သီချင်းက တော်တော်ဆိုးဝါးတာပဲ
Vol. 2 Ch. 16
ယဲ့ချန်း၏စကားများကို ကြားသောအခါ အသံအင်ဂျင်နီယာများမှာ ရုတ်တရက် လန့်နိုးသွားချေသည်။
ယဲ့ချန်းက ဤသို့ဆိုလာသည်။
"မင်းရဲ့သီချင်းက အမှိုက်တစ်စလို ဆိုးဝါးလိုက်တာ။ ဒါကဘာကြီးလဲ။ မထုတ်လွှင့်နဲ့။ အလကားသက်သက် အချိန်ကုန်တယ်"
ထိုအခိုက်အတန့်လေးဝယ် လူတိုင်း အံ့ဩမှင်တက်ကုန်ကြသည်။
အမှိုက်တဲ့လား? ကိုယ့်လူ မင်း တအားတဲ့တိုးမဆန်လွန်းဘူးလား? တစ်ဖက်မိန်းကလေး ဘယ်လိုခံစားရမလဲဆိုတာကို ထည့်မတွက်တော့ဘူးလား?
ယန်းမီမီ၏အပြုံးလည်း ရုတ်ခြည်းပျောက်ကွယ်သွားရလေသည်။
အစကမူ ယဲ့ချန်းလည်း အခြားလူများနည်းတူ သူ(မ)ကို ချီးကျူးလာလိမ့်မည်ဟု ထင်ထားမိသည်။ သို့သော် ယဲ့ချန်းက ဤသီချင်းကို အမှိုက်တစ်စဟု သုံးနှုန်းလိုက်ပြီး သူ(မ)က အလကားသက်သက် လူတိုင်း၏အချိန်ကို ဖြုန်းနေသည်ဟုပါ ဆိုလာလေသည်။
"ယဲ့ချန်း ဒါက ဘာအဓိပ္ပာယ်လဲ"
"ဘာရယ်မဟုတ်ပါဘူး။ လူတိုင်းကို ဒုက္ခမများစေချင်ရုံပါ"
"မင်း သတိမထားမိဘူးလား။ မင်းရဲ့သီချင်းကြောင့် အသံအင်ဂျင်နီယာတွေက အိပ်ပျော်မတတ်ဖြစ်နေတာလေ။ ဒီလိုသီချင်းမျိုးက ပေါက်မှာတဲ့လား"
ဤသို့ပြောရင်း ယဲ့ချန်းက A4စာရွက်တစ်ရွက်ကို ယန်းမီမီဆီသို့ ပစ်ပေးလိုက်သည်။
"ဒါက ငါ ခုနက မင်းအတွက် ရေးပေးထားတဲ့သီချင်းပဲ။ မင်း နာမည်ကြီးချင်တယ်ဆိုရင် ဒီသီချင်းကိုဆိုလိုက်"
ဘာ? သူက ခုနကတင် သီချင်းတစ်ပုဒ်ကို ရေးလိုက်တာလား?
ယဲ့ချန်း အစောတုန်းက A4စာရွက်ပေါ်တွင် ရေးခြစ်နေခဲ့သည်ကို အသံအင်ဂျင်နီယာများ မြင်ထားလေသည်။
သို့သော် ယဲ့ချန်းက သီချင်းတစ်ပုဒ်ကို ဤမျှမြန်မြန်ဆန်ဆန်ရေးနိုင်လိမ့်မည်ဟု သူတို့ လုံးဝမျှော်လင့်မထားပေ။
ထို့နောက် ယဲ့ချန်းက ဆက်ပြောလိုက်သည်။
"စာသားနဲ့သံစဉ်ကို ရင်းနှီးအောင် အရင်လုပ်လိုက်။ နောက်မှ ငါ့ကိုဆိုပြပေါ့။ ငါ မင်းကို လမ်းညွှန်ပေးမယ်"
ဘာ?
တက္ကစီဒရိုင်ဘာဝတ်စုံ ဝတ်ဆင်ထားသော ယဲ့ချန်းကိုကြည့်ရင်း ရှိရှိသမျှလူအပေါင်းလည်း ကြက်သေသေကုန်ကြ၏။
မင်းက တက္ကစီဒရိုင်ဘာမဟုတ်ဘူးလား? အဲဒါကို သီချင်းရေးတယ်ပေါ့လေ? မီမီကိုတောင် လမ်းညွှန်ပေးဦးမတဲ့? မီမီက ဂီတတက္ကသိုလ်တစ်ခုကနေ ဘွဲ့ရထားတယ်ဆိုတာ မင်းမသိဘူးလား?
ထို့ပြင် ဤသီချင်းကို အပြီးသတ်ရန်အတွက် ယဲ့ချန်း ဆယ်မိနစ်သာ အချိန်ယူခဲ့ခြင်းပင်။ အရှိန်ကား မြန်လွန်းလှသည်။
"ရှင် သီချင်းရေးထားတာလား?!"
ယန်းမီမီလည်း ကြက်သေသေသွားရသည်။
ယဲ့ချန်းက တက္ကစီဒရိုင်ဘာမဟုတ်ဘူးလား? သူက သီချင်းလည်းရေးတတ်တာပဲလား?
"ဒီနေ့ခေတ် ပေါ့သီချင်းတွေက လူငယ်တွေကို လှုံ့ဆော်နိုင်ဖို့လိုတယ်။ အဓိပ္ပာယ်မရှိတဲ့ ဇာတ်ဆန်လွန်းတဲ့အဲဒီသီချင်းတွေက ဒိတ်အောက်နေပြီ။ ဒီတော့ မင်းရဲ့သီချင်းကို ပေါက်စေချင်ရင် လူတွေရဲ့ရင်ထဲကို နက်နက်ရှိုင်းရှိုင်းထိမိစေပြီး သူတို့ကို လှုံ့ဆော်နိုင်စွမ်းရှိတဲ့ သီချင်းမျိုးပဲဖြစ်သင့်တယ်"
အသံသွင်းစတူဒီယိုထဲတွင် ရုတ်ခြည်းဆိုသလို သုသာန်တစပြင်အလား တိတ်ဆိတ်သွားလေတော့သည်။
တက္ကစီဒရိုင်ဘာတစ်ယောက်က အံ့ဖွယ်ကောင်းလောက်အောင်ပင် ပေါ့ဂီတအကြောင်း နက်နက်နဲနဲနားလည်ထားပေသည်။
"ဒီသီချင်းက မင်းရဲ့အဆိုစွမ်းရည်သာ မဆိုးဘူးဆိုရင် ရွှေရောင်ဂီတဇယားရဲ့ ထိပ်ဆုံးသုံးပုဒ်ကို သေချာပေါက်ရောက်မှာ"
ယဲ့ချန်း ဆက်ပြောလိုက်သည်။
ရွှေရောင်ဂီတဇယားရဲ့ ထိပ်ဆုံးသုံးပုဒ်တဲ့လား?
အသံသွင်းစတူဒီယိုထဲရှိ ဝန်ထမ်းများအားလုံး အံ့ဩမှင်တက်သွားကြသည်။ သူတို့မျက်လုံးထဲတွင်မူ ယဲ့ချန်းဟာ ရူးနှမ်းနေသည့်အလားပင်။
တက္ကစီဒရိုင်ဘာတစ်ယောက်က သီချင်းတစ်ပုဒ်ကို ကြုံသလိုရေးပြီး ရွှေရောင်ဂီတဇယားရဲ့ ထိပ်ဆုံးသုံးပုဒ်ထဲကို ဝင်အောင်လုပ်နိုင်တယ်တဲ့လား? ဒါက စိတ်ကူးယဉ်နေတာပဲ?
ယန်းမီမီလည်း အကြောင်သားဖြစ်သွားရ၏။
ဂီတဇယားထဲကို ဝင်အောင်လုပ်ရန်မှာ ယန်းမီမီ၏ရည်ရွယ်ချက်ပင်။ သို့သော် ရွှေရောင်ဂီတဇယား၏ ထိပ်ဆုံးသုံးနေရာကို ဝင်ရန်မှာမူ သူ(မ) အိပ်မက်ပင်မမက်ရဲသော အရာတစ်ခုဖြစ်သည်။
"ရွှေရောင်ဂီတဇယားရဲ့ ထိပ်ဆုံးသုံးနေရာကို ပြောချင်တာလား"
ယန်းမီမီခမျာ အံ့ဩတကြီးမေးလိုက်လေသည်။
တက္ကစီဒရိုင်ဘာတစ်ယောက်က ရွှေရောင်ဂီတဇယား၏ ထိပ်ဆုံးသုံးနေရာသို့ရောက်နိုင်သော အံ့ဖွယ်ကောင်းသည့် ရလဒ်မျိုးကို ထွက်စေနိုင်သည့် သီချင်းတစ်ပုဒ်ကို ပေါ့ပေါ့ပါးပါးရေးနိုင်သည်ဟု သူ(မ) မယုံနိုင်ပေ။
"တခြားသီချင်းကောင်းတစ်ပုဒ်မှမရှိဘူးဆိုရင် ရွှေရောင်ဂီတဇယားရဲ့ နံပါတ်တစ်ကို ရဖို့လည်း ဖြစ်နိုင်ပါတယ်"
"မင်းရဲ့အဆိုစွမ်းရည်က သိပ်မဆိုးဝါးဘူးဆိုရင်ပေါ့"
ယန်းမီမီလည်း A4စာရွက်ပေါ်ရှိ သီချင်းကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်မိသည်။ တစ်ချက်မျှကြည်လိုက်ရုံဖြင့် သူ(မ) ဆွဲဆောင်ခံလိုက်ရသည်။
ထိုအချိန်မှာပင် အသံသွင်းအခန်းထဲရှိ ဝန်ထမ်းများလည်း အံ့ဩသွားချေသည်။
တက္ကစီဒရိုင်ဘာတစ်ယောက်က သီချင်းတစ်ပုဒ်ကို အေးအေးလူလူရေးခဲ့သည့်တိုင် ထိုသီချင်းက ရွှေရောင်ဂီတဇယား၏ ထိပ်ဆုံးသို့ရောက်မည်တဲ့လား?
ဤသည်မှာ ဘယ်လိုဟာသမျိုးလေလဲ။
ယန်းမီမီ သံစဉ်ကိုညည်းလိုက်မိသည်။ အဆုံးတွင်မူ ဆုံးဖြတ်ချက်ချလိုက်တော့သည်။
'တခြားလူတွေ ဘာပြောပြော ဂရုမစိုက်ဘူး'
'မင်းသာထောက်ခံရင် ကမ္ဘာမြေအဆုံးအထိ ငါ မင်းနောက်ကို လိုက်နေမှာ'
'ဒီကိစ္စ မလွယ်မှန်းတော့ သိပါရဲ့'
…
လှပငြိမ့်ညောင်းသော သံစဉ်ကို နားထောင်ပြီးနောက် စတူဒီယိုထဲရှိ လူတိုင်းမှာ ကြက်သေသေသွားကြချေသည်။
"ဒီသီချင်းက အရမ်းကောင်းတာပဲ"
တကယ်တမ်းတွင် ဤသီချင်းကို ကြားလိုက်ရသောအခါ အိပ်ငိုက်နေကြသူများ နိုးကြားသွားကြလေပြီ။
တေးသွားတီးကွက်ဖော်သူကလည်း ထိုသီချင်းထဲကအတိုင်း ကွန်ပျူတာထဲမှ တေးသွားကို လိုက်ညှိလိုက်၏။
ယန်းမီမီခမျာ အသံသွင်းခန်းထဲကို ဝင်ချင်လှပြီဖြစ်၏။
လှပငြိမ့်ညောင်းသော ဂီတသံနှင့်အတူ ယန်းမီမီလည်း သံစဉ်အလိုက် သီဆိုပါတော့သည်။
အသံသွင်းခန်းထဲရှိ ဝန်ထမ်းများမှာ ထိုသီချင်းသံကိုကြားပြီး မျက်ဝန်းများ အရောင်တောက်သွားလေသည်။ သံစဉ်ပင်ဖြစ်စေ စာသားပင်ဖြစ်စေ ဤသီချင်းမှာ အကုန်ကောင်းပေသည်။
ယန်းမီမီ၏နှလုံးသားထဲဝယ် တက်ကြွမှုတို့ ပြည့်နှက်သွားရသည်။
ဤသည်မှာ သူ(မ)ရှာဖွေနေသော ခံစားချက်ပင်။
သီချင်းအဆုံးတွင် လက်ခုပ်သြဘာသံများက စတူဒီယိုခန်းထဲ ပြည့်နှက်သွားလေတော့သည်။ ဝန်ထမ်းများကလည်း လက်ခုပ်သြဘာပေးကြ၏။
"မီမီ ဆိုသွားတာသိပ်ကောင်းတာပဲ"
"ဒီသီချင်းကို ကောင်းကောင်းမွန်မွန်ရေးထားတာပဲ"
ယန်းမီမီလည်း အလွန်စိတ်လှုပ်ရှားသွားရသည်။ သူ(မ) ယဲ့ချန်းကို ကျေးဇူးတင်စွာဖြင့် ကြည့်၍ ပြောလိုက်လေသည်။
"ယဲ့ချန်း ကျေးဇူးအများကြီးတင်ပါတယ်"
ယဲ့ချန်းကတော့ မျက်မှောင်ကြုတ်လိုက်မိသည်။
"မင်း ဒီသီချင်းကို ဆိုးဆိုးဝါးဝါးဆိုခဲ့တာပဲ"
ယန်းမီမီ၏အပြုံးကား ရုတ်ခြည်းပျောက်ကွယ်သွားရသည်။ သူ(မ) နည်းနည်းလည်း ဒေါသထွက်မိသည်။
"ဆိုးဝါးတယ်?"
ဤစကားလုံးမှာ ယန်းမီမီအတွက် အနည်းငယ်ချဲ့ကားလွန်းသည်။
ယန်းမီမီလည်း သက်ပြင်းနက်နက်ရှိုက်ရှူရင်း ပြောလိုက်သည်။
"ကောင်းပြီလေ။ ကျွန်မသီချင်းဆိုတာက ဆိုးဝါးတယ်ဆိုတော့ ဘယ်နေရာကများ ဆိုးဝါးသွားတာလဲ"
ယဲ့ချန်းက ပြန်မပြောပါဘဲ အသံသွင်းခန်းထဲသို့ လျှောက်ဝင်လာလေသည်။
"ငါဆိုပြမယ်။ မင်း သေချာနားထောင်ပြီး ခံစားချက်ကို အမိအရဖမ်းဆုပ်ထား"
ယန်းမီမီလည်း အသက်ပြင်းပြင်းရှိုက်ပြီးနောက် နားကြပ်တပ်လိုက်သည်။
မကြာခင်၌ ယဲ့ချန်း၏အသံက နားကြပ်မှတစ်ဆင့် စီးဆင်းလာချေသည်။ ယဲ့ချန်၏ဆိုဟန်မှာ သာယာနာပျော်ဖွယ်ကောင်းပြီး စိတ်ကို အေးချမ်းစေသည်။
အမလေး! ယဲ့ချန်းရဲ့သီချင်းဆိုသံက အရမ်းအံ့သြဖို့ကောင်းတာပဲ!
ယဲ့ချန်းသည် အစောပိုင်းကမှ နတ်ဘုရားအဆင့်အဆိုစွမ်းရည်ကို ရရှိထားသဖြင့် သီချင်း၏ခံစားချက်အနိမ့်အမြင့်အတိုင်း ပြီးပြည့်စုံစွာ သီဆိုလိုက်ပေသည်။
ယန်းမီမီသာမက ဝန်ထမ်းများလည်း အံ့သြမှင်တက်သွားရသည်။
ဤလူငယ်လေးက တက္ကစီဒရိုင်ဘာရော ဟုတ်ရဲ့လား?
သူ့သီချင်းဆိုသံကား ပြောင်မြောက်လှသည်။
သီချင်းအဆုံးတွင် ယဲ့ချန်း မေးလိုက်၏။
"ခံစားမိလိုက်လား"
ထိုအခိုက်အတန့်ဝယ် ယန်းမီမီ၌ ဘာမကျေနပ်ချက်မှ မရှိတော့ပေ။ ထိုအစား ဆရာတစ်ယောက်ထံမှ ဆုံးမခံနေရသော ကျောင်းသူတစ်ယောက်အလားပင်။
"ကျွန်မ ကြိုးစားကြည့်လိုက်မယ်"
ယန်းမီမီ နောက်တစ်ကြိမ်သီဆိုကြည့်လိုက်၏။
"ဟင့်အင်း။ အဲဒီခံစားချက်က မှားနေတယ်။ ဒီသီချင်းရဲ့ အနှစ်သာရက ဘာလဲ။ ကိုယ့်ကိုယ်ကိုယ်ချစ်မြတ်နိုးစိတ်နဲ့ ပတ်ဝန်းကျင်ရဲ့အမြင်ကို ဂရုမစိုက်ဖို့ ပြောထားတာ။ မင်း ယုံကြည်မှုအပြည့်နဲ့ သီဆိုဖို့လိုတယ်"
ယန်းမီမီ၏ဆိုဟန်အမှားများကို ယဲ့ချန်း ဆက်တိုက်ပြင်ပေးနေ၏။ ညလုံးပေါက်ကြိုးစားအားထုတ်ပြီးသွားသည့်အဆုံးတွင်မူ ယဲ့ချန်း စိတ်ကျေနပ်သွားပြီဖြစ်၏။
ယန်းမီမီလည်း ထိုအခါမှသာ သက်မချနိုင်သည်။
စပီကာထဲမှထွက်လာသည့် လှပငြိမ့်ညောင်းသော သီချင်းသံကို နားထောင်ရင်း သူ(မ) အံ့အားသင့်သွားရသည်။
အမလေး ဒါက တကယ်ပဲ ငါဆိုထားတဲ့သီချင်းလား?
ထို့နောက် ယဲ့ချန်းက ယန်းမီမီကို အိမ်ပြန်ပို့ပေးခဲ့သည်။ အချိန်ကား မနက်လေးနာရီကျော်နေလေပြီ။
"ယဲ့ချန်း ကျေးဇူးတင်ပါတယ်"
ယန်းမီမီခမျာ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်လိုက်သည်။
"ကျေးဇူးတင်ဖို့မလိုပါဘူး။ ငါ့ကို ကြယ်ငါးပွင့်ရီဗျူးပေးဖို့ မမေ့နဲ့နော်"
"ကိစ္စမရှိပါဘူး"
[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိလိုက်တဲ့အတွက် Hostကို ဂုဏ်ပြုပါတယ်။ ပထမမြောက်ကြယ်(၁/၅)ကို ရရှိလိုက်ပါပြီ။ ဆုလာဘ်ကတော့ ငွေသား၁၀ဘီလျံပါ!]
ပထမကြယ်တစ်ပွင့်ကို ရရှိလိုက်ပြီဖြစ်ရာ ယဲ့ချန်းလည်း အိမ်ပြန်၍ ရေမိုးချိုးကာ အိပ်ရာဝင်လိုက်တော့သည်။
နောက်တစ်နေ့မနက်၌ ဖုန်းမြည်သံကြောင့် ယဲ့ချန်း နိုးလာခဲ့သည်။
"မင်္ဂလာပါ မစ္စတာယဲ့ချန်းလား"
"ဟုတ်ပါတယ်။ ဘယ်သူလဲမသိဘူး"
"ကျွန်တော်က မိုတုစီးပွားရေးလမ်းမရဲ့မန်နေဂျာ ကျန်းရှန့်ပါ။ သူဌေး.. ကျွန်တော်တို့ဆီမှာ သူဌေးလက်မှတ်ထိုးပေးဖို့လိုတဲ့ ရှယ်ယာလွှဲပြောင်းရေးစာချုပ်တစ်ခု ရှိပါတယ်"
"သြော် သိပါပြီ။ ခဏလောက်စောင့်ပေးပါ။ ကျွန်တော် မိုတုစီးပွားရေးလမ်းမကို တစ်နာရီအတွင်း လာခဲ့မယ်"
ထိုအရာမှာ မကြာခင်၌ သူ့ပိုင်ဆိုင်မှုဖြစ်လာတော့မည်ဖြစ်ရာ တစ်ချက်လောက်တော့ သွားကြည့်သင့်ပေသည်။
ရေမိုးချိုး၍ မနက်စာစားသောက်ပြီးနောက် သူ့ဖုန်းက မြည်လာပြန်သည်။
"ယဲ့ချန်း ကျွန်မ ကားငှားချင်လို့"
ခေါ်ဆိုသူမှာ လင်ရှန်းရှန်းဖြစ်၏။
"ဟုတ်ပြီ။ အခု လာနေပြီနော်"
အချိန်ကိုစစ်ကြည့်လိုက်ပြီးနောက် ယဲ့ချန်းလည်း ခရီးသည်ကို အရင်လိုက်ပို့ရန် ဆုံးဖြတ်လိုက်သည်။
ယဲ့ချန်းအတွက်တော့ တက္ကစီဆွဲမည့်အခေါက်တိုင်းမှာ ရလဒ်ကောင်းထွက်နိုင်သည်သာ။ နောက်ထပ်ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်တစ်ခု ထပ်ရနိုင်ပေသည်။
ကျင်ခပ်ဥယျာဉ်၏ဝင်ပေါက်တွင် ယဲ့ချန်း ကားကို ပါကင်ထိုးလိုက်၏။ ထို့နောက် ကာတွန်းတီရှပ်ကို ဝတ်ဆင်ထားသော လင်ရှန်းရှန်းက Paganiပြိုင်ကားထဲသို့ ဝင်လာသည်။
"ဟေ့ အဲဒါက ငါတို့အိမ်ရာထဲက နံပါတ်တစ်အလှပဂေးလေး မဟုတ်လား။ ကြည့်ရတာတော့ လူကုံထံတစ်ယောက်ယောက်ကို အမိဖမ်းနိုင်လိုက်ပုံပဲ"
"ဇိမ်ခံကားရယ် အလှလေးရယ်.. အောင်မြင်တဲ့ယောကျ်ားတစ်ယောက်ရဲ့ စံသတ်မှတ်ချက်ပေါ့။ ငါတို့ကတော့ အားကျစိတ်နဲ့ ကြည့်နေရုံပဲတတ်နိုင်တယ်"
လုံခြုံရေးအစောင့်များ၏ ရေရွတ်သံများအကြား ယဲ့ချန်းက လီဗာကိုဖိထားရင်း မေးလိုက်သည်။
"ဘယ်သွားမှာလဲ"
"မသိဘူး။ ဒီအတိုင်း ကျွန်မ ရှင့်ကိုသတိရလို့။ ဘယ်နေရာပဲဖြစ်ဖြစ် အဆင်ပြေတယ်"
လင်ရှန်းရှန်းက ရှက်ရွံ့လေဟန်ဖြင့် ပြောလာလေသည်။
ယဲ့ချန်း : "..."
"အဲဒီလိုဆိုရင် ငါ မင်းကို မိုတုစီးပွားရေးလမ်းမဆီကို လမ်းလျှောက်ထွက်ဖို့ ခေါ်သွားပေးမယ်"
ယဲ့ချန်း ပြုံးစစဖြင့် ပြောလိုက်သည်။
ထိုအချိန်မှာပင် ရေဒီယိုထုတ်လွှင့်မှုတစ်ခုက Paganiကား၏ စပီကာမှ ထွက်ပေါ်လာချေသည်။
"ဒီနေ့မှာပဲ 'သတ္တိ"ဆိုတဲ့သီချင်းက ရွှေရောင်ဂီတဇယားပေါ်ကို ရောက်ရှိလာပါပြီ...!"
••••••••••••••••