ပရဟိတပွဲ
Vol. 2 Ch. 19
ဈေးဝယ်ထွက်ပြီးနောက် ယဲ့ချန်းနှင့် လင်ရှန်းရှန်းတို့လည်း ကားပါကင်သို့ ပြန်လာခဲ့လိုက်ကြသည်။ ထိုအခါ လူငယ်လေးတစ်ယောက်နှင့် ချန်းလိတို့က သူတို့ကားကို သန့်ရှင်းရေးလုပ်ပေးနေသည်ကို မြင်လိုက်ရ၏။
ယဲ့ချန်း အံ့အားသင့်သွားမိသည်။
"မင်းတို့ဘာလုပ်နေတာလဲ"
ယဲ့ချန်းကိုမြင်သောအခါ စွန်းဟောင်က ချန်းလိကို ကပျာကယာဆွဲခေါ်လာလေသည်။
"မစ္စတာယဲ့ ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော့်ကောင်မလေးက မစ္စတာယဲ့ ဘယ်သူလဲဆိုတာကိုမသိလို့ စော်ကားမိသွားတာပါ။ ခင်ဗျား ကျွန်တော့်ကားကိုလည်း ရိုက်ခွဲပြီးပြီပဲ။ စိတ်တိုနေသေးရင်လည်း ဒီကောင်မကို ရိုက်လို့ရပါတယ်။ ဘာမှမဖြစ်ပါဘူး"
စွန်းဟောင်က စိတ်လှုပ်ရှားစွာ ပြောလာလေသည်။
ချန်းလိ၏မျက်နှာကား မြင်မကောင်းရှုမကောင်း ဆိုးဝါးသွားလေသည်။
သိပ်မကြာခင်က စွန်းဟောင်ရောက်လာချိန်တွင် သူ(မ) သူ့အား တိုင်တန်းချင်ခဲ့ပါသော်ငြား ထင်မှတ်မထားပါဘဲ သူကတော့ သူ(မ)ကို နှစ်ချက်တိတိ ပါးရိုက်ခဲ့သည်။
ပိုက်ဆံနှင့် အကျိုးအမြတ်တို့ ပါဝင်ပတ်သက်လာလျှင် သူ(မ)က ဘာမှအရေးမပါကြောင်း ယခုမှသာ သဘောပေါက်လိုက်ရသည်။
ယဲ့ချန်းက ပုံမှန်ဆိုလျှင် ယခုလိုအရေးမပါသောလူစားမျိုးများကို စိတ်ထဲမထားပေ။ ထို့ကြောင့် လက်သာယမ်းပြလိုက်၏။
"ထားလိုက်တော့။ နောက်နောင် မမောက်မာမိဖို့ပဲ သတိရပါ"
ဤသို့ဖြင့် ယဲ့ချန်းနှင့် လင်ရှန်းရှန်းတို့လည်း ကားပေါ်တက်ကာ မောင်းထွက်လာခဲ့လိုက်သည်။
"အစ်ကိုဟောင်.. ကျွန်မရဲ့ဖယ်ရာရီကိုရော ဘယ်လိုလုပ်မလဲ"
ချန်းလိက မျက်ရည်လည်ရွှဲဖြင့် ပြောလိုက်သည်။
"ဖြန်း!"
စွန်းဟောင်လည်း ချန်းလိ၏ပါးကို နောက်တစ်ချက်ထပ်ရိုက်လိုက်သည်။
"ဖယ်ရာရီတဲ့လား။ လစ်စမ်းပါ ရွံဖို့ကောင်းတဲ့ကောင်မ။ မင်းကြောင့် ငါ သေတော့မလိုဖြစ်သွားတာကွ"
"ကဲ ဒီနေ့ပျော်ရဲ့လား"
ယဲ့ချန်းက ပြုံးပြုံးလေး မေးလိုက်သည်။
"ပျော်တာပေါ့။ ကျေးဇူးပဲ ယဲ့ချန်း"
လင်ရှန်းရှန်းက ကျေးဇူးတင်လေဟန်ဖြင့် ပြောလိုက်သည်။
ဤပြဿနာမှာ လင်ရှန်းရှန်း၏ရင်ထဲ အမြဲတမ်း ဆူးငြောင့်တစ်ခုလို ဖြစ်နေခဲ့ရသည်။ ယခုတော့ ယဲ့ချန်းက ထိုအရာကို ကူညီ၍ ဖယ်ရှားပေးခဲ့သည်။
ကားထဲမှထွက်ပြီးနောက် လင်ရှန်းရှန်းလည်း ချက်ချင်းပင် ယဲ့ချန်းကို ကြယ်ငါးပွင့်ရီဗျုးပေးလိုက်သည်။
[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် Hostကို ဂုဏ်ပြုပါတယ်။ ဒုတိယမြောက်ကြယ်(၂/၅)ကို ရရှိပါတယ်။ ဆုလာဘ် : စန္ဒရားပညာရှင်]
စန္ဒရားပညာရှင်? နောက်ထပ်စွမ်းရည်တစ်ခုလား?
ထိုအချိန်မှာပင် ယဲ့ချန်းဆီသို့ နောက်ထပ်အော်ဒါတစ်ခု ထပ်ဝင်လာပြီး သူ့ဖုန်းက အသံထမြည်လေသည်။
"ဟေး အချောလေး.. ရှင် ကျွန်မကိုများ သတိရနေလား"
စနောက်ကျီစယ်လေဟန် အသံတစ်သံက ဖုန်းထဲမှ ထွက်ပေါ်လာသည်။
"ယန်းမီမီ?"
ယဲ့ချန်းလည်း ထိုအသံကို ချက်ချင်းမှတ်မိလိုက်သည်။
"ဟားဟား အနည်းဆုံးတော့ ရှင် မှတ်မိသားပဲ။ ကျွန်မ ရှင့်ကားကို ထပ်လိုအပ်လာပြီ"
ယန်းမီမီက ပြောလာလေသည်။
"မိန်းကလေး.. အနုပညာရှင်တွေ ပုံမှန်ဆိုရင် နန်နီကားတွေ ရှိကြတယ်မဟုတ်ဘူးလား။ မင်း ငါ့ကားကို နန်နီကားလို့ သဘောထားနေတာတော့ မဟုတ်ပါဘူးနော်"
"ဒါပေါ့။ Paganiနန်နီကားလေ။ ဘယ်လောက်အထင်ကြီးဖို့ကောင်းလိုက်သလဲ"
ယန်းမီမီ နောက်ပြောင်လိုက်သည်။
ယဲ့ချန်းလည်း ကားကို ဝင်ပေါက်တွင် ထိုးရပ်လိုက်လေရာ ယန်းမီမီက ကားထဲသို့ ဝင်လာခဲ့သည်။
"မိုတုအနုပညာစင်တာလား? မင်း ဖျော်ဖြေပွဲရှိတာလား"
"ဟုတ်တယ်။ ကျွန်မက ပရဟိတရှိုးတစ်ခုမှာ ဧည့်သည်အဆိုရှင်အဖြစ် ဖျော်ဖြေပေးရမှာ"
ယန်းမီမီက အပြုံးတစ်ပွင့်နှင့်အတူ ပြောလာ၏။
"မင်းက အခု တော်တော်နာမည်ကြီးနေပြီပဲ"
ယဲ့ချန်း နောက်ပြောင်လိုက်သည်။
"ရှင့်ကျေးဇူးကြောင့်ပါ။ ကျွန်မတို့ကုမ္ပဏီထဲက အဆိုတော်တစ်ယောက်ကလည်း ကျွန်မနဲ့အပြိုင် တစ်ကိုယ်တော်အခွေတစ်ခွေ ထုတ်ထားတယ်။ သူ့သီချင်းက မြုပ်နေတဲ့အချိန် ကျွန်မကတော့ ဂီတဇယားရဲ့ထိပ်ဆုံးကို ရောက်သွားတယ်လေ။ ချိုမြိန်တဲ့ကလဲ့စားပဲ"
ယန်းမီမီကိုကြည့်ရသည်မှာ အလွန်ပျော်နေပုံပင်။
လိဖေးဖေး၏ တစ်ကိုယ်တော်အခွေမှာ ယန်းမီမီ၏သီချင်းများ ဖြစ်သင့်ပါသော်လည်း တစ်ဖက်လူက သူ(မ)ထံမှ လုယူသွားခဲ့သည်။ ထိုအတွက် အစားပြန်လျော်သည့်အနေနှင့် ကုမ္ပဏီဘက်က ယန်းမီမီအား အမှိုက်လိုသီချင်းတစ်ပုဒ်ကို ထိုးပေးလာခဲ့သည်။
ကံကောင်းထောက်မ၍သာ ယဲ့ချန်းက သူ(မ)အတွက် နာမည်ကြီးမည့် သီချင်းတစ်ပုဒ်ကို ရေးပေးခဲ့သဖြင့် သူ(မ)လည်း တစ်ကျော့ပြန်နိုင်ခဲ့ခြင်းဖြစ်၏။
ဤသီချင်း၏အောင်မြင်မှုကြောင့် ကုမ္ပဏီ၏အရင်းအမြစ်များကလည်း ယန်းမီမီဆီသို့ တစ်ဖန်ပြန်ရောက်လာခဲ့သည်။
ယန်းမီမီ၏သီချင်းက ဂီတဇယားထိပ်သို့ ရောက်သွားချိန်တွင် လိဖေးဖေး၏မျက်နှာကား စိမ်းဖန့်သွားရလေသည်။
ယဲ့ချန်းလည်း ကားကို မိုတုအနုပညာစင်တာရှေ့တွင် ရပ်လိုက်၏။ ယန်းမီမီက ရယ်ကာမောကာဖြင့် ပြောလိုက်သည်။
"ရှင် ကျွန်မနဲ့လိုက်ခဲ့ပါ့လား။ ကျွန်မ ရှင့်ကို အခမ်းအနားထဲ ခေါ်သွားပေးမယ်။ အဲဒီမှာ ထိပ်တန်းကြယ်ပွင့်တွေအများကြီးရှိတယ်"
"ကောင်းပြီလေ!"
ယဲ့ချန်းလည်း အားနေသည့်အတွက် ကားကို ကားပါကင်တွင် ရပ်ထားခဲ့လိုက်ပြီး ယန်းမီမီနှင့်အတူ အနုပညာစင်တာထဲသို့ ဝင်သွားလိုက်တော့သည်။
ယန်းမီမီနှင့် ယဲ့ချန်းတို့ အဝတ်လဲခန်းဆီသို့ ရောက်လာကြသည်။ အမျိုးသမီးငယ်တစ်ယောက်က ယန်းမီမီကို မြင်သောအခါ မျက်စိပျက်မျက်နှာပျက်ဖြစ်သွားချေသည်။
"ဝိုး... အစ်မမီမီ ကုမ္ပဏီက အစ်မကိုပါ ဖျော်ဖြေဖို့ ဖိတ်ထားမှန်း ကျွန်မ မသိလိုက်ဘူး"
"ဟုတ်တာပေါ့။ ငါက နည်းနည်းအသက်ကြီးနေပြီဆိုပေမဲ့ အရည်အချင်းရှိတော့ နောက်နှစ်နည်းနည်းလောက်ကြာတဲ့အထိ မီးရောင်အောက်မှာ တောက်ပနိုင်ဦးမယ်ထင်တာပဲ"
ယန်းမီမီကတော့ ပြုံးပြုံးလေးသာ ပြန်ပြောလိုက်၏။
လိဖေးဖေး၏မျက်နှာလည်း မသာမယာဖြစ်သွားလေသည်။
"ယန်းမီမီကိုနင်းခြေဖို့ ငါ ဒီလောက်ကြိုးစားပြီး သူ့အရင်းအမြစ်ကို လုယူခဲ့တာတောင် သူ့သီချင်းက ပေါက်သွားလိုက်သေးတယ်"
ယန်းမီမီ၏အနောက်တွင် တက္ကစီဒရိုင်ဘာဝတ်စုံဖြင့် မတ်တတ်ရပ်နေသော ယဲ့ချန်းဆီသို့ လိဖေးဖေး ရုတ်တရက် အာရုံရောက်သွားသည်။
"အစ်မမီမီ.. ဒီလူက အစ်မရည်းစားလား။ တက္ကစီဒရိုင်ဘာတစ်ယောက်ကလေ? အစ်မရဲ့အကြိုက်က ပိုကောင်းလာပြီပဲ"
"ကိုယ့်ကိစ္စကိုယ် အာရုံစိုက်စမ်းပါ!"
ယန်းမီမီမှာ သူ(မ)ကို စိတ်ထဲထားမနေတော့ဘဲ မိတ်ကပ်ပြင်ရန် နေရာယူလိုက်သည်။
ထိုအချိန်မှာပင် ခန့်ညားသော အမျိုးသားငယ်တစ်ယောက် အထဲသို့ဝင်လာလေသည်။
ထိုအမျိုးသားကို မြင်သောအခါ လိဖေးဖေး၏မျက်နှာလည်း ချက်ချင်းဆိုသလို စိတ်လှုပ်ရှားမှုကြောင့် ဝင်းပသွားချေသည်။
"သခင်လေးချန်း.. ရှင်လည်း ပရဟိတပွဲကို လာတက်တာလား"
ချန်းထောင်ကတော့ လိဖေးဖေးကို အရေးပင်မလုပ်ဘဲ ယန်းမီမီထံသို့ တန်းတန်းမတ်မတ်လျှောက်သွားလိုက်၏။
"မီမီ.. မင်းရဲ့"သတ္တိ"သီချင်းက အရမ်းမိုက်တာပဲ။ အဲဒါကို ငါ့ဖုန်းringtoneသံအဖြစ် ထားလိုက်ပြီ"
ချန်းထောင်နှင့် ယန်းမီမီတို့ကြားရှိ ရင်းနှီးမှုကို မြင်လိုက်ရသောအခါ လိဖေးဖေး၏မျက်လုံးထဲဝယ် မကျေနပ်လေဟန်အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
"ယန်းမီမီ နေနှင့်ဦးပေါ့။ မကြာခင် ရှင် လူကြားထဲ အရှက်ကွဲအောင် လုပ်ပြမယ်"
ချန်းထောင်က ယန်းမီမီနှင့် ခဏမျှစကားပြောဆိုပြီးနောက် ထွက်သွားခဲ့သည်။ လိဖေးဖေးကိုတော့ တစ်ချက်မျှပင် ကြည့်မသွားပေ။
ဤပရဟိတပွဲမှာ ဟွားနိုင်ငံရှိ ထိပ်တန်းကြယ်ပွင့်များစွာနှင့် စီးပွားရေးသမားများကို ဖိတ်ကြားထားသည်။
ဖျော်ဖြေပွဲအခမ်းအနားကို တောင်ပေါ်ဒေသရှိ မူလတန်းကျောင်းများအတွက် အလှူငွေကောက်ခံရန် ကျင်းပခြင်းပင်။
ဤအစီအစဉ်ကို ဟွားနိုင်ငံ၏ဂီတချန်နယ်တိုင်းတွင် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မည်ဖြစ်၏။
တင်ဆက်မှုမစတင်ခင် ယန်းမီမီက စိတ်ပါလက်ပါဖြင့် စာသားများကို ကျက်မှတ်နေချေသည်။
ထိုသီချင်းကား "ချစ်ခရီးလမ်း"ဟု ခေါ်သည်။
ယဲ့ချန်းက ထိုစာသားကို တစ်ချက်လှမ်းကြည့်လိုက်လေရာ သာမန်မျှသာဖြစ်ကြောင်း သိလိုက်ရ၏။ ယးန်မီမီဖျော်ဖြေပွဲမစခင် ဆယ်မိနစ်ခန့် အချိန်ရသေးသည်။
ရုတ်ခြည်းပင် ဝန်ထမ်းတစ်ယောက်က အပြေးအလွှားရောက်ချလာသည်။
"အစ်မမီမီ.. တခြားသီချင်းကို ပြောင်းဆိုပေးလို့ရမလား"
"ဘယ်လို? ဘာလို့ပြောင်းဆိုရမှာလဲ"
ယန်းမီမီ အံ့သြမှင်တက်သွားရသည်။
"ကျွန်တော်တို့ တကယ်တောင်းပန်ပါတယ်။ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ခင်ဗျားရဲ့သီချင်းနောက်ခံတေးက မတော်တဆပျက်သွားလို့"
"ဘာ?"
ယန်းမီမီ ကြက်သေသေသွားရသည်။ ပရော်ဖက်ရှင်နယ်ရှိုးပွဲတစ်ခုတွင် ဤမျှပြင်းထန်သောအမှားမျိုး ဘယ်လိုလုပ်ပြီးဖြစ်ရလေသလဲ။
"ရှင်တို့ အွန်လိုင်းကနေ အသံဖိုင်ကို ဒေါင်းလို့မရဘူးလား"
ယန်းမီမီ မေးကြည့်လိုက်သည်။
"ဒါက မူရင်းသီချင်းဆိုတော့ အသံဖိုင်က တစ်ခုတည်းပဲရှိတာ။ တေးသွားသီစပ်သူကိုလည်း ဆက်သွယ်လို့မရဘူး။ အွန်လိုင်းမှာလည်း မရှိဘူး"
ဝန်ထမ်းလေးက ရှင်းပြနေချေသည်။
ဘေးနားရှိ လိဖေးဖေးကတော့ အေးတိအေးစက်သရော်လိုက်သည်။
"အဲဒီလိုဆိုရင် ကျွန်မတို့မှာ "ချစ်မေတ္တာ"ဆိုတဲ့ အရန်သီချင်းတစ်ပုဒ်ရှိတယ်။ ဒီသီချင်းကိုပဲ ဆိုလိုက်ပါ့လား"
"ဒါပေမဲ့ ခဏလေးအတွင်း မရင်းနှီးတဲ့သီချင်းတစ်ပုဒ်ကို ငါက ဘယ်လိုဆိုရမှာလဲ"
ယန်းမီမီ ဒေါသထွက်သွားရသည်။
ဝန်ထမ်းလေးခမျာ စိတ်မသက်မသာဖြင့် ပြောလိုက်လေသည်။
"မဆိုနိုင်ဘူးဆိုရင် ကျွန်တော်တို့ တခြားအဆိုတော်ကိုပဲ ဖျော်ဖြေခိုင်းလိုက်ပါ့မယ်"
"နင်တို့တွေ... "
ယန်းမီမီခမျာ ဒေါသမထိန်းနိုင်တော့မတတ်ဖြစ်သွားရသည်။
"မီမီ စိတ်မပူပါနဲ့။ ငါ တစ်ခုခုကြံပေးပါ့မယ်"
ယဲ့ချန်းလည်း ယန်းမီမီ၏ပခုံးကိုပုတ်လျက် နှစ်သိမ့်ပေးလိုက်သည်။
"ဒါက မင်းတို့အမှားဆိုတော့ သူ့ရဲ့တင်ဆက်မှုကို နောက်ဆုတ်ပေးထားပါ။ အနည်းဆုံးတော့ သူ သီချင်းအသစ်နဲ့ ရင်းနှီးသွားဖို့ အချိန်လိုတယ်လေ"
ယဲ့ချန်းက ထိုသို့ဆိုလိုက်၏။
ဝန်ထမ်းလေးကလည်း ခေါင်းညိတ်ပြလေသည်။
"ရပါတယ်။ ခင်ဗျားတို့ နာရီဝက်လောက် အချိန်ရပါတယ်"
လိဖေးဖေးကမူ ဘဝင်ခိုက်နေဟန် အပြုံးမျိုးကို ဆင်မြန်းလျက် အနားတွင် ရပ်နေသည်။ တကယ်တော့ ဤသည်မှာ သူ(မ)၏လက်ချက်ပင်။
ယန်းမီမီအပေါ်ထားသော မနာလိုစိတ်ကြောင့် ယန်းမီမီကို အရှက်ခွဲရန်အတွက် လိဖေးဖေးက ဝန်ထမ်းတစ်ယောက်ကို လာဘ်ထိုး၍ အသံဖိုင်ကိုဖျက်ခိုင်းခဲ့ခြင်းဖြစ်၏။
ယဲ့ချန်းက ယန်းမီမီကို သီးသန့်အခန်းတစ်ခုဆီသို့ ခေါ်သွားပြီး ပြောလိုက်လေသည်။
"ငါ မင်းကို သီချင်းတစ်ပုဒ်သင်ပေးမယ်။ ငါ့ဦးဆောင်မှုနောက်ကသာ လိုက်ခဲ့။ တင်ဆက်နေတဲ့အချိန်အတောအတွင်း ငါ မင်းကို အဖော်ပြုပေးမယ်"
"ဒါဟာ နှလုံးသားရဲ့ခေါ်သံ.. အချစ်ရဲ့နက်ရှိုင်းမှု.. လူသားဆန်မှုရရဲ့ ညင်သာတဲ့လေပြည်.. ဘဝရဲ့အုတ်မြစ်ပါ"
ဤသီချင်းမှာ ထင်ရှားပြတ်သားသော ကာရန်တစ်မျိုးရှိပြီး သင်ယူရန်လည်း လွယ်ကူလှသည်။ စာသားများကလည်း အလွန်စိတ်လှုပ်ရှားဖို့ကောင်းသည်။
ယန်းမီမီက အလွန်ဉာဏ်ကောင်းသောကြောင့် သီချင်းကို အခေါက်ရေနည်းနည်းမျှဖြင့် သင်ယူနိုင်လိုက်သည်။
"ယဲ့ချန်း.. ဒီသီချင်းကို ရှင်ရေးထားတာလား။ အရမ်းမိုက်တာပဲ"
ယန်းမီမီလည်း ချီးမကျူးဘဲ မနေနိုင်တော့ပေ။ ယခုတော့ ယဲ့ချန်းက အလွန်ဖြုံလောက်ဖွယ်ကောင်းကြောင်း သူ(မ) သိလိုက်ရသည်။
ရုပ်ရည်ချောမောပြီး ချမ်းသာကာ အရည်အချင်းလည်းရှိသည့်တိုင် တက္ကစီမောင်းရခြင်းကို သဘောကျနေပေသည်။
"ကောင်းပြီ။ အဆင်သင့်ပြင်လိုက်တော့"
ယဲ့ချန်း ပြုံးလိုက်မိ၏။
"ကောင်းပါပြီ"
ယန်းမီမီလည်း အသက်ပြင်းပြင်းရှိုက်ရှူပြီးနောက် စင်နောက်ဘက်သို့ သွားပြင်ဆင်လေတော့သည်။
ယဲ့ချန်း ပြန်တော့မည့်အချိန်မှာပင် လူငယ်အမျိုးသားတစ်ယောက်က သူ့လမ်းကို ပိတ်ထားလေသည်။
"ခဏနေဦး။ ကျွန်တော်တို့ စကားပြောလို့ရမလား"
ထိုလူငယ်က အေးတိအေးစက်ဆိုလာလေသည်။
•••••••••••••