သူက ငါ့ဘော့စ်ပဲ
Vol. 2 Ch. 17
လင်ရှန်းရှန်း စကားစလိုက်သည်။
"ယဲ့ချန်း ရှင် ဒီသီချင်းနားထောင်ပြီးပြီလား။ အရမ်းကောင်းတာပဲ"
"တကယ်လား။ မင်းရော သဘောကျလား"
"သဘောကျတာပေါ့။ ဒီသီချင်းက အရမ်းမိုက်တယ်လေ။ ဂီတဇယားထဲကို ဝင်လာပြီး ထိပ်တန်းဆယ်ပုဒ်ထဲကို တန်းရောက်သွားတာ။ အခုဆိုရင် တတိယနေရာတောင် ရောက်နေပြီ။ သိပ်မကြာခင် ရွှေရောင်ဂီတဇယားမှာ နံပါတ်တစ်နေရာကို ချိတ်တော့မှာ"
'နောက်ဆုံးတော့ ငါဆုံးဖြတ်ချက်ချလိုက်ပြီ။ တခြားလူတွေ ဘာပြောပြော ဂရုမစိုက်ပါလေ'
…
လင်ရှန်းရှန်းက သီချင်းစာသားကို လိုက်ဆိုနေလေသည်။
"စာသားရေးစပ်သူနဲ့ တေးရေးဆရာက တကယ်အရည်အချင်းရှိတာပဲ။ 'ရေအလျဉ်ဓားသွား'ဆိုတဲ့ နာမည်အတိုင်းဆိုရင် တေးရေးဆရာ ခန့်ညားတဲ့လူတစ်ယောက်ပဲ ဖြစ်ရမယ်"
ယဲ့ချန်း ကျိတ်ရယ်မိသည်။ ထိုခန့်ချောတေးရေးဆရာက သူ(မ)၏ဘေးတွင် ထိုင်နေလိမ့်မည်ဟု လုံးဝထင်မိမည်မဟုတ်ပေ။
ဖုန်းဝင်လာသည့်အခါ ယဲ့ချန်းလည်း ဘလူးတုနားကြပ်နှင့် ချိတ်လိုက်၏။
"ယဲ့ချန်း ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်မသီချင်းက ပေါက်သွားပြီ"
ယန်းမီမီ၏ စိတ်လှုပ်ရှားနေသောအသံက ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာလေသည်။
ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်မိသည်။
"ဂုဏ်ပြုပါတယ်။ ငါပြောသားပဲ။ မင်းသာ ကောင်းကောင်းဆိုရင် ရွှေရောင်ဂီတဇယားကိုဝင်ဖို့ဆိုတာ လွယ်လွယ်လေးပဲလို့"
"အင်း.. ကျွန်မ ရှင့်ကို နောက်မှ ညစာဝယ်ကျွေးမယ်။ အခု တီဗီအင်တာဗျူးတစ်ခုကို သွားလိုက်ဦးမယ်"
ဖုန်းချပြီးနောက် လင်ရှန်းရှန်းက သူ့အား တအံ့တသြကြည့်နေချေသည်။
"ရှင် ယန်းမီမီနဲ့သိတာလား"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်၏။
"အင်း... သိတယ်ပဲဆိုပါတော့"
"ရှင် ကျွန်မကို သူ့လက်မှတ်ထိုးထားတဲ့ဓာတ်ပုံလေး တစ်ပုံလောက် တောင်းပေးလို့ရမလား။ ကျွန်မက သူ့ပရိသတ်ပါ"
ယဲ့ချန်းလည်း ကူကယ်ရာမဲ့စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီလေ။ အခွင့်အရေးရရင် တောင်းလိုက်မယ်"
ဆယ်မိနစ်ကြာပြီးနောက် ယဲ့ချန်း စီးပွားရေးလမ်းမ၏ ကားပါကင်သို့ ရောက်လာသည်။
စီးပွားရေးလမ်းမကား အလွန်စည်ကားလွန်းလှသောကြောင့် ကားပါကင်ကလည်း ပြည့်ကျပ်နေသည်။
ယဲ့ချန်းလည်း ဟိုဟိုသည်သည်စူးစမ်းကြည့်လိုက်လေရာ မလှမ်းမကမ်း၌ ကားပါကင်တစ်နေရာစာ လွတ်နေသည်ကို မြင်လိုက်ရ၏။ ထို့ကြောင့် ထိုနေရာသို့ မောင်းသွားပြီး ပါကင်ထိုးလိုက်လေသည်။
သူတို့ ကားထဲကထွက်ထွက်ချင်းမှာပင် အနီရောင်ဖယ်ရာရီတစ်စီးက သူတို့အနားသို့ ချဉ်းကပ်လာ၏။
စကတ်တိုတိုလေး ဝတ်ထားသော အမျိုးသမီးတစ်ယောက်က ထိုကားထဲမှ ထွက်လာပြီး ယဲ့ချန်းအား အော်ဟစ်ပြောဆိုလေတော့သည်။
"ဟေ့ မင်းကန်းနေလား။ ဒါက မင်းရဲ့ကားပါကင်နေရာမို့လို့လား"
ယဲ့ချန်း မျက်မှောင်ကြုတ်လျက် ထိုဖယ်ရာရီအမျိုးသမီးကို စိုက်ကြည့်လိုက်မိသည်။
သူ(မ)မှာ အသက်နှစ်ဆယ်စွန်းစွန်းမျှသာ ရှိသေးပြီး ရုပ်ရည်ကလည်း ချောမောလှသည်။ သူ(မ)သည် ဒီဇိုင်နာအဝတ်အစားများကို အပြည့်ဝတ်ဆင်ထားပြီး ဟိတ်ဟန်များလွန်းလှ၏။
"ငါရောက်လာတဲ့အချိန်တုန်းက ဒီနေရာက လွတ်နေတာလေ။ ဘာလို့ ပါကင်ထိုးလို့မရရမှာလဲ"
ယဲ့ချန်းလည်း အေးတိအေးစက်ပင် ပြန်ပြောလိုက်၏။
"ဒီနေရာကို ငါ့အတွက် သီးသန့်ဖယ်ထားမှတော့ လွတ်နေပြီပေါ့။ ဒီနေရာမှာ ဘယ်သူမှ ပါကင်မထိုးရဲဘူး"
ထိုအမျိုးသမီးက မောက်မောက်မာမာ ပြောလာလေသည်။
ထိုအချိန်တွင် လုံခြုံရေးအစောင့်များ ရောက်ချလာသည်။
"မိန်းကလေးချန်း ဘာဖြစ်တာလဲ"
လုံခြုံရေးခေါင်းဆောင်က စိုးရိမ်တကြီးမေးလိုက်၏။
"ဒီလူက ကျွန်မနေရာမှာ ကားရပ်လိုက်တယ်လေ။ ရှင်တို့တွေ ဘာလုပ်နေကြတာလဲ။ ကားပါကင်တစ်နေရာလေးတောင် မထိန်းသိမ်းနိုင်ဘူးလား"
လုံခြုံရေးခေါင်းဆောင်ခမျာလည်း အနည်းငယ်မကျေနပ်လေဟန် အမူအရာကို ပြသလာသည်။
သူတို့သည် ကားပါကင်ရှိ လုံခြုံရေးအစောင့််များဖြစ်သဖြင့် မည်သူကမှ သူ(မ)၏ကားပါကင်နေရာကို အထူးတလည်စောင့်ကြပ်နေခြင်းမျိုး မရှိပေ။
ထို့ပြင် ထိုနေရာမှာ သူ(မ) အချိန်အကြာကြီးသိမ်းပိုက်ထားသော ဗီအိုင်ပီကားပါကင်နေရာလွတ်တစ်ခုဖြစ်သည်။
အနီရောင်ဝတ်ထားသော ထိုအမျိုးသမီးက ယဲ့ချန်းအား လက်ညှိုးထိုးလိုက်၏။
"ငါ မင်းကိုပြောမယ်။ မင်းရဲ့ကားကိုဖယ်ပေးဖို့ အချိန်တစ်မိနစ်ပေးမယ်"
သူ(မ)သာ ကောင်းကောင်းမွန်မွန်တောင်းဆိုလာလျှင် ယဲ့ချန်းလည်း ထိုနေရာကို စွန့်လွှတ်ကောင်း စွန့်လွှတ်ပေးနိုင်လောက်သည်။ သို့သော် သူ(မ)၏ ကျိုးကြောင်းဆီလျော်မှုမရှိသော အပြုအမူကြောင့် ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။
"ဖယ်မပေးဘူးဆိုရင်ရော"
ယဲ့ချန်းကလည်း အေးစက်စက်သာ ပြန်ပြောလိုက်သည်။
"မဖယ်ပေးရင်လား"
ထိုအမျိုးသမီးက လှောင်ပြောင်သရော်လာချေသည်။
"ရှင်တို့ ဝင်မဖြေရှင်းကြဘူးလား"
လုံခြုံရေးအစောင့်များမှာ ယဲ့ချန်းကို ကြည့်လိုက်မိကြသည်။
ယဲ့ချန်းကလည်း Paganiပြိုင်ကားကို စီးလာသည်ဖြစ်ရာ လူကုံထံတစ်ယောက်ဖြစ်ကြောင်း သိသာလှ၏။
ထိပ်သီးပုဂ္ဂိုလ်များ တိုက်ခိုက်ကြသည့်ပွဲတွင် သူတို့က မည်သူ့ကိုမှ မစော်ကားရဲသည့် သာမန်လုံခြုံရေးအစောင့်မျှသာ ဖြစ်၏။
လုံခြုရေးအစောင့်များ တိတ်ဆိတ်နေသည်ကို မြင်သောအ ခါ ထိုအမျိုးသမီးကလည်း လှောင်ပြုံးပြုံးလိုက်သည်။
"ကောင်းပြီ။ ရှင်တို့တွေ ဝင်မရှင်းဘူးဆိုရင်လည်း ကျွန်မကို အပြစ်လာမတင်နဲ့ပေါ့"
ထို့နောက် ထိုအမျိုးသမီးက သူ(မ)၏ဖုန်းကို ထုတ်လိုက်၏။
"အားဟောင်..ကျွန်မ ဖုန်းကျောက်ပါ။ လူတစ်ယောက်က ကျွန်မရဲ့ကားပါကင်နေရာကို လုထားပြီး ပမာမခန့်လာလုပ်နေလို့"
"ဘာ? ငါ့နယ်မြေမှာ ဘယ်သူက ပမာမခန့်လုပ်ရဲတာလဲ? အဲဒီမှာစောင့်နေ.. သူ့ကားကိုခြေမွှပစ်ဖို့ လူတွေခေါ်လာခဲ့မယ်"
ဖုန်းချလိုက်ပြီးနောက်တွင် ထိုအမျိုးသမီးက လှောင်ပြုံးပြုံးလိုက်လေသည်။
"ချာတိတ်.. မင်း သတ္တိရှိရင် ဒီကထွက်မသွားနဲ့"
ယဲ့ချန်းကလည်း သရော်ပြုံးပြုံးလိုက်မိသည်။ သူသည် ယခု မိုတုစီးပွားရေးလမ်းမ၏ ပိုင်ရှင်ဖြစ်သွားပြီမို့ သူ့အား မာန်တက်ပြနေသော သူ(မ)၏အပြုအမူကို လုံးဝမကြောက်ပေ။
လင်ရှန်းရှန်းကတော့ ယဲ့ချန်းကိုဆောင့်ဆွဲကာ ပြောလိုက်လေသည်။
"အစ်ကိုယဲ့.. ဒီကိစ္စကို ဒီအတိုင်းထားလိုက်သင့်တယ်ထင်တာပဲ။ ကားပါကင်တစ်နေရာလေးပဲကို။ သူပဲ ယူပါစေ"
လင်ရှန်းရှန်း၏စကားကို ကြားသောအခါ ထိုအမျိုးသမီးက ပို၍ပင် မောက်မာသွားချေသည်။
"တွေ့လား။ မင်းရည်းစားကမှ ဉာဏ်ကောင်းသေးတယ်။ မင်း အခုထွက်သွားမယ်ဆိုရင်လည်း နောက်မကျသေးပါဘူး။ ငါ့လူတွေရောက်လာရင် မင်းရဲ့ကားက တစ်စစီဖြစ်သွားတော့မှာ"
ယဲ့ချန်း မျက်ခုံးပင့်လျက် ပြုံးလိုက်မိသည်။
"ကောင်းပြီလေ။ ငါ့ကားကို မင်း ဘယ်လိုရိုက်ခွဲမလဲဆိုတာ ကြည့်ကြသေးတာပေါ့"
ထိုအချိန်မှာပင် အနက်ရောင်ဝတ်စုံပြည့်ဝတ်ဆင်ထားသော လူရှစ်ယောက်က တုတ်ကိုယ်စီကိုင်ကာ အဆောက်အအုံထဲမှ ထွက်လာလေသည်။
ဤလူများကို မြင်လိုက်ရချိန်ဝယ် ထိုအမျိုးသမီး၏မျက်ဝန်းများ အရောင်တောက်သွားသည်။
"ရွှမ်းကျီ ဒီကားကို ရိုက်ခွဲပစ်လိုက်စမ်းပါ။ ပြီးရင် သံတုံးကြီးတစ်ခုဖြစ်အောင် လုပ်ပစ်လိုက်"
ဤစကားကို ကြားသော် ရွှမ်းကျီလည်း သူ့အင်္ကျီလက်ကို ခေါက်တင်လိုက်၏။
"မိန်ကလေးချန်း.. ကျွန်တော်တို့ ဘယ်ကားကို ရိုက်ခွဲပေးရမလဲ"
"ဟိုနားက Paganiကားလေ"
ထိုအမျိုးသမီးက အံတင်းတင်းကြိတ်လျက် ပြောလိုက်၏။
"ဘာရယ် Paganiကားလား"
ရွှမ်းကျီခမျာ အံ့သြတုန်လှုပ်သွားရသည်။
"မိန်းကလေးချန်း ဒီကားက သန်းသုံးဆယ်တန်တယ်နော်"
ရွှမ်းကျီလည်း သတိကြီးကြီးထားလျက် ပြောလိုက်သည်။
"ဘာကို သန်းသုံးဆယ်လဲ။ အားဟောင်က ကျွန်မကိုကူညီပေးဖို့ ရှင့်ကိုလွှတ်လိုက်တာမလား။ တစ်ခုခုဖြစ်လာရင် သခင်လေးလု ရှင်းပေးလိမ့်မယ်"
ရွှမ်းကျီလည်း အံတင်းတင်းကြိတ်လျက် ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပါပြီ"
သူလည်း ထိုသို့ပြောပြီးနောက် တခြားလူများကို အမိန့်ပေးလိုက်သည်။
"ရိုက်ခွဲပစ်လိုက်"
ဝတ်စုံပြည့်ဝတ်ဆင်ထားသော အမျိုးသားများမှာ ရန်လိုစွာဖြင့် လှုပ်ရှားရန် ပြင်ကြလေတော့သည်။
သို့သော် ထိုအချိန်မှာပင် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က အနားသို့ ခပ်သွက်သွက်ရောက်ချလာသည်။
"ရပ်လိုက်စမ်း!"
ထိုအမျိုးသားကို မြင်လိုက်ရသောအခါ ရွှမ်းကျီနှင့် အခြားလူများလည်း မျက်နှာဖြူဖျော့သွားချေသည်။
"မန်နေဂျာကျန်း ဒီကိုဘာလို့ရောက်လာတာလဲ"
ကျန်းရှန်၏မျက်နှာထားမှာ ခက်ထန်နေပြီး အနားသို့ အလျင်အမြန်ချဉ်းကပ်လာလေသည်။
"မင်းတို့ ဘာလုပ်ကြမလို့လဲ"
ချန်းလိက မောက်မာစွာ ပြန်ပြောလိုက်၏။
"မန်နေဂျာကျန်း.. ဒီလူက ကျွန်မရဲ့ကားပါကင်နေရာကို လုသွားပြီး ဖယ်မပေးလို့ ကျွန်မလည်း သူ့ကို သင်ခန်းစာပေးဖို့ လူတွေခေါ်လိုက်တာ"
ယဲ့ချန်းကိုမြင်သောအခါ ကျန်းရှန်၏အမူအရာလည်း အနည်းငယ်ပြောင်းလဲသွားရသည်။
"မင်းက ငါတို့ဘော့စ်ရဲ့ကားကို ရိုက်ခွဲချင်တယ်ပေါ့?"
ကျန်းရှန့်က အေးစက်စက်ဆိုလိုက်ချေသည်။
"ဘော့စ်တဲ့လား?"
ချန်းလိခမျာ တဒင်္ဂမျှကြက်သေသေသွားသည်။
ကျန်းရှန့်ကလည်း အေးတိအေးစက်နှင့်ပင် ဆက်ပြောလိုက်သည်၏
"မစ္စတာယဲ့က ငါတို့စီးပွားရေးလမ်းမရဲ့ ပိုင်ရှင်ပဲ။ မင်းကများ သူ့ကားကိုရိုက်ခွဲဖို့ လူတွေခေါ်ရဲတယ်ပေါ့လေ။ တော်တော်အတင့်ရဲတာပဲ"
"အာ!"
ချန်းလိလည်း ထိုနေရာမှာတင် အကြောင်သားဖြစ်သွားရရှာသည်။
စီးပွားရေးလမ်းမရဲ့ပိုင်ရှင်လား?
ဤရာထူးကို ကြားလိုက်ရသည့်အခါ ချန်းလိ အနည်းငယ်တုန်ယင်သွားရသည်။
"ဘော့စ်.. ဒီကိစ္စကို ဘယ်လိုဖြေရှင်းလိုက်ရမလဲ"
ကျန်းရှန်လည်း စိတ်ပူပန်စွာ မေးလိုက်လေသည်။
ယဲ့ချန်းကမူ တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလာလေသည်။
"ငါက ငါ့သူငယ်ချင်းနဲ့ ဈေးဝယ်ထွက်မလို့။ မင်းဘာသာ အဆင်ပြေသလို ကြည့်ရှင်းထားလိုက်"
ထိုသို့ပြောပြီးနောက် ယဲ့ချန်းက လင်ရှန်းရှန်းကိုခေါ်ကာ ထွက်သွားလေတော့သည်။
ချန်းလိမှာ ဤလူ့ကို စီးပွားရေးလမ်းမ၏ပိုင်ရှင်ဖြစ်နေလိမ့်မည်ဟု လုံးဝထင်မထားပေ။ သူ(မ) ကျန်းရှန်ကို ကြည့်လိုက်မိ၏။
"အစ်ကိုကျန်း ကျွန်မတို့အားဟောင်ရဲ့မျက်နှာကိုထောက်ပြီး ဒီကိစ္စကို မေ့ထားပေးလို့မရဘူးလား"
"မေ့ထားပေးရမယ်တဲ့လား?"
ကျန်းရှန်က မျက်ခုံးပင့်လျက် မလှမ်းမကမ်းရှိ ယဲ့ချန်းကို လှမ်းကြည့်လိုက်၏။
ဤကိစ္စကိုသာ ကောင်းကောင်းမကိုင်တွယ်ပါက သူ့မန်နေဂျာရာထူးလည်း အဆုံးသတ်တော့မည်ဖြစ်ကြောင်း သူ ကောင်းကောင်းနားလည်သည်။
"သူ့ကားကို သံတုံးကြီးဖြစ်တဲ့အထိ ရိုက်ခွဲပစ်လိုက်"
ကျန်းရှန်က လုံခြုံရေးအစောင့်များကို ထိုသို့ညွှန်ကြားလိုက်သည်။
ဟိုးကတည်းက ချန်းလိနှင့် ဆက်ဆံရေးအဆင်မပြေခဲ့သော လုံခြုံရေးခေါင်းဆောင်ကလည်း ကျန်းရှန်၏အမိန့်ကို ချက်ချင်းနာခံလိုက်သည်။
"ဘန်း ဘန်း ဘန်း!"
"ငါ့ကား? ငါ့ဖယ်ရာရီအသစ်လေး!"
သူ(မ)၏ကားလေး တစ်စစီဖြစ်သွားရှာသည်ကိုကြည့်ရင်း ချန်းလိလည်း နာကျင်စွာ ငိုကြွေးနေရှာသည်။
ယဲ့ချန်းကမူ သူ့အနောက်ရှိ ကားရိုက်ခွဲသံများကို နားထောင်ရင်း နှုတ်ခမ်းထောင့်စွန်း၌ အပြုံးတစ်ပွင့် ပေါ်ပေါက်လာလေသည်။
ကြည့်ရသည်မှာ ဤမန်နေဂျာက သိပ်မဆိုးလှပေ။
သူ့နံဘေးရှိ လင်ရှန်းရှန်းမှာ တွေဝေမိန်းမောနေဆဲပင်။
"ယဲ့ချန်း ရှင်က စီးပွားရေးလမ်းမရဲ့ပိုင်ရှင်လို့ အဲဒီလူက ပြောလိုက်တာလား"
"ဟုတ်တယ်။ ဒီတစ်လမ်းလုံးကို ငါပိုင်တာ။ မင်းက ဒီနေ့ ငါဈေးဝယ်ထွက်တာကို အဖော်လုပ်ပေးပေါ့"
ယဲ့ချန်း ပြုံးစစဖြင့် ဆိုလိုက်လေသည်။
••••••••••••••••