင့်ပေးလိုက်သည်မှာ အံ့အားသင့်စရာကောင်းလှ၏။

စုန့်မင်က သူတို့အားလုံးကို ဧကရာဇ်ခန်းမဆီသို့ ဦးဆောင်၍ ခေါ်သွားလေသည်။ ခမ်းနားထည်ဝါသော ခန်းမကြီးကိုမြင်လိုက်ရသောအခါ လူတိုင်း အံ့သြမှင်တက်သွားကြရှာသည်။

စုန့်မင်က ယဲ့ချန်ကို လှည့်ကြည့်၍ ဦးညွှတ်လိုက်၏။

"ပျော်ပျော်နေကြပါဗျ။ လိုအပ်တာရှိရင်လည်း စားပွဲထိုးကို ခေါ်ပြီး ကျွန်တော့်ကို အကြောင်းကြားခိုင်းလို့ရပါတယ်"

"တကယ်ပါပဲ။ အထွေထွေမန်နေဂျာဖုန်းက တကယ့်ကို အထင်ကြီးဖို့ကောင်းတာပဲ"

ထျန်းလိလိခမျာ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

"ဟုတ်ပါရဲ့။ ဒီလိုဧကရာဇ်ခန်းမမျိုးဆိုတာ သာမန်လူတွေ ဘိုကင်တင်လို့မရဘူး"

"အထွေထွေမန်နေဂျာဖုန်းက တကယ်အစွမ်းထက်တာပဲ"

အတန်းဖော်များ၏ ချီးမွမ်းထောပနာပြုသံများကို ကြားနေရသော်လည်း ဖုန်းထောင်ခမျာ အကြောင်သားငေးငိုင်နေမိသည်။

••••••••••••••

All Chapters